← Chapters

စစ်ဆေးသူ

Vol. 5 Ch. 65

စစ်ဆေးသူ

Vol. 5 Ch. 65

လုယန်က ချင်ယွမ်ဟောင်၏ မှော်လက်စွပ်ကိုကိုင်၍ အကြိမ်ကြိမ်ဖွင့်ရန်ကြိုးစားသည်။ သို့သော် နောက်ဆုံးတွင် စိတ်ပျက်လက်ပျက် ခေါင်းခါသည်။

“ဆိုးတာပဲ။ ဒီမှောလက်စွပ်ကို ချင်ယွမ်ဟောင်ကိုယ်တိုင်ပဲ ဖွင့်နိုင်မှာ။ ငါတို့လက်ထဲရှိလည်း အသုံးမဝင်ဘူး။ အတင်းဖွင့်ရင် အတွင်းပိုင်းလေဟာနယ် ပျက်စီးသွားမယ်။ နောက်ထပ်ရှာတွေ့ဖို့ မဖြစ်နိုင်တော့ဘူး။ သူ့အိမ်ကို သွားစစ်ဆေးကြည့်တာပေါ့။ တစ်ခုခုတွေ့ချင်တွေ့မှာပါ”

လုယန် အဖော်နှစ်ယောက်ကိုခေါ်၍ ထွက်သွားသည်။

ချင်ယွမ်ဟောင်ကို မျှားခေါ်ခဲ့သည့် သရဲကျွန်က သူတို့နောက်မှလိုက်လာသည်။ ထိုသရဲ အလုပ်ကောင်းကောင်းလုပ်ခဲ့သည်ဟု ယူဆသဖြင့် သိုးသားကင်နှစ်ချောင်းဆုချရန် အရိုးရိုင်း ဆုံးဖြတ်လိုက်သည်။ ...ပုံမှန်အားဖြင့် အသားကင်များ မီးကျွမ်းလျှင် သရဲများ အာရုံခံနိုင်ကြသည်။

ထိုသရဲ ကောင်းသည့်အသားကင်စားသလား မီးကျွမ်းသည့်အသားကင်စားသလားဆိုသည်မှာ လက်တွေ့စမ်းကြည့်မှ အတည်ပြုနိုင်မည်။

ချင်ယွမ်ဟောင်၏အိမ်က အဆင်တန်ဆာနည်းသည်။ တစ်ကိုယ်တည်းနေထိုင်သူအတွက် ခြောက်ကပ်၍ အသက်မဲ့နေသလိုဖြစ်ပေလိမ့်မည်။

သူတို့သုံးယောက် ကျင့်ကြံသည့်အခန်းထဲသို့ ဝင်ကြသည်။ ကျားမမကွဲပြားသည့် ‌ကျောက်စိမ်းရုပ်ထုဘေးမှ စာအုပ်စင်တွင် အတန်းနှစ်တန်းသာပါသည်။ ကျင့်စည်ပညာကျမ်းများ လျှို့ဝှက်ကျမ်းများ ပြည့်နေသည်။

“ဒီရုပ်ထုက ထာဝရဂိုဏ်းက ကိုးကွယ်တဲ့ ထာဝရအရှင်ဖြစ်မယ်”

မုန်ကျင်းကျိုး ရုပ်ထုကို လှည့်ပတ်ကြည့်သည်။ ဤရုပ်ထု၏ကိုယ်ထည်က သာမန်ရုပ်ထုတို့ထက် များစွာပိုခိုင်ခံ့သည်။ သို့သော် လက်ရာက အတော်ညံ့သည်။

ဘယ်သူမဆို သူတို့ရုပ်ထုကို အသက်ဝင်သည့်လက်ရာမျိုးသာ ဖြစ်စေချင်ကြလိမ့်မည်။

“ရေကွင်းကျင့်စဉ်၊ မှော်စက်ဝန်းပညာမိတ်ဆက်၊ ဓားသိုင်းလျှို့ဝှက်ချက်များ။...ဒါတွေက ငါတို့ကျမ်းစာတိုက်ပထမထပ်မှာတောင်ရှိတဲ့ အများသိကျင့်စဉ်တွေပဲ”

