← Chapters

အရိပ်

Vol. 5 Ch. 64

အရိပ်

Vol. 5 Ch. 64

ငဲ့ညှာသောအားဖြင့် လုယန် ချင်ယွမ်ဟောင်၏ အဝတ်အစားအားလုံးကို မယူပါ။ ဖွားဖက်တော်ဖုံးဖို့ အတွင်းခံကို ချန်ထားပေးသည်။

မှော်လက်စွပ်။

ကျင့်ကြံသူများကြား အတော်ရေပန်းစားသည့် ရတနာဖြစ်သည်။

ရွှေစီးပွားနယ်မြေက “ရေပန်းအစားဆုံးမှော်ရတနာများ”ကို စစ်တမ်းကောက်ခဲ့သည်။ မှော်လက်စွပ်က အမြဲတမ်း ထိပ်ဆုံးတွင်ရှိသည်။

ခရီးသွားရာတွင် မရှိမဖြစ်လိုအပ်သည်။ ရတနာများ၊ ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းနိုင်သည်။ အိမ်တိုင်း မရှိမဖြစ်ဆောင်ထားရသည့် ပစ္စည်းဖြစ်သည်။

ထို့ပြင် မှော်လက်စွပ်တန်ဖိုးက ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူများပင် တတ်နိုင်သည့်ဈေးနှုန်းဖြစ်သည်။ သိုလှောင်နိုင်သည့်အကျယ်အဝန်းကတော့ ပိုကျဉ်းမြောင်းမည်။

နှစ်စဉ်နှစ်တိုင်း ချီကျင့်ကြံသူအတော်များများ မှော်လက်စွပ်များဝယ်ကြသည်။ ရွှေစီးပွားနယ်မြေအတွက် အဓိကဝင်ငွေရသည့် ထုတ်ကုန်တစ်ခုဖြစ်သည်။ နှစ်စဉ်နှစ်တိုင်းလည်း ပိုကောင်းမွန်သည့် ဒီဇိုင်းသစ်များ ထုတ်လုပ်သည်။ အဓိကအားဖြင့် အတွင်းပိုင်းလေဟာနယ် အပြောင်းအလဲမရှိဘဲ အပြင်ပန်းသွင်ပြင် ပိုကောင်းမွန်အောင် ဖန်တီးကြသည်။

ကျင့်ကြံသူအများစုအတွက် မှော်လက်စွပ်သည် သူတို့ပထမဆုံး အသုံးပြုသည် မှော်ရတနာဖြစ်သည်။ အမှတ်တရသံယောဇဉ်တွယ်ရသည့် ပစ္စည်းဖြစ်သည်။။

လမ်းမှန်ဂိုဏ်းများရော နတ်ဆိုးဂိုဏ်းများပါ မှော်လက်စွပ်ကို အသုံးပြုသည်။ ချင်ယွမ်ဟောင်လည်း အသုံးပြုသည်။

ထိုအချက်များက မှော်လက်စွပ်နှင့်ပတ်သက်သည့် ချင်ယွမ်ဟောင်၏အမြင်ဖြစ်သည်။ ဆယ်စုနှစ်များစွာ သူနေထိုင်ခဲ့သည်။ မှော်လက်စွပ်ကို ရန်သူ၏အဝတ်အစားထည့်ဖို့ အသုံးပြုသူဟု တစ်ခါမှ မမြင်ဖူး။

‌ထိုသို့ သုံးသင့်မသုံးသင့်ပင် သေချာပြောမရ။

ကျိုးကြောင်းဆီလျော်မှုတော့ ရှိပါသည်။ မှော်လက်စွပ်များသည် သိစိတ်ဝိညာဉ်ရှိသည့် သက်ရှိသတ္တဝါများ၊ သရဲများ၊ ဝိညာဉ်ရတနာများကို သိမ်းဆည်း၍မရ။ ။ ချင်ယွမ်ဟောင်၏ အဝတ်အစားတို့သည် ထိုအမျိုးအစားများတွင် မပါဝင်။

အရှက်တရားဟူသည့်ကိစ္စကို နတ်ဆိုးလမ်းစဉ်သမား ချင်ယွမ်ဟောင် အစကတည်းက စွန့်ပယ်ထား၍သာ တော်သေးသည်။ အတွင်းခံတစ်ခုသာကျန်သော်လည်း ရန်သူကို ဆက်၍တိုက်ခိုက်သည်။

