← Chapters

တကယ်တော့ ငါက ခရိုင်မင်းသမီးကို စနောက်ခဲ့မိတာလား

Vol. 7 Ch. 92

တကယ်တော့ ငါက ခရိုင်မင်းသမီးကို စနောက်ခဲ့မိတာလား

Vol. 7 Ch. 92

“နှစ်တစ်ရာသက်တမ်းရှိတဲ့ သွေးလင်ဇီးလား?!”

သမားတော်ပိုင်သည် မျက်လုံးများတောက်ပသွားပြီးနောက် ခေါင်းခါရမ်းလိုက်သည်။

“အဲဒီလိုရှားပါးတဲ့ရတနာကို ဘယ်လိုလုပ်ပြီး ဝယ်လို့ရနိုင်မှာလဲ။ အဲဒါသာ လောကမှာထွက်ပေါ်လာခဲ့ရင် စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်ကြီးတောင် မက်မောလိမ့်မှာပဲ!”

ဝူကျုံးမှ ပြောသည်။

“အဖေ ဘယ်မှာရောင်းလဲဆိုတာကို အဖေ စိတ်ပူဖို့ မလိုပါဘူး။ အဲဒါက သားကို ကယ်နိုင်မလားဆိုတာပဲ ပြောပြပေးပါ”

သမားတော်ပိုင်မှ ပြန်ပြောသည်။

“အကယ်၍ နှစ်တစ်ရာသက်တမ်းရှိတဲ့ သွေးလင်ဇီးသာ ရှိမယ်ဆိုရင် ဟုန်အာရဲ့ရောဂါကို သေချာပေါက် ကုသနိုင်တယ်။ သူ့ရဲ့သွေးစွမ်းအင်ကိုပါ နည်းနည်း‌ ပိုတိုးတက်သွားစေနိုင်လို့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးလည်း ပိုများလာလိမ့်မယ်”

ထိုအခါ ဝူကျုံးမှ ပြောသည်။

“ဒါဆို ဖြေရှင်းလို့ရပြီပေါ့၊ ကျွန်တော်နားလည်ပါပြီ”

ဝူကျုံးသည် စိတ်ဆုံးဖြတ်ချက်ချလိုက်ပုံရ၏။

…

ထိုမြင်ကွင်းကို စောင့်ကြည့်နေသော ချန်ကျဲ့သည် ဝူကျုံး၏ အနီးသို့သွား၍ မေးလိုက်သည်။

“ဦးလေးကျုံး ကျွန်တော် ကူညီပေးဖို့လိုသေးလား”

“ကျိုစစ် ငါမင်းရဲ့ကူညီပေးချင်တဲ့စိတ်ကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ငါကိုယ်တိုင် ကိုင်တွယ်ဖို့လိုအပ်တယ်”

ဝူကျုံးသည် ထိုသို့ပြောပြီးနောက် သူ၏ဆေးတံကြီးကို ပြန်ကောက်ယူ၍ တစ်ချက်ရှိုက်သောက်လိုက်သည်။

ချန်ကျဲ့သည် ပိုင်မိသားစုနေအိမ်တွင် နာရီဝက်ခန့် နေခဲ့ပြီးနောက် ပြန်ထွက်လာခဲ့သည်။ အိမ်ပြန်လမ်းတွင် ငါးဖမ်းကုန်သည်အဖွဲ့သားများသည် မီးတုတ်များကို ကိုင်ဆောင်၍ တောင်ပေါ်သို့သွားရန် တာဝန်ချိန်လဲလှယ်နေသည်ကို မြင်တွေ့ခဲ့ရသည်။ သူတို့ထဲတွင် ရှောင်ဟူလည်း ပါဝင်၏။

ချန်ကျဲ့သည် အာဏာရှိသော ကျောထောက်နောက်ခံရှိသောကြောင့် ဤသို့ပင်ပန်းခက်ခဲသည့် အလုပ်တာဝန်မျိုးကို ရှောင်ရှားနိုင်သည်။ သို့သော် ချန်ရှောင်ဟူသည် မရှောင်နိုင်ပေ။ ထို့ကြောင့် ရှောင်ဟူသည် လူစားလဲလှယ်မည့်အဖွဲ့တွင် တာဝန်စီစဉ်ခံရ‌သည်။