လုယန် စာအုပ်အနားစောင်းများပေါ် လက်ဖြင့်ပွတ်လိုက်သည်။ မညီညာသည့်မျက်နှာပြင်များ၏ အထိအတွေ့ကို သဘောကျနေသည်။

“”သင့်အကြီးအကဲ စိတ်ကျေနပ်စေမည့် အများသုံးနည်းလမ်းများ” “လူ့သဘာဝကို နားလည်ခြင်း”။ “တစ်ကိုယ်တည်းတိုးတက်မြင့်မားစေမည့် နည်းလမ်းများ” တဲ့...ဘာစာအုပ်တွေလဲကွာ”

လုယန် “သင့်အကြီးအကဲ စိတ်ကျေနပ်စေမည့် အများသုံးနည်းလမ်းများ” စာအုပ်ကို ကောက်ကိုင်လိုက်သည်။ စာအုပ်ထောင့်စွန်းများက အတော်နွမ်းသည်။ ချင်ယွမ်ဟောင် သေချာဖတ်ရှုထားဟန်ရှိသည်။

“နည်းလမ်း ၁။ အကြီးအကဲ၏ မိသားစုဝင်ဖြစ်အောင်လုပ်ပါ။ အသက်အရွယ်နှင့် စွမ်းဆောင်ရည်ကို ချင့်ချိန်ပြီး သင့်အကြီးအကဲကို သို့မဟုတ် သူတို့သားသမီးများကို ပစ်မှတ်ထားပါ”

ချင်ယွမ်ဟောင်၏ မှတ်စု - ဂိုဏ်းခေါင်းဆောင်သည် မျက်နှာဖုံးစွပ်ကို ဘယ်တော့မှမချွတ်။ အသက်အရွယ်၊ ကျားမ၊ ခွဲခြားမသိနိုင်။ ချဉ်းကပ်မရ၊ လက်ထပ်၍မရ။

“နည်းလမ်း ၂ - ရတနာတစ်ခု လက်ဆောင်ပေးပါ။ ထင်ပေါ်လွန်းသည့် လက်ဆောင်များပေးလျှင် ကြွားဝါသည့်သဘောမျိုး သက်ရောက်သွားနိုင်သည်။ ဖြစ်နိုင်ခြေတော့နည်းပါသည်။ ခပ်လျှိုလျှိုဖြင့် တန်ဖိုးကြီးလက်ဆောင်များ အကြီးအကဲကို ပေးပါ”

ချင်ယွမ်ဟောင်မှတ်စု - ဂိုဏ်းခေါင်းဆောင်အတွက် ကျောက်စိမ်းကုလားထိုင်တစ်ခု ငွေချေးပြီး ဝယ်ခဲ့။ အလုပ်ဖြစ်မည်ဟု မျှော်လင့်။

“နည်းလမ်း ၃ - သူစိတ်ဝင်စားသည့်အရာများကို လေ့လာပါ။ အကြီးအကဲ၏ ဝါသနာများကို သေချာလေ့လာပြီး သင်ကိုယ်တိုင် ထိုဝါသနာမျိုး ပြုစုပျိုးထောင်ပါ”

ချင်ယွမ်ဟောင်မှတ်စု - ခေါင်းဆောင်က ငါးမျှားဝါသနာပါသည်။ သူနှင့်အတူ မြစ်ဘေးတွင် ငါးသွားမျှားသည်။ ကျုပ်က သူ့ထက် ငါးပိုရသည်။ ကျုပ်စွမ်းရည်ကို သူမနာလိုမဖြစ်ဖို့ မျှော်လင့်ပါသည်။

“နည်းလမ်း ၄ - .......”

