← Chapters

အခန်း (၉၅)

Vol. 7 Ch. 95

အခန်း (၉၅)

Vol. 7 Ch. 95

“အား အရာရှိကြီးရယ် ကျွန်တော်က အပြစ်ကင်းပါတယ်။ ကျွန်တော် မှားယွင်းစွပ်စွဲခံရတာပါ။ ကျွန်တော်က သတင်းလာပို့ပေးခဲ့ရုံပါပဲ။ ကျွန်တော် အပြစ်ကင်းပါတယ်!”

အဖိုးကြီးယန်သည် အော်ဟစ်ငိုယိုနေသည်။ သို့သော် အစိုးရအရာရှိများသည် တရားရုံးတော်ကို အလျင်စလိုခေါ်ယူ၍ အဖိုးကြီးယန်ကို ဖမ်းချုပ်လိုက်သည်။

ထိုမြင်ကွင်းကို မြင်တွေ့နေရသော ဘေးမှကြည့်ရှုသူအပေါင်းမှာ စိတ်နှလုံးနာကျင်ကြရပေသည်။ အစိုးရအရာရှိများသည် အမှန်တကယ် အပြစ်ကျူးလွန်ခဲ့သော ရာဇဝတ်သားများကို ဖမ်းဆီးမည့်အစား အပြစ်ကင်းမဲ့သော ပြည်သူများကို ဖမ်းဆီးသည့် ဖြစ်ရပ်များသည် မကြာခဏ ဖြစ်ပွားတတ်၏။ သူတို့အားလုံးမှာ ထိုဖြစ်ရပ်များကို ကျင့်သားရနေပြီ ဖြစ်သည်။

ချန်ကျဲ့သည် ထိုမြင်ကွင်းကို ကြည့်နေခဲ့ရင်း မျက်ခုံးများတွန့်ချိုးသွားရ၏။

ဒါက အစိုးရရုံးတော်က အမှုကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ပုံစံလား။

တကယ့်ကို ညစ်ထေးလွန်းတာပဲ!

ဤကမ္ဘာသည် ဤသို့ပင်ဖြစ်သည်။ သင့်၌ စွမ်းဆောင်ရည် ချို့တဲ့ပါက မည်သည့်ဘေးအန္တရာယ်မဆို ကြုံရာကျပန်း ကျရောက်လာနိုင်ကာ သင်၏တစ်မိသားစုလုံးဆီသို့ ကပ်ဘေးဒုက္ခကြီးကို ဆောင်ကြဉ်းလာနိုင်ပေသည်။ ဤကမ္ဘာသည် ထိုမျှအထိ ရက်စက်ပါ၏။

ထိုစဉ် အခြားသော ကုန်သည်အဖွဲ့တပည့်များသည် ဒီတိုင်း ကြည့်နေခဲ့ကြသည်။ သာမန်ပြည်သူများ၏အမြင်တွင် အဆင့်အတန်းမြင့်မားသူများဖြစ်ကြသော တစ္ဆေလက် ကုချင်းဖုန်းနှင့် တံငါသည် ဖန်းရှစ်ကျုံးတို့သည်လည်း ဒီတိုင်း ကြည့်နေခဲ့သည်။

ဖန်းရှစ်ကျုံး၏ မျက်နှာအမူအရာမှာ ထိုအဖြစ်အပျက်ကို လက်မခံလိုသည့် ခံစားချက်အချို့ ထင်ဟပ်နေပေသည်။ သို့သော် ကုချင်းဖုန်း၏မျက်နှာထက်တွင် မည်သည့်ခံစားချက်မျှ ရှိမနေပေ။

လူများ မှားယွင်းစွပ်စွဲခံရခြင်းအား ကြုံတွေ့ရခြင်း များပြားလာသည်နှင့်အမျှ ပို၍ကျင့်သားရလာသည်ဖြစ်၏။

အဖိုးကြီးယန် ဖမ်းဆီးခံလိုက်ရပြီး မကြာမီတွင် လူတစ်ယောက်သည် အလျင်စလိုဖြင့် ပြေးလာခဲ့ပြီး စစ်သည်များသည် စီရင်စုနယ်နိမိတ်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း ကြေညာသည်။

ထိုအခါ ကျောင်းရှန့်ချာမှ ပြောသည်။

“အမြန် သူတို့ကို သွားနှုတ်ဆက်မယ်။ သူတို့က မင်းသားအိမ်တော်က သိုင်းပညာရှင်ကြီးတွေဖြစ်လိမ့်မယ်!”

ထိုကြေညာချက်သည် နေရာရှိလူအားလုံးကို လှုံ့ဆော်လိုက်ပေသည်။

မင်းသားအိမ်တော်မှ သိုင်းပညာရှင်ကြီးများ။

ကျန်းနန်၏ဧကရာဇ် မင်းသားဖန်းယန်သည် အမည်ကျော်ကြား၏။

လက်ရွေးစင် သမင်ဖြူစစ်တပ်ကြီးကို အမိန့်ပေးအုပ်ချုပ်၍ ကျန်းနန်း၏ လမ်းကြောင်းခုနစ်သွယ်နှင့် စီရင်စု၈၁ခုတို့ကို ကြီးကြပ်အုပ်ချုပ်နေသူ ဖြစ်သည်။ ထို့ပြင် သူ၏အမိန့်တော်အောက်သို့ မြောက်များစွာသော ကိုယ်ကျင့်တရားစံသွေသည့် ကျင့်ကြံသူများ ဝင်ရောက်ကြပေသည်။

သူ့တွင် သာလွန်ထူးကဲသည့် ပါရမီရှင်နောက်လိုက်နောက်ပါ သုံးရာရှိသည်ဟု ဂုဏ်သတင်းကြီး၍ ထိုနောက်လိုက်နောက်ပါများထဲ၌ လောကထိပ်တန်းအဆင့် ပုဂ္ဂိုလ်ကြီးများပင် ပါဝင်သည်ဟု ဆိုကြသည်။

သိုင်းလောကတစ်ခွင်၌ အသိအမှတ်ပြုခံရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်။

မင်းသားအိမ်တော်တွင် သိုင်းပညာရှင်ကြီးများအဖြစ် အသိအမှတ်ပြုခံရသူများသာလျှင် သွားရောက်ရာ အရပ်ဒေသတိုင်း၌ ကြီးလေးစွာသော လေးစားမှုဖြင့် ဆက်ဆံခံကြရသည်။

အားလုံးသည် မင်းသားအိမ်တော်၏ သိုင်းပညာရှင်ကြီးများကို ကြိုဆိုရန်အတွက် ရုတ်ချည်း တန်းစီလိုက်ကြသည်။

သို့ဖြင့် လူတန်းရှည်ကြီးသည် မြို့ပြင်လမ်းရှည်ကြီးအထိ ရှည်လျားသွားခဲ့သည်။

ချန်ကျဲ့သည်လည်း ငါးဖမ်းကုန်သည်အဖွဲ့၏ လူတန်းရှည်ကြီးထဲတွင် ရောနှောနေခဲ့သည်။

အားလုံး တန်းစီပြီး၍ မကြာမီတွင် ၁၂ယောက်၊ ၁၃ယောက်ခန့်ရှိသော မြင်းစီးစစ်သည်များကို မြင်တွေ့လိုက်ရသည်။

အလယ်တွင် ‘ရွှမ်းပင်း’ဟူသော စာလုံးပါရှိသည့် အလံကို လွှင့်ထူထားသည်။

ထိုစာလုံးများကို မြင်သောအခါ ကျောင်းရှန့်ချာနှင့် အနည်းငယ်သော စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်များသည် ထိတ်လန့်သွားကြသည်။

မင်းသားအိမ်တော်က တကယ်ကြီး အဲဒီနှစ်ယောက်ကို စေလွှတ်လိုက်တာများလား။

မြတ်စွာဘုရား! မင်းသားဖန်းယန်က ဒီတစ်ကြိမ်တော့ တကယ်ကြီး အလေးအနက်ထားနေတာပဲ!

မကြာမီ၌ မြင်းတပ်သည် ပို၍နီးကပ်လာခဲ့သည်။ သို့ဖြစ်ရာ အားလုံးမှာ ဦးဆောင်လာသူနှစ်ဦးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေသည်။

ဦးဆောင်လာသူနှစ်ဦးသည် အလွန်ဆင်တူကြသည်မှာ အကြမ်းဖျင်း ၇၀ရာခိုင်နှုန်းခန့် ဆင်တူကြသည်။ အသားအရောင်သာလျှင် ကွာခြား၏။ တစ်ဦးသည် နှင်းကဲ့သို့ဖြူဆွတ်သော အသားအရေဖြင့် သွေးမရှိသည့်အလား အရောင်အဆင်းကင်းမဲ့နေကာ နောက်တစ်ဦးသည် မီးသွေးခဲကဲ့သို့ မည်းနက်သော အသားအရောင်ရှိသည်။

သူတို့နှစ်ဦးလုံး၏ မျက်နှာထက်တွင် အကွက်သဏ္ဍာန် မွေးရာပါအမှတ်များ ရှိကြသည်။ အသားဖြူသည့်တစ်ယောက်၏ အမှတ်သည် ဘယ်မျက်လုံးအောက်တွင်ရှိပြီး အသားမည်းသူ၏ အမှတ်သည် ညာမျက်လုံးအောက်တွင် ရှိသည်။ အသားဖြူသည့်တစ်ယောက်၏ အမှတ်သည် အမည်းရောင်ဖြစ်ပြီး အသားမဲသူ၏ အမှတ်သည် အဖြူရောင်ဖြစ်သည်။

ထိုနှစ်ဦး၏ အသွင်အပြင်ကို မြင်သောအခါ အနီးဝန်းကျင်ရှိ လူများမှာ ပင့်သက်ရှိုက်မိကြကုန်သည်။

“ရွှမ်းပင်းအကြီးအကဲနှစ်ပါးပဲ!”

ချန်ကျဲ့ ကျိုးချူကို လှည့်ကြည့်၍ အသိအမှတ်ပြုလိုက်သည်။

သိုင်းလောက၌ နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့ဖူးသည့် ကျိုးချူသည် အချို့အဖြစ်အပျက်များအကြောင်း ဗဟုသုတ အနည်းငယ်ရှိသည်။

ချန်ကျဲ့ ကျိုးချူကို ကြည့်လိုက်သည်။

ကျိုးချူမှ ပြောသည်။

“လွန်ခဲ့တဲ့နှစ်၂၀က အမည်ကျော်ကြားခဲ့တဲ့ ရွှမ်းပင်းအကြီးအကဲနှစ်ပါးက တာ့အိုကျင့်ကြံသူတစ်ရာကျဆုံးခြင်းရဲ့ တပည့်တွေလို့ ကောလာဟလတွေ ရှိခဲ့တယ်။ သူတို့က အရိုးခိုက်အောင် အေးစိမ့်တဲ့ လျှို့ဝှက်နတ်ရေခဲလက်ဝါးအတွင်းမှာ အတူလေ့ကျင့်ခဲ့ကြတာ။ ရန်သူနဲ့ရင်ဆိုင်ရတဲ့အခါ သူတို့ရဲ့ လက်ဝါးရိုက်ချက်တစ်ချက်က ကန္တာရကိုကိုင်လှုပ်ဖို့ ရေခဲဖန်ဆင်းနိုင်ပြီး ပူးတွဲသိုင်းပညာရှိတာကြောင့် မကြာခဏ နှစ်ယောက်အတူ တွဲတွေ့ရလေ့ရှိတယ်။ သူတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်ပြီဆိုရင် လောကထိပ်တန်းအဆင့် ပုဂ္ဂိုလ်ကြီးတွေတောင်မှ သူတို့ကို အနိုင်မရနိုင်ဘူးတဲ့!”

“သူတို့က မင်းသားဖန်းယန်ရဲ့ အယုံကြည်ရဆုံး လက်အောက်ငယ်သားတွေထဲမှာ ပါဝင်တယ်။ လက်ရှိမှာတော့ မင်းသားဖန်းယန်ရဲ့ ကိုယ်ရံတော်အဖြစ် တာဝန်ထမ်းဆောင်‌နေကြတယ်”

“နီမန့်ဇစ်ကို ဖမ်းဖို့အတွက် သူတို့ကို စေလွှတ်လိုက်မယ်လို့ တကယ်ထင်မထားခဲ့ဘူး။ ကြည့်ရတာ ကောလာဟလတွေက မှန်နေပုံပဲ။ စီရင်စုအရာရှိတစ်ယောက်ကို သတ်ဖြတ်ပုန်ကန်တာလောက်က ဒီလိုအင်အားကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးတွေကို စေလွှတ်ရလောက်တဲ့အထိ ဖြစ်လိမ့်မှာမဟုတ်ဘူးရယ်”

ကျိုးချူမှ အံ့အားသင့်လျက် ပြောသည်။

ထိုသတင်းအချက်အလက်များကို ကြားသိလိုက်ရသော ချန်ကျဲ့သည်လည်း အံ့ဩမှုကြောင့် ပင့်သက်ရှိုက်မိလိုက်သည်။

ရွှမ်းပင်းအကြီးအကဲနှစ်ပါး၊ သူတို့ရဲ့အဆင့်အတန်းက လက်ရှိအချိန်ရဲ့ လောကထိပ်တန်းအဆင့်နီးပါးလောက်မှာ ရှိတယ်။ အစ်ကိုနီက သူတို့ကို ဆန့်ကျင်တိုက်ခိုက်နိုင်ပါ့မလား။

မင်းသားဖန်းယန်မှ ဤသို့အင်အားကြီးမားလှသည့် ပုဂ္ဂိုလ်များကို တပ်ဖြန့်စေလွှတ်လိုက်ခြင်းအတွက်မူ ချန်ကျဲ့ အကြောင်းအရင်းကို သိသည်။

သူ့ရဲ့ သမီးတစ်ယောက်လုံး ပြန်ပေးဆွဲလိုက်ရတာကို မင်းသားဖန်းယန်က စိုးရိမ်ပူပန်ပြီး ဒေါသထွက်နေလောက်မယ် မဟုတ်လား။

ဒီတစ်ကြိမ်တော့ မင်းသားဖန်းယန်သည် အလွန်ဒေါသထွက်သွားပုံရ၏။

“ဟေး ဟေး ကျိုစစ်၊ အဲဒီနောက်ဘက်က မြင်းစီးစစ်သည်၁၂ယောက်ကိုကြည့်”

ထိုအခါ ချန်ကျဲ့သည် လှည့်ကြည့်လိုက်သည်။ ထိုအခါမှသာ ချန်ကျဲ့သည် ရွှမ်းပင်းအကြီးအကဲနှစ်ဦး‌၏နောက်မှ လိုက်ပါလာသော မြင်းစီးစစ်သည်၁၂ဦးသည် အလယ်ပိုင်းမြေပြန့်လွင်ပြင်၏ အဝတ်အစားများကို ဝတ်ဆင်မထားကြောင်း သတိထားမိလိုက်ပေသည်။

ထိုစဉ် ကျိုးချူမှ ပြောသည်။

“တွေ့လား မြောက်ပိုင်းသဲကန္တာရရဲ့ သိမ်းငှက်ဆယ့်နှစ်ကောင်လေ”

“သူတို့တွေ မင်းသားဖန်းယန်လက်အောက်ကို မဝင်ခင်က မြင်းလုယက်မှုတွေမှာ ပါဝင်လေ့ရှိခဲ့ကြတယ်။ အခုတော့ သူတို့က မင်းသားအိမ်တော်ရဲ့ သာလွန်ထူးကဲတဲ့ နောက်လိုက်သုံးရာထဲမှာ ပါဝင်တဲ့သူတွေ ဖြစ်နေကြပြီ။ သူတို့လည်း အတူလိုက်လာမယ်လို့ ထင်မထားခဲ့ဘူး”

“အဲဒီရှေ့က ဦးဆောင်လာတဲ့ သုံးယောက်က သိမ်းငှက်၁၂ကောင်ရဲ့ ခေါင်းဆောင်တွေပဲ။ သူတို့အားလုံးက စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်ကြီးတွေလေ။ မင်းသားဖန်းယန်က ဒီတစ်ခေါက်‌အရေးကိစ္စကို တကယ်ကြီး အလေးအနက်ထားနေတာပဲ။ နီမန့်ဇစ်ကတော့ ပျားတူအုံကို မွှေလိုက်တာပဲကွာ”

ချန်ကျဲ့သည် ထိုစကားတို့ကို နားထောင်ပြီးနောက် ကျိုးချူကို စူးစမ်းလိုဟန် ကြည့်လိုက်သည်။

“လောင်ကျိုး မင်းဘာလို့ အဲဒီလောက် အများကြီးသိနေတာလဲ”

ကျိုးချူသည် ပြုံးလိုက်၏။

“ငါ့ဇနီးရဲ့ဝမ်းကွဲက ရွှင်းဖုန့်ကိုယ်ရံတော်ဌာနမှာ အလုပ်လုပ်တယ်လေ။ ကိုယ်ရံတော်ဌာနထက် ဘယ်နေရာကများ ပိုသတင်းစုံပါ့မလဲ”

ချန်ကျဲ့ ကျိုးချူကိုကြည့်လျက် ပြောလိုက်သည်

“ဪ မင်းလိုကောင်လေးတစ်ယောက်က သင်္ဘောခေါင်းဆောင်ဖြစ်လာတာ မထူးဆန်းတော့ပါဘူးလေ။ မိသားစုအဆက်အသွယ်ရှိတာက တကယ် အကူအညီဖြစ်တာပဲ”

“တော်စမ်းပါ၊ မိသားစုအဆက်အသွယ်ရှိတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ငါက ကိုယ်ပိုင်အရည်အချင်းနဲ့ပဲ ခေါင်းဆောင်၅ ဖြစ်လာခဲ့တာပါနော်”

ကျိုးချူသည် အနည်းငယ် မကျေမနပ်ဖြစ်သွား၏။

ချန်ကျဲ့ ရယ်မောလျက် ပြောလိုက်သည်။

“ဟေး ညီနောင်ကျိုး မင်းက အရမ်းသတင်းစုံတယ်ဆိုတော့ မင်းသားဖန်းယန်က ဘာလို့ ဒီလောက်အကြီးအကျယ်တွေ ရေးကြီးခွင်ကျယ်လုပ်နေလဲဆိုတာ သိလားဗျ။ အခုကာလမှာ ပုန်ကန်နေတဲ့သူတွေ ဒီလောက်အများကြီးပဲကို ဘာလို့ သူ့ရဲ့တုံ့ပြန်မှုက အရမ်းပြင်းထန်နေရတာလဲ”

ကျိုးချူသည် ချန်ကျဲ့ကို ပြန်ကြည့်လာသည်။

“အင်း တကယ်တော့ အဲဒီလိုလုပ်ရတဲ့ အကြောင်းအရင်းရှိပါတယ်။ ညီနောင် မင်း လျှောက်မပြောရ‌ဘူးနော်”

“စိတ်မပူပါနဲ့ဗျာ၊ ကျွန်တော်က ဘယ်အရပ်သွားပြီး လျှောက်ပြောနိုင်မှာမလို့လဲ”

ချန်ကျဲ့သည် ကျိုးချူကို စိတ်ချလက်ချဖြစ်စေလိုက်သည်။

“ကြည့်ရတာ နီမန့်ဇစ်က မင်းသားဖန်းယန်ရဲ့ တစ်ဦးတည်းသောသမီး မင်းသမီးရှန်းနင်ကို ပြန်ပေးဆွဲသွားပုံပဲ!”

ကျိုးချူသည် သိုသိပ်စွာဖြင့် အတွင်းစကားကို ပြောပြခဲ့သည်။

All Chapters