မင်းသားဖန်းယန်က အရမ်းကြောက်ဖို့ကောင်းတယ်
Vol. 7 Ch. 94
“မင်းရဲ့ရန်သူလား”
နီဝမ့်ကျွင်း၏အမေးကို ချန်ကျဲ့ ခေါင်းညိတ်ဖြေလိုက်သည်။
နီဝမ့်ကျွင်း ပြုံးလိုက်သည်။
“ဒါဆို ကိုင်တွယ်ရလွယ်ကူပါတယ်။ လှေကိုဆွဲလိုက်!”
ချန်ကျဲ့ ကြောင်အသွား၏။ နီဝမ့်ကျွင်း၏မျက်နှာထက်တွင် ယုံကြည်မှုရှိသောအပြုံးတစ်ခု တည်ရှိနေခဲ့သည်။ ၎င်းယုံကြည်မှုသည် လောက၏ မရေမတွက်နိုင်သော ဆရာကြီးများ ရောက်ရှိနေလျှင်သော်မှ သူ နီဝမ့်ကျွင်းသည် မျန့်ရွှေစီရင်စုလေးတစ်ခုတွင် ပိတ်မိခံရမည့်သူမဟုတ်ဟု ဖော်ပြနေသော ယုံကြည်မှုမျိုးဖြစ်သည်။
ချောင်ကုန်သည်အဖွဲ့တပည့်များကို မဆိုထားနှင့် ချောင်ကုန်သည်အဖွဲ့၏ ခန်းမအရှင်သခင်ဖြစ်လျှင်သော်မှ နီဝမ့်ကျွင်းအား တစ်ဦးတည်း ဟန့်တားဝံ့မည်လောဟု မေးမြန်းကြည့်ပါလေ။
“အနားပိုကပ်လိုက်ဦး!”
…
ချန်ကျဲ့သည် လှေကို ထိုဦးတည်ရာအတိုင်း လှော်ခတ်သွားခဲ့သည်။ ယွီပင်း၏ ယုံကြည်ရသော တပည့်နှစ်ဦးသည်လည်း ထိုလမ်းကြောင်းအတိုင်း လှော်ခတ်လာနေပေသည်။
ထိုတပည့်များကို ယွီပင်းသည် နွားဦးချိုငါးကို ဖမ်းဆီးရန်အတွက် ဤနေရာတွင် အထူးတလည် ထားခဲ့ခြင်းဖြစ်သည်။ ယွီပင်းသည် နွားဦးချိုငါးကို ဖမ်းဆီးရန်ရှာဖွေနေသည်မှာ ၇ရက်၊ ၈ရက်ခန့်ရှိပြီဖြစ်သည့်တိုင် မအောင်မြင်သေးပေ။ ထို့ကြောင့် ယွီပင်းသည် မြစ်ထဲသို့ ငါးဖမ်းရန်အတွက်လူများ ဆက်တိုက်စေလွှတ်ထားခဲ့သည်။
သူတို့၏ ခန်းမအရှင်သခင် တစ္ဆေလက်ကုချင်းဖုန်းသည် သူတို့၏တပည့်အားလုံးကို တောင်ပေါ်တက်၍ ကင်းလှည့်ရှာဖွေရန် အမိန့်ပေးထားသော်ငြား ဤနေရာတွင် ငါးဖမ်းနေသူများသည် တစ်လက်မသော်မျှ မရွေ့လျားပါဘဲ ထိုနွားဦးချိုငါးကို ဆက်လက်မျှားနေခဲ့ကြသည်။
နီဝမ့်ကျွင်းကို ဖမ်းဆီးခြင်းဟူသည် အစိုးရရေးရာကိစ္စရပ်ဖြစ်၏။
နွားဦးချိုငါးကို ဖမ်းဆီးခြင်းသည် ယွီပင်း၏ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည်။
သူ ပြည်သူလူထုဆိုင်ရာကိစ္စနဲ့ ကိုယ်ရေးကိုယ်တာကို မခွဲခြားနိုင်ဘူးလား။
ချောင်ကုန်သည်အဖွဲ့သားနှစ်ဦးသည် လှေကိုလှော်ခတ်ရင်း ချန်ကျဲ့နှင့် သူ၏အပေါင်းအပါကို ရှာဖွေနေသည်။ ကျူပင်တစ်ကြောင်း ခြားထားသည့် လှေနှစ်စင်းသည် ကျူပင်တန်းအဆုံးသို့ ရောက်ရှိသည်အထိ စီးမျောနေခဲ့ရင်း တဖြည်းဖြည်း နီးကပ်လာနေသည်။
သို့ဖြင့် မျက်နှာချင်းဆိုင် တွေ့ကြလေပြီ။
“ဟမ် ချန်ကျိုစစ်!”
ချောင်ကုန်သည်အဖွဲ့သားနှစ်ဦးသည် ချန်ကျဲ့ကို မြင်သောအခါ ဦးစွာ အံ့ဩမင်သက်သွားကြသည်။ ထို့နောက်တွင်မှ နီဝမ့်ကျွင်းကို မြင်လိုက်ကြသည်။ အထူးသဖြင့် သွေးရည်စိမ်ထားသကဲ့သို့ သွေးစွန်းနေသော အဝတ်များကိုဖြစ်သည်။
ထိုလူနှစ်ဦးသည် မျက်လုံးမှေးကျုံ့သွား၏။
သို့သော် သူတို့ မအော်ဟစ်နိုင်လိုက်မီ၌ နီဝမ့်ကျွင်းသည် ချန်ကျဲ့၏ရှေ့ အနည်းဆုံး ပေ၈၀၊၉၀လန့် ကွာခြားသော လှေငယ်ဆီသို့ဦးတည်၍ ပေ၃၀စာခန့် ခုန်လိုက်သည်။ နီဝမ့်ကျွင်း၏ တစ်ချက်ခုန်နှုန်းသည် ရေကူးခတ်သွားသည့် ပုစဉ်းတစ်ကောင်ကဲ့သို့ ဖြတ်သန်းသွားပြီး ချောင်ကုန်သည်အဖွဲ့သားနှစ်ဦး၏ လှေပေါ်သို့ သက်ဆင်းသွားသည်။ ထို့နောက် ထိုလူနှစ်ဦးကို ဖမ်းဆီးချုပ်နှောင်ခြင်း သိုင်းကွက်ဖြင့် ချက်ချင်း ထိန်းချုပ်လိုက်သည်။
ထို့နောက် ချက်ချင်းပင် သူတို့၏လည်ပင်းရှိ သွေးကြောမှတ်များကို အကြောပိတ်လိုက်ရာ ထိုနှစ်ဦးမှာ အသံပျောက်သွားကြလေသည်။
ထိုစဉ် ချောင်ကုန်သည်အဖွဲ့တပည့်တစ်ဦးသည် လှေပေါ်မှ ငါးခုတ်ဓားတစ်ချောင်းကို ကောက်ယူ၍ နီဝမ့်ကျွင်းကို ဦ်းတည်ထိုးသွင်းသည်။ သို့သော် နီဝမ့်ကျွင်းသည် ဓားကို ဖမ်းကိုင်လိုက်ပြီး ထိုလူကို တန်ပြန်တိုက်ခိုက်၍ သတ်လိုက်သည်။
သို့ဖြင့် တစ်ယောက်သာ ကျန်ရစ်တော့၏။ ထိုတစ်ယောက်သည် အလွန်အမင်းကြောက်ရွံ့သောကြောင့် အော်ဟစ် အကူအညီတောင်းလိုသော်ငြား အသံမထွက်နိုင်ပေ။ နီဝမ့်ကျွင်းသည် ထိုချောင်ကုန်သည်အဖွဲ့တပည့်ကို ကြည့်၍ ပြောလိုက်သည်။
“မင်း မသေချင်ဘူးဆိုရင် ရုန်းမနေနဲ့။ မဟုတ်လို့ကတော့ မင်းအသက်ကို အာမ,မခံနိုင်ဘူး!”
ထိုသို့ပြောပြီးနောက် နီဝမ့်ကျွင်းသည် သူ ခုနက သတ်လိုက်သည့် ချောင်ကုန်သည်အဖွဲ့တပည့်၏ အဝတ်အစားများကို လဲဝတ်လိုက်သည်။ ထို့နောက် သူ၏လူ့အရေပြားမျက်နှာဖုံးကို ဝတ်ဆင်ကာ ဖမ်းဝရမ်းထဲရှိ နီမန့်ဇစ်အဖြစ်သို့ ပြောင်းလဲလိုက်သည်။
ထို့နောက် ချန်ကျဲ့အား အဝေးမှပင် လက်သီးဆုပ်လျက် လက်ဟန်ဖြင့် အရိုအသေပြု နှုတ်ဆက်ခဲ့သည်။
“ညီနောင်ရေ မင်းအစ်ကိုကြီး သွားလိုက်ပါဦးမယ်!”
ချန်ကျဲ့သည် အနည်းငယ် ဝမ်းနည်းနေ၏။
“ဒီတစ်ကြိမ် ခွဲခွာမှုပြီးရင် ကျွန်တော်တို့နှစ်ယောက် ဘယ်အချိန်ပြန်ဆုံတွေ့နိုင်ပါ့မလဲ!”
နီဝမ့်ကျွင်း ပြုံးလိုက်သည်။
“သိုင်းလောက က ကျယ်ပြန့်ပေမဲ့ နောက်ဆုံးမှာတော့ ဆုံတွေ့ဖို့အချိန် ရောက်လာဦးမှာပါ။ ညီနောင်လေး ဖရိုဖရဲအချိန်ကာလတွေ နီးကပ်လာနေပြီ– မင်း သိုင်းပညာကို ကောင်းကောင်းလေ့ကျင့်ပါ။ ငါတို့နောက်တစ်ကြိမ် ပြန်ဆုံတွေ့တဲ့အခါ မင်းရဲ့ ရေထိန်းချုပ်လက်ဝါးသိုင်းက အောင်မြင်မှုကြီးအဆင့်ကို ရောက်ရှိနေပြီး အထင်ကြီးလေးစားဖွယ် သူရဲကောင်းတစ်ဦးအဖြစ် ရပ်တည်နေနိုင်ဖို့ ငါမျှော်လင့်ပါတယ်”
ချန်ကျဲ့လည်း လက်သီးဆုပ် လက်ဟန်ဖြင့် ပြန်လည်အရိုအသေပြုလိုက်သည်။
“အစ်ကိုကြီး စိတ်ချထားလိုက်ပါ။ နောင်နှစ်တွေမှာ ကျွန်တော်တို့ ပြန်ဆုံတွေ့တဲ့အခါကျရင် အစ်ကိုကြီး ကျွန်တော့်ကို လေးစားမှုနဲ့ ကြည့်ရစေပါ့မယ်”
နီဝမ့်ကျွင်းမှ ပြန်ပြောသည်။
“ကောင်းတယ်၊ ငါစောင့်နေမယ်။ နှုတ်ဆက်ပါတယ်!”
“နှုတ်ဆက်ပါတယ်!”
…
နီဝမ့်ကျွင်းသည် ချောင်ကုန်သည်အဖွဲ့၏လှေပေါ်တွင် ထိန်းချုပ်ထားသော ချောင်ကုန်သည်အဖွဲ့တပည့်တစ်ဦးကို တင်ခေါ်သွားခဲ့သည်။
ချန်ကျဲ့သည် နီဝမ့်ကျွင်း၏ ထွက်ခွာသွားသော အဝေးမှ ပုံရိပ်ကိုကြည့်လျက် ခံစားချက်ပေါင်းစုံ ရောထွေးနေခဲ့သည်။
ချန်ကျဲ့သည် မျန့်ရွှေမြစ်မှ ထွက်ခွာသွားရန် အလျင်မလိုပေ။ ယခု၌ အစ်ကိုနီအား ပို့ဆောင်သူရှိသွားခဲ့ရာ သူကိုယ်တိုင်အတွက် တည်နေရာအတည်ပြုချက်တစ်ခု ဖန်တီးရန် လိုအပ်သည်။ ထို့ကြောင့် မြစ်တစ်ခွင်တွင် လှေလှော်ခတ်၍ ငါးဖမ်းလှေများကို ရှာဖွေကာ တံငါသည်များနှင့် စကားစမြည်ပြောဆိုခဲ့သည်။
ညနေခင်းအချိန် ကမ်းခြေသို့ ပြန်လာခဲ့ချိန်တွင်မူ ရှန်းထောင်မြို့သည် လူထူထပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ချန်ကျဲ့ စိတ်ရှုပ်ထွေးသွားခဲ့ပြီး ခေါင်းဆောင်၅ ကျိုးချူရှိနေသည့် ငါးဖမ်းကုန်သည်အဖွဲ့နေရာသို့ အမြန်သွားလိုက်သည်။
ကျိုးချူဟူသော အမည်သည် သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတစ်ဦးကို သတိရစေသည်– မိစ္ဆာသုံးဦးကို အမြစ်ဖြတ်သုတ်သင်ခဲ့သော သူရဲကောင်းကျိုးချူဟု ကျော်ကြားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။
သူ၏ အမည်ရင်းသည် ကျိုးပါးယီးဖြစ်သည်။
နောက်ပိုင်းတွင် အချို့လူများသည် ကျိုးပါးယီးကို မုဆိုးမများကို ကပ်မြှောင်သူဟု စွပ်စွဲခဲ့ခေါ်ဝေါ်ခဲ့ကြသည်။ တကယ်တမ်းတွင် သူသည် မိန်းမကြောက်သူတစ်ဦးဖြစ်ပြီး ထိုသို့ကိစ္စများကို စိတ်ကူးပင် မယဉ်ရဲပါချေ။ သို့မဟုတ်ပါက သူ၏ကြမ်းတမ်းသောဇနီးသည် သူ့ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်လောက်၏။
ခေါင်းဆောင်၅ရာထူးကို ရရှိပြီးနောက်တွင် သူသည်လည်း အဆင့်အတန်းရှိသူတစ်ဦးဖြစ်သွားခဲ့ပြီဟု ခံစားမိလေရာ လူတစ်ယောက်အား သူ့ကို နာမည်ပေးစေခဲ့သည်။
၎င်းမှာ ကျိုးချူဖြစ်၏။
ကျိုးချူသည် ငါးဖမ်းကုန်သည်အဖွဲ့တွင် မထင်ရှားသော လူတစ်ဦးဖြစ်သည်။ အမှန်စင်စစ်သော ဩဇာအာဏာကို ပိုင်ဆိုင်ကြသူများမှာ ပထမခေါင်းဆောင်သုံးဦးဖြစ်သည်။ သူ၏ ခေါင်းဆောင်၅ဟူသော ရာထူးသည် မြစ်ကင်းလှည့်သမားရာထူးနှင့် သိပ်မကွာပေ။ ထို့ကြောင့် ချန်ကျဲ့နှင့်ပတ်သက်ပြီး အကျိုးအမြတ်ဆိုင်ရာ အငြင်းပွားဖွယ်ရာများ မရှိပေ။ သူတို့သည် အကြိမ်အနည်းငယ် ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးကြပြီး တစ်ဦးနှင့်တစ်ဦး ရင်းနှီးကြသည်။
ထိုစဉ် ချန်ကျဲ့ ချဉ်းကပ်သွားပြီး မေးလိုက်သည်။
“လောင်ကျိုး ဘာဖြစ်နေတာလဲ”
ကျိုးချူသည် ချန်ကျဲ့ကိုလှည့်ကြည့်သည်။
“ကျိုစစ် မင်းဘာလို့ အခုမှ ကမ်းခြေကို ပြန်တက်လာတာလဲ”
ချန်ကျဲ့ ပြန်ပြောသည်။
“အင်း ဘာဖြစ်လို့လဲ”
ကျိုးချူမှ ပြောသည်။
“ပွက်လောရိုက်နေတာတွေ မင်း မမြင်ဘူးလား။ အဲဒီ ငါတို့ တစ်ချိန်လုံးဖမ်းဖို့ကြိုးစားနေတဲ့ နီမန့်ဇစ်လေ”
“အင်း ငါသိတယ်”
“သူ ပေါ်လာတယ်!”
ထိုအခါ ချန်ကျဲ့ထိတ်လန့်သွားပြီး အလျင်စလိုဖြင့် မေးလိုက်သည်။
“သူ ဘယ်နေရာမှာ ထွက်ပေါ်လာတာလဲ”
ကျိုးချူမှ ပြောသည်။
“ဒီမြို့ထဲမှာပဲ၊ အဖိုးကြီးယန်ရဲ့ ခေါက်ဆွဲဆိုင်မှာ”
“သူက အိတ်တစ်အိတ်ကို သယ်ထားတယ်။ ခေါက်ဆွဲအလွတ်သုံးပွဲမှာပြီး ဝက်ခြေထောက်နှစ်ချောင်း ကိုက်ပြီး ပေါ်ပေါ်တင်တင် လမ်းလျှောက်ထွက်သွားခဲ့တာ”
“အဖိုးကြီးယန်က သူ စားသောက်ပြီးသွားတော့ မြို့ထဲက ချောင်ကုန်သည်အဖွဲ့ဆီ သတင်းသွားပေးတယ်။ နောက်တော့ အဲဒီချောင်ကုန်သည်အဖွဲ့တပည့်တွေက ဟွမ်ကျိုးစီရင်စု အရာရှိတွေဆီကို သတင်းပို့လိုက်တယ်”
“သူတို့ အခု စစ်မေးနေကြပြီ”
ထိုစကားများကို နားထောင်ပြီးနောက် ချန်ကျဲ့ တိတ်ဆိတ်နေခဲ့ပြီး ရှေ့သို့ အနည်းငယ်တွန်းလိုက်သည်။ မကြာမီ၌ ကျိုးချူ၏အဆင့်အတန်းကို အသုံးပြုရမည့်အချိန် ကျရောက်လာပေသည်။ ကျိုးချူသည် ရှေ့ဘက်ရှိ ငါးဖမ်းကုန်သည်အဖွဲ့တပည့်များ၏ ပခုံးကို ခပ်ဖွဖွပုတ်၍ အမြန်လမ်းရှင်းသည်။ သို့ဖြင့် ချန်ကျဲ့သည် ဒုတိယတန်းသို့ ရောက်ရှိခဲ့သည်။
ပထမတန်းသည် ဦးလေးကျုံး၊ သင်္ဘောခေါင်းဆောင်ကြီးတို့ကဲ့သို့ အဆင့်အတန်းရှိသူများအတွက် ဖြစ်သည်။ ထို့ကြောင့် ပထမတန်းကိုမူ ချန်ကျဲ့ တိုးဝင်သွား၍ မရပေ။
ထို့နောက် အဖိုးကြီးယန်ကို မေးခွန်းမေးနေသည့် ဟွမ်ကျိုးစီရင်စု အရာရှိကို မြင်တွေ့လိုက်ရသည်။
အဖိုးကြီးယန်သည် ထိုနေရာတွင် စိတ်လှုပ်ရှားတုန်ယင်စွာဖြင့် ရပ်နေခဲ့သည်။ စစ်မေးခြင်းသည် တစ်ဝက်ခန့်ရောက်နေပေပြီ။
ထိုအခိုက်အတန့်၌ ဟွမ်ကျိုးစီရင်စု အရာရှိမှ မေးမြန်းသည်ကို ကြားနေရသည်။
“သူ့အိတ်ထဲမှာ ဘာရှိနေလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ခဲ့သလား”
အဖိုးကြီးယန်မှ ပြန်ဖြေသည်။
“ကျွန်တော် သေချာမမြင်ခဲ့ရပါဘူး။ ဒါပေမဲ့ လူတစ်ယောက်နဲ့တူပါတယ်”
ဟွမ်ကျိုးစီရင်စု အရာရှိမှ မေးမြန်းသည်။
“သူ အိတ်ကို မဖွင့်ခဲ့ဘူးလား”
“မဖွင့်ခဲ့ပါဘူး။ အရာရှိကြီးရယ် သူက ခေါက်ဆွဲသုံးပွဲနဲ့ ဝက်ခြေထောက်နှစ်ချောင်းပဲ မှာစားသွားပြီး ကျွန်တော့်ကို ငွေတစ်တုံးပေးပြီး မီးဖုတ်ထားတဲ့ မုန့်ပြားအခု၂၀ ဝယ်ပေးဖို့ စေခိုင်းခဲ့တာ အကုန်ပါပဲ။ ကျွန်တော် ကျန်တာ ဘာမှမသိပါဘူး”
“ကျန်တာ ဘာမှမသိဘူးပေါ့လေ။ ဒါဆို ခင်ဗျား ဘာလို့ သူစားနေတုန်းမှာ ကျုပ်တို့ကို သတင်းလာမပို့ဘဲ သူထွက်သွားတဲ့အထိ စောင့်ပြီးမှ သတင်းလာပို့ရတာတုန်း”
ဟွမ်ကျိုးစီရင်စု အရာရှိမှ တင်းမာခက်ထန်စွာ မေးမြန်းသည်။
အဖိုးကြီးယန်သည် ကြောက်ရွံ့လွန်းသောကြောင့် ဒုန်းခနဲ ဒူးထောက်ချလိုက်သည်။
“အရာရှိကြီးရယ် ကျွန်တော် မလုပ်ရဲလို့ပါ။ သူက ရာဇဝတ်မှုကျူးလွန်ဖို့ ဝန်မလေးတဲ့သူလေဗျာ”
“မလုပ်ရဲဘူးတဲ့လား ဟမ့်၊ ခင်ဗျား ကျုပ်တို့ကို ဘယ်လောက်တောင် ဒုက္ခများစေခဲ့လဲဆိုတာ သိရဲ့လား။ ကျုပ်အထင်တော့ ခင်ဗျား အခု စီးပွားရေးလုပ်တာ ရပ်လိုက်သင့်ပြီထင်တယ်။ အကြီးအကဲကျန်း ဒီအဖိုးကြီးက ပုန်ကန်သူတွေနဲ့ လျှို့ဝှက်ဆက်သွယ်နေတယ်လို့ သံသယရှိတယ်။ သူ့ကို သေချာလေး စစ်မေးဖို့အတွက် ပြန်ခေါ်သွားလိုက်ပါ!”
“အာ အရာရှိကြီး ကျွန်တော် မဟုတ်ရပါဘူး။ ကျွန်တော် တကယ် မဟုတ်ရပါဘူး…”
အဖိုးကြီးယန်မှာ ကြောက်ရွံ့မှုကြောင့် မေ့မြောလုနီးပါးပင်။
ကျန်းလီယဲ့သည်လည်း အနည်းငယ် မျက်မှောင်ကြုတ်လျက် ပြောလာသည်။
“လူကြီးမင်းကျောင်း ဒါက စည်းမျဉ်းစည်းကမ်းတွေအရ မသင့်တော်ပါဘူး!”
ဟွမ်ကျိုးစီရင်စု အရာရှိသည် ကျန်းလီယဲ့ကို လှည့်ကြည့်သည်။ ထို့နောက် နား,နားသို့ကပ်၍ တီးတိုးပြော၏။
“အကြီးအကဲကျန်း မင်းသားအိမ်တော်ရဲ့ သခင်ကြီးတွေ ရောက်လုနီးနေပြီ။ နီမန့်ဇစ်က ခရိုင်မင်းသမီးကို ပေါ်ပေါ်ထင်ထင် ခေါ်သွားတာကို ကျုပ်တို့က ဒီတိုင်း လွှတ်ပေးလိုက်ရတယ်ဆိုရင် အဲဒါက ရှင်းပြဖို့ခက်သွားလိမ့်မယ်။ သူ့မှာ ကြံရာပါရှိတယ်ဆိုရင် ကျုပ်တို့အတွက် အကျိုးသင့်အကြောင်းသင့် ရှင်းပြနိုင်မယ်။ အဲဒီတော့ ကျုပ်တို့အနေနဲ့ အချောင်ဝင်ခံပေးမယ့်သူတစ်ယောက်တော့ ဆွဲထည့်ဖို့လိုအပ်တယ်လေ”
“ဒါပေမဲ့!”
ကျန်းလီယဲ့သည် စိတ်လေးလံစွာဖြင့်ပင် ကျောင်းရှန့်ချာ၏ နောက်ထပ်ပြောစကားကို ကြားလိုက်ရပေသည်။
“ကျုပ်တို့ ဒီအခြေအနေကို ကောင်းကောင်းကိုင်တွယ်နိုင်ရင် သူတစ်ယောက်ပဲ ကံဆိုးရမှာ။ နောက်ပိုင်း မင်းသားအိမ်တော်က သခင်ကြီးတွေ ရောက်လာတဲ့အခါကျရင် သူတို့ရဲ့အမျက်ဒေါသက အိမ်ထောင်စုတစ်ခုအပေါ် ပုံချရုံလောက်နဲ့ ပြီးဆုံးသွားမှာ မဟုတ်ဘူး။ ကျုပ်က ဒီက ပြည်သူတွေကို ကာကွယ်ပေးနေရုံပါ။ အကြီးအကဲကျန်း သေချာစဉ်းစားပါဦး!”
ထိုအခါ ကျန်းလီယဲ့သည် လက်ကို တင်းတင်းဆုပ်လိုက်ပြီးနောက် ပြန်ဖြည်လိုက်ကာ အမိန့်ပေးလိုက်သည်။
“ဒီအဖိုးကြီးကို ဖမ်းလိုက်ကြ!”