သိုင်းလောကအမိန့်တော်
Vol. 7 Ch. 91
စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်တစ်ဦးထံမှ လမ်းညွှန်ပြသမှုကို ခံယူရခြင်းသည် လူတိုင်းရရှိနိုင်သည့်အခွင့်အရေး မဟုတ်ပေ။
စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်ကို မဆိုထားနှင့်၊ သာမန် အမှောင်စွမ်းအင် သိုင်းပညာရှင်တစ်ဦးပင်လျှင် သိုင်းပညာသင်ကြားပေးခြင်းအတွက် တစ်ရက်လျှင် ငွေ၅တုံး၊ ၆တုံးခန့် အခကြေးငွေ ယူကြသည်။
စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်များသည် မိမိတို့၏သားသမီး မဟုတ်ပါက မည်သည့် အဆင့်နိမ့်သိုင်းပညာရှင်ကိုမျှ သိုင်းပညာသင်ကြားပေး၍ အချိန်ဖြုန်းတီးကြလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ငွေဖြင့် တန်ဖိုးဖြတ်တိုင်းတာနိုင်သောအရာ မဟုတ်ပါချေ။
အထူးသဖြင့် စွမ်းအင်ပြောင်းလဲခြင်း၏ အထက်အဆင့်သိုင်းပညာရှင်ဖြစ်သော နီဝမ့်ကျွင်းနှင့် ပတ်သက်သည့်အခွင့်အရေးဟူသည် အလွန်ရှားပါး၏။ ချန်ကျဲ့သည် သိုင်းလေ့ကျင့်စဉ်တွင် ကြုံတွေ့ရသည့် အခက်အခဲပြဿနာအားလုံးကို နီဝမ့်ကျွင်းအား မေးမြန်းခဲ့သည်။
နီဝမ့်ကျွင်းသည် မေးခွန်းတစ်ခုစီတိုင်းကို အသေးစိတ်အချက်အလက်များဖြင့် ဖြေပေးသည်။ အချို့သော မေးခွန်းများထဲတွင် နီဝမ့်ကျွင်းကိုယ်တိုင် မကြုံတွေ့ခဲ့ဖူးသည့် ပြဿနာအချို့ ပါဝင်နေ၏။ သို့သော် သူ၏လက်ရှိကျင့်ကြံဆင့်အရ အရေပြားသန့်စင်ခြင်းအဆင့်နှင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်များကို တစ်ချက်ကြည့်ရုံမျှဖြင့် ရှင်းရှင်းလင်းလင်း သိရှိနိုင်ပေသည်။
နီဝမ့်ကျွင်းသည် မြောက်များစွာသော လမ်းညွှန်အကြံပေးမှုများကို မြင့်မားသည့်ရှုထောင့်တစ်ခုမှ ပြုလုပ်ပေးနိုင်သည်။
ချန်ကျဲ့အား အများကြီး ကူညီပေးနိုင်၏။
အချိန်နောက်ကျနေပြီဖြစ်သောကြောင့် ချန်ကျဲ့ နီဝမ့်ကျွင်းထံမှ ထွက်ခွာလာခဲ့သည်။
ချန်ကျဲ့သည် ငါးဖမ်းကုန်သည်အဖွဲ့၏လှေကို အသုံးပြုနေခြင်းဖြစ်ပြီး ပြန်သွားရန် အချိန်အရမ်းကြာမြင့်နေပါက သံသယဝင်လာမည်အား စိုးရိမ်ရသည်။
နီဝမ့်ကျွင်းသည်လည်း သူ၏ခန္ဓာကိုယ်ထဲမှ ရေထိန်းချုပ်လက်ဝါးသိုင်း၏စွမ်းအင်များကို သန့်စင်ပစ်ရန် အချိန်လိုအပ်သည်။ ထိုလက်ဝါးသိုင်းစွမ်းအင်ကို ဖယ်ထုတ်ပြီးသည်နှင့်တစ်ပြိုင်နက် သူ၏ဒဏ်ရာများသည် ၈၀ရာခိုင်နှုန်း ပျောက်ကငိးသွားလိမ့်မည် ဖြစ်သည်။ ထိုအခါ သူလည်း ထွက်သွားနိုင်လေပြီ။
လှေကိုကမ်းကပ်ပြီးသောအခါ ချန်ကျဲ့သည် ဦးစွာ မြို့ပေါ်သို့ သွားခဲ့ပြီး အားပြည့်စေမည့်လက်ဆောင်ပစ္စည်းအချို့ကို ဝယ်ယူကာ ပိုင်မိသားစုသို့ ဦးတည်သွားခဲ့သည်။
သူ၏ နောက်ထပ်ညီနောင်ကောင်းတစ်ဦးဖြစ်သော ဝူဟုန်သည် ဒဏ်ရာရထားသောကြောင့် သွားကြည့်ရပေမည်။
တကယ်တမ်းတွင် ချန်ကျဲ့သည် မိမိကိုယ်ကိုယ် ကြားညပ်နေကာ ခက်ခဲကျပ်တည်းသည့် အခြေအနေတွင် ရောက်နေသည်ဟု ခံစားနေရသည်။
ဝူဟုန်သည် သူ့ကို ဘိုးဘေးကြီးလက်သီးသိုင်း သင်ကြားပေးခဲ့သောကြောင့် သူ၏နည်းပြဟု သတ်မှတ်နိုင်ပေသည်။ ထို့ပြင် ဝူမိသားစုမှာ သူ၏ကျေးဇူးရှင်များဟု သတ်မှတ်နိုင်၏။
ဒါပေမဲ့ နီဝမ့်ကျွင်းကရော?
