ဂိုဏ်းစခန်းနေရာ
Vol. 5 Ch. 62
ဆယ်မိနစ်ကြာပြီးနောက် ချင်ယွမ်ဟောင်နှင့် လူပိန် ဆောင်ကြာမြိုင်ထဲမှထွက်လာသည်။ ဝင်သွားတုန်းကလို စိတ်အားတက်ကြွသည့်အမူအရာမျိုး လုံးဝမရှိတော့။
လုယန် နားထင်ကိုလက်ဖြင့်ကုတ်ရင်း စဉ်းစားမရဖြစ်နေသည်။ ထိုနှစ်ယောက် ပြန်ထွက်လာသည်က မြန်လွန်းလှသည်။ ဝင်ပေါက်တွင် အမျိုးသမီးတစ်ယောက်က ချင်ယွမ်ဟောင်နှင့်လူပိန်ကို စာရွက်တစ်ရွက်စီပေးသည်။ စာကိုဖတ်ကြည့်ပြီးနောက် သူတို့ ချက်ချင်းဖျက်ဆီးလိုက်သည်။
“အကိုချင်၊ ကျုပ်ကို ခေါင်းဆောင်က ကိစ္စတစ်ခုရှိလို့ ဆင့်ခေါ်နေပြီ။ ဂိုဏ်းခွဲကို သွားမှဖြစ်မယ်။ ကျုပ်အရင်သွားနှင့်တော့မယ်”
“ကောင်းပြီလေ၊ ခေါင်းဆောင်က ငါ့ကိုလည်း တာဝန်တစ်ခုပေးလိုက်တယ်။ ဒီမှာပဲ လမ်းခွဲတာပေါ့။ ဆောင်ကြာမြိုင်ကို ငါလာခဲ့တဲ့အကြောင်း သတင်းဖြန့်ပေးဖို့ မမေ့နဲ့ဦးနော်”
“စိတ်ချပါ”
ဆောင်ကြာမြိုင်ရှေ့တွင် ထိုနှစ်ယောက် လမ်းခွဲကြသည်။ လုယန် စိတ်ဝင်စားသွားပြီး လူပိန်နောက်သို့လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။
လူပိန်နှင့် ချင်ယွမ်ဟောင်က ကျင့်စဉ်စွမ်းအား အဆင့်တူလောက်ရှိသော်လည်း လုယန် သူတို့ခြေထောက်အောက်တွင် ရှိနေသည်ကို သတိမထားမိကြ။
လူပိန် ဆက်လျှောက်သွားသည်။ လမ်းသွားလမ်းလာများ လူနေအိမ်များ တဖြေးဖြေးကျဲသွားသည်။ နောက်ဆုံးတွင် လူသူကင်းမဲ့သည့် တောင်တန်းတစ်ခုသို့ရောက်လာသည်။
လူပိန်က ထိုနေရာနှင့် အတော်ရင်းနှီးနေဟန်ဖြင့် တောင်တက်လမ်းအတိုင်း အေးအေးလူလူ တက်သွားသည်။ ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ကွေ့ကောက်နေသည့်လမ်းက ကျောက်နံရံတစ်ခုရှေ့တွင် အဆုံးသတ်သွားသည်။
ယန်ကျန်းနှင့်တစ်ခြားနယ်မြေတစ်ခုကို စည်းခြားထားသည့် ဤနေရာသည် မြေပုံအရ ယန်ကျန်းကောင်တီအပိုင်ဖြစ်သည်။ သို့သော် သမိုင်းအချက်အလက်တစ်ချို့ကြောင့် နယ်မြေနှစ်ခုလုံး သူပိုင်သည်ငါပိုင်သည်ဟု ကြေညာကြသည်။ ဘယ်သူမှတော့ လာအုပ်ချုပ်ခြင်းမရှိ။
ပြောရလျှင် ဤနေရာတွင် အဖိုးတန်သည့်အရာလည်း ဘာမှမရှိပါ။ ထို့ကြောင့် အငြင်းပွားဖို့ မလိုအပ်။
လူပိန်က ကျောက်နံရံပေါ် လက်ဖြင့်ခေါက်လိုက်သည်။ သုံးကြိမ် ခပ်လေးလေးခေါက်ပြီး တစ်ကြိမ်ကို ခပ်တိုတိုခေါက်သည်။ ပါးစပ်မှလည်း ခပ်တိုးတိုးရေရွတ်နေသည်။
