သူရဲကောင်းများသည် ဖိအားပေးခံရသောကြောင့် ထွက်ပေါ်လာခြင်းဖြစ်၏
Vol. 7 Ch. 96
“ဘာရယ် တကယ်ကြီးလား!”
ချန်ကျဲ့မှ အလွန်တရာ အံ့ဩထိတ်လန့်သွားဟန် အမူအရာကိုလုပ်ပြလေရာ ကျိုးချူသည် စိတ်ကျေနပ်သွား၍ ဆက်ပြောသည်။
“တကယ်တော့ နီမန့်ဇစ်လည်း အတော်လေး အထင်ကြီးစရာကောင်းတယ်ကွ။ နီမန့်ဇစ်က အရာရှိတွေကို ဘာလို့သတ်ခဲ့လဲ သိလား”
“မသိဘူး”
ချန်ကျဲ့ ခေါင်းခါလိုက်သည်။ သူတကယ် မသိပါချေ။
ထိုအခါ ကျိုးချူမှ ဇာတ်လမ်းကို ပြောပြသည်။
အိမ်နီးချင်း တင်းပြည်နယ်ရှိ နီမန့်ဇစ်တွင် ညီတစ်ယောက်နှင့် သက်ကြီးရွယ်အို အမေတစ်ဦးရှိပြီး သူတို့မိသားစုသည် ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသည်။ နီမန့်ဇစ်သည် ပါရမီရှင်တစ်ဦးအဖြစ် မွေးဖွားလာခဲ့ခြင်းဖြစ်သောကြောင့် မန့်ဇစ်ဟူသာ အမည်ပြောင်ကို ရရှိခဲ့သည်။ သို့ဖြင့် လူအနည်းငယ်သာလျှင် သူ၏အမည်ရင်းကို မှတ်မိတော့သည်။
…
နောက်ပိုင်းတွင် နီမန့်ဇစ်သည် သူ၏အရည်အချင်းကို အသိအမှတ်ပြုသော ကျင့်ကြံသူအိုကြီးတစ်ယောက်၏ တပည့်အဖြစ် ခေါ်ယူခြင်းခံခဲ့ရပြီး သူ၏ဇာတိမြို့လေးမှ ထွက်ခွာသွားခဲ့သည်။
သူ၏ညီဖြစ်သူသည် သူတို့၏အသက်အရွယ်ကြီးရင့်ပြီဖြစ်သော မိခင်ကို စောင့်ရှောက်ရန်အတွက် ကျန်ရစ်ခဲ့သည်။
ထို့သို့ ၁၀နှစ်တာအချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီး နီမန့်ဇစ်၏ ညီဖြစ်သူသည် တံငါသည်တစ်ဦး ဖြစ်လာခဲ့သည်။ တစ်နေ့တွင် ညီဖြစ်သူသည် သူ၏ဇနီးသည်ကိုခေါ်ဆောင်၍ မြို့ပေါ်သို့ ငါးသွားရောင်းခဲ့သည်။
ညီဖြစ်သူ၏ဇနီးသည် အတော်လေး ချောမောလှပသူဖြစ်ရာ သေရည်မူးယစ်နေသော မုလန်လူမျိုးတစ်ဦးမှ သူမကို မျက်စိကျသွားခဲ့သည်။ ထိုမုလန်လူမျိုးသည် သူမကို သူ၏အိမ်တော်သို့ အတင်းအကျပ် ခေါ်ဆောင်သွားခဲ့သည်။ ညီဖြစ်သူမှ ဇနီးကို ပြန်လည်ခေါ်ယူရန် ကြိုးပမ်းသောအခါ မုလန်လူမျိုး၏ အိမ်အစေခံများသည် ညီဖြစ်သူကို တုတ်များဖြင့် သေလုမျောပါး ရိုက်နှက်၍ ခွေးတစ်ကောင်ကဲ့သို့ ကြိုးချည်ကာ သူ၏ဇနီးအား မုလန်လူမျိုးမှ အဓမ္မပြုကျင့်သည်ကို ကြည့်စေခဲ့သည်။
အရှက်ရမှုကို သည်းမခံနိုင်သော ညီဖြစ်သူသည် အစိုးရသို့တိုင်ကြား၍ တရားမျှတမှုကို ရှာဖွေမည်ဟု တွေးခဲ့သည်။
ဒါပေမဲ့ ငါတို့ဟန်လူမျိုး တရားရေးအရာရှိတွေက ဘယ်လိုမျိုးလဲဆိုတာ မင်းလည်းသိတာပဲ။ ညီဖြစ်သူက သူတို့ရဲ့ မုလန်လူမျိုးသခင်ကို စွပ်စွဲလိုက်တာနဲ့ ညီဖြစ်သူကို ရိုက်နှက်ပြီး ကန်ထုတ်လိုက်တာပဲ။
သို့တိုင် ညီဖြစ်သူသည် လုံးဝ မမှုဘဲ တရားမျှတရေးဗုံကို ဒုတိယအကြိမ် တီးခဲ့သည်။
စီရင်စု ရာဇဝတ်တရားသူကြီးသည် ဒေါသထွက်သွား၏။
“မင်း ဘယ်လိုပြဿနာကောင်လဲ! ဒီကို ထပ်လာရဲသေးတယ်!”
ထို့နောက် ရာဇဝတ်တရားသူကြီးသည် ဤကိစ္စအား မည်သို့မည်ပုံ ဖြေရှင်းရမည်ကို မုလန်လူမျိုးနှင့် သွားရောက်တိုင်ပင်ခဲ့သည်။
မုလန်လူမျိုးသည် တခစ်ခစ်ရယ်မော၏။
“မကျေနပ်ဘူးတဲ့လား။ ဒါဆိုလည်း ပြောခိုင်းလိုက်တာပေါ့!”
သို့ဖြင့် ထိုနေ့တွင် မုလန်လူမျိုးသခင်ကြီးသည် ပင်မခန်းမဆောင်တွင် ထိုင်၍ ဟန်လူမျိုး ရာဇဝတ်တရားသူကြီးထံမှ တရားစီရင်ရေးတူကို ယူကာ ဒူးထောက်နေကြသော နီမန့်ဇစ်၏ ညီဖြစ်သူတို့ဇနီးမောင်နှံကို အထက်စီးမှ ငုံ့ကြည့်လျက် တူကိုရိုက်ချလိုက်သည်။
“မင်းတို့သခင်ကြီးငါ့ကို ဘယ်သူက မတရားစွပ်စွဲသလဲ”
သူတို့နှင့် ကျိုးကြောင်းဆီလျော်စွာ စကားပြောမရနိုင်သည်ကို မြင်သောအခါ ညီဖြစ်သူသည် ထွက်သွားချင်ခဲ့သည်။
သို့သော် မုလန်လူမျိုးမှ ရယ်မောလျက် ပြောသည်။
“ဒီလောက်နဲ့ ထွက်သွားချင်ပြီလား၊ မဖြစ်ဘူးလေ။ မင်းရဲ့မကျေနပ်ချက်တွေကို ထုတ်ပြောမလို့ မဟုတ်ဘူးလား။ ငါ့မှာလည်း မကျေနပ်တာ ရှိတယ်။ ဒီမိန်းမက ငါ့ကိုမြှူဆွယ်ပြီး ဒီလူက ငါ့ကိုခြိမ်းခြောက်ခဲ့တယ်။ ဒါပေမဲ့ သူက ငါ့ကို မဟုတ်မမှန် စွပ်စွဲခဲ့တယ်။ ငါ့မှာလည်း မကျေနပ်ချက်ရှိတယ်၊ ရာဇဝတ်တရားသူကြီးမင်း ခင်ဗျား ပြောကြည့်စမ်းပါဦး!”
ရာဇဝတ်တရားသူကြီးသည် ချိုသာစွာ ပြုံးလျက် ပြောသည်။
“မုလန်သခင်ကြီးအနေနဲ့ ဒီကိစ္စကို ဘယ်လိုစီရင်သင့်တယ်လို့ ထင်ပါသလဲ”
မုလန်လူမျိုးမှ ပြုံးလိုက်သည်။
“ရာဇဝတ်တရားသူကြီးမင်း ခင်ဗျားရဲ့ အနောက်ရုံးခန်းကို ငှားပေးပါဦး။ ငါ ဒီမိန်းမယုတ်ကို သင်ခန်းစာပေးလိုက်မယ်။ ဒီလူကိုတော့ လှောင်အိမ်ထဲ ရပ်ခိုင်းထားပြီး အပြစ်ပေးလိုက်ပေါ့!”
သို့ဖြင့် နီမန့်ဇစ်၏ညီဖြစ်သူသည် တရားရုံးတော်၏ ပင်မဂိတ်တံခါးတွင် လှောင်အိမ်ထဲ၌ သံကြိုးများနှင့် ဖမ်းချုပ်ခံခဲ့ရသည်။ သူသည် တရားရုံးတော် အထက်တွင် ချိတ်ဆွဲထားသော ‘တောက်ပသောမှန်အား အမြင့်တွင်ချိတ်ဆွဲရာ၏'ဟူသော စာလုံးလေးလုံးကို ကြည့်နေခဲ့သည်။ အနောက်ဘက် ရုံးတော်ထဲမှ ဇနီးဖြစ်သူ၏ ဝမ်းနည်းကြေကွဲဖွယ် အော်ဟစ်သံနှင့်အတူ မုလန်လူမျိုးတစ်စု၏ ရယ်မောသံများ၊ ဆဲဆိုသံများနှင့် စော်ကားပြောဆိုသံများကိုလည်း ကြားနေခဲ့ရသည်။
သူ၏နှလုံးသားမှာ သေဆုံးသွားခဲ့လေပြီ။
ထို့နောက်တွင်တော့ ဂုဏ်သိက္ခာပျက်စီးရခြင်းအား ခံနိုင်ရည်မရှိတော့သော ညီဖြစ်သူ၏ဇနီးသည် အနောက်ဘက်ရုံးတော်၌ပင် အဝတ်ကင်းမဲ့နေသော ခန္ဓာကိုယ်ဖြင့် ကြိုးဆွဲချသတ်သေသွားခဲ့သည်။ ညီဖြစ်သူသည် လှောင်အိမ်ထဲတွင် သုံးရက်တိတိ ရပ်နေခဲ့ရပြီးနောက် မည်သူမည်ဝါပင် မခွဲခြားနိုင်လောက်အောင် ပျက်စီးနေသည့် အလောင်းတစ်လောင်းကိုသာ အိမ်သို့ ပြန်ယူလာနိုင်ခဲ့သည်။
ညီဖြစ်သူသည် ဤဖြစ်ရပ်များကို ခံနိုင်ရည်မရှိတော့သောကြောင့် မြစ်ထဲသို့ခုန်ချသေဆုံးသွားခဲ့သည်။ သို့ဖြင့် အိမ်တွင် အမေအိုကြီးတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။ အမေအိုကြီးသည် သားဖြစ်သူနှင့် ချွေးမဖြစ်သူ၏ သတင်းကိုကြားသိလိုက်ရသောအခါ ဝမ်းနည်းပူဆွေးမှုကြောင့် သေဆုံးသွားခဲ့သည်။
နောက်ပိုင်းတွင် နီမန့်ဇစ်သည် သိုင်းပညာကို ကျွမ်းကျင်တတ်မြောက်အောင် သင်ယူပြီးဆုံး၍ အိမ်သို့ပြန်လာခဲ့ချိန်တွင် သူ၏မိသားစုမှာ ပျက်စီးနေခဲ့လေပြီ။ ထို့နောက် အကြောင်းအရာ အလုံးစုံကို သိရှိသွားခဲ့သည်။
နီမန့်ဇစ်သည် မည်သည့်စကားမျှမဆိုဘဲ ဓားရှည်ကိုကိုင်ဆွဲ၍ ညတွင်းချင်းပင် ထိုမုလန်လူမျိုး၏ တစ်အိမ်လုံးကို သုတ်သင်ပစ်ခဲ့သည်။ ထို့နောက် တရားရုံးတော်သို့ ဝင်စီး၍ ရာဇဝတ်တရားသူကြီး၏ တစ်မိသားစုလုံးကို သတ်ဖြတ်ပစ်ခဲ့သည်။ သို့သော် ရာဇဝတ်တရားသူကြီးကို ရှာမတွေ့ပေ။ အကြောင်းမှာ ရာဇဝတ်တရားသူကြီးသည် အုပ်ချုပ်ရေးအရာရှိအိမ်တော် ညစာစားပွဲသို့ သွားရောက်နေသောကြောင့်ဖြစ်သည်။
နီမန့်ဇစ်သည် လက်နက်ကိုင်အစောင့်အရှောက်များ အမြောက်အများရှိသော အုပ်ချုပ်ရေးအရာရှိအိမ်တော်ထဲသို့ တစ်ဦးတည်း ဝင်သွားခဲ့သည်။
ရာဇဝတ်တရားသူကြီးနှင့် အုပ်ချုပ်ရေးအရာရှိကို သတ်ဖြတ်ပြီးနောက်၌ နီမန့်ဇစ်သည် အလွန်တရာ အရည်အချင်းမြင့်မားသည့် သိုင်းပညာရှင်ကြီးနှစ်ယောက်နှင့် ဆုံတွေ့ခဲ့သည်။
ထိုနှစ်ယောက်လုံးသည် အရည်အချင်းပြည့်ဝသည်ထက် ပိုမိုသာလွန်၏။ ထိုမျှအင်အားကြီးမားသော ပုဂ္ဂိုလ်ကြီးများသည် အုပ်ချုုပ်ရေးအရာရှိတစ်ဦး၏နေအိမ်တွင် ရှိမနေသင့်ပေ။ နီမန့်ဇစ်သည် ထိုသိုင်းပညာရှင်ကြီးနှစ်ဦးနှင့် တိုက်ခိုက်ပြီးနောက် မိန်းမငယ်လေးတစ်ဦးကို ဖမ်းဆီးမိသွားခဲ့သည်။
နီမန့်ဇစ်သည် ထိုမိန်းကလေးကိုလည်း သတ်ပစ်ရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်၏။ သို့သော် မိန်းကလေးသည် သူမ၏အဆင့်အတန်းကို ထုတ်ဖော်ပြောပြ၍ သူမကို အသက်ချမ်းသာပေးပါရန် တောင်းပန်တိုးလျှိုးခဲ့သည်။
သေချာစဉ်းစားတွေးတောပြီးနောက် နီမန့်ဇစ်သည် မိန်းကလေးကို ပြန်ပေးဆွဲခဲ့သည်။ ဤသည်မှာ နီမန့်ဇစ်၏ပုန်ကန်မှု၊ အရာရှိများအား သတ်ဖြတ်မှု၏ အကြောင်းအရာ အပြည့်အစုံ ဖြစ်သည်။
ထိုအကြောင်းအရာတို့ကို ကြားသိပြီးနောက်တွင် ချန်ကျဲ့သည် အမျက်ဒေါသကြောင့် မျက်လုံးအိမ်များ ပြူးကျယ်နေခဲ့သည်။
ဒါက လူကို အရမ်းဖိနှိပ်လွန်းတာပဲ။ ငါသာ နီဝမ့်ကျွင်းဆိုရင်လည်း အဲဒီတိရစ္ဆာန်ကောင်တွေကို သတ်ပစ်မိမှာပဲ။
ကျိုးချူသည်လည်း ဒေါသထွက်နေဟန်ရှိသော်ငြား သူ၏ဒေါသသည် ထိုမျှ မပြင်းထန်ပေ။ ကျိုးချူအတွက်မူ ထိုအကြောင်းအရာများမှာ သာမန်ဖြစ်ရပ်များအလားပင်။
ဟုတ်ပါ၏၊ သာမန်ဖြစ်ရပ်တစ်ခုပင်။
ခုနလေးတင် ယုတ်မာကောက်ကျစ်သည့်အရာရှိက ခေါက်ဆွဲရောင်းသည့် အဖိုးအိုယန်ကို အပြစ်ပုံချခဲ့သည့်မြင်ကွင်းတွင်လည်း အားလုံးသည် မကျေနပ်သည့် မျက်နှာအမူအရာမျိုး ဖြစ်နေခဲ့ကြသော်ငြား မည်သူမျှ အံ့ဩမသွားကြပေ။
ဟုတ်ပါသည်။ သာမန်ဖြစ်ရပ်တစ်ခုပါပင်။
ထိုသို့ မတရားမှုများ မကြာခဏ ဖြစ်ပွားလာသည့်အခါ သာမန်ပြည်သူများသည် ထုံထိုင်းသွားကြပေသည်။
ချန်ကျဲ့ တွေးတောနေစဉ် ရွှမ်းပင်းအကြီးအကဲနှစ်ပါးမှာ ရောက်လာခဲ့လေပြီ။
ကျောင်းရှန့်ချာသည် သူတို့ကို နှုတ်ဆက်ခဲ့သော်လည်း ထိုနှစ်ဦးမှာ မြင်းပေါ်မှဆင်းလာရန် ရည်ရွယ်ချက်ရှိပုံမရချေ။
မောက်မာထောင်လွှားမှုမှာ ထင်ရှားလှပေသည်။
“နီမန့်ဇစ် ဘယ်မှာလဲ”
ရွှမ်းပင်းအကြီးအကဲနှစ်ပါးထဲမှ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဖြူဖျော့သည့်အသားအရေပိုင်ရှင်မှ မေးမြန်းသည်။
“အရှင့်ကို လျှောက်တင်ပါတယ်၊ နီမန့်ဇစ် ထွက်ပြေးသွားပါတယ်”
“ထွက်ပြေးသွားတယ်? မင်းတို့လူတွေအများကြီးက ဘာလုပ်နေကြတာလဲ”
“ဟုတ်ပါတယ် အရှင်၊ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ”
“ခွင့်လွှတ်ပေးဖို့ကိုတော့ မင်းသားကို သွားရှင်းပြလိုက်။ မင်းသမီးသာ တစ်ခုခုဖြစ်သွားခဲ့ရင် မင်းတို့ရဲ့ခေါင်းတွေကို ထိန်းသိမ်းထားနိုင်ဖို့အရေးကို မေ့ထားလိုက်တော့!”
ထိုသို့ပြောခဲ့ပြီး ရွှမ်းပင်းအကြီးအကဲနှစ်ပါးသည် မြင်းဇက်ကြိုးကို ဆွဲလိုက်သည်။
ထို့နောက် လှည့်ထွက်သွား၏။
ထိုအခါ ကျောင်းရှန့်ချာမှ ပြောသည်။
“အရှင်တို့ မြို့ထဲကို ခဏလောက် မဝင်တော့ဘူးလားဗျ”
“ချီးကို ဝင်ရမှာလား! သွား သွား သွား!”
ထိုသို့ပြောပြီးနောက် လူတစ်စုသည် အဓိကလမ်းမကြီးအတိုင်း လိုက်သွားကြသည်။ ကျောင်းရှန့်ချာသည် နဖူးထက်မှ ချွေးအေးများကို သုတ်လိုက်ရင်း သူ၏ဘေးရှိ ကျန်းလီယဲ့ကို ပြောသည်။
“အကြီးအကဲကျန်း၊ အဖိုးကြီးယန်က ပုန်ကန်သူနဲ့ ပူးပေါင်းတဲ့အမှုကို သေချာအောင်လုပ်ထား။ ဘာအမှားအယွင်းမှ ရှိလို့မဖြစ်ဘူး!”
ကျန်းလီယဲ့သည် အချိန်အတော်ကြာ တွေဝေနေခဲ့ပြီးနောက်မှ လက်ယှက်အရိုအသေပြု၍ ပြန်ပြောသည်။
“ဟုတ်ကဲ့ပါ လူကြီးမင်း”