ထိုစဉ် မုန်ကျင်းကျိုးက ပုံရိပ်မှတ်တမ်းယူသည့် မှော်စက်လုံးတစ်ခု ထုတ်လိုက်သည်ကို သူမြင်ရသည်။

“ခွေးမသား၊ မင်းတို့ဘယ်ဂိုဏ်းကလဲကွ။ မင်းတို့နဲ့ငါ ဘယ်လိုရန်ငြှိုးရှိလို့လဲ”

လုယန်တို့သုံးယောက်ကို တစ်ခြားနတ်ဆိုးဂိုဏ်းဝင်များဟု သူယူဆလိုက်သည်။

လမ်းမှန်ဂိုဏ်းဝင်များဖြစ်ကြောင်း လုယန်တို့အဖွဲ့က ကျိန်တွယ်၍ပြောလျှင်ပင် သူယုံမည်မဟုတ်တော့။

အကြောင်းရင်းကို သူနားမလည်။ သူ့ရန်သူ များစွာရှိသော်လည်း သူလှုပ်ရှားရာတွင် စည်းတစ်ခုထားသည်။ ကမ္ဘာမကျေရန်ဘက်ဖြစ်မည့်ကိစ္စမျိုး သူလုံးဝမလုပ်။

မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့လည်း လုယန်ကို ထူးဆန်းသည့်အကြည့်ဖြင့် လှမ်းကြည့်ကြသည်။ တမူထူးခြားသည့် သူ့တိုက်ခိုက်ပုံကြောင့် အံ့ဩနေကြဟန်ရှိသည်။

“နတ်ဆိုးဂိုဏ်းနဲ့ ရင်ဆိုင်တဲ့အခါ ကျင့်ဝတ်သိက္ခတွေအကြောင်း ထည့်ပြောစရာမလိုဘူး။ အတူပေါင်းပြီး တိုက်ကြမယ်”

လုယန် ဆော်ဩလိုက်သည်။

သူတို့သုံးယောက်ပေါင်း တိုက်ခိုက်သည့်စွမ်းအားကြောင့် ပုံရိပ်ရွှေသန္ဓေအဆင့် ကျားနတ်ဆိုးပင် သေခဲ့ရသည်။ ချင်ယွမ်ဟောင်လို အခြေတည်နောက်ဆုံးအဆင့်လောက်ကို ပြောစရာပင်မလို။

ချင်ယွမ်ဟောင်ကို တစ်ယောက်ချင်းတိုက်ခိုက်ဖို့ပင် သူတို့စဉ်းစားခဲ့ကြသည်။ ပါရမီရှင်များဖြစ်၍ သူတို့ထက် အဆင့်မြင့်သူများကို တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု ကိုယ့်ကိုယ်ကို ယုံကြည်သည်။

သို့သော် သုံးယောက်ပေါင်း၍ တိုက်ခိုက်သည်က ပိုစိတ်ချရသည်။

ချင်ယွမ်ဟောင်လည်း အရှက်တရားကို ဘေးဖယ်ထား၍ ပြိုင်ဘက်သုံးယာက်ကို အပြင်းအထန်တိုက်ခိုက်သည်။

ကြည်လင်သည့်ဓားအလင်းက အဆုံးအစမဲ့သတ္တိတို့ဖြင့် မင်ရည်ကျဲဖြန့်နေသည်။ ချင်ယွမ်ဟောင် ထိပ်တိုက်ရင်မဆိုင်နိုင်ဘဲ နောက်သို့ ဆုတ်ပြီးရင်းဆုတ်နေရသည်။

မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့၏ လက်သီးချက်များက သူ့ရင်ဘတ်ပေါ် တောင်ပြိုသလိုကျလာသည်။ သွေးများ အဆက်မပြတ် အန်ထွက်နေသည်။

ချင်ယွမ်ဟောင် သူ့လက်ဝါးကို ဖျတ်ခနဲလှုပ်ရှားလိုက်သည်။ နွားမွှေးအဆိပ်အပ်သုံးချောင်း ရန်သူသုံးယောက်၏ ရင်ဘတ်ဆီ ဦးတည်လွင့်ပျံသွားသည်။

