လှည့်စားတတ်သည့်ရန်သူ
Vol. 5 Ch. 63
“အရာရှိဝေ၊ ရောက်လာတာစောလှချည်လား။ အသားကင်စားဖို့ဆို စောလွန်းသေးတယ်ဗျ”
လုယန်က ဆိုင်တံခါးမှစနောက်လိုက်သည်။
မနက်ပိုင်းသာရှိသေးသည်။ အရာရှိဝေနှင့် တစ်ခြားတပ်သားနှစ်ယောက် ဂုဏ်ပြုစာတန်းတစ်ခုကိုင်၍ အသားကင်ဆိုင်သို့ ရောက်လာသည်။
“ရော့၊ မနေ့က ငါမင်းကို ဂုဏ်ပြုစာတန်းတစ်ခုပေးမယ်လို့ ကတိပေးခဲ့တယ်။ အခု ငါယူလာပြီ”
အရာရှိဝေ ထိုစာတန်းကို လူအများမြင်အောင် လမ်းတွင် တမင်တကာမြှောက်ကိုင်လာခဲ့သည်။ စာတန်းက
“ဖြောင့်မတ်စွာလုပ်ဆောင်၊ သူတောင်ကောင်းတရားကိုမြှင့်တင်”
ဟူ၍ဖြစ်သည်။ လူအတော်များများ အာရုံစိုက်မိကြသည်။
ထိုစာတမ်းကို အတူပါလာသည့် အရာရှိနှစ်ယောက်က ဆိုင်းခန်းမတံခါးနှင့် မျက်နှာချင်းဆိုင်နံရံတွင် ကပ်လိုက်သည်။ အတော်မြင်သာထင်သာရှိသွားသည်။
အစောပိုင်းက ခန်းမထဲတွင် အသားကင်တုတ်ထိုးနေသည့် သရဲကျွန်နှစ်ယောက်ရှိသည်။ လုယန်က လူမမြင်စေလိုသဖြင့် သူ့တို့ကို ဆိုင်နောက်ဖေးသို့ ရွှေ့ခိုင်းသည်။
လုယန် လက်ဖက်ရည်သုံးခွက်ယူလာသည်။
“မနေ့က ဟိုအရူးသူခိုးတွေဆီကနေ ခင်ဗျားတို့ တစ်ခုခုသိခဲ့ရလား။ ဒီအပြင်လူတွေ ဘယ်ကရောက်လာတာများလဲ။ နာမည်ကျော် သံမဏိမျက်နှာအရာရှိကိုတောင် စိန်ခေါ်ရဲကြတယ်”
“အား..အဲဒီ့အကြောင်းတော့ မပြောပါနဲ့တော့။ ဘာမှကိုမသိလိုက်ရဘူး”
အရာရှိဝေက ရေနွေးပူနှင့်လုပ်ထားသည့် လက်ဖက်ရည်ကို တစ်ခါတည်း မော့သောက်လိုက်သည်။
အရေပြားကွာကျနိုင်လောက်သည့် အပူဓာတ်သည် အခြေအတည်အဆင့်၏ အာခေါင်ကို ဒုက္ခမပေးနိုင်။
“ဘာလို့လဲ”
“သူခိုးတွေက စိတ်ဓာတ်မခိုင်ပါဘူး။ နည်းနည်းခြိမ်းခြောက်လိုက်တာနဲ့ ဝန်ခံကြတယ်။ ယန်ကျန်းကောင်တီကို သူတို့ကျင့်ကြံသူအုပ်စု ဘာလို့လာကြလဲဆိုတာ ဖွင့်ပြောတော့မယ်အချိန်မှာ ဘယ်ကမှန်းမသိတဲ့ လုပ်ကြံရေးသမားတစ်ယောက်က သတ်သွားတယ်။ သူတို့ဂုတ်ပိုးမှာ နွားမွှေးအဆိပ်အပ် ကိုးချောင်းတွေ့တယ်။ အဲဒါကြောင့် ချက်ချင်းသေသွားကြတာပဲ။ အခန်းကိုလည်း အလုံပိတ်ထားတာပါ။ လူသတ်သမားက ဘယ်လိုဝင်လာလဲ မသိဘူး။