ထိုနေ့တစ်ညလုံး အနောက်တောင်ပေါ်တွင် မနက်အရုဏ်တက်ချိန်အထိ မီးတုတ်များ လင်းထိန်နေခဲ့သည်။

ချန်ကျဲ့သည် အိပ်ရာထက်တွင် တိတ်ဆိတ်စွာ လှဲနေသည်။ စူးယွင်ကျင်းသည် ပြန်လည်ကောင်းမွန်ရန် ရက်အနည်းငယ်လိုအပ်မည် ဖြစ်သောကြောင့် အချစ်အတွက် နှစ်ဖက်လက်ခုပ်တီးခြင်းအမှုသည်လည်း စောင့်ဆိုင်းရဦးပေမည်။

ဘာမျှလုပ်စရာမရှိရာ ချန်ကျဲ့သည် လှိုင်းတံပိုးလက်ဝါးသိုင်းကို တစ်ဖန် ထပ်မံဖတ်ကြည့်လိုက်သည်။

ဤသိုင်းပညာသည် ရေထိန်းချုပ်လက်ဝါးသိုင်းနှင့် မယှဉ်နိုင်ချေ။ သို့သော် သိုင်းကွက်အနည်းငယ်သည် အမှန်တကယ်ပင် ရေထိန်းချုပ်လက်ဝါးသိုင်းနှင့် ဆင်တူနေခဲ့သည်။ သို့ဖြစ်ရာ မလိုလားအပ်သော နောက်ပိုင်းကိစ္စများကို ပျောက်ပြယ်စေရန် လုံလောက်၏။

အိပ်မပျော်နိုင်လေရာ ချန်ကျဲ့သည် ခြံဝင်းထဲသို့ဆင်း၍ ညသန်းခေါင်အချိန်အထိ သိုင်းပညာလေ့ကျင့်ခဲ့သည်။

[ဒီနေ့အတွက် သတင်းအချက်အလက်များ မြှင့်တင်‌ပြီးပါပြီ (အဆင့် ၁)]

[၁၊ သင်ဒီနေ့ နီဝမ့်ကျွင်းကို ကယ်တင်ခဲ့ပြီး ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ နီဝမ့်ကျွင်းက သင့်အပေါ် အမြင်ကောင်းရှိပြီး သင့်ကို ညီနောင်တစ်ဦးအဖြစ် ဆက်ဆံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နီဝမ့်ကျွင်း သင့်ကို ငြိစွန်းခြင်းမှ ရှောင်ဖယ်နိုင်ဖို့အတွက် မနက်ဖြန်ကျရင် ရှန်းထောင်မြို့ကနေ ထွက်ခွာသွားတော့မှာပါ]

[၂၊ သင်ဒီနေ့ မိန်းကလေးကျောက်ယာနှင့် တွေ့ဆုံခဲ့ပြီး ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ ကျောက်ယာ မူလအမည် ‘ထူယာ ထျဲမုအာ’ဟာ သာ့ချန်တိုင်းပြည် မင်းသားဖန်းယန်ရဲ့ သမီးတော်ဖြစ်ပြီး မင်းသမီးရှန်းနင်ဆိုတဲ့ ဘွဲ့တော်ကို ရရှိထားပါတယ်]

(ပရုရီဒါ လေရှည်ချက် - နဂါးနိုင်ဓားထဲက ကျောက်မိန် (မိန်မိန်ထျဲမုအာ) ကိုတောင် သတိရသွားပြီ)

[၃၊ သင်ဒီနေ့ ယွီစန်းလျို့နဲ့ တွေ့ခဲ့ပြီး ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ ယွီစန်းလျို့က နီဝမ့်ကျွင်းကို ဖမ်းဆီးမယ့် တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားတာနဲ့ သင့်ကို သတ်ဖို့အခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး နီဝမ့်ကျွင်းအပေါ် အပြစ်ပုံချဖို့နဲ့ အဲဒီနောက်ပိုင်းမှာ စူးယွင်ကျင်းကို ဖြည်းဖြည်းချင်း ခြယ်လှယ်ဖို့ ဆုံးဖြတ်ချက်ချထားပါတယ်]