“နည်းလမ်း ၅ - ...........”

ချင်ယွမ်ဟောင်သည် ဂိုဏ်းခေါင်းဆောင်သဘောကျအောင် ကြိုးစားရာတွင် အတော်ဇွဲကောင်းသည်။ သိပ်တော့ မအောင်မြင်။

“နတ်ဆိုးဂိုဏ်းတွင်းမှာလည်း အတော်ခက်ခဲကြမ်းတမ်းတဲ့ပုံပဲ”

လုယန် ခပ်ညှင်းညှင်းရယ်၍ မှတ်ချက်ပေးသည်။

ချင်ယွမ်ဟောင်၏ မှတ်စုများကြောင့် ဂိုဏ်းခေါင်းဆောင်နှင့် ဂိုဏ်းထိန်းများအကြောင်း လုယန် အကြမ်းဖျင်း နားလည်လာသည်။

“ယန်ကျန်းဂိုဏ်းမှာ ရာထူးအစဉ်အလိုက် အောက်ကနေအထက်ကိုသွားရင် သာမန်ဂိုဏ်းဝင်ရယ်၊ ဂိုဏ်းထိန်းတွေရယ်၊ ဂိုဏ်းခေါင်းဆောင်ရယ်ရှိတယ်။ သာမန်ဂိုဏ်းသားတွေ အများကြီးရှိတယ်။ ချီစုစည်းခြင်းအဆင့်ကနေ အခြေတည်အဆင့်ထိရှိမယ်။ သူတို့က ထာဝရအရှင်ရဲ့ လျှို့ဝှက်ချက်တွေကို သိခွင့်ရဖို့မလွယ်ဘူး။

“အကဲဖြတ်စမ်းသပ်ချက်တစ်ခုကို ကျော်ဖြတ်ပြီးမှ အခြေတည်အဆင့်လူတစ်ယောက်ဟာ ဂိုဏ်းထိန်းဖြစ်နိုင်တယ်။ ယန်ကျန်းနယ်မှာ ဂိုဏ်းထိန်း ဆယ့်နှစ်ယောက်ရှိတယ်။ အခု ချင်ယွမ်ဟောင် သေပြီဆိုတော့ ဆယ့်တစ်ယောက်ပဲ ကျန်မယ်။

“ဂိုဏ်းခွဲခေါင်းဆောင်ရဲ့ သရုပ်မှန်ကို မသိရဘူး။ ရွှေသန္ဓေအဆင့်ကို ဘယ်အတိုင်းအတာရောက်နေပြီလဲ သေချာမသိဘူး။ ငါးမျှားဝါသနာပါတယ်”

ထို့အပြင် ပြန့်ကျဲနေသည့် ဝိညာဉ်‌ကျောက်တစ်ချို့နှင့် တော်ဝင်လမ်းနှင့် မကိုက်ညီသည့်‌ မှော်ပညာတစ်ချို့လည်း တွေ့ရသည်။ စိတ်ညှို့ပညာ၊ အိပ်ခန်းဝင်ပညာ စသဖြင့်ရှိသည်။ ဘာမှတန်ဖိုးမရှိ။

“သွားစို့။ နောက်ကိုးရင်ကြာရင် ကျင်းပမယ့် နတ်ဆိုးဂိုဏ်းရဲ့ လူရွေးပွဲအတွက် ပြင်ဆင်ဖို့ အချိန်ကျပြီ”

...................