“အဲဒီတုန်းက ကျုပ်ချက်ချင်းအပြင်ကိုထွက်ပြီး လူသတ်သမားကို ရှာတယ်။ နောက်တော့မှ ပြန်တွေးမိတယ်။ လူသတ်သမားက အရိပ်နဲ့ပတ်သက်တဲ့ မှော်ပညာတစ်မျိုးမျိုး တတ်ထားလို့ အရိပ်တွေထဲမှာ ကြိုပြီးပုန်းနေတာဖြစ်မယ်။ ကျုပ်တို့ အဲဒီ့အကြောင်းစမေးတာနဲ့ သူက သူခိုးတွေကို သတ်လိုက်တယ်။ ကျုပ်အပြင်ကို ထွက်ပြေးပြီးကြည့်တဲ့အချိန်မှာ သူက အရိပ်တွေကိုဖြတ်ပြီး ထွက်ပြေးသွားတာပဲ။
“အဲဒီတုန်းကသာ တံခါးကိုပိတ်ထားခဲ့ရင် လူသတ်သမား လွတ်မှာမဟုတ်ဘူး။ ဒီအကြောင်းတွေးတိုင်း ကျုပ်အဲဒီ့အချိန်က ဒေါသစိတ်နဲ့ မွှန်ထူနေခဲ့တာကို နောင်တရလို့မဆုံးပါဘူး”
အရာရှိဝေက မကျေမနပ်ပြော၍ သူ့တပည့်တပ်သားနှစ်ယောက်အတွက် ချထားသည့် လက်ဖက်ရည်နှစ်ခွက်ကိုပါ ဆက်သောက်သည်။
တပည့်နှစ်ယောက် အရာရှိဝေကို နားမလည်နိုင်ဟန်ဖြင့် ကြည့်နေကြသည်။ သူတို့ တစ်ငုံမှ မသောက်ရသေး။
ထို့နောက် မကျေမနပ်ဖြစ်နေသည့် အရာရှိဝေနှင့် ကံဆိုးသည့် တပ်သားနှစ်ယောက် လုယန် နှုတ်ဆက်ပို့ဆောင်သည်။
မုန်ကျင်းကျိုးက သိစိတ်အာရုံမှ လှမ်းပြောသည်။
“မနေ့ကအစီအစဉ်အတိုင်း ချင်ယွမ်ဟောင်ကို ငါတို့သတ်ကြမှာလား”
မနေ့ညက လုယန်ပြန်ရောက်ပြီးနောက် သူတွေ့ခဲ့သည့်အကြောင်းများကို ပြန်ပြောပြသည်။ ယန်ကျန်းဂိုဏ်းခွဲတည်နေရာကိုသိပြီဖြစ်၍ ချင်ယွမ်ဟောင်ကို မလိုအပ်တော့။
ချင်ယွမ်ဟောင်ကို အလစ်လုပ်ကြံဖို့ ညတွင်းချင်းအစီအစဉ်တစ်ခု ဆွဲကြသည်။ အထူးသဖြင့် လုယန်နှင့်မုန်ကျင်းကျိုးတို့ ဆွေးနွေးကြသည်။ အရိုးရိုင်းက နားထောင်သူဖြစ်သည်။
“အလျင်မလိုပါနဲ့။ ငါ့မှာ စိတ်ကူးသစ်တစ်ခုရှိတယ်။ နည်းနည်းထပ်ပြီး ပြင်ဆင်ကြသေးတာပေါ့”
.........................