သို့သော် ထိုသုံးယောက်က ဘာမှမဖြစ်။ ဓားချက် လက်သီးချက်များက လျော့ကျမသွားပဲ တိုက်ခိုက်နေရင်း တဖြေးဖြေးပိုအားကောင်းလာသည်။

အဆိပ်သုံးမည်ကို ကြိုတင်မျှော်လင့်ထားသဖြင့် လုယန်တို့ အဆိပ်ဖြေဆေး ကြိုသောက်ထားခဲ့သည်။

အတိအကျပြောရလျှင် အဆိပ်ဖြေဆေးဟု မခေါ်နိုင်ပါ။ အဆိပ်စွန့်ထုတ်ဆေးလုံးဖြစ်သည်။

ထိုဆေးလုံး၏လုပ်ဆောင်ပုံက အဆိပ်အာနိသင်မကြွမီ အဆိပ်ကို ထိန်းချုပ်ပြီး ချွေးနှင့်အတူ စွန့်ထုတ်ပေးခြင်းဖြစ်သည်။

အဆိပ်အာနိသင် မပေါ်သဖြင့် အဆိပ်ဖြေစရာမလိုတော့။

အခြေအနေမကောင်းတော့ကြောင်း ချင်ယွမ်ဟောင်နားလည်လာသည်။ ရန်သူများကြိုတင်ပြင်ဆင်ထားသည်က ပြည့်စုံလွန်းသည်။ သူ့အောက်လမ်းနည်းများ ရန်သူ့နည်းလမ်းများကို ယှဉ်မရ။ ယှဉ်၍ရလျှင်ပင် ဤရန်သူများ၏ ဉာဏ်နီဉာဏ်နက်ကို သူမမီ။

မုန်ကျင်းကျိုး၏ ကြွက်သားများ ကြွတက်လာသည်။ သွေးကြောများ ဖောင်းကားလာသည်။ လက်သီးချက်များက သေးရာမှကြီးလာသည်ကို ချင်ယွမ်ဟောင်မြင်ရသည်။ မြန်လွန်းသဖြင့် တုံ့ပြန်ချိန်မရ။

ထူးဆန်းသည့်အဖြစ်အပျက်တစ်ခု ထပ်ပေါ်လာပြန်သည်။ မုန်ကျင်းကျိုး၏ လက်သီးချက်သည် အခြေတည်နောက်ဆုံးအဆင့်ကျင့်ကြံသူတစ်ယောက်ကို ဒဏ်ရာအပြင်းအထန်ရအောင် သို့မဟုတ် သေစေနိုင်လောက်အောင် အားပြင်းသည်။ သို့သော် ချင်ယွမ်ဟောင်အပေါ် သက်ရောက်မှုမရှိ။

ချင်ယွမ်ဟောင်ထံမှ ထူးဆန်းသည့်ရယ်သံတစ်ခု ထွက်လာသည်။ ထိုလူသုံးယောက် သူ့ကိုအနိုင်မယူနိုင်ကြောင်း သူသိနေသည်။

အတော်ကြာအောင် ရင်ဆိုင်တိုက်ခိုက်ပြီးနောက် နောက်ဆုံးတွင် ချင်ယွမ်ဟောင်၏ ကျင့်စဉ်ပညာလျှို့ဝှက်ချက်ကို လုယန် သဘောပေါက်သွားသည်။ သူ့ဓားကိုဝှေ့ယမ်းလိုက်သည်။ တောက်ပသည့်အလင်းတစ်ခု ထွက်လာသည်။ ဓားစွမ်းအင်က တားဆီးမရသည့် သက်တန့်တစ်စင်းလို မြင့်တက်လာသည်။

ဓားချက်၏ဦးတည်ရာက တစ်ခြားမဟုတ်။ ချင်ယွမ်ဟောင်၏ အရိပ်ဆီသို့ဖြစ်သည်။

“အား...”