“ထာဝရမသေမျိုး၊ သေခြင်းနှင့်ပြန်လည်မွေးဖွားခြင်း။ နေမင်းကိုမြင်ဖို့ တိမ်တိုက်ကိုရှင်းလင်း။ ဤလောကတွင်း အစဉ်အမြဲဖြစ်တည်နေမည်”
ထို့နောက် တံခါးက ရေကြေးမုံပြင်ကဲ့သို့ကြည်လင်လာသည်။
လူပိန် နံရံထဲတိုးဝင်ပျောက်ကွယ်သွားသည်။
“ကောင်းကင်ဂူလား”
လုယန် မျက်လုံးပြူးသွားသည်။
ကောင်းကင်ဂူတို့ကို လေဟာနယ်မှော်ပညာကျွမ်းကျင်သည့် ကျင့်ကြံသူများ ဖန်တီးကြသည်။ ကျင့်စဉ်အဆင့်မြင့်လေ ကောင်းကင်ဂူကပြည့်စုံလေဖြစ်သည်။
ပုံမှန်အားဖြင့် နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများသည် သူတို့ကိုယ်ပိုင်လေဟာနယ်များ ဖန်တီးနိုင်ကြသည်။
တစ်ချို့ကျင့်ကြံသူများက ကောင်းကင်ဂူကို တစ်ကိုယ်တော်နေထိုင်ရာအဖြစ်အသုံးပြုသည်။ တစ်ချို့က ဂူသင်္ချိုင်းအဖြစ်အသုံးပြုသည်။
သမိုင်းတစ်လျှောက် နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများစွာ ထွက်ပေါ်ခဲ့သည်။ ထိုထက်အဆင့်မြင့်သည့် ဝိညာဉ်ပြောင်းအဆင့်၊ ပေါင်းစည်းခြင်းအဆင့်၊ ကူးဖြတ်ခြင်းအဆင့်များကို မပြောသေး။ ကျင့်ကြံသူတစ်ယောက် သေဆုံးလျှင် ကောင်းကင်ဂူများစွာ ကျန်ရစ်ခဲ့သည်။ အများစုကို တည်နေရာမပြခဲ့။ ဖွင့်သည့်နည်းလမ်းမပြခဲ့ကြ။ ထို့ကြောင့် ထိုအမွေအနှစ်များကို ရှာတွေ့ဖို့ နောက်မျိုးဆက်များ ကံကိုသာအားကိုးကြရသည်။
ယနေ့ထိ ရှာမတွေ့သေးသည်ကောင်းကင်ဂူပေါင်း မည်မျှရှိနေမှန်း ဘယ်သူမှမသိ။
မဟာကပ်ရောက်လာသည်နှင့် ကောင်းကင်ဂူများစွာ ပေါ်ထွက်လာမည်။ လျင်မြန်စွာ စွမ်းအားတိုးတက်နိုင်သည့် အခွင့်အရေးများစွာ ပေါ်လာမည်ဟု ယွမ်ကျိက ပြောသည်။
ယခု သူ့ရှေ့မှကောင်းကင်ဂူကို ရှေးဘိုးဘေးတစ်ယောက် ပိုင်ဆိုင်ခဲ့ပုံရသည်။ နောက်ပိုင်းမှ နတ်ဆိုးဂိုဏ်းက အမှတ်မထင်တွေ့ခဲ့ပြီး အသုံးပြုနေခြင်းဖြစ်မည်။
လုယန် အလျင်စလို လိုက်မသွား။ လူပိန်ပြန်ပေါ်လာမည့်အချိန်ကို မြေကြီးထဲမှ ငြိမ်သက်စွာစောင့်နေသည်။
သို့သော် ယန်ကျန်းနတ်ဆိုးဂိုဏ်းသားများရှိသည့်နယ်မြေဖြစ်၍ ထိုသို့မြေကြီးထဲတွင် ပုန်းနေရသည်ကို သူစိတ်မချ။