ဝတ်ရုံနက်လူတစ်ယောက် ချင်ယွမ်ဟောင်၏တံခါးကို ငြင်သာစွာခေါက်လိုက်သည်။ အတော်ကြာအောင်စောင့်နေသော်လည်း တံခါးလာဖွင့်သူမရှိ။
ဝတ်ရုံနက် ရပ်စောင့်၍သာ နေရာသည်။
နောက်ဆုံးတွင် တံခါးပွင့်သွားသည်။ သို့သော် လာဖွင့်သူကို မတွေ့ရ။ သူ့ဘာသာပွင့်သွားသလို ဖြစ်နေသည်။
တံခါးက အပြည့်အဝဖွင့်ထားသည်။ နတ်ဆိုးတစ်ကောင်၏ အာခံတွင်းဝနှင့်တူသည်။ မသိနားမလည်သူကို ဝါးမျိုရန် အသင့်ဖြစ်နေသည်။
ဝတ်ရုံနက် အိမ်ထဲသို့ တည်ငြိမ်စွာ ဝင်သွားသည်။ အထဲနောက်သည်နှင့် တံခါးဝုန်းခနဲပိတ်ပြီး တံခါးချက်ကျလာသည်။ ဝတ်ရုံနက်ကို အခန်းထဲ ပိတ်လှောင်လိုက်ခြင်းဖြစ်သည်။
ဝတ်ရုံနက်က အရိုးတံဆိပ်တစ်ခုထုတ်၍ အသံကျယ်ကျယ်အော်ပြောသည်။
“အကိုချင်ယွမ်ဟောင်ရှိလား။ ကျုပ်က ကျုပ်သခင်ကိုယ်စား ဒီကိုလာတာပါ”
“ဪ..အကိုကျားရဲ့ သရဲကျွန်လား”
သူ့နောက်မှ စကားသံထွက်လာသည်။ ချင်ယွမ်ဟောင် ရုတ်တရက်ပေါ်လာသည်။ ဘယ်ဘက်ကလာမှန်း သရဲကျွန်လုံးဝမသိလိုက်။ လေထဲမှ ပေါ်လာသလိုဖြစ်နေသည်။
“ဘာကိစ္စရှိလို့လဲ”
“ကျုပ်သခင်က သေချာပြန်စဉ်းစားကြည့်ပြီးပြီ။ ဆရာပြောတာကို သဘောတူပါတယ်တဲ့။ သခင်က ယန်ကျန်းကောင်တီနဲ့ ပူးပေါင်းချင်ပေမယ့် စိုးရိမ်နေတဲ့ကိစ္စတစ်ချို့ရှိပါတယ်။ အဲဒီ့အကြောင်း ဆရာနဲ့ဆွေးနွေးချင်လို့ စုန့်တောင်တန်းကို ဖိတ်ခေါ်လိုက်ပါတယ်”
ချင်ယွမ်ဟောင် သရဲကျွန်ကို စိတ်ဝင်တစားကြည့်နေသည်။
“ဪ..အကိုကျားဆီက ဘာမှအကြောင်းပြန်မလာလို့ ယန်ကျန်းကိုဝင်ဖို့ စိတ်ကူးမရှိဘူးထင်တာ”
သရဲကျွန် မလုံမလဲဟန်ဖြင့်ပြုံးလိုက်သည်။
“ကျုပ်သခင်က အကြာကြီးစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချခဲ့တာပါ”
ချင်ယွမ်ဟောင် မျက်နှာအမူအရာပြောင်းသွားသည်။ သရဲကျွန်၏လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။
“ငါ့ကို ဒီလိုလာမလှည့်စားနဲ့။ ပြောစမ်း။ မင်းကိုဘယ်သူလွှတ်လိုက်တာလဲ။ အကိုကျားရဲ့စိတ်ဓာတ်မျိုးနဲ့ ယန်ကျန်းကိုဝင်ဖို့ သူ့ဘက်က ဘာလို့စပြောမှာလဲကွ”
