ကြံကြံဖန်ဖန်
Vol. 5 Ch. 61
“ငါ့ညီကိုဘယ်သူ အနိုင်ကျင့်တာလဲကွ”
သူခိုးခေါင်းဆောင် အော်ဟစ်လိုက်သည်။ သူရှိနေသည့်အတွက် ခေါင်းဆောင်မာန်ကို ပြရမည်။ သူ့တပည့်များကို တစ်ဘက်ခန်းမှလူများအား အခေါ်လွှတ်ထားသည်။ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ကိုယ့်ညီငယ်အတွက် မရပ်တည်ပေးလျှင် ရှေ့ဆက်၍ သူ့ဩဇာကို သူမည်သို့ထိန်းမည်နည်း။
ခေါင်းဆောင်အားကိုးဖြင့် ထိုညီငယ်သူခိုး၏ ယုံကြည်ချက်များ မြင့်မားလာသည်။ တစ်ဘက်ခန်းမှတံခါးကို ကန်ဖွင့်၍ အော်ဟစ်လိုက်သည်။
“ငါ့ဆရာကပြောလိုက်တယ်။ ငါ့ကို ဒီလိုအနိုင်ကျင့်ပြီး ဒီအတိုင်းထွက်သွားလို့မရဘူးတဲ့။ ဆရာက မင်းတို့နဲ့စကားပြောချင်နေတယ်။ မလာရဲတဲ့ကောင် ငကြောက်ပဲ”
အရာရှိစစ်သားများ မင်သက်မိသွားကြသည်။ သူတို့တာဝန်ထမ်းဆောင်လာသည့် နှစ်ဆယ်ချီအတွင်း သူတို့ကို ပြောင်ပြောင်တင်းတင်း ထိုသို့တိုက်ရိုက်စိန်ခေါ်ရဲသူမျိုး မကြုံဖူးခဲ့။
အရာရှိဝေ ခေါင်းခါ၍ ပြုံးလိုက်သည်။ သူသည် အတွေ့အကြုံများသည်။ အခြေအနေမျိုးစုံမြင်ဖူးသည်။ ယခုကြုံရသည်က ပြဿနာလာရှာသည့် အရူးအုပ်စုလေးသာဖြစ်သည်။ ထိုအမှုမျိုး သူတို့ပေါင်ပေါ်ကျလာသည့်အဖြစ်က အရာရှိသက်တမ်းတစ်လျှောက်မှာပင် ကြုံဖို့ခဲယဉ်းသည်။
“ဘယ်သူကကြောက်နေလို့လဲကွာ။ သွားကြစို့ဟေ့”
သူခိုးအုပ်စုက အစွမ်းပြချင်နေသည်။ သူတို့သည် ဤဒေသတွင် လူသစ်များဖြစ်သည်။ နတ်ဆိုးဂိုဏ်းသို့ဝင်ရန် ရည်မှန်းထားသူများဖြစ်သည်။ ခိုးနေရုံလောက်ဖြင့် သူတို့နာမည်ကျော်အောင် မလုပ်နိုင်။ ယခု ပွဲဦးထွက် အပီနွှဲရမည့်အချိန် ရောက်လာသည်။
ထို့နောက်တွင် သူခိုးများအားလုံး အရာရှိအုပ်စုကို မြင်ကြရသည်။ ဓားရှည်ကိုယ်စီကိုင်ထားသည်။ သူတို့ဩဇာအာဏာကိုပြသည့် တံဆိပ်များ ခါးတွင်ချိတ်ဆွဲထားသည်။ အခန်းထဲသို့ ဝုန်းဒိုင်းကျဲ၍ ဝင်လာကြသည်။
စားပွဲပေါ်တွင်ခင်းထားသည့် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာများ၊ ရှားပါးဆေးမြစ်များ၊ ဝိညာဉ်ကျောက်များ သလင်းတုံးများကို မြင်လိုက်ရသဖြင့် အရာရှိများ အံ့ဩသွားကြသည်။
သိပ်မကြာမီကပျောက်သွားသည်ဟု တိုင်ကြားထားသည့် ပစ္စည်းများဖြစ်နေသည်။
အရာရှိများ - “....”
အရာရှိဝေ - “...”
သူခိုးများ - “...”