ဂိုဏ်းစခန်းဝင်ပေါက်ကို မြင်နိုင်ရုံလောက်နေရာအထိ သူပြန်ဆုတ်သွားသည်။ ခန္ဓာကိုယ်အရွယ်အစားကိုချုံ့၍ အရိုးရိုင်း၏ စွမ်းအင်ရောင်ဖုံးကွယ်နည်းကို သုံးလိုက်သည်။
တစ်နာရီခန့်ကြာပြီးနောက် မျက်နှာဖုံးတပ်လူတစ်ယောက် နံရံထဲမှ ထွက်လာသည်။ လူပိန်လည်း သူ့နောက်မှ ပါလာသည်။
ထိုမျက်နှာဖုံးရှင်က လူပိန်ထက် ရာထူးအဆင့်မြင့်ပုံရသည်။
“ဟမ်”
မျက်နှာဖုံးရှင်စိတ်ထဲ တစ်ခုခုမူမမှန်သလို ခံစားရသည်။ ဝိညာဉ်အာရုံကို ပတ်ဝန်းကျင်သို့ဖြန့်ကြည့်သည်။ မြေကြီးထဲကိုပင် မလွတ်စေရ။
“ထွက်လာခဲ့။ ငါမင်းကိုမြင်တယ်။ မင်းကိုယ်မင်း အပုန်းကောင်းလှပြီထင်မနေနဲ့။ အခုထွက်ခဲ့စမ်း။ မင်းကို အသက်ချမ်းသာပေးဖို့ ငါစဉ်းစားပေးမယ်”
မျက်နှာဖုံးရှင် အေးစက်စက်အော်ပြောသည်။
“မင်းထွက်မလာသေးဘူးလား။ ငါ့လိုခေါင်းဆောင်ကို စိတ်ဓာတ်ပျော့ညံ့လိမ့်မယ် မထင်နဲ့နော်။ ငါသုံးအထိရေမယ်။ ထွက်မလာရင်တော့ ငါအခွင့်အရေးမပေးဘူးဆိုပြီး အပြစ်မတင်နဲ့”
“သုံး”
“နှစ်”
“တစ်”
“သေလိုက်တော့”
ခေါင်းဆောင်က လက်ဖဝါးတွင် စွမ်းအားစုစည်း၍ တစ်နေရာသို့ ရိုက်ထုတ်လိုက်သည်။ ကျယ်လောင်သည့်အသံတစ်ခု ထွက်လာသည်။
“ဘာဖြစ်လို့လဲ ခေါင်းဆောင်”
လူပိန်က ရိုရိုသေသေမေးသည်။
ခေါင်းဆောင်က ခေါင်းခါသည်။
“ငါ့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေသလိုခံစားရလို့ ငါတမင်လျှောက်ပြောလိုက်တာပါ။ ဒါပေမယ့် ဘာမှတုံ့ပြန်မလာဘူး။ ငါစိတ်ထင်လို့ပဲ ဖြစ်ပါလိမ့်မယ်”
လုယန် ကြောက်ချွေးပြန်သွားသည်။ မြေကြီးထဲမှထွက်၍ ခေါင်းဆောင်ကို တိုက်ရိုက်ရင်ဆိုင်တော့မည်ဟု သူတွေးနေခဲ့သည်။ သို့မှသာ အသက်ရှင်သန်နိင်ခြေ နည်းနည်းရှိမည်ဟု ထင်ခဲ့သည်။
သူ့စိတ်ဓာတ်ခွန်အားကောင်း၍သာ တော်ပေသေးသည်။ ဆန္ဒကို ထိန်းချုပ်ခဲ့သည်။ အရိုးရိုင်း၏နည်းလမ်းကို ယုံကြည်ပြီး ဆက်၍ပုန်းနေခဲ့သည်။
ဂိုဏ်းခေါင်းဆောင်၏ သိစိတ်ဝိညာဉ် သူ့ဆီလွင့်ပျံလာသည်ကို သူခံစားမိသည်။ သို့သော် ခေါင်းဆောင်ကသူ့ကို ကျောက်တုံးဟုသာ အထင်မှားခဲ့ဟန်တူသည်။ နောက်ထပ် အရေးမစိုက်တော့။
ထိုခေါင်းဆောင် သူ့ကို တကယ်အာရုံခံမိသည်ဆိုလျှင် ဘာမှတိုင်မင်ရေတွက်နေစရာမလို။ ချက်ချင်းတိုက်ခိုက်ပေလိမ့်မည်။