နီဝမ့်ကျွင်းသည်လည်း သူ့ကို ရေထိန်းချုပ်လက်ဝါးသိုင်းကို သင်ကြားပေးခဲ့ပြီး သိုင်းပညာကို အစွမ်းကုန် လမ်းညွှန်သင်ပြပေးသည့် ကျေးဇူးရှင်ဖြစ်သည်။
ချန်ကျဲ့အနေဖြင့် အနာဂတ်တွင် အောင်မြင်မှုတစ်ခုခုရရှိနိုင်ခဲ့လျှင် နီဝမ့်ကျွင်း၏ ကူညီမှုသည် ဖျောက်ဖျက်မရနိုင်သောအရာ ဖြစ်သည်။
သို့သော် သူ၏ကျေးဇူးရှင်နှစ်ဦးကြားမှာ ပဋိပက္ခများ ရှိနေသည်။
၎င်းသည် ချန်ကျဲ့ ကိုင်တွယ်ဖို့ရာ ခက်ခဲလွန်း၏။
မည်သူ့အမှားဟု ပြောရပါအံ့နည်း။
အမှန်ဆိုရသော် မည်သူမျှ မှားယွင်းမနေပေ။
ဝူဟုန်သည် သူ၏စံနှုန်းနှင့် တရားမျှတမှုအတွက် သူခိုးဖမ်းနေခြင်းဖြစ်သည်။ ရဲမက်တစ်ယောက် ရာဇဝတ်သားဖမ်းဆီးခြင်းသည် ဘာမျှမမှားယွင်းပေ။
နီဝမ့်ကျွင်းအတွက်မူ သူသည် ပို၍ပင် အမှားနည်းသေး၏။
တခြားသူများက သူ့ကို တိုက်ခိုက်လာသည်ကို အဘယ်သို့များ တန်ပြန်မတိုက်ခိုက်ဘဲ နေနိုင်ပါမည်နည်း။
သို့သော် သမားတော်ပိုင်၏ကြင်နာမှုကို အမှတ်ရ၍ ဝူဟုန်၏အသက်ကို ချမ်းသာပေးခဲ့သည်။ သို့ဖြစ်ရာ နီဝမ့်ကျွင်းထံမှ အဘယ်အရာကိုများ ထပ်မံတောင်းဆိုနိုင်ပါအံ့နည်း။
သို့ဖြစ်ပါ၍ ချန်ကျဲ့သည် ဤကိစ္စတွင် မည်သည့်ဘက်ကိုမျှ ရွေးချယ်မရပ်တည်နိုင်ပေ။
နှစ်ဖက်စလုံးနှင့် မိတ်ဆွေညီနောင်များအဖြစ် အဆုံးသတ်ရန်သာ ပြုပြင်န်ုင်သည်။
ချန်ကျဲ့ ပိုင်မိသားစုသို့ရောက်ရှိခဲ့သည်။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ပြင်းထန်သော ဆေးနံ့များကို ရလိုက်သည်။
“ကျိုစစ်ရောက်လာပြီလား”
သူဝင်လာသောအခါ ဆေးတံကြီးကိုသောက်သုံး၍ မီးခိုးငွေ့များမှုတ်ထုတ်နေသော ဝူကျုံးကို မြင်လိုက်ရသည်။
“ဦးလေးကျုံး”
ချန်ကျဲ့ နှုတ်ဆက်လိုက်သည်။
“ကျွန်တော် အစ်ကိုဟုန် ဘယ်လိုနေလဲ လာကြည့်တာပါ”
ထိုအခါ ဝူကျုံးမှ ပြောသည်။
“သူ အထဲမှာ၊ အခု မင်းဆရာ သွေးခုန်နှုန်းစမ်းနေတယ်”
ချန်ကျဲ့ အခန်းထဲသို့ ဝင်သွားလိုက်ရာ အိပ်ရာထက်တွင် လဲလျောင်းနေသည့် လူတစ်ဦးကို မြင်လိုက်ရသည်။ မျက်နှာမှာ ဖြူဖျော့နေသော်ငြား သတိရှိနေပြီး ချန်ကျဲ့ကိုမြင်သောအခါ ခပ်ဖျော့ဖျော့ ပြုံးပြသည်။
“ကျိုစစ် ရောက်လာပြီလား”
ချန်ကျဲ့မှ ပြောသည်။
“အစ်ကိုဟုန် အဆင်ပြေရဲ့လား”
ဝူဟုန်မှ ရယ်မောလိုက်သည်။