“ဒါတွေကို လမ်းဘေးကနေ ကောက်ရတာလို့ ကျုပ်ပြောရင် ခင်ဗျားတို့ယုံမှာလား”
ထိုအဖြစ်မျိုး အရာရှိဝေ တစ်ခါမှမကြုံဖူး။ ရာဇဝတ်သားများ သူတို့ထောင်ချောက်ထဲ အလိုလိုတိုးဝင်လာခြင်းဖြစ်သည်။
အမူးသမားသူခိုးက အခြေအနေကို မရိပ်စားမိသေးဘဲ သူတို့ခေါင်းဆောင်ကို လှမ်းတိုက်တွန်းသည်။
“ဆရာ၊ သူတို့ကို ကျုပ်တို့အကြောင်းသိအောင် ပြလိုက်စမ်းပါ”
ထိုသို့ပြောပြီး ရဲရဲဝံ့ဝံ့ ထပ်ကြေညာသည်။
“ငါ့ဆရာရဲ့ ပါးနေတဲ့ဆံပင်ကို မင်းတို့မြင်လား။ သူက လူတစ်ယောက်သတ်တိုင်း သူ့ဆံပင်တစ်ချောင်း နှုတ်ခဲ့တာကွ။ သူ့ကို မြေအောက်လောကမှာ “ဝမ်းနည်းခြင်းသရဲ”လို့ လူတွေသိကြတယ်”
“ပြီးတော့ ဒီကမျက်စိတစ်ဘက်အုပ်ထားတဲ့လူကိုတွေ့လား။ အဲဒါ ငါ့အကိုနှစ်ပဲ။ အခြေတည်နောက်ဆုံးအဆင့် စွမ်းအားရှင်တစ်ယောက်နဲ့ တိုက်ခိုက်ရင်း သူ့မျက်စိတစ်ဘက် ဆုံးရှုံးခဲ့တာ။ အဲဒီ့စွမ်းအားရှင်လည်း မသက်သာဘူး။ ငါ့အကိုလက်ချက်နဲ့ မျက်ကန်းဘဝရောက်သွားတယ်။ ငါ့အကိုနှစ်ကို မြေအောက်လောကမှာ တဇောက်ကန်းအကိုနှစ်လို့ ခေါ်ကြတယ်။
“ငါ့အကိုသုံးရဲ့ခြေထောက်ကိုကြည့်လိုက်ဦး။ နန်းတော်ကနေ သူပစ္စည်းခိုးနေတုန်း နန်းတော်အစောင့် တစ်ရာကျော် အဝိုင်းခံရတယ်။ ခြေတစ်ဘက်ပဲ ဆုံးရှုံးပြီး လွတ်အောင် ထွက်ပြေးနိုင်ခဲ့တယ်။ မြေအောက်လောကမှာ ငါ့အကိုက ပျံလွှားပျံဆိုပြီး နာမည်ကြီးတယ်”
သူခိုးခေါင်းဆောင်၊ အကိုနှစ်နှစ်နှင့် အကိုသုံးတို့က စကားများလွန်းသည့်သူခိုးကို ပိတ်ကန်လိုက်ကြသည်။ တကယ်သောက်စကားများလွန်းသည့်ငနဲဖြစ်သည်။
“ဒါဆိုခုနက လာမတွေ့ရဲတဲ့ကောင်ငကြောက်လို့ပြောခဲ့တာ ဘယ်သူလဲ”
အရာရှိဝေက အေးစက်စက်ပြုံး၍မေးသည်။ ညဆိုင်းဆက်တိုက် ကင်းပတ်ခဲ့ရသဖြင့် ထိုသူခိုးများကို သူအခဲမကျေ။
“ကျုပ်ပါ။ ကျုပ်က ငကြောက်ပါ”
သူခိုးခေါင်းဆောင်က ထိတ်လန့်တုန်လှုပ်နေသည်။
သူခိုးများ ပြန်မတိုက်ရဲကြ။ အရာရှိများ တံခါးဝတွင် ပိတ်ရပ်နေသဖြင့် နံရံကို ချိုးဖျက်၍ ဆိုင်၏ခန်းမဆီသို့ ထွက်ပြေးသည်။ သူတို့အားလုံး တိုက်ခိုက်ခြင်းထက် ထွက်ပြေးခြင်းပညာကို ပိုကျွမ်းကျင်ကြသည်။ ထို့အပြင် အခြေတည်အဆင့်သို့လည်း တစ်ယောက်မှမရောက်ကြသေး။ သူခိုးခေါင်းဆောင်ပင် ချီကျင့်ကြံမှု နဝမအဆင့်သာဖြစ်သည်။
“မင်းတို့ ရှေ့တံခါးကပြေး။ ကျန်တဲ့ကောင်တွေ ငါနဲ့အတူ နောက်ဖေးပေါက်ကပြေးမယ်”
သူခိုးခေါင်းဆောင် လူခွဲထွက်ပြေးရန် အမိန့်ပေးသည်။
အသံဗလံကြား၍ ထွက်လာသည့်လုယန်က အခြေအနေကို ချက်ချင်းရိပ်စားမိပြီး သဘောကျသွားသည်။
“သူခိုးနဲ့အရာရှိတွေ နံရံတစ်ခုပဲခြားတယ်။ သူခိုးက အရာရှိတွေကိုတောင် စိန်ခေါ်တယ်ပေါ့။...အဲ...ဒါပေမယ်..သူတို့ ဆိုင်နောက်ဖေးကထွက်ပြေးလို့ အရာရှိတွေလိုက်လာပြီး သရဲကျွန်တွေကိုမြင်သွားရင် ဘယ်လိုလုပ်မလဲ”
အခြေအနေရှုပ်ထွေးလာနိုင်သည့်အဖြစ်ကို လုယန်ချက်ချင်းတွေးမိသည်။ သရဲကျွန်များကို ဖျက်ဆီးလိုက်လျှင် အသားကင်မည့်သူ မရှိတော့။ အကင်ဆိုင်ကို ဆက်လည်ပတ်၍မရတော့။ ချင်ယွမ်ဟောင်ကို စောင့်ကြည့်နိုင်မည်မဟုတ်တော့။
လုယန် နောက်ဘေးသို့ထွက်သည့်တံခါးတွင် မင်သက်မိနေသည်ကိုကြည့်၍ သူခိုးဘုရင်က ဘေးသို့တွန်းဖယ်ရန် လက်လှမ်းလိုက်သည်။
သူခိုးခေါင်းဆောင် အနားသို့ကပ်လာသည်နှင့် လုယန်က ကိုင်ထားသည့်ဟင်းရည်ဖြင့် ပက်လိုက်သည်။
မျှော်လင့်မထားသည့်ဖြစ်ရပ်ကြောင့် သူခိုးခေါင်းဆောင် ဝိညာဉ်စွမ်းအင်ဒိုင်းတစ်ခုဖြင့် ချက်ချင်းမြှောက်၍ကာလိုက်သည်။
နည်းနည်းနှောင့်နှေးသွားသည့်အချိန်ကို အခွင့်ကောင်းယူ၍ အရာရှိဝေ ကြိုးတစ်ချောင်းဆွဲထုတ်သည်။ မြွေတစ်ကောင်လို တွန့်လိမ်၍ထွက်လာပြီး သူခိုးခေါင်းဆောင်ကို ရစ်ပတ်သွားသည်။
“သွားကြဟေ့။ တစ်ခြားကောင်တွေကို သွားဖမ်းကြ။ ဒီတစ်ခါ အကင်လာစားရတာ တကယ်တန်သွားပြီကွာ”
အရာရှိဝေ ပျော်နေသည်။ လောကကြီး ပိုကျယ်ပြန့်လာသကဲ့သို့ သူ့စိတ်များ လန်းဆန်းနေသည်။
ဒုက္ခပေးသည့် သူခိုးအုပ်ကို လက်ပူးလက်ကြပ်မိသည်မှာ တကယ်ကံထူးခြင်းပင်ဖြစ်သည်။
အရာရှိဝေ လုယန်ပုခုံးကိုပုတ်၍ တဟားဟားရယ်မောနေသည်။
“မင်းသာ ဝင်မကူရင် ဒီကောင့် လွတ်သွားနိုင်တယ်ကွ။ တရားမျှတမှုအတွက် ရဲရဲဝံ့ဝံ့လုပ်ခဲ့တာပဲ။ စောင့်နေပါ။ မနက်ဖြန် ဂုဏ်ပြုစာတန်းတစ်ခု ငါယူလာခဲ့မယ်”
လုယန်က မလိုအပ်ကြောင်း လက်ခါ၍ငြင်းသည်။ စိတ်ပျော်နေသည့် အရာရှိဝေက ယူဖြစ်အောင်ယူလာမည်ဟုပြောသည်။
အရာရှိနှင့်သူခိုးများ လုံးထွေးသတ်ပုတ်ခဲ့သည့်အဖြစ်က ပြင်းထန်သဖြင့် နံရံတစ်ခု ပျက်စီးသွားသည်။ ခန်းမတစ်ခုလုံး ဖရိုဖရဲဖြစ်ပြီး ဖုန်မှုန့်များ ပြည့်သွားသည်။
စားသောက်သူများလည်း စောစောပြန်ကြရသည်။ သို့သော် အရာရှိများ ရာဇဝတ်သားဖမ်းသည်ကို လက်တွေ့မြင်သဖြင့် ထိုက်တန်သည်ဟု ယူဆကြသည်။
“ဒီအသားကင်ဆိုင်က တကယ့်နေရာကောင်းပဲ။ အရာရှိတွေက ဒီမှာလာထိုင်ရုံနဲ့ သူခိုးတွေဖမ်းမိတယ်”
“လာစားရတာတန်တယ်ကွာ။ ဒီလိုပွဲမျိုးကို ငွေပေးဝယ်ပြီး ကြည့်လို့မရဘူးကွ”
“ဒီနေရာက ကံကောင်းမှုတွေရဲ့ ဆုံးစည်းရာဖြစ်မယ်။ စီးပွားရေးကလည်း အချိန်တိုအတွင်း ထိုးတက်လာတယ်။ အရသာရှိတယ်ဆိုရင်တောင် ဒီလောက်လူကြိုက်များတာကတော့ နည်းနည်းလွန်လွန်းတယ်။ ကံကလည်း အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုနေတာပဲ ဖြစ်ရမယ်”
“ဒီနေ့ အရာရှိတွေ သူခိုးဖမ်းမိတာနဲ့တင် သိသာနေပါပြီလေ”
“ငါလည်း ဒီကို မကြာခဏလာပြီး ကောင်းတဲ့ကံလေးတွေ ပွတ်ယူမှထင်တယ်”
“သိပ်ကောင်းတဲ့ အစီအစဉ်ပေါ့။ နောက်တစ်ခါ အတူလာကြရအောင်”
တဖြေးဖြေးပျောက်ကွယ်သွားသည့် ဆွေးနွေးပြောဆိုသံများကို နားထောင်ရင်း အသားကင်ဆိုင်အတွက် မကောင်းသည့်နိမိတ်ကို လုယန်ခံစားရသည်။ စီးပွားရေးက ပိုကြီးမားလာတော့မည်။ ပိုအားကောင်းလာတော့မည်။
“မနက်ဖြန်ကျရင် နံရံပြုပြင်ဖို့လျော်ကြေးနဲ့အတူ ဂုဏ်ပြုစာတန်းကိုပါ ယူလာခဲ့မယ်”
အရာရှိဝေ လုယန်ကို လက်ဝှေ့ယမ်းပြပြီးနောက် ကံဆိုးသည့်သူခိုးများကို ခေါ်ထုတ်သွားသည်။
လုယန်တံခါးဝတွင်ရပ်လျက် သက်ပြင်းချလိုက်သည်။ ထို့နောက် ချင်ယွမ်ဟောင် သူ့အိမ်ထဲမှ နောက်တစ်ကြိမ်ထွက်လာသည်ကို သတိထားမိလိုက်သည်။
“အကိုလု၊ ချင်ယွမ်ဟောင် အိမ်ကထွက်လာပြန်ပြီ”
အရိုးရိုင်း ဒုတိယထပ်မှ သိစိတ်အသံလှိုင်းဖြင့် လှမ်းပြောသည်။ တာဝန်ထမ်းဆောင်ရာတွင် အတော်ကျေပွန်လှသည်။ အောက်ထပ်မှ ဆူဆူညံညံအသံများကိူ သူအရေးမစိုက်။ ချင်ဟော်ယွမ်၏ လှုပ်ရှားမှုကိုသာ စောင့်ကြည့်နေသည်။
“ငါမြင်တယ်။ မင်းနဲ့ကျင်းကျိုး ပျက်သွားတဲ့နံရံကို ပြင်လိုက်ပါ။ ချင်ယွမ်ဟောင်နောက်ကို ငါလိုက်သွားမယ်”
“နားလည်ပါပြီ”
လုယန် မြေစုံ့ကျင့်စဉ်စွမ်းအားဖြင့် ချင်ယွမ်ဟောင်နောက်လိုက်သွားသည်။
မုန်ကျင်းကျိုး ညည်းညူလိုက်သည်။
“လုယန်ရဲ့ မှော်ပညာပါရမီက တကယ်ထူးခြားတာပဲ။ သူ့ဆီကနေ သင်နေတာ နေ့တစ်ပိုင်းကြာပြီ။ ဘာမှနားမလည်သေးဘူး။ ပြီးတော့ သူသင်ပေးတဲ့ မန္တာန်တွေကလည်း လေဟာနယ်မှော်ပညာတွေနဲ့ ဆက်စပ်နေတယ်လို့ပဲ ခံစားရတယ်။ ငါစိတ်ထင်နေတာများလား”
မုန်ကျင်းကျိုး ဆက်မတွေးတော့။ လုယန်၏ မှော်ပညာပါရမီက မယုံနိုင်လောက်အောင် ထူးခြားသည်ဟုသာ ပြောရတော့မည်။ သူ့ဆီမှ မှော်ပညာသင်ဖို့ဆိုသည်က စိတ်ကူးယဉ်အိပ်မက်သာဖြစ်မည်။
တစ်ခြားလူများမဆိုထားနှင့်။ သူ့လို တစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်ရှင်ပင် မစွမ်းနိုင်။
..............
ချင်ယွမ်ဟောင်နောက်သို့ အတော်ဝေးဝေးထိ လုယန်လိုက်လာသည်။ မုန်ကျင်းကျိုးစကားများကို သူမကြားလိုက်။ ချင်ယွမ်ဟောင်က ယုံကြည့်မှုအပြည့်ရှိနေဟန်ဖြင့် လမ်းလျှောက်နေသည်ကို သူသတိထားမိသည်။ သီချင်းတစ်ပုဒ်ကိုပင် ညည်းနေသေးသည်။ အရေးကြီးကိစ္စတစ်ခု လုပ်တော့မည်ထင်သည်။
ကြီးမားသည့်အိမ်တော်တစ်ခုသို့ သူရောက်လာသည်။ တံခါးမခေါက်ဘဲ တံခါးပေါ်တွင် မှော်အင်းတစ်ခု ကပ်လိုက်သည်။
မကြာမီ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူတစ်ယောက်ထွက်လာပြီး သူ့ကိုမေးသည်။
“ဒီနေ့လား”
“ဒီနေ့ပဲ”
“ငါဒီနေ့အတွက် ဆယ့်ငါးရက်လုံးလုံးပြင်ဆင်ခဲ့တာ”
“ငါလည်းဒီလိုပဲလေ။ ဒီတစ်ခါ အချီကြီးလုပ်ကြမယ်။ ဒီရက်ပိုင်း ဘာမှမလှုပ်ရှားရလို့ ငါစိတ်ညစ်နေတာ။ ဒီကိစ္စပြီးတာနဲ့ မင်းငါ့အကြောင်း သတင်းဖြန့်ဖို့ ကူညီပေးပါ။ ငါ့ကို ဘယ်သူအထင်သေးရဲဦးမလဲ ကြည့်ရသေးတာပေါ့”
“ရပါတယ်လေ”
လူပိန်ရှည်ကို ယန်ကျန်းနယ်တွင် လေထွားသူတစ်ယောက်ဟု အများသိကြသည်။
သူတို့ပြောနေသည့် လျှို့ဝှက်စကားများကို တစ်ခြားလူနားမလည်နိုင်။ သူတို့ရယ်သံက အေးစက်ခြောက်ကပ်နေသည်။
လုယန် စိတ်ဝင်စားလာည်။ ထိုနှစ်ယောက် ဘာအစီအစဉ်ရှိနေမှန်း သေချာမသိသေး။
လူစည်ကားသည့် ရပ်ကွက်တစ်ခုထဲသို့ သူတို့ဝင်သွားကြသည်။ လင်းလက်တောက်ပသည့် အရောင်များဖြင့် တန်ဆာဆင်ထားသည့် အဆောက်အဦးတစ်ခုက တစ်ခြားအဆောက်အဦးများကြားတွင် ပေါ်လွင်ထင်ရှားနေသည်။
ချင်ယွမ်ဟောင်နှင့်ပိန်ရှည်တို့ ဝင်သွားကြသည်။ လှိုက်လှိုက်လှဲလှဲကြိုဆိုသံများ ပေါ်လာသည်။
လုယန် အဆောက်အဦးဆိုင်းဘုတ်ကို မော့ကြည့်လိုက်သည်။
“ဆောင်ကြာမြိုင်”
***********************************************