[၄၊ သင်ဒီနေ့ သွေးလင်ဇီးအကြောင်း ကြားသိခဲ့ရ‌ခြင်းကြောင့် ရရှိခဲ့တဲ့အချက်အလက်ဖြစ်ပါတယ်။ သွေးနဲ့ချီစွမ်းအင်ကို အားဖြည့်ပေးနိုင်တဲ့ ရှားပါးရတနာ သွေးလင်ဇီးကို စားသုံးခြင်းဖြင့် လူတစ်ယောက်ရဲ့ သွေးစွမ်းအင်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ တန်ဖိုးအလွန်ကြီးမားပြီး သွေးလင်ဇီးကို သိုင်းပညာရှင်တစ်ဦးမှ စားသုံးမယ်ဆိုရင် ကျင့်ကြံဆင့်တိုးတက်နိုင်ပါတယ်]

[၅၊ သင်ဒီနေ့ ဟွမ်ကျိုးစီရင်စု အရာရှိတစ်ယောက်ကို မြင်တွေ့ခဲ့ပြီး ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ ဟွမ်ကျိုးစီရင်စု အရာရှိက အိမ်တော်ကို စာပို့ခိုစေလွှတ်ပြီး ဒီနေ့အဖြစ်အပျက်‌ကို တင်ပြခဲ့ပါတယ်။ မနက်ဖြန်ကျရင် ဖန်းယန်တော်ဝင်အိမ်တော်က သခင်ကြီးတွေက နီဝမ့်ကျွင်းကို ဖမ်းဆီးဖို့အတွက် ရှန်းထောင်မြို့ကို အဆောတလျင် ခရီးနှင်လာကြပါလိမ့်မယ်]

သတင်းအချက်အလက်များကို ဖတ်ကြည့်ပြီးနောက်တွင် ချန်ကျဲ့၏စိတ်ထဲ၌ ထိုအချက်အလက်များသာ ကြီးစိုးနေခဲ့သည်။

ချန်ကျဲ့သည် သိုင်းလေ့ကျင့်ခြင်းကို ရပ်တန့်လိုက်သည်။ သတင်းအချက်အလက်တစ်ချက်စီတိုင်းသည် သူ့အတိုင်းအတာနှင့်သူ ထိတ်လန့်အံ့ဩဖွယ်ဖြစ်နေခဲ့၏။

အခြားအချက်အလက်များနှင့်ယှဉ်သော် ယွီစန်းလျို့အကြောင်း အချက်အလက်သည် သိပ်အရေးမပါလှပေ။ ယွီစန်းလျို့သည် ချန်ကျဲ့ကိုသတ်၍ နီဝမ့်ကျွင်းအပေါ် အပြစ်ပုံချရန် မစောင့်ဆိုင်းနိုင်တော့ပေ။ ၎င်းသည် အမှန်တကယ်ပင် အစီအစဉ်ကောင်းတစ်ခုဖြစ်သော်ငြား ချန်ကျဲ့ကိုယ်တိုင်သည်လည်း ယွီစန်းလျို့ကို သတ်ချင်နေခဲ့သည်။

ငါ့ရဲ့ရေထိန်းချုပ်လက်ဝါးသိုင်းကို လေ့ကျင့်ဖို့ရာ အခွင့်ကောင်းတစ်ခုပဲ!

ချန်ကျဲ့သည် မိမိကိုယ်ကိုယ် အတော်လေး ယုံကြည်မှုရှိ၏။

ယွီစန်းလျို့က ဘယ်လောက်များ တော်နိုင်မှာမို့လို့လဲ။ မဟုတ်မှလွဲရော သူက စွမ်းအင်ပြောင်းလဲခြင်းအဆင့်များ ဖြစ်နေနိုင်မှာတဲ့လား။

မဖြစ်နိုင်ဘူးပေါ့။

ယွီမိသားစုမှာ အဲဒီလိုအထင်ကြီးလောက်စရာ ပုံရိပ်မျိုး ရှိမနေဘူး။

အထူးသဖြင့် ငါ့ရဲ့ယန်ချွမ်ကျင့်စဉ်နဲ့ ရေထိန်းချုပ်လက်ဝါးသိုင်းကို ပေါင်းစည်းလိုက်ရင် အင်အားက ပုံမှန်ထက် ပို‌ကြီးမားသွားမှာလေ။