သရဲကျွန်ကြောက်လန့်သွားသည်။ ဘယ်သူမှမလွှတ်ကြောင်း ငြင်းဆန်သည်။
ချင်ယွမ်ဟောင် လက်ကိုအားပိုထည့်လိုက်သည်။ သရဲကျွန် သတိလစ်မတတ်ဖြစ်လာပြီး နောက်ဆုံးတွင် အမှန်အတိုင်းဖွင့်ပြောသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းက တဇွတ်ထိုးဆန်တဲ့ ကျင့်ကြံသူတစ်ချို့ စုန့်တောင်တန်းကိုရောက်လာပြီး ကျုပ်သခင်နေတဲ့နေရာကို အမှတ်မထင်တွေ့သွားတယ်။ ကျုပ်သခင်က သူတို့ကို သတ်ပြီးတော့ သူတို့ပစ္စည်းတွေကို စစ်ဆေးကြည့်တယ်။ ရွှေသန္ဓေအဆင့်အကြီးအကဲတွေအုပ်ချုပ်တဲ့ နာမည်ကျော်ဂိုဏ်းတစ်ဂိုဏ်းကလူတွေ ဖြစ်နေပါတယ်။။
“ကျုပ်သခင်က ရွှေသန္ဓေကျင့်ကြံသူတွေ သူ့နောက်ကိုလိုက်လာမှာ စိုးရိမ်နေတယ်။ ပြီးတော့ ဆရာချင်ရဲ့ ဖိတ်ခေါ်စာကို သူပြန်သတိရလာတယ်။ အဲလိုနဲ့ သခင်ကတော်ကို ဖျောင်းဖျပြီး ယန်ကျန်းနဲ့ပူးပေါင်းဖို့ကိစ္စ အသေးစိတ်ဆွေးနွေးတိုင်ပင်ဖို့ ကျုပ်ကိုလွှတ်ပြီး ဖိတ်ခေါ်ခိုင်းလိုက်တာပါ”
လိုချင်သည့်အဖြေရသွားသဖြင့် ချင်ယွမ်ဟောင် သရဲကျွန်ကို ဘေးသို့လွှင့်ပစ်လိုက်သည်။
“အဲလိုမှပေါ့”
သရဲကျွန်အပေါ်သံသယမရှိတော့သဖြင့် ချင်ယွမ်ဟောင် စုန့်တောင်တန်းသို့ အတူလိုက်လာသည်။
“ဆရာချင်၊ သခင်က ဆရာ့ကို အရှေ့မှာစောင့်နေပါတယ်။ ကျုပ်သခင်က ဘေးကခိုးနားထောင်တဲ့လူတွေ မရှိတာကို ပိုသဘောကျပါတယ်။ ကြွပါခင်ဗျာ”
သရဲကျွန် ရိုရိုသေသေပြောသည်။
ချင်ယွမ်ဟောင် သရဲကျွန်ကို အရေးမစိုက်ဘဲ တစ်ယောက်တည်း လျှောက်သွားသည်။
တောအုပ်က အုပ်ဆိုင်း၍ အသံတိတ်နေသည်။ အချိန်အတော်ကြာ အနှောက်အယှက်ကင်းနေခဲ့ပုံရသည်။ အဝေးဆီမှ ငှက်အော်သံများကြောင့် သစ်တော၏ တိတ်ဆိတ်ငြိမ်းချမ်းသည့်သဘာဝက ပိုအသက်ဝင်နေသည်။
လေးမီတာမြင့်သည့် ကျားနတ်ဆိုးတစ်ကောင် ရှေ့တွင် ထိုင်နေသည်။ ကျောက်စားပွဲပေါ်တွင် လက်ဖက်ရည်နှစ်ခွက်ရှိသည်။ ဧည့်သည်ကိူ ဧည့်ခံရန် အသင့်ပြင်ထားသည်။
ချင်ယွမ်ဟောင် စိတ်အေးလက်အေးဖြစ်သွားပြီး ခြေလှမ်းကို အရှိန်မြှင့်လိုက်သည်။