ယန်ကျန်းကောင်တီနယ်စပ်တွင် ကျင့်ကြံသူပေါင်းများစွာ စကားလုံးဝမပြောဘဲ တောနက်ထဲ ဖြတ်သန်းလာသည်။ အေးစက်စက်သူတို့မျက်နှာများပေါ်တွင် နေပျောက်နှင့်အရိပ်တို့ထိုးကျနေသဖြင့် ခြောက်ခြားစရာဖြစ်နေသည်။

တစ်ယောက်နှင့်တစ်ယောက် ခပ်ခွာခွာနေကြသည်။ ပတ်ဝန်းကျင်ကို သတိမပြတ် စောင့်ကြည့်နေသည်။ တစ်ဘက်က လှုပ်ရှားမည့်အရိပ်မြင်သည်နှင့် ချက်ချင်းတိုက်ခိုက်၍ ပြိုင်ပွဲဝင်အရေအတွက် လျှော့ချရန် အသင့်ပြင်ထားသည်။

အားလုံးက သတင်းလမ်းကြောင်းအမျိုးမျိုးမှ နတ်ဆိုးဂိုဏ်းလူရွေးပွဲအကြောင်း ကြားသိပြီး ယန်ကျန်းသို့ ကြိုတင်ရောက်လာကြသည့် ဂိုဏ်းမဲ့ကျင့်ကြံသူများဖြစ်သည်။

တော်ဝင်လမ်း၏ ဖိနှိပ်မှုကြောင့် သူတို့ကျက်စားရာနေရာများ တဖြေးဖြေးကျုံ့လာသည်။ နောက်ထပ် အထောက်အပံ့များရရန် အဖွဲ့ကြီးတစ်ခုသို့ သူတို့ဝင်ရမည်။ ယန်ကျန်းဂိုဏ်းခွဲသည် သူတို့၏ အဓိကပစ်မှတ်ဖြစ်သည်။

အရင်က နတ်ဆိုးဂိုဏ်းသို့ဝင်လျှင် ဂိုဏ်းထိန်းတစ်ယောက်၏ ထောက်ခံမှုလိုသည်။ ထို့ကြောင့် ဂိုဏ်းထိန်းတစ်ယောက်ယောက်ကို လာယ်ထိုးရသည်။

ဤတစ်ကြိမ်က မတူတော့။ အားလုံးအခွင့်အရေးရှိသည်။ နှစ်သုံးဆယ်တွင်တစ်ကြိမ်သာရသည့် နတ်ဆိုးဂိုဏ်းဝင်ရောက်နိုင်မည့် အခွင့်အရေးဖြစ်သည်။

လူရွေးပွဲမစမီ တစ်နာရီအလိုတွင် ဂိုဏ်းမဲ့ကျင့်ကြံသူ အတော်များများရောက်လာကြသည်။

“ကြည့်ပါဦး။ အဲဒါ ချီရှုလုန်မဟုတ်လား။ အိမ်တော်တစ်ခုလုံးကို ညတွင်းချင်းသတ်ခဲ့တာလေ။ ကြွက်တစ်ကောင်တောင် ချမ်းသားမပေးဘူး။ ပြီးတော့ အားလုံးစောင့်ကြည့်နေတဲ့ကြားက သူထွက်သွားတာ”

ဗလတောင့်တောင့် လူတစ်ယောက်ဖြစ်သည်။ လူရိုင်းတစ်ယောက်ကဲ့သို့ အမျိုးအမည်မသိသားရဲတစ်ကောင်၏ ခြေထောက်ရိုးကို ကိုင်ထားသည်။ အသားအရေ ကြေးနီရောင်သန်းနေသည်။ ကြွက်သားများ ဖောင်းကားနေသည်။ လက်မောင်းတွင် အမာရွတ်များရှိသည်။ သူရယ်လျှင် ဝံပုလွေကဲ့သို့ သွားချွန်များ ပေါ်လာသည်။

ချီရှုလုန်သည် ကြမ်းတမ်းရက်စက်သည့် သူ့လုပ်ရပ်များကြောင်း ဂိုဏ်းမဲ့ကျင့်ကြံသူများကြားတွင် နာမည်ကျော်သည်။ တိုက်ပွဲများစွာကို ရှင်သန်ကျော်လွှားခဲ့သည်။ တိုက်ရင်းခိုက်ရင်းမှာပင် အဆင့်တက်ခဲ့သည်။ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်နှင့် သက်လုံကောင်းမှုကြောင့် နာမည်ကျော်သည်။

“ချီရှုလုံ၊ မင်းဒီကိုရောက်လာမယ်လို့ ထင်မထားဘူး”

ယပ်တောင်ကိုင်ထားသည့် စာပေသမားတစ်ယောက်က ချီရှုလုံကို ခနိုးခနဲ့စနောက်သည်။

ချီရှုလုံက နှာခေါင်းတစ်ချက်ရှုံ့၍

“ဟား..ရှန်ကျင်းယိ၊ မင်းလိုစာပေသမားတောင် ကျောင်းမှာစာမသင်ဘဲ ဒီကိုရောက်လာတယ်ပေါ့။ ဒီမှာတော့ မင်းဘယ်သူ့ကိုမှ ဆရာလုပ်လို့မရဘူးကွ”

“ဘာရယ်၊ သူက ကျောင်းမှာ လူသတ်နည်းကိုအဓိကထားပြီးသင်တယ်ဆိုတဲ့ ရှန်ကျင်းယိလား”

ချီကျူးလုံစကားကြောင့် တစ်ယောက်က နောက်သို့ခြေတစ်လှမ်းဆုတ်သွားပြီး တအံ့တဩ ရေရွတ်လိုက်သည်။

မှန်သည်။ ရှန်ကျင်းယိသည် ဆရာတစ်ယောက်ဖြစ်သည်။ သို့သော် ဂန္တဝင်ကွန်ဖြူးရှပ်ဝါဒများကို မသင်။ အဆင့်မြင့်လုပ်ကြံသတ်ဖြတ်နည်းများကို သင်ကြားသူဖြစ်သည်။

လူသတ်သမားများစွာကို သူလေ့ကျင့်သင်ကြားပေးခဲ့သည်။ ဂိုဏ်းမဲ့ကျင့်ကြံသူများကြားတွင် ကြောက်လန့်ရသည့် လူတစ်ယောက်ဖြစ်လာသည်။

ရှန်ကျင်းယိမျက်နှာက ပြုံးရွှင်နေပြီး ခန္ဓာကိုယ်အားနည်းသရောင်ရှိသော်လည်း သူ့ဒေါသကို သွားဆွလျှင် ဘာမှန်းမသိလိုက်ဘဲ သေသွားနိုင်သည်။

“လုပ်ကြံရေးသမားတွေလား။ မျက်နှာမပြရဲတဲ့ ငကြောက်အုပ်စုပါကွာ”

ကြီးမားသည့် ဓားပြားတစ်လက်ကိုင်ထားသူတစ်ယောက်က လှောင်ပြုံးပြုံးသည်။ လူသတ်သမား ရှန်ကျင်းယိကို အရေးမစိုက်။

ရှန်ကျင်းယိ ခွန်းတုံ့ပြန်ပြောရန်ပြင်သည်။ သို့သော် ဓားသမားမျက်နှာကို မြင်ပြီးနောက် စကားလုံးများကို ပြန်မျိုချ၍ အံတင်းတင်းကြိတ်လိုက်သည်။

“ယိကျန်ဟုန်”

“မင်းအဘိုးကို ဘာလို့ခေါ်နေတာလဲကွ”

ရှန်ကျင်းယိ၏ လူသတ်ရိပ်ပြည့်နေသည့်အကြည့်ကို အရေးမစိုက်ဘဲ ယိကျန်ဟုန်က မခိုးမခန့် ပြန်ပြောသည်။

ဂိုဏ်းမဲ့ကျင့်ကြံသူများ မျက်လုံးပြူးသွားကြသည်။ ထိုလူသုံးယောက်လုံး မြေအောက်လောကမှ နