← Chapters

ထူယာ ထျဲမုအာ

Vol. 7 Ch. 93

ထူယာ ထျဲမုအာ

Vol. 7 Ch. 93

အချက်အလက်များကို ခွဲခြမ်းစိစစ်ပြီးနောက် ချန်ကျဲ့သည် အခန်းထဲသို့ ပြန်သွား၍ အိပ်စက်ခဲ့သည်။

နေ့အလင်းရောင် လင်းထိန်နေသည့်အချိန်မှသာ အိပ်ရာနိုးလာခဲ့၏။

ချန်ကျဲ့ အိပ်ရာထချိန်တွင် စူးယွင်ကျင်းသည် မနက်စာ ပြင်ထားပြီးဖြစ်သည်။ ချန်ကျဲ့သည် မနေ့က အရမ်းပင်ပန်းသွားသောကြောင့် ဖြစ်မည်ထင်၊ ညက အလွန်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

မနက်စာ စားသောက်ပြီးနောက် ချန်ကျဲ့သည် စူးယွင်ကျင်းကို နှုတ်ဆက်ခဲ့ပြီး အစားအသောက်အချို့ယူဆောင်၍ အိမ်မှ ထွက်လာခဲ့သည်။

လမ်းတွင် တာဝန်ချိန်ပြီးဆုံးလာသော ရှောင်ဟူနှင့် တွေ့သည်။

“အစ်ကိုကျိုစစ် ဘယ်သွားမလို့လဲဗျ”

ရှောင်ဟူ၏အမေးကို ချန်ကျဲ့ ပြန်ဖြေသည်။

“ငါးဖမ်းကုန်သည်အဖွဲ့ဆီ စစ်ဆေးဖို့သွားနေတာ။ မင်းတို့ရော ဘယ်လိုလဲ။ တစ်ခုခုရှာတွေ့ကြသေးလား”

ရှောင်ဟူမှ ခေါင်းခါသည်။

“ဘာမှ ရှာမတွေ့ပါဘူးဗျာ။ ဒါပေမဲ့ ကျွန်တော် ပစ္စည်းကောင်းတချို့တော့ မတော်တဆ ရှာတွေ့လာခဲ့တယ်”

ထိုသို့ပြောရင်း ရှောင်ဟူသည် သူသယ်လာသည့် အိတ်‌ကိုဖွင့်ပြသည်။ အိတ်ထဲတွင် တောကြက်ဥများစွာ ရှိနေ၏။

“ဝါး တကယ်ကြီး ပစ္စည်းကောင်းတွေ ရှာတွေ့လာတာပဲ”

ချန်ကျဲ့ မှတ်ချက်ပြုလိုက်သည်။ ရှောင်ဟူမှ ကမ်းလှမ်းပြောဆိုသည်။

“အစ်ကို နည်းနည်းလောက်ယူမလား”

“မဟုတ်တာ မယူတော့ဘူး။ ငါက ငါးဖမ်းကုန်သည်အဖွဲ့ကို အဲဒါတွေယူသွားပြီး ဘာလုပ်ရမှာလဲကွ”

“အစ်ကို အခု ငါးဖမ်းကုန်သည်အဖွဲ့ဆီ သွားနေတာလား။ ကျွန်တော်လည်း အတူလိုက်ခဲ့မယ်လေ”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“မလိုပါဘူး။ မင်း တစ်ညလုံး အလုပ်လုပ်ထားရတာ။ ကောင်းကောင်းအနားယူလိုက်ဦး”

“အဆင်ပြေပါတယ်။ ကျွန်‌တော် မပင်ပန်းပါဘူး”

ရှောင်ဟူသည် အားအင်ပြည့်ဝနေဟန်ရှိ၏။ ချန်ကျဲ့ပြောလိုက်သည်။

“မင်းက အရမ်းတက်ကြွတဲ့ကလေးဆိုတာ ငါသိပါတယ်ကွာ။ ကဲပါ၊ သွား ခဏလောက်အိပ်လိုက်ဦး၊ မနက်ဖြန်မှပဲ ငါနဲ့အတူလိုက်တော့”

“ဒါဆိုလည်း အစ်ကို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် သွားအိပ်‌လိုက်တော့မယ်”

ရှောင်ဟူသည် ထိုသို့ပြောပြီးနောက် တစ်ချက်သမ်းဝေလိုက်ကာ အိမ်ပြန်သွားခဲ့သည်။

ရှောင်ဟူ ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် ချန်ကျဲ့သည်လည်း ငါးဖမ်းကုန်သည်အဖွဲ့သို့ တစ်ဦးတည်း ဦးတည်လာခဲ့သည်။ လမ်းတွင် ဝူကျုံးကို တွေ့ခဲ့ရ၏။ ဝူကျုံးသည် ဒီနေ့ အလုပ်မဆင်းပေ။ တံခါး‌ဝတွင် ဆေးတံသောက်ရင်း ထိုင်နေကာ အနောက်တောင်ကို မလွှဲတမ်းငေးစိုက်ကြည့်လျက် အတွေးထဲနစ်မြုပ်နေပေသည်။

ချန်ကျဲ့ ဝူကျုံးကို နှုတ်ဆက်လိုက်သည်။

“ဦးလေးကျုံး”

“ဟမ်?”

ဝူကျုံးသည် ခေါင်းလှည့်လာ၍ ချန်ကျဲ့ကို ရုတ်ချည်းပြန်နှုတ်ဆက်သည်။

“ကျိုစစ် အလုပ်သွားမလို့လား”

ချန်ကျဲ့ ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့၊ အားလုံးက တောင်ပေါ်သွားရတာနဲ့ အလုပ်များနေကြတော့ ဒီနှစ်ရက်လောက်အတွင်း ကျွန်တော် ငါးဖမ်းကုန်သည်အဖွဲ့မှာ ရှိနေတာက ပိုအကူအညီဖြစ်မယ်လို့ တွေးမိလို့ပါ”

ဝူကျုံးမှ ပြောသည်။

“အင်း အလုပ်ကြိုးစားပေးလို့ ကျေးဇူးပါပဲ”

ထိုသို့ပြောပြီးနောက် ဝူကျုံးသည် ဆေးတံကို ပြန်ရှိုက်ကာ အနောက်တောင်ကို ငေးစိုက်ကြည့်နေပြန်သည်။

သူ ဘာဖြစ်နေတာလဲ။

ဝူကျုံး ဘာဖြစ်နေသည်ကို ချန်ကျဲ့ နားမလည်နိုင်ပေ။ သို့သော် ထပ်မံ၍ မစူးစမ်းရန် ဆုံးဖြတ်လိုက်ပြီး ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။

ရွာကိုဖြတ်သန်းသွားရာ လမ်းတစ်လျှောက်၌ ချောင်ကုန်သည်အဖွဲ့နှင့် ငါးဖမ်းကုန်သည်အဖွဲ့သားများသည် အိမ်တစ်အိမ်ချင်းစီတိုင်းကို သူစိမ်းတစ်ယောက်အား သတိထားမိခြင်း ရှိ၊မရှိ လိုက်လံစုံစမ်းမေးမြန်းနေကြသည်အား မြင်တွေ့ခဲ့ရသည်။

ဟွမ်ကျိုးစီရင်စု အာဏာပိုင်များ၏ ရှာဖွေရန်ညွှန်ကြားမှုသည် တောင်ပေါ်တွင်ရှာဖွေရန်သာ ကန့်သတ်မ‌ထားတော့ကြောင်း သိသာပေသည်။ မကြာမီတွင် ရွာများသို့ ရှာဖွေခြင်းအထိ ကျယ်ပြန့်လာနိုင်ပြီး နောက်ပိုင်းတွင် မျန့်ရွှေမြစ်ကိုပါ စတင်ရှာဖွေကြပေလိမ့်မည်။

ကြည့်ရသည်မှာ အမှန်တရားသည် အချိန်အတော်ကြာ ဖုံးကွယ်ထားရုံသာ တတ်နိုင်ပေသည်။

ချန်ကျဲ့သည် ငါးဖမ်းကုန်သည်အဖွဲ့သို့ ရောက်သောအခါ အခွန်ကောက်ခံရေး အလုပ်သမားအချို့နှင့် အပြန်အလှန် နှုတ်ဆက်ခဲ့သည်။ ထို့နောက် လှေတစ်စင်းယူ၍ မြစ်ထဲသို့တွန်းလိုက်သည်။

ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ဦးသည် ချန်ကျဲ့ ထပ်မံထွက်ခွာသွားသည်ကို ကြည့်၍ မှတ်ချက်ပြုလာသည်။

“ချန်ကျိုစစ်က တကယ်ဝီရိယရှိတာပဲ”

နောက်ထပ် ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ဦးမှ ပြန်ပြောသည်။

“လှေတစ်ကြိမ်ထွက်လိုက်တာနဲ့ ငွေပြားတစ်ရာလောက်ကို အလွယ်တကူရှာနိုင်‌တယ်လေ။ သူ့နေရာမှာ မင်းဆိုရင်လည်း ဝီရိယရှိနေမှာပဲ”

ထိုစကားအဆုံး၌ နှစ်ဦးသားမှာ တိတ်ဆိတ်သွားတော့သည်။

မည်သို့ပင်ဖြစ်စေ ချန်ကျဲ့သည် သူတို့ထက် အဆင့်အတန်းမြင့်သူဖြစ်၍ သူတို့အနေဖြင့် ပြစ်မှားစော်ကားရန် တတ်နိုင်သူ မဟုတ်ပါချေ။

ချန်ကျဲ့သည် သူတို့ကို ဂရုမစိုက်ပေ။ စိမ့်တောကျွန်းသို့ လှေလှော်လာခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ ချန်ကျဲ့သည် အလွန်တရာ သတိထားခဲ့၏။ သို့သော် ကျွန်းပေါ်တွင် နီဝမ့်ကျွင်းကို မတွေ့ရပေ။

တကယ့်ကိုပဲ ဆရာကြီး‌တွေအတွက် သာမန်လူတွေဆီကနေ ပုန်းကွယ်ရတာ အရမ်းလွယ်ကူနေရောပဲ။

ကျွန်းပေါ်သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် တည်ငြိမ်စွာ ရပ်နေသော ချန်ကျဲ့သည် အရပ်မျက်နှာတစ်ခုသို့ လက်ဖဝါးတစ်ချက် ဆန့်ထုတ်တိုက်ခိုက်လိုက်သည်။ ရလဒ်အနေဖြင့် သူ၏လက်ကောက်ဝတ်မှာ ကျွမ်းကျင်စွာ ချုပ်ကိုင်ခံလိုက်ရပေသည်။

“မဆိုးဘူး၊ တိုးတက်လာတယ်”

နီဝမ့်ကျွင်းထံမှ စကားသံထွက်ပေါ်လာသည်။ ချန်ကျဲ့ မေးလိုက်သည်။

“အစ်ကိုနီ ဒီတစ်ခေါက်ရော ဘယ်မှာပုန်းနေခဲ့တာလဲ”

နီဝမ့်ကျွင်းမှ ပြန်ပြောသည်။

“မင်းရဲ့မျက်လုံးတွေ မမြင်နိုင်တဲ့ တစ်နေရာမှာပေါ့။ ငါဘယ်တုန်းကမှ ဒီနေရာက မထွက်ခွာခဲ့ဖူးဘူး။ ဒီတိုင်း မင်းငါ့ကို မမြင်နိုင်ရုံပဲ”

ချန်ကျဲ့ ထိုစကား၏အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်သော်ငြား အစားအသောက်များကို နီဝမ့်ကျွင်းရှေ့တွင် နေရာချပေးခဲ့သည်။ နီဝမ့်ကျွင်းသည် ပေါက်စီတစ်လုံးကို ယူ၍ စတင်ကိုက်ဝါး၏။

ချန်ကျဲ့မှ ပြောသည်။

“အစ်ကိုနီ ကျွန်တော် အစ်ကို့အတွက် သတင်းတစ်ခုယူလာတယ်။ ကျွန်တော် ငါးဖမ်းကုန်သည်အဖွဲ့ ညီနောင်တွေဆီက ကြားခဲ့တာ မနေ့က အဲဒီဟွမ်ကျိုးစီရင်စုက လူတွေက စစ်ကူတောင်းဖို့ စာပို့ခိုလွှတ်ခဲ့တယ်တဲ့။ အစ်ကို ဒီမှာ ကြာကြာနေလို့မရတော့မှာ စိုးမိတယ်”

ထိုအခါ နီဝမ့်ကျွင်းမှ ပြန်ပြောသည်။

“ဪ သူတို့က တကယ်ဇွဲကောင်းကြတာပဲ။ ဒါနဲ့ ညီနောင် ငါလည်း မင်းကိုပြောချင်တာရှိတယ်။ ဒီတစ်နပ်စားပြီးသွားရင် ငါထွက်သွားတော့မှာ။ မင်းငါ့ကို လှေနဲ့တင်ခေါ်သွားပေးပါဦး”

ချန်ကျဲ့ အံ့ဩသွားကာ မှတ်ချက်ပြုသည်။

“အာ အစ်ကိုနီ ဒါက အရမ်းရုတ်တရက်ကြီး… အင်း ဒါဆိုလည်း ကျွန်တော် အစ်ကို့ကို မတားတော့ပါဘူး”

နီဝမ့်ကျွင်းမှ ပြောသည်။

“ဒီတစ်ကြိမ် ငါမင်းအပေါ် အများကြီး အကြွေးတင်သွားခဲ့ပြီ။ ညီနောင်ကျိုစစ် မင်းရဲ့အကူအညီသာ မရှိခဲ့ရင် ငါ့အသက်ကတော့ ဒီမှာပဲ ကျန်ရစ်ခဲ့ရလောက်ပြီ”

ချန်ကျဲ့ အနည်းငယ် ဝမ်းနည်းလာခဲ့၏။

“ကျွန်တော်တို့တွေ ဘယ်အချိန် ပြန်တွေ့နိုင်ပါတော့မလဲ”

နီဝမ့်ကျွင်း : “အရမ်း မကြာလောက်ပါဘူး။ ငါ့နောက်လိုက်နေတဲ့သူတွေကို ခါထုတ်နိုင်ပြီးတာနဲ့ ငါမင်းကို ပြန်လာတွေ့လှည့်မယ်”

ချန်ကျဲ့ ပြုံးလိုက်သည်။ ဗိုက်ဝအောင် စားသောက်ပြီးနောက် နီဝမ့်ကျွင်းသည် ရေထိန်းချုပ်လက်ဝါးသိုင်းစွမ်းအင် နောက်ဆုံးတစ်မျှင်ကို ချန်ကျဲ့၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးခဲ့သည်။ ချန်ကျဲ့သည် လန်းဆန်းတက်ကြွသော ခံစားချက်ဖြင့် နေ့လယ်ခင်းအထိ သိုင်းလေ့ကျင့်ခဲ့သည်။

ချန်ကျဲ့၏အသွေးအသားသည် သိသိသာသာ အားကောင်းသန်မာလာခဲ့သည်။

နီဝမ့်ကျွင်းသည် ကျေနပ်အားရစွာဖြင့် ပြော၏။

“ကောင်းတယ်။ အဲဒီလိုပဲ ဆက်လုပ်သွား။ နောက်နှစ်လလောက် အချိန်ပေးလိုက်ရင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းဖို့ကြိုးစားရနိုင်ပြီ”

“ဒါတွေအားလုံးက အစ်ကိုနီရဲ့ လမ်းညွှန်သင်ပြပေးတဲ့ ကျေးဇူးကြောင့်ပါပဲဗျာ”

ချန်ကျဲ့သည် မျက်နှာချိုသွေးသည့် စကားအချို့ ပြောထုတ်လိုက်ရာ နီဝမ့်ကျွင်းမှာ တဟားဟားရယ်မောတော့သည်။

“ကောင်းပါပြီ၊ ငါတို့ ကျွန်းပေါ်က ထွက်သွားကြရအောင်”

ထိုအခါ ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ဦးသည် ကွေ့ကောက်စီးဆင်းနေသော မြစ်ကြောင်းတစ်လျှောက်၌ လှေ‌ငယ်တစ်စင်းကို စီးနှင်၍ မြစ်ကမ်းပါးသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။ နီဝမ့်ကျွင်းသည် လက်နှစ်ဖက်ကိုနောက်ပစ်ကာ ပဲ့ကိုင်နေရာတွင်ရပ်လျက် စိမ့်တောကျွန်းကို နောက်တွင်ချန်ထားရစ်လေသည်။

သို့သော် မြစ်အောက်ပိုင်း မြစ်ဝသို့ ရောက်သောအခါ နီဝမ့်ကျွင်းသည် လက်မြှောက်အချက်ပြ၏။

“တစ်ယောက်ယောက်လာနေတယ်”

“ဟမ်!”

ထိတ်လန့်သွားလျက် ချန်ကျဲ့ အသံကို နားစွင့်နားထောင်လိုက်သည်။ ထိုအခါ လူတစ်ယောက်၏ စကားပြောသံကို ကြားရ၏။

“မင်းသေချာလား။ နွားဦးချိုငါးက ဒီနေရာမှာရှိနေတယ်ဆိုတာ သေချာလား”

“အဓိပ္ပာယ်မရှိတာတွေ။ ကျန်းစန်း မနေ့က အပေါက်ဖြစ်နေတဲ့ ငါးတစ်ကောင်တွေ့ခဲ့တယ်။ ကျိန်းသေပေါက် ဒီနေရာတစ်ဝိုက်မှာပဲ ရှိလိမ့်မယ်”

“ဟေး ဟိုမှာကြည့်စမ်း! လှေတစ်စင်းရှိနေတယ်။ သွားကြည့်ကြည့်ရအောင်”

ထိုစကားကို ကြားလိုက်သည်တွင် ချန်ကျဲ့၏အမူအရာ ပြောင်းလဲသွားခဲ့သည်။

“သေစမ်း! ချောင်ကုန်သည်အဖွဲ့ရဲ့လူတွေပဲ!”

All Chapters