ချင်ယွမ်ဟောင် တင်းမခံနိုင်ဘဲ နာကျင်စွာအော်ဟစ်လိုက်သည်။

“တကယ်မှန်နေတာပဲ။ မနေ့ညက သူခိုးအုပ်စုကိုသတ်ခဲ့တာ မင်းပဲ။ မင်းရဲ့အားနည်းချက်က မင်းရဲ့အရိပ်ပဲ”

ချင်ယွမ်ဟောင် ဆောင်ကြာမြိုင်မှထွက်လာချိန်တွင် သူတို့ခေါင်းဆောင်ထံမှ အမိန့်တစ်ခုရခဲ့သည်ကို လုယန်မှတ်မိသည်။ သူခိုးအဖွဲ့ကို သတ်ခိုင်းခြင်းဖြစ်မည်။

အားအထားရဆုံးလျှို့ဝှက်ချက် ပေါ်သွားပြီဖြစ်၍ ချင်ယွမ်ဟောင် နောက်ထပ် တိုက်ခိုက်လိုစိတ်မရှိတော့။ သူ့ခန္ဓာကိုယ် နေရာမှပျောက်ကွယ်သွားသည်။ သူ့အရိပ်က မြေပြင်ပေါ်တွင် အမြန်ရွေ့လျားနေသည်။

ပြိုင်ဘက်များကို အနိုင်မယူနိုင်သော်လည်း လွတ်အောင်ထွက်ပြေးနိုင်သည်ဟု သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်ထားသည်။

“မင်းဓားက ထက်ချင်ထက်မယ်။ ဒါပေမယ့် အရိပ်ကိုတော့ မင်းမသတ်နိုင်ပါဘူး။ ...မင်းတို့လူငယ်သုံးယောက်ကို ငါမှတ်ထားမယ်။ ငါပြန်လက်စားချေမယ့်အချိန်ကိုသာ မင်းတို့စောင့်နေကြပါ။..ဟားဟားဟား”

အသာစီးရနေသည်ဟု ခံစားရသဖြင့် ချင်ယွမ်ဟောင် အော်ရယ်နေသည်။

ရုတ်တရက် အဖြူရောင်အလင်းတစ်ခု အရိပ်ပေါ် ထိုးကျလာသည်။ ချင်ယွမ်ဟောင် သံကုန်ခြစ်၍ အော်ဟစ်လိုက်သည်။ သူ့ကိုယ်မှ အသားတစ်စ ပဲ့ထွက်သွားသလိုခံစားရသည်။

အလင်းစုမှော်စက်ဝန်း။

အလင်းရင်းမြစ်ကို စုပ်ယူနိုင်သည့် ထုတ်လွှတ်နိုင်သည့် ရိုးရှင်းသည့် မှော်စက်ဝန်းပညာဖြစ်သည်။ သင်ယူဖို့ လွယ်ကူသည်။ အသေးအဖွဲပညာရပ်ဟုသာ သတ်မှတ်ထားသည်။ သို့သော် ယခုလိုအခြေအနေတွင်သုံးလျှင် အံ့ဩစရာကောင်းလောက်အောင် ထိရောက်မှုရှိသည်။

အတင်းဖိအားပေးခံရသဖြင့် အဖြူရောင်အလင်းကို ပိတ်ဆို့ကာကွယ်ရန် ချင်ယွမ်ဟောင် အရိပ်ထဲမှ ထိုးထွက်လာသည်။ သူ့အရိပ်ထဲမှ အလင်းကွက်များ ပျောက်သွားသည်။

သူ့ဒဏ်ရာများလည်း ပျောက်ကင်းသွားသည်။

‘မင်းတို့က ကြိုတင်ပြင်ဆင်လာကြပုံပဲ။ ဒါပေမယ့် ဘာအကျိုးထူးမှာလဲ။ အလင်းစုမှော်စက်ဝန်းလောက်နှင့် ငါ့ကိုထိခိုက်အောင်လုပ်နိုင်မယ်ထင်လို့လား။ အလင်းက စူးရှလေ အရိပ်ကအားကောင်းလေဆိုတာ မင်းတို့မသိဘူးလား”

ချင်ယွမ်ဟောင် လှောင်သံပါပါဖြင့်ပြောသည်။

လုယန်ကမျက်နှာမပျက်ဘဲ နောက်ထပ် အလင်းစုမှော်စက်ဝန်းများ ထပ်ထုတ်လွှတ်ရင်း ခနိုးခနဲ့လေသံဖြင့် ပြန်ပြောသည်။

“အရိပ်မဲ့မီးအိမ်ဆိုတာ ကြားဖူးလား”

ချင်ယွမ်ဟောင် တုံ့ဆိုင်းဆိုင်းဖြစ်သွားသည်။ ထိုနာမည်မျိုးမကြားဖူး။ သို့သော် သူ့စိတ်ထဲလေးလံလာသည်။

တိုက်ခိုက်နေချိန်ဖြစ်၍ ထိုအကြောင်းကို လုယန်ရှင်းပြလိုစိတ်မရှိ။ အဖြူရောင်အလင်းဒါဇင်ချီ၍ ချင်ယွမ်ဟောင်ကို ရိုက်ခတ်သွားသည်။ သူ့အရိပ်မှ တရှဲရှဲအသံထွက်လာသည်။ အရိပ်ထဲမှ ခန္ဓာကိုယ်ထွက်လာပြီး အလင်းကိုကာကွယ်သည်။ အရိပ်ထဲတွင် ဝင်ပုန်းသည်။ သို့သော် ထိုအလင်းကို လုံးဝတားဆီမရ။

သူ့အရိပ်က သာမန်မျက်လုံးနှင့် မမြင်ရလောက်သည်အထိ မှေးမှိန်လာသည်။

အရိပ်မဲ့မီးအိမ်၏အာနိသင်က အရိပ်ကိုဖျက်ဆီးခြင်းမဟုတ်။ ပျောက်ကွယ်လုနီးပါး မှေးမှိန်သွားအောင်လုပ်ခြင်းဖြစ်သည်။

ချင်ယွမ်ဟောင် အော်ဟစ်ကြုံးဝါး၍ မှေးမှိန်သွားသည့်အရိပ်ထဲမှ ခုန်ထွက်လာသည်။ ဆက်ပုန်းအောင်း၍မရတော့။

ဓားအလင်းတစ်ခု ကောင်းကင်မှကျလာသည်။ သက်တန့်တစ်စင်း ထိုးဆင်းလာသလို မြန်လွန်းလှသည်။ ရှောင်တိမ်းချိန်မရ။ ချင်ယွမ်ဟောင်၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။

ထိုအချိန်ကို လုယန်စောင့်နေခဲ့ခြင်းဖြစ်သည်။

“သီသီလေးပဲကွာ။ သူလွတ်သွားတော့မလို့ပဲ”

မုန်ကျင်းကျိုး ချင်ယွမ်ဟောင်၏ခေါင်းပြတ်ကိုကြည့်၍ သက်ပြင်းချလိုက်သည်။ ချင်ယွမ်ဟောင်သာ လွတ်သွားလျှင် သူတို့ကြိုတင်ပြင်ဆင်ထားသမျှအားလုံး အလဟဿဖြစ်ကုန်မည်။

ချင်ယွမ်ဟောင်မလွတ်နိုင်အောင် ကောင်းကောင်းကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း အရိပ်နှင့်ပတ်သက်သည့် သူ့ကျင့်စဉ်ပညာကြောင့် ထိန်းချုပ်ဖို့ အလွန်တရာခက်ခဲခဲ့သည်။

မုန်ကျင်းကျိုးက လုယန်ပုခုံးကို စနောက်သည့်သဘောဖြင့် တိုက်လိုက်သည်။

“ငါတို့ထွက်မလာခင် အလင်းစုမှော်စက်ဝန်းဖန်တီးဖို့ မင်းအကြံပေးခဲ့လို့ တော်သေးတာပေါ့”

“အားလုံးက ကံပါပဲ။ သူ့ကျင့်စဉ်ပညာက အရိပ်တွေနဲ့ ပတ်သက်မယ်လို့ ငါတွေးမိလို့ပါ။ သက်သေအထောက်အထားက မရှိဘူး။...ဒါပေမယ့် အောင်ပွဲခံတာ စောလို့မဖြစ်သေးဘူး။ သူ့အလောင်းနဲ့ သဲလွန်စတွေကို ဖျက်ဆီးပြီးမှ အောင်ပွဲခံကြစို့”

လုယန်အကြံပေးချက်အတိုင်း ချင်ယွမ်ဟောင်အလောင်းကို ရုပ်ပျက်သွားအောင် မီးရှို့၍ ကျားနတ်ဆိုးဂူထဲ စွန့်ပစ်ခဲ့သည်။ ထို့နောက်ဂူဝကို ဖြိုချကြသည်။

အကယ်၍ တစ်ယောက်ယောက်က တမင်တကာ တောင်ကြောပေါ်တက်မရှာလျှင် ဘယ်သူမှတွေ့နိုင်တော့မည်မဟုတ်။

*************************************************

All Chapters