သို့သော် ရုတ်တရက် သူ့ကျင့်စည်စွမ်းအားများ အလိုလိုအသက်ဝင်လာပြီး သူ့ဘေးပတ်လည်တွင် ပါးလွှာသည့်အလင်းရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ မမြင်နိုင်သည့် တိုက်ခိုက်မှုတစ်ခုကို တားဆီးလိုက်သည်။ သူ့လည်ပင်းတွင် ပြတ်ရှရာအနည်းငယ်သာကျန်ခဲ့သည်။
“အလစ်လုပ်ကြံတာပဲ”
အတွေ့အကြုံရင့်နေသူဖြစ်၍ ချက်ချင်းနောက်ဆုတ်လိုက်သည်။ လည်ပင်းအမြင့်လောက်တွင် မမြင်နိုင်လောက်အောင် သေးငယ်သည့် ကြိုးမျှင်တစ်ခု လေထဲ၌ ဆန့်တန်းထားသည်ကို မြင်လိုက်ရသည်။
“ဒီခေါက်ဆွဲက အတော်အသုံးဝင်တာပဲ။ သူတောင် ခေါင်းပြတ်တော့မလို ဖြစ်သွားတယ်”
ခနိုးခနဲ့စကားသံတစ်ခု သူညာဘက် သစ်ပင်တစ်ပင်ဆီမှပေါ်လာသည်။ မုန်ကျင်းကျိုးအသံဖြစ်သည်။
ချင်ယွမ်ဟောင်မြင်ရသည်က ရိုးရိုးကြိုးတန်းမဟုတ်။ ဂိုဏ်း၏စားသောက်ဆိုင်တန်းမှ လုယန်ဝယ်လာသည့် နဂါးမုတ်ဆိတ်ခေါက်ဆွဲဖြစ်သည်။
ခေါက်ဆွဲရောင်းသည့်အကိုပြောသလိုပင် ထိုခေါက်ဆွဲမျိုးသည် ရန်သူမရိပ်မိအောင် သတ်ဖြတ်နိုင်သည်။ အလစ်လုပ်ကြံတိုက်ခိုက်ဖို့ အထူးသင့်လျော်သည်။
ချင်ယွမ်ဟောင်၏ ထူးခြားသည့် ကျင့်စဉ်စွမ်းအားကသာ အလိုအလျောက်ကာကွယ်မပေးခဲ့လျှင် ယခုချိန် သူခေါင်းပြတ်နေပြီးဖြစ်မည်။
“မင်းကများငါ့ကို အလစ်တိုက်ခိုက်ရဲတယ်ပေါ့”
ချင်ယွမ်ဟောင် ကျားနတ်ဆိုးကို စိုက်ကြည့်သည်။ သူ့ကိုဖိတ်ခေါ်သည်မှာ ယန်ကျန်းဂိုဏ်းခွဲနှင့်ပူးပေါင်းရေး ဆွေးနွေးဖို့မဟုတ်။ အစကတည်းက ထောင်ချောက်တစ်ခုသာ ဖြစ်သည်။
ကျားနတ်ဆိုး နေရာမှပျောက်သွားသည်။ သူ့ခြေထောက်အောက်မှမြေပြင် ပျော့ပျောင်းသွားသလို ချင်ယွမ်ဟောင် ခံစားရသည်။ ဓားရိပ်တစ်ခု သူ့ပေါင်ခွကြားသို့ ပြေးဝင်လာသည်။
ကံကောင်းထောက်မစွာဖြင့် သူအချိန်မီ တုံ့ပြန်နိုင်ခဲ့သည်။ သူ့ဒူးဖြင့် ဓားချက်ကိုခံသည်။ ခန္ဓာကိုယ်ကို ဘေးသို့ခုန်ရှောင်လိုက်သည်။
အခြေအနေမကောင်းမှန်းသိသဖြင့် သူနောက်လှည့်ထွက်ပြေးသည်။
ကောင်းကောင်းကြိုတင်ပြင်ဆင်ထားသည်ရန်သူကို ဘာမှပြင်ဆင်မထားဘဲ သူတိုက်ခိုက်နိုင်မည်မဟုတ်။
“ငါတို့နတ်ဆိုးဂိုဏ်းသားတွေပဲဖြစ်ရမယ်”
ချင်ယွမ်ဟောင် သေချာသိလိုက်သည်။ ဓားချက်က အောက်တန်းကျလွန်းသည်။ လမ်းမှန်ဂိုဏ်းသားများ မဖြစ်နိုင်။
သူ့နောက်ကျောဘက်တွင် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သည့် အရိုးရိုင်းက သစ်ပင်တစ်ပင်ကိုလွှဲယမ်း၍ ချင်ယွမ်ဟောင်ကို ရိုက်ပစ်လိုက်သည်။ အဝေးသို့ လွင့်ထွက်သွားသည်။
“ဟ...ဘယ်လိုကြီးလဲ”
အရိုးရိုင်း တွေးရခက်သွားသည်။ ရန်သူကို သေချာထိသော်လည်း စက္ကူတစ်ရွက်ကို ရိုက်ရသလို သူခံစားရသည်။
ချင်ယွမ်ဟောင် အတော်ဝေးဝေး လွင့်ထွက်သွားသော်လည်း အထိအခိုက်လုံးဝမရှိ။
“သတိထားကြဟေ့။ သူ့ကျင့်စဉ်ပညာက အတော်လေးထူးဆန်းတယ်”
အရိုးရိုင်း အော်ဟစ်သတိပေးလိုက်သည်။
“ဟားဟားဟား...မင်းတို့ငါ့ကို အနိုင်ရဖို့ဆို နောက်ထပ်နှစ်တစ်ရာလောက် လေ့ကျင့်လိုက်ဦး”
ချင်ယွမ်ဟောင် အော်ဟစ်ရယ်မောနေသည်။ သူ့ကျင့်စဉ်ပညာ၏ လုပ်ဆောင်ပုံအစစ်ကို နားမလည်လျှင် သူ့ကိုဘယ်သူမှမဖမ်းနိုင်ဟု ယုံကြည်သည်။
လုယန် လေထဲသို့ တည်ငြိမ်စွာ ခုန်တက်လိုက်သည်။ သူ့ကျောက်စိမ်းတံဆိပ်ကို ချင်ယွမ်ဟောင်ဆီ ချိန်ရွယ်ပြီး အမိန့်ပေးလိုက်သည်။
“ဖမ်းစမ်း”
ချင်ယွမ်ဟောင် မင်သက်မိသွားသည်။ ဘာလုပ်နေသည်ကို သူနားမလည်။ ကျောက်စိမ်းတံဆိပ်သည် အသွင်မတူသည့် မှော်လက်စွပ်(သိုလှောင်လက်စွပ်)မျိုးသာဖြစ်သည်။ သို့သော် မှော်လက်စွပ်များသည် သူ့ကိုမဖမ်းဆီးနိုင်။
လုယန်နှင့်တစ်ခြားလူနှစ်ယောက်မျက်နှာမှ ထူးဆန်းသည့်အကြည့်ကို သူသတိထားမိသည်။
သူ့ကိုယ်သူ ဖြေးညှင်းစွာ ငုံ့ကြည့်လိုက်သည်။ ကိုယ်ပေါ်တွင် အဝတ်အစားလုံးဝမရှိတော့။
သူ့အဝတ်အစားအားလုံး ကျောက်စိမ်းတံဆိပ်ထဲရောက်သွားပြီး အတွင်းခံတစ်ထည်သာကျန်တော့သဖြင့် လေအေးထဲတွင် တဆတ်ဆတ်တုန်ရင်နေသည်။
“ခွေးမသားတွေ၊ မင်းတို့ ဘယ်လိုကြောင်တောင်တောင်ကောင်တွေလဲကွ”
********************************************