“ငါ အဆင်ပြေပါတယ်”
ထိုအခါ သမားတော်ပိုင်သည် ဝူဟုန်ကို မော့ကြည့်လာသည်။ ထို့နောက် ချန်ကျဲ့ကိုပြောသည်။
“ကျိုစစ် လာ၊ တစ်ချက်လောက်စမ်းကြည့်”
“ကျွန်တော်လား”
ချန်ကျဲ့ သမားတော်ပိုင်ကို ကြည့်လိုက်သည်။ သမားတော်ပိုင်မှ ထပ်ပြောသည်။
“အင်း၊ သွေးခုန်နှုန်းနဲ့ ပတ်သက်ပြီး ငါ မသေချာဖြစ်နေလို့”
ထိုအခါ သမားတော်ပိုင် သူ့ကိုပြောခဲ့ဖူးသည့် “ငါ့ရဲ့သားဖြစ်နေလို့သာ မဟုတ်ခဲ့ရင် ကျားဖြူစွပ်ပြုတ်ဆေးကို အသုံးပြုခဲ့မှာ” ဟူသော ဇာတ်လမ်းတစ်ပုဒ်ကို ချန်ကျဲ့ သတိရလိုက်သည်။
သမားတော်တစ်ဦးသည် မိမိကိုယ်ကိုယ် မကုသနိုင်ပေ။
ဝူဟုန်၏ဒဏ်ရာများသည် သမားတော်ပိုင်ကို ဝမ်းနည်းနေစေသည်။ သမားတော်ပိုင်၏ စိတ်နှလုံးမှာ ရှုပ်ထွေးတုန်လှုပ်နေခဲ့သောကြောင့် အလိုအလျောက်ပင် သွေးခုန်နှုန်းကို မှန်ကန်တိကျအောင် မစမ်းသပ်နိုင်တော့ပေ။
ချန်ကျဲ့သည် တည်ငြိမ်အေးဆေးနေဆဲပင်။
ချန်ကျဲ့ ဝူဟုန်၏ဘေးတွင် ထိုင်လိုက်ပြီး သမားတော်ပိုင် သင်ပေးခဲ့သည့် သွေးခုန်နှုန်းစမ်းနည်းကို အသုံးပြု၍ စမ်းသပ်သည်။
“အဆုတ်တွေ ပျက်စီးနေတယ်။ အတွင်းအင်္ဂါတွေ နေရာမကျဖြစ်နေတယ်။ ချီစွမ်းအင် ချို့တဲ့နေပြီး သွေးအားနည်းနေတယ်။ အခြေခံဖွဲ့စည်းမှုမှာ လျော့ပါးသွားပါတယ်…”
ချန်ကျဲ့ သမားတော်ပိုင်ကို မော့ကြည့်လိုက်သည်။ သမားတော်ပိုင်မှ မေးသည်။
“ဘယ်ဆေးညွှန်းကို ပထမဦးစားပေးထားပြီး အသုံးပြုသင့်လဲ”
“ပထမဦးစားပေးဆေးညွှန်းအဖြစ် အနွေးဓာတ်ရှိတဲ့ အားဆေးပေးသင့်ပါတယ်”
“ဆရာ အစ်ကိုဟုန်ရဲ့ဒဏ်ရာတွေက မပြင်းထန်ပါဘူး။ ဒါပေမဲ့ ဂရုမစိုက်လို့လည်း မရဘူး။ အစ်ကိုဟုန် အချိန်တစ်ခုအထိတော့ အေးအေးဆေးဆေး အနားယူဖို့ လိုအပ်ပါလိမ့်မယ်”
သမားတော်ပိုင်မှ ပြောသည်။
“အေးအေးဆေးဆေး အနားယူတာလောက်နဲ့ အဆင်ပြေမှာမဟုတ်ဘူး။ အကယ်၍ အနွေးဓာတ်အားဆေးက အကျိုးသက်ရောက်မှုမရှိခဲ့ရင် အနာဂတ်မှာ သူ့ရဲ့သိုင်းပညာအပေါ် သက်ရောက်မှုကြီးမားတဲ့ တာရှည်နာမကျန်းမှုကြီး စွဲကျန်နေခဲ့မှာ မလွဲမသွေပဲ။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်မှာ ရပ်တန့်သွားရပြီး သူ့ရဲ့သိုင်းပညာလမ်းကြောင်း ပြတ်တောက်သွားမှာကို စိုးရိမ်မိတယ်”
“အို ငါ့သားလေးရယ်!”
ထိုစကားတို့ကိုကြားသောအခါ သခင်မပိုင်သည် စတင်ငိုကြွေးတော့သည်။ ဝူဟုန်သည် သိုင်းပညာအတွက် မည်မျှစွန့်လွှတ်အနစ်နာခံခဲ့ကြောင်းကို သူမ သိသည်။ သူ၏သိုင်းပညာလမ်းကြောင်း ပြတ်တောက်သွားခဲ့လျှင် ၎င်းဖြစ်အင်မှာ ဝူဟုန်အတွက် သေဆုံးရခြင်းထက်ပို၍ နာကျင်ရပေလိမ့်မည်။
သို့သော် ဝူဟုန်သည် အဖြစ်အပျက်တို့ကို လက်ခံနိုင်သော စိတ်သဘောထားဖြင့် ပြုံးလျက် ပြောလာသည်။
“အမေ အဆင်ပြေပါတယ်။ ကျွန်တော့်အသက်ကို ကယ်တင်လိုက်နိုင်တာပဲလေ”
“ဒါပေမဲ့”
သခင်မပိုင်သည် မျက်ရည်များ အဆက်မပြတ် စီးကျနေသည်။
ဝူဟုန်မှ ရယ်မောလိုက်သည်။
“'ဒါပေမဲ့'ဆိုတာ မရှိဘူး။ ကျွန်တော် ဒဏ်ရာမရခဲ့ရင်တောင်မှ ကျွန်တော်က စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းနိုင်မှာမဟုတ်ဘူး။ ဒဏ်ရာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တကယ်တော့ အရေးမကြီးပါဘူး”
“ဒါပေမဲ့ မင်းက ဒီနှစ်မှ အသက်နှစ်ဆယ်ရှိသေးတာလေ။ မင်းရဲ့ အထုံပါရမီနဲ့ဆို သေချာပေါက် စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်တယ်…”
သခင်မပိုင်သည် ပို၍ အသည်းအသန် ငိုကြွေးတော့သည်။ ကလေးမှ သိတတ်လေလေ မိဘများမှာ ပို၍ရင်နာရလေလေ ဖြစ်သည်။
ထိုစဉ် ဝူကျုံးသည် တံခါးမှဝင်လာ၍ သူ၏ဆေးတံပိုက်မှ ပြာမှုန်များကို ဖောက်ထုတ်ရင်း ပြောသည်။
“လန်အာ မငိုနဲ့တော့။ အဲဒါက ဟုန်အာအတွက် ကုသမရတဲ့ရောဂါ မဟုတ်ဘူး။ ချီစွမ်းအင်နဲ့သွေးအတွက် ကောင်းမွန်တဲ့အားဖြည့်ဆေးကို ရှာတွေ့နိုင်ခဲ့ရင် အဆင်ပြေသွားမှာ။ ငါတို့မိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို သုံးပစ်လိုက်ရမယ်ဆိုရင်တောင်မှ ငါ့သားရဲ့ သိုင်းပညာလမ်းကြောင်းကို ဒီနေရာမှာ ရပ်တန့်သွားခွင့် မပြုနိုင်ဘူး”
ထိုအခါ သခင်မပိုင်သည် ငိုကြွေးနေခဲ့သည်။
“ယောက်ျား အဲဒီချီစွမ်းအင်နဲ့သွေးအတွက် ကောင်းမွန်တဲ့အားဖြည့်ဆေးဆိုတာက အမှောင်စွမ်းအင်နဲ့ စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်တွေတောင် လိုအပ်ကြတဲ့အရာလေ။ ဘယ်လိုလုပ်ပြီး ကျွန်မတို့ကို ရောင်းပေးပါ့မလဲ”
ထိုစကားကြောင့် ဝူကျုံး၏မျက်လုံးများ အနည်းငယ်လှုပ်ခတ်သွားခဲ့ပြီး သမားတော်ပိုင်သို့ မေးသည်။
“အဖေ နှစ်တစ်ရာသက်တမ်းရှိတဲ့ သွေးလင်ဇီးက ဟုန်အာကို ကုသပေးနိုင်လောက်မလား”