“အရိုင်းမျိုးနွယ်ရဲ့ အဆင့်မြင့်စွမ်းအင်ဖုံးကွယ်နည်းကိုသိထားလို့ တော်သေးတာပေါ့။ ငါမလှုပ်ရှားသရွေ့ သူမြင်နိုင်မှာမဟုတ်ဘူး။ ဒီခေါင်းဆာင်က ရွှေသန္ဓေအဆင့်ဖြစ်လိမ့်မယ်”
လုယန်စိတ်ထဲတွင် တွေးနေသည်။
“နောက်ဆယ်ရက်ကြာရင်လုပ်မယ့် လူရွေးပွဲအတွက်ပြင်ဆင်နေတာ ဘယ်လိုအခြေအနေရှိလဲ”
“အားလုံးအသင့်ပါပဲ။ ပြိုင်ပွဲဝင်မယ့်ကျင့်ကြံသူတွေ ဒီနေရာမှာ ကျုပ်တို့နဲ့လာဆက်သွယ်တာကို စောင့်ရုံပဲရှိပါတော့တယ်”
“ကောင်းတယ်။ ဒီတစ်ခါ နတ်ဆိုးပါရမီရှင်တွေ များမျာစည်းရုံးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါမှ ဌာနချုပ်တွေက ငါတို့ယန်ကျန်းဂိုဏ်းခွဲကို ပိုပြီးအလေးပေးလာမှာ”
သူတို့နှစ်ယောက် လမ်းလျှောက်ရင်း စကားပြောနေသည်။ မကြာမီ လုယန်၏မြင်ကွင်းရှေ့မှ ပျောက်သွားသည်။ လုယန် မလှုပ်မယှက်ငြိမ်နေသည်။ သူ့တည်နေရာ အာရုံခံမိသွာားမည်ကိုစိုးသည်။
“ရွှေသန္ဓေအဆင့်က တကယ်အင်အားကြီးတာပဲ”
နောက်ထပ်နာရီဝက်ကြာအောင် သူဆက်စောင့်သည်။ ဂိုဏ်းခေါင်းဆောင်သည် အတော်သတိထားတတ်သည့် စရိုက်ရှိသည်။ ရုတ်တရက် နောက်ပြန်လှည့်လာနိုင်သည်။
သို့သော် နာရီဝက်ကြာသည်အထိ ထိုခေါင်းဆောင် ပြန်ပေါ်မလာတော့။
“သူသွားပြီထင်ပါတယ်”
လုယန် မြေအောက်မှ ထွက်လာခဲ့သည်။
ဤခရီက အတော်အကျိုးထူးသည်။ ယန်ကျန်းဂိုဏ်းခွဲ၏ တည်နေရာကို သိရသလို လူရွေးပွဲကျင်းပမည့်နေရကိုလည်း သိခဲ့ရသည်။
......................
“ကဲ..ပြောစမ်းပါဦး ဝမ်းနည်းခြင်းသရဲ။ မင်းဆံပင်တွေက ဘာရယ်။ လူတစ်ယောက်သတ်တိုင်း ဆံပင်တစ်ချောင်းနှုတ်တယ်ပေါ့”
အရာရှိဝေက ကြောက်ရွံ့တုန်ရင်နေသည့် သူခိုးများနှင့် မျက်နှာချင်းဆိုင်တွင် သက်တောင်သက်သာထိုင်ရင်း မေးသည်။
“မဟုတ်ပါဘူး။ အဲလိုမဟုတ်ပါဘူး။ ခေါင်းဆောင်လုပ်ရတာ တကယ်ပင်ပန်းပါတယ်။ အဖွဲ့က ထိန်းချုပ်ရခက်တယ်။ ကျုပ်တပည့်တွေက နေရာတိုင်းမှာ ပြဿနာရှာတယ်။ စိတ်ဖိအားများလွန်းလို့ ကျုပ်ဆံပင်တွေ ကျွတ်ကုန်တာပါ”
“ပြီးတော့ မင်း၊ တဇောက်ကန်းအကိုနှစ်။ မင်းက အခြေတည်နောက်ဆုံးအဆင့်တစ်ယောက်ကို စုံလုံးကန်းဖြစ်သွားအောင် တိုက်ခိုက်ပြီး မင်းကမျက်လုံးတစ်ဘက်ပဲ ကန်းခဲ့တယ်ပေါ့”
“ကျုပ်မျက်လုံးက ဘာမှမဖြစ်ပါဘူး။ အကောင်းပါပဲ။ မျက်လုံးတစ်ဘက်အုပ်ထားတာက လူရှိန်အောင်လို့ပါ။ သိုင်းလောကမှာ ကျင်လည်ရင် ကိုယ့်မှာ သူများပြောစရာ ထူးခြားချက်တစ်ခုခုတော့ ရှိရမယ်လေ”
“ပျံလွှားပျံဆိုတဲ့ မင်းကရောဘာလဲ။ နန်းတော်ကနေ ပစ္စည်းခိုးတယ်ပေါ့။ အနည်းဆုံး တစ်သက်တစ်ကျွန်း၊ အဆိုးဆုံး သေဒဏ်ကျမယ့်ကောင်ပဲ”
“နားလည်မှုလွဲနေတာပါဆရာ။ ကျုပ်က အကြွေးတွေလည်ပင်းနစ်နေတာပါ။ အကြွေးမဆပ်နိုင်လို့ ကြွေးရှင်တွေက ကျုပ်ရဲ့ခြေတစ်ချောင်းကို ဖြတ်ယူသွားကြတာပါ”
အရာရှိဝေ သမ်းတစ်ချက်ဝေလိုက်သည်။ ထူးထူးခြားခြား ရာဇဝတ်မှုများအကြောင်း ကြားရမည်ဟုထင်ခဲ့သည်။ ယခုတော့ ဘာတွေမှန်းမသိ။
“အရာရှိအကို၊ ဝန်ခံပါတယ်။ ကျုပ်ဝန်ခံပါတယ်။ အိမ်တော်ဆယ့်ခြောက်ခုကနေ ကျုပ်တို့ခိုး...”
အရာရှိဝေ လက်ကာပြလိုက်သည်။
“အဲဒီ့ကိစ္စနောက်မှလာမယ်။ အခုအရင်ဆုံး မင်းတို့အားလုံး ယန်ကျန်းကို ဘာလို့တစ်ပြိုင်တည်းရောက်လာတာလဲဆိုတာ ပြောစမ်းပါ”
“ဒါက...”
သူခိုးခေါင်းဆောင် တုံ့ဆိုင်းဆိုင်းဖြစ်သွားသည်။ ဖြစ်လာမည့် နောက်ဆက်တွဲအကျိုးအပြစ်ကို ချိန်ဆနေသည်။
အရာရှိဝေက သူ့နောက်ဘက်မှ နှိပ်စက်သည့်အခန်းဆီ လက်ညှိုးထိုးပြသည်။
“ဟိုက နှိပ်စက်တဲ့ ကိရိယာတွေကိုမြင်လား။ မင်းမပြောချင်ရင် ငါတို့ အဲဒါတွေသုံးပြီး မင်းကိုကူညီပေးမယ်”
နှိပ်စက်ညှင်းပန်းသည့် ကိရိယာများက အညိုရောင်သွေးများ စွန်းထင်းနေသည်။ အတော်ခြောက်ခြားစရာကောင်းသည်။ သူခိုးများ သူ့ထက်ငါဦးအောင် ဝန်ခံချက်ပေးရန် ပြင်ကြသည်။
“ကျုပ်ပြောပါ့မယ်...”
သို့သော် သူခိုးများ စပြောမည်ပြင်ပြီးမှ ရုတ်တရက် တောင့်တင်းပြီး စကားရပ်သွားကြသည်။
အရာရှိတစ်ယောက် သူတို့နောက်ကျောဘက်ကို စစ်ဆေးကြည့်သည်။ သေးငယ်သည့်အပ်ကလေးများ သူတို့ဂုတ်ပိုးတွင် စိုက်ဝင်နေသည်ကို တွေ့ရသည်။ ပြင်းထန်သည့်အဆိပ်အပ်များဖြစ်သည်။
“လုပ်ကြံသူရှိတယ်ဟေ့”
အတွေ့အကြုံအရင့်ဆုံးဖြစ်သည့် အရာရှိဝေ အပြင်ဘက်သို့ ချက်ချင်းပြေးထွက်သွားပြီး လုပ်ကြံသူ၏အရိပ်အယောင်ကို ရှာဖွေသည်။
သို့သော် အပြင်ဘက်တွင် ဘယ်သူမှမတွေ့။
ထိုအချိန်တွင် စစ်ကြောရေးခန်းထဲမှ အရိပ်များက အသက်ဝင်သကဲ့သို့ လှုပ်ရှားလာပြီး ခပ်ညှင်းညှင်းရယ်မော၍ ပျောက်ကွယ်သွားလေသည်။
*********************************************