အခန်း (၉၇)
Vol. 7 Ch. 97
ညနေခင်း၌ ချန်ကျဲ့သည် စိတ်နှလုံးအတွင်း မရေမတွက်နိုင်လောက်အောင် များပြားလေးလံလှသော အတွေးများဖြင့် အိမ်ပြန်လာခဲ့သည်။ ဤခေတ်သည် အလွန်ရက်စက်လွန်း၏။ လူများကို အသက်ရှင်လျက် စားသုံးနေခြင်းပင်။ အဖိုးကြီးယန်သည် မည်သူ့ကိုမျှ အပြစ်ပြုခြင်း မရှိခဲ့သည့်တိုင် ထိုသို့ဘေးအန္တရာယ်မျိုးကို ကြုံတွေ့လိုက်ရလေသည်။
ဘယ်သူ့ကို အပြစ်သွားတင်ရပါ့မလဲ။
နီဝမ့်ကျွင်းကို အပြစ်တင်ရမှာလား။ ဒါပေမဲ့ နီဝမ့်ကျွင်းက သူ့ဘာသူ ဗိုက်ဆာလို့ အစားတစ်နပ်စားတာ ဘာအပြစ်ရှိလို့လဲ။ အကယ်၍ သူ အဖိုးကြီးယန်ရဲ့ဆိုင်မှာ မစားဘဲ တခြားဆိုင်မှာ စားခဲ့ရင်ရော? အဲဒါဆိုလည်း အဲဒီတခြားဆိုင်ပိုင်ရှင်တစ်ယောက်က အဖမ်းခံလိုက်ရမှာပဲ မဟုတ်လား။
နီဝမ့်ကျွင်းကို ဘာမှမစားဘဲ အငတ်ခံပြီးသေဖို့တော့ မျှော်လင့်လို့မရဘူးလေ ဟုတ်တယ်မလား။
အဖိုးကြီးယန်က စကားများလွန်းတယ်ဆိုပြီး အဖိုးကြီးယန်ကိုပဲ အပြစ်တင်ရမလား။ နီဝမ့်ကျွင်းကို တွေ့လိုက်ကြောင်း သတင်းပေးတဲ့အတွက်လေ?
ဒါပေမဲ့ သူသာ အခုလို လာမတိုင်ကြားခဲ့ရင် အဲဒီအစိုးရရုံးတော်နဲ့ ကုန်သည်အဖွဲ့တွေ နောက်မှ သိသွားတဲ့အခါ သူ့ကိုလွှတ်ပေးမှာမလို့လား။
ဤသို့ ဖြစ်နိုင်ခြေအားလုံးကို စဉ်းစားကြည့်ပြီးနောက်တွင် အပြစ်တင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဤဆိုးရွားလှသည့် လောကကြီးနှင့် ဆိုးရွားလှသည့် စနစ်များ၊ ဆိုးရွားလှသည့် အစိုးရတို့သာ ဖြစ်ချေသည်။
“ဒီလောကကြီးက လူတွေကို ဝါးမျိုနေတာပဲ!”
ချန်ကျဲ့သည် မြို့မှ အိမ်ပြန်လမ်းတွင် မြို့သို့ အလျင်စလို ဦးတည်သွားနေသည့် လူတစ်စုကို မြင်တွေ့ခဲ့သည်။ ထိုလူတစ်စုမှာ အဖိုးကြီးယန်၏ မိသားစုဝင်များ ဖြစ်ကြ၏။
စိုးရိမ်ထိတ်လန့်နေကြသော မိသားစုကိုမြင်သောအခါ ချန်ကျဲ့ အချိန်အတော်ကြာ တိတ်ဆိတ်နေမိသည်။
ဒီကမ္ဘာကြီးက လူအချင်းချင်း ဝါးမျိုနေတဲ့ ကမ္ဘာကြီးပဲ။ ဒီကမ္ဘာမှာ ရှင်သန်နိုင်ဖို့ဆိုရင် ကိုယ်တိုင်က အင်အားကြီးမားနေမှဖြစ်မယ်။
အင်အားကြီးမားတဲ့သူဖြစ်နေမှသာ နီဝမ့်ကျွင်းလိုမျိုး လက်ခံနိုင်ဖွယ်မရှိလောက်အောင် ဆိုးယုတ်တဲ့လူတွေကို သတ်ပစ်နိုင်မှာ။ အရာရှိတွေကို ပုန်ကန်တယ်ဆိုတာက နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုပဲ မဟုတ်ပေဘူးလား။
နီဝမ့်ကျွင်းတောင်မှ ဒီလိုတွေလုပ်ဆောင်နေခဲ့ပြီဆိုရင် နီဝမ့်ကျွင်းထက် ပိုပြီးအင်အားကြီးမားတဲ့သူ ဖြစ်လာနိုင်ရင် ဒီထက်ပိုပြီး ကြီးမားတဲ့အရာတွေကို လုပ်ဆောင်နိုင်လိမ့်မယ် မဟုတ်လား။ တစ်နေ့နေ့မှာ သိုင်းပညာက နတ်ဘုရားတမျှအဆင့်ကို ရောက်ရှိနိုင်တဲ့အခါ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးကိုတောင် ပြောင်းလဲဖို့ ကြိုးစားနိုင်လိမ့်မှာ မဟုတ်ဘူးလား။
ဒီနွမ်းပါးလွန်းလှတဲ့ သာမန်လူတွေအတွက် ကောင်းကင်အစိတ်အပိုင်းလေး တစ်စကိုပဲဖြစ်ဖြစ် ထောက်ပံ့ပေးထားနိုင်လောက်မယ် မဟုတ်လား။
…
မျက်တောင်တစ်ခတ်မျှသော အချိန်အတွင်း၌ ငါးရက်တာကာလ ကုန်ဆုံးသွားခဲ့သည်။
ပူပြင်းလှသော နေရောင်အောက်၌ လူနှစ်ဦးသည် မျန့်ရွှေမြစ်၏ စိမ့်တောကျွန်းထဲတွင် လက်ဝါးသိုင်းကို လေ့ကျင့်နေကြသည်။
တစ်ဦး၏လှုပ်ရှားမှုများသည် ချောမွေ့ကာ ကျန်တစ်ဦးသည် အနည်းငယ် ပုံပန်းမကျဖြစ်နေ၏။
ထိုနှစ်ဦးသည် ချန်ကျဲ့နှင့် ချန်ရှောင်ဟူမှတပါး တခြားမဖြစ်နိုင်လေပြီ။
နီဝမ့်ကျွင်း ထွက်ပြေးသွားပြီး ဤငါးရက်တာကာလအတွင်း၌ ရှန်းထောင်မြို့သည် တည်ငြိမ်အေးချမ်းသည့်အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဦးစွာ ကျောင်းရှန့်ချာ ထွက်သွားခဲ့သည်။ ထို့နောက်တွင် ကျန်းလီယဲ့သည်လည်း ဝူဟုန်၏ဒဏ်ရာများကို လာရောက်ကြည့်ရှုခဲ့ပြီးနောက် ထွက်ခွာသွားခဲ့သည်။
ငါးဖမ်းကုန်သည်အဖွဲ့၏ ဖန်းရှစ်ကျုံးနှင့် ချောင်ကုန်သည်အဖွဲ့၏ ကုချင်းဖုန်းတို့သည်လည်း တစ်နေ့က ထွက်ခွာသွားခဲ့ကြသည်။
ထို့နောက်တွင် ရှန်းထောင်မြို့သည် ငြိမ်းချမ်းသည့်အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည်။ သို့သော် ခန်းမအရှင်သခင်နှစ်ဦးသည် သူတို့ မထွက်ခွာမီတွင် သက်ဆိုင်ရာ ဦးစီးမှူးများကို အပြန်အလှန် အားပေးစကားများ ပြောခဲ့ကြသည်။
နောက်လဝက်အကြာတွင် ကျင်းပမည့် ရွာအကြီးအကဲရွေးချယ်ပွဲကိုလည်း ကိုယ်တိုင်ကိုယ်ကျ တက်ရောက်မည်ဟု သဘောတူညီခဲ့ကြသည်။
ယွီပင်းနှင့် ဝူကျုံးတို့အား ကြိုးစားလုပ်ဆောင်ကြရန် အားပေးခဲ့ကြသည်။
အားပေးစကားများကို နားထောင်ပြီးသောအခါ ယွီပင်းသည် မျန့်ရွှေမြစ်အတွင်း နွားဦးချိုငါးကို ရှာဖွေမည့်လူအင်အားကို ချက်ချင်းတိုးမြှင့်လိုက်သည်။
ဝူကျုံးသည်လည်း သတင်းရသည်နှင့်တစ်ပြိုင်နက် ငါးဖမ်းကုန်သည်အဖွဲ့သားများကို နွားဦးချိုငါးအား ဖမ်းဆီးရန် စေလွှတ်ခဲ့သည်။
သို့သော် ဝူကျုံးနှင့် ယွီပင်းတို့နှစ်ဦးလုံးသည် နွားဦးချိုငါးဖမ်းဆီးခြင်း ပြိုင်ပွဲတွင် ကိုယ်တိုင်မပါဝင်ကြပေ။
ချန်ကျဲ့သည်လည်း နှစ်ရက်ကျင်းပသည့် နွားဦးချိုငါးဖမ်းပြိုင်ပွဲတွင် မပါဝင်ခဲ့ပေ။ သူသည် အလုပ်များနေသည့်ကြားမှ ဤတိတ်ဆိတ်သည့်နေရာသို့ လာရောက်၍ ရေထိန်းချုပ်လက်ဝါးသိုင်းကို လေ့ကျင့်ခဲ့သည်။ ရှောင်ဟူကိုလည်း လှိုင်းတံပိုးလက်ဝါးသိုင်းကို သင်ကြားပေးခဲ့သည်။
ချန်ကျဲ့သည် သူ၏ညာလက်ရုံးအဖြစ် ထားရန် ရည်ရွယ်၍ လေ့ကျင့်ပေးနေခြင်းဖြစ်သည်။
ဤရက်များအတွင်း ချန်ကျဲ့သည် သတင်းအချက်အလက်များစွာကိုလည်း ရရှိခဲ့သည်။
အချို့အချက်အလက်များသည် အတော်လေး အသုံးဝင်၏။
အချက်အလက်တစ်ခုမှာ နွားဦးချိုငါးသည် မျန့်ရွှေမြစ်အတွင်း မွှေနှောက်နေသည့်အကြောင်း၊ မြစ်အောက်ပိုင်းရှိ မြစ်ဝနှင့် ရွှံ့နွံအိုင်အနီးတွင် တွေ့ရှိရကြောင်း၊ ၎င်းနွားဦးချိုငါးသည် ဒဏ်ရာရနေပုံရပြီး မကြာခင်က ဤစိမ့်တောသို့ နီးကပ်လာခဲ့ကြောင်းတို့ကို ဖော်ပြခဲ့သည်။
နောက်ထပ်အချက်အလက်တစ်ခုမှာ နီဝမ့်ကျွင်းသည် ကျောက်ယာနှင့်အတူ ဟွမ်ကျိုးစီရင်စုကို ဖြတ်သန်း၍ အန်းဟွေသို့ သွားနေကြောင်း၊ ရွှမ်းပင်းအကြီးအကဲနှစ်ပါးနှင့် မြောက်ပိုင်းကန္တာရသိမ်းငှက်၁၂ကောင်တို့သည် သူတို့ကို အသည်းအသန် လိုက်နေကြကြောင်း ဖော်ပြထားသည်။
တိုက်ပွဲမှာ ပိုမိုပြင်းထန်လာနေသည်ပင်။
အခြားသေးငယ်သည့် အချက်အလက်များစွာလည်း ပါရှိသေး၏။
ဥပမာ အချက်အလက်တစ်ခုတွင် ငါးဖမ်းကုန်သည်အဖွဲ့၏ ကျားဖြူခန်းမအရှင်သခင် ဖန်းရှစ်ကျုံးနှင့် ဂိုဏ်းခေါင်းဆောင် နန်ပါးထျန်းတို့သည် သိုင်းလောကညီနောင်များဖြစ်ကြပြီး ဖန်းရှစ်ကျုံးသည် အစ်ကိုကြီးဖြစ်သည်ဟု ဖော်ပြခဲ့သည်။ နည်းစနစ်ကျကျဆိုရသော် ဂိုဏ်းခေါင်းဆောင်ရာထူးကို ဖန်းရှစ်ကျုံးမှ ပိုင်ဆိုင်သင့်၏။ သို့သော် အဆုံးသတ်တွင် နန်ပါးထျန်းသည် ဂိုဏ်းခေါင်းဆောင်နေရာအား သိက္ခာမဲ့သောနည်းလမ်းများဖြင့် သိမ်းယူခဲ့လေသည်။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းကို နှစ်ပေါင်းများစွာတိုင် ထိန်းသိမ်းလာခဲ့သည် ထင်ရသော်လည်း နှစ်ဦးကြားတွင် ပုဂ္ဂိုလ်ရေးရာ ပွတ်တိုက်မှုများရှိခဲ့သည်။
သို့သော် နန်ပါးထျန်းသည် မိမိမှာ ကြီးသူကိုရိုသေလေးစားကြောင်း ပြသရန်အတွက် အလွန်ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံခဲ့သည်။
နန်ပါးထျန်း၏ ကျော်ကြားလှသည့် တရားမျှတမှုအား မျန့်ရွှေစီရင်စုတစ်ခွင် မသိသူမရှိဟု ဆိုကြပေသည်။
ယွီစန်းလျို့နှင့်ပတ်သက်သော အချက်အလက်များလည်း ရရှိခဲ့သေးသည်။ ယွီစန်းလျို့သည် လတ်တလောတွင် ချန်ကျဲ့၏တည်နေရာကို စုံစမ်းနေကြောင်း ဖော်ပြထား၏။ ယွီစန်းလျို့သည် စိတ်မရှည်ဖြစ်လာ၍ လှုပ်ရှားရန် အသင့်ပြင်နေပြီဟု ချန်ကျဲ့ သံသယဝင်မိသည်။
နောက်ထက်အချက်အလက်တစ်ခုမှာ သင်္ဘောခေါင်းဆောင်ကြီးသည် ယွီပင်းနှင့် တစ်စုံတစ်ရာအကြောင်း တီးတိုးတိုင်ပင်နေပုံရသည်ဟု ဖော်ပြခဲ့သည်။
ရက်အလိုက် သတင်းအချက်အလက်များသည် အသစ်တဖန် ထွက်ပေါ်လာသည်။ ထို့ကြောင့် ချန်ကျဲ့သည် နေ့စဉ်နေ့တိုင်း လေ့ကျင့်နေခဲ့သည့်တိုင် သတင်းအချက်အလက်များသည် အချိန်နှင့်တပြေးညီဖြစ်နေခဲ့သည်။
ထို့ပြင် ချန်ကျဲ့မှာ အခြားမည်သည့်အရာအတွက်မျှ အားအင်မကျန်ရစ်တော့ပေ။ သူနှင့် ယွီစန်းလျို့၏ အသေအကြေတိုက်ပွဲမှာ နီးကပ်လာပြီဟု ခံစားနေရသည်။ သူတို့နှစ်ဦးလုံးသည် စိတ်ရှည်သည်းခံနိုင်စွမ်း၏ အဆုံးစွန်သို့ ရောက်ရှိေနခဲ့လေပြီ။
ယခုတွင် ချန်ကျဲ့သည် မကြာမီ ပေါက်ကွဲတော့မည့် အခြေအနေကိုသာ စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ပူပြင်းသည့်နေရောင်အောက်၌ ချန်ကျဲ့ ယန်ချွမ်ကျင့်စဉ်ကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်း အတွင်းအားကျင့်စဉ်ကို လှည့်ပတ်စီးဆင်းစေသည်။ ထို့နောက် ရေထိန်းချုပ်လက်ဝါးသိုင်း၂၄ကွက်ကို လုပ်ဆောင်သည်။
ရေထိန်းချုပ်လက်ဝါးသိုင်းသည် လှိုင်းလုံးများကဲ့သို့ တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ရိုက်ခတ်သည်မှာ လှိုင်းထန်သော ရေစီးကြောင်းများအလားပင်။ တစ်ကြိမ်ပစ်လွှတ်လိုက်သည်နှင့် မရပ်တန့်နိုင်သော ဧရာမရေစီးကြောင်းကြီးနှင့် ဆင်တူပေသည်။
ဤသိုင်းကျင့်စဉ်ကို ရေထိန်းချုပ်လက်ဝါးသိုင်းဟု အမည်ပေးထားခြင်းမှာ ရေထဲတွင် ပို၍အားကောင်းသောစွမ်းအင်ကို အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။ ရေထဲတွင် သိုင်းပညာကို အသုံးပြုလျှင် အခြားသူများသည် ရေ၏ခုခံအားဖြင့် ရုန်းကန်နေရပေလိမ့်မည်။
သို့သော် ရေထိန်းချုပ်လက်ဝါးသိုင်းသည်ကား ထိုသို့မဟုတ်ပေ။ ရေ၏ခုခံအားကြောင့် မရုန်းကန်ရသည့်အပြင် ရေကိုလည်း ထိန်းချုပ်အသုံးပြုနိုင်ပေသည်။
ထို့ပြင် ချန်ကျဲ့သည် ဤသိုင်းပညာကို လေ့ကျင့်ခြင်းကြောင့် ရေကူးစွမ်းရည်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။
ယခု၌ ချန်ကျဲ့၏လှုပ်ရှားမှုများသည် တဖြည်းဖြည်း မြန်ဆန်လာနေကာ တစ်ခဏတွင် သူသည် အတားအဆီးတစ်ခုကို ကျော်ဖြတ်လိုက်သည်ကဲ့သို့ သူ၏သိုင်းပညာသည် ရုတ်တရက် ပိုမိုလျင်မြန်ချောမွေ့လာခဲ့သည်။ စွမ်းအင်လည်း များစွာတိုးတက်လာခဲ့၏။
ချန်ကျဲ့၏ ထိုသို့ပုံစံကို မြင်သောအခါ ချန်ကျဲ့နံေဘးတွင် လေ့ကျင့်နေသော ရှောင်ဟူသည် လေ့ကျင့်ခြင်းကိုရပ်၍ ကြည့်နေခဲ့သည်။
ချန်ကျဲ့သည် လက်ဝါးသိုင်းကွက်အားလုံးကို လေ့ကျင့်ပြီးနောက် စိတ်ကျေနပ်အားရစွာဖြင့် အော်ဟစ်လိုက်သည်။ သို့ဖြင့် ငှက်တစ်အုပ်မှာ လန့်ဖျပ်၍ ပျံထွက်သွားကြလေသည်။
ချန်ကျဲ့သည် ရေထိန်းချုပ်လက်ဝါးသိုင်းအား အခြေခံအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။