ထိုသို့တွေးလျက် ချန်ကျဲ့သည်‌ တခြားအချက်အလက်တစ်ခုကို ကြည့်လိုက်သည်။

နံပါတ်တစ်အချက်

နီဝမ့်ကျွင်းသည် အမှန်တကယ်ပင် သူ့ကို ညီအစ်ကိုတစ်ဦးသဖွယ် ဆက်ဆံနေခြင်းဖြစ်သောကြောင့် ချန်ကျဲ့သည် ထိုအချက်ကို မအံ့ဩမိပေ။ ထိုသို့ ပွင့်လင်းဖြောင့်မတ်သော အကျင့်စရိုက်မျိုးသည် မိတ်ဆွေဖွဲ့ရန် လွယ်ကူပေသည်။

‘တိမ်လွှာနဂါးသူရဲကောင်းများ'ဇာတ်လမ်းထဲမှ‌ ချောင်ဖုန်းနှင့် သွမ့်ယွီတို့နှစ်ဦးသည် သေရည်အတူသောက်သုံးခဲ့ခြင်းမှ စတင်၍ သေခြင်းရှင်ခြင်းတို့ကို အတူတကွဖြတ်ကျော်ကြသည့် သွေးသောက်ညီနောင်များ ဖြစ်သွားကြခြင်းကဲ့သို့ပင်။

တစ်ခါတရံတွင် လူများသည် ထို့သို့ထူးထူးခြားခြား ပြုမူတတ်ကြပေသည်။

အချို့သော တဒင်္ဂ‌တွေ့ဆုံမှုမှ စိတ်သဘောထားဆက်နွယ်မှုသည် သေခြင်းရှင်ခြင်းကို အတူဖြတ်ကျော်မည့် မိတ်ဆွေဆက်ဆံရေးတစ်ခုဆီသို့ ဦးဆောင်သွားတတ်သည်။

အချို့သူများသည် နေ့စဉ်နေ့တိုင်း ဆက်သွယ်နေကြသည့်တိုင် နှစ်ဦးကြားဆက်ဆံရေးသည် ပို၍နက်ရှိုင်းလာခြင်း မရှိသကဲ့သို့ ပို၍ရင်းနှီးလာခြင်းလည်း မရှိကြပေ။

ထို့ပြင် နီဝမ့်ကျွင်းမှ မနက်ဖြန် ထွက်သွားရန် စီစဉ်နေခြင်းအတွက် ချန်ကျဲ့သည် အနည်းငယ် နှမြောတသဖြစ်နေမိသည်။ တစ်အချက်မှာ သူတို့နှစ်ဦးကြား လုံလောက်သည့် ညီအစ်ကိုသံယောဇဉ်ကို မဆောက်တည်လိုက်ရခြင်းကြောင့်ဖြစ်ပြီး နှစ်အချက်မှာ သူ၏ ရေထိန်းချုပ်လက်ဝါးသိုင်းသည် အခြေခံအဆင့်သို့ပင် မရောက်ရှိသေးသောကြောင့် ဖြစ်သည်။ နီဝမ့်ကျွင်းမှ နောက်ထပ်နည်းနည်းမျှ ထောက်ပြပေးခဲ့လျှင် ချန်ကျဲ့၏လေ့ကျင့်မှုမှာ အတော်လေး ပြဿနာနည်းပါးသွားပေလိမ့်မည်။

ထို့ပြင် နီဝမ့်ကျွင်း၏ဒဏ်ရာများသည် သေချာ မပျောက်ကင်းသေးပေ။ ထို့ကြောင့် မနက်ဖြန် ထွက်သွားခြင်းသည် အလျင်စလိုနိုင်လွန်း၏။

သို့သော် နံပါတ်၅အချက်ကို ထည့်သွင်းစဉ်းစားလိုက်သောအခါ နီဝမ့်ကျွင်း၏ မနက်ဖြန် ထွက်သွားမည့် ဆုံးဖြတ်ချက်သည် မှန်ကန်သည်ဟု တွေးလိုက်သည်။

ဟွမ်ကျိုးစီရင်စု အရာရှိသည် မျန့်ရွှေစီရင်စုကို ကျော်၍ အဖြစ်အပျက်များကို အစီရင်ခံထားခဲ့ပြီးဖြစ်သည်။ ၎င်းသည် မင်းသားအိမ်တော်မှ သခင်ကြီးများကို စစ်ကူအဖြစ် စေလွှတ်ခဲ့သည့် မင်းသားဖန်းယန်၏အင်အားကို ပြသနေပေသည်။

'မင်းသားအိမ်တော်မှ သခင်ကြီးများ'ဟူသည် ထိုစေလွှတ်ခံရ၍ လာရောက်နေသူမှာ မည်သူဖြစ်စေ သာမန်လူမဟုတ်ဟု ညွှန်ပြနေပေသည်။

သူတို့၏အင်အားသည် အနည်းဆုံးတော့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ထက် သာလွန်ကြပေလိမ့်မည်။

ချန်ကျဲ့သည် အစ်ကိုနီ၏အင်အားကို အတိအကျမသိသော်ငြား ထိုမင်းသားအိမ်တော်မှ သခင်ကြီးများနှင့် တန်းတူမျှဖြစ်နိုင်လိမ့်မည်ဟု ခန့်မှန်းမိပေသည်။

ထို့ပြင် အစ်ကိုနီသည် ဒဏ်ရာရထားသည်ဖြစ်ရာ ထိုမင်းသားအိမ်တော်မှ သခင်ကြီးများ၏ ပြိုင်ဘက်မဖြစ်နိုင်တော့သည်မှာ မလွဲဧကန်ပင်။ ထို့ကြောင့် အခင်းဖြစ်နေရာမှ စောစီးစွာ ထွက်ခွာသွားခြင်းသည် မှန်ကန်သော‌လှုပ်ရှားမှုဖြစ်ပေသည်။

သို့ဖြင့် သေချာစေ့စပ်စွာ စဉ်းစားပြီးနောက်တွင် ချန်ကျဲ့သည် နီဝမ့်ကျွင်း၏ မနက်ဖြန် ထွက်သွားမည့် ဆုံးဖြတ်ချက်ကို အားပေးထောက်ခံပေသည်။

နီဝမ့်ကျွင်းသည် ချန်ကျဲ့ သိသမျှထဲ အထင်ကြီးဖွယ်အကောင်းဆုံးသောသူ ဖြစ်သည်။ နီဝမ့်ကျွင်းသည် သူအသက်ရှင်နေသ၍ ချန်ကျဲ့အတွက် အင်အားကြီးမားသည့် မဟာမိတ်အဖြစ် မလွဲမသွေ ရှိနေပေးမည့်သူ ဖြစ်ပေသည်။

ဖက်တွယ်ထားရန် အတော်လေး ခိုင်မာတောင့်တင်းမှုရှိသော ထောက်တိုင်တစ်ခုဖြစ်၏။

ထို့ပြင် ချန်ကျဲ့ လုံးဝ မျှော်လင့်မထားခဲ့သည့် နောက်တစ်ချက်မှာ ကျောက်ယာ၏ သရုပ်မှန်ဖြစ်သည်။ မဟုတ်သေး၊ ကျောက်ယာထက် ထူယာ ထျဲမုအာ၏ သရုပ်မှန်ဖြစ်ပေသည်။

ချန်ကျဲ့သည် ကျောက်ယာ၏သရုပ်မှန်ကို အများဆုံးမှ ဟွမ်ကျိုးစီရင်စု ရာဇဝတ်တရားသူကြီး၏ သမီးဖြစ်လိမ့်မည်ဟု ခန့်မှန်းထားခဲ့ခြင်းဖြစ်သည်။ သို့သော် သူမသည် မင်းသားဖန်းယန်၏ သမီးတော်ဖြစ်သော ခရိုင်မင်းသမီးရှန်းနင် ဖြစ်နေခဲ့ပေသည်။

ဘယ်သူကများ မင်းသားဖန်းယန်ကို မသိဘဲရှိနိုင်ပါ့မလဲ

မင်းသားဖန်းယန်က သာ့ချန်တိုင်းပြည်မှာ အမှန်တကယ် အင်အားအာဏာရှိတဲ့ မင်းသားစင်စစ်တစ်ပါးပဲ။ တောင့်တင်းခိုင်မာလှတဲ့ စစ်သည်တော်တစ်သိန်း သမင်ဖြူတပ်ကြီးကို ထိန်းချုပ်လို့ ကျန်းနန်ရဲ့ စီရင်စု၈၁ခုကို အုပ်ချုပ်တဲ့ မင်းသားတစ်ပါးလေ။

တကယ့်ကိုမှ အထင်ကြီးလေးစားလောက်တဲ့ ပုဂ္ဂိုလ်ကြီးပေါ့။

ပြီးတော့လည်း မင်းသားဖန်းယန်က အရည်အချင်းရှိတဲ့ လူတွေကို ကျယ်ကျယ်ပြန့်ပြန့် စုဆောင်းလေ့ရှိတာကြောင့် သူ့ရဲ့အမိန့်အောက်မှာ အစဉ်အလာအတိုင်း ခန့်အပ်ထားခြင်းမဟုတ်တဲ့ ကျင့်ကြံသူတွေ အများကြီးရှိတယ်။

တောင့်တင်းခိုင်မာသော စစ်အင်အားကိုပိုင်ဆိုင်ထားသည့် မင်းသားဖန်းယန်သည် လက်တွေ့ကျကျဆိုရသော် ကျန်းနန်‌တစ်ကြော၏ ဧကရာဇ်ပင် ဖြစ်တော့သည်။

အမှန်အတိုင်းဆိုရသော် နီဝမ့်ကျွင်း၏ မင်းသားဖန်းယန်၏ သမီးတော်ကို ပြန်ပေးဆွဲခဲ့ခြင်းသော လုပ်ရပ်လေးသည် နီဝမ့်ကျွင်းအား သိုင်းလောကတစ်ခွင်၌ နာမည်ကြီးသွားစေရန် လုံလောက်‌နေလေပြီ။

ထိုသို့အထင်ကြီးလေးစားဖွယ်သော ပုဂ္ဂိုလ်ကြီတစ်ဦး၏ သမီးတော်၊ မင်းသမီးလေးအား ချန်ကျဲ့သည် မှောင်မဲ၍အနံ့ဆိုးရွားလှသော မြေအောက်ခန်းထဲတွင် ကိုယ်တိုင်ကိုယ်ကျ ပိတ်လှောင်ခဲ့သေးပေသည်။

ပါးစပ်ချင်းတေ့၍ လေသွင်းထည့်ပေးသော အရေးပေါ်အသက်ကယ်ဆယ်နည်းကိုလည်း ပြုလုပ်ခဲ့သေးသည်။ မထိကိုင်သင့်သည့်နေရာကို ထိကိုင်ခဲ့ပြီး မနမ်းရှိုက်သင့်သော နေရာကို နမ်းရှိုက်သည်ဟု ဆိုနိုင်သော အပြုအမူကို လုပ်ဆောင်ခဲ့သည်။ ၎င်းသည် ချန်ကျဲ့၏ ဘဝသက်တမ်းတစ်လျှောက်လုံး၌ မြင့်မြတ်သော အထက်တန်းစားတစ်ဦးနှင့် အနီးကပ်ခဲ့ဆုံးသော အခိုက်အတန့်ဖြစ်သည်ဟုလည်း ဆိုနိုင်ပေသည်။

ထိုအကြောင်းကို ပြန်ပြောင်းတွေးတောပြီးနောက် ချန်ကျဲ့ ကြက်သီးတဖြန်းဖြန်းထကာ တုန်လှုပ်သွားရ၏။

အနည်းငယ်ပင် ကြောက်ရွံ့စိတ်ဖြစ်ပေါ်လာခဲ့သည်။ သို့သော် နောက်တစ်ကြိမ် အခွင့်အရေးပေးခဲ့လျှင်သော်မှ ချန်ကျဲ့သည် သူမကို ထိုကဲ့သို့ ဆက်ဆံလိမ့်ဦးမည်သာ ဖြစ်ပေသည်။

သူမ၏အဆင့်အတန်းကို ဂရုစိုက်မနေဘဲ လုပ်စရာရှိတာကို‌ ဦးစွာလုပ်ဆောင်ပြီး နောက်မှ စကားပြောဆိုခြင်းသည် ပိုကောင်းမွန်၏။

ထိုသတင်းအချက်အလက်များအပြင် သွေးလင်ဇီးအကြောင်း ဖော်ပြပေးထားသည့် နံပါတ်၄အချက်လည်း ရှိသေးသည်။

ဦးလေးကျုံးသည် ထိုသွေးလင်ဇီးကို လမ်းကြောင်းတစ်ခုခုမှ ရယူနိုင်မည့်အလား ပြော‌ဆိုခဲ့သည်။

ဒါပေမဲ့ အဲဒီလိုရတနာမျိုးကို တကယ်ပဲ ရောင်းချကြလို့လား။

ချန်ကျဲ့လည်း ထိုကိစ္စကို အတော်လေး စိတ်မသင်္ကာဖြစ်မိသည်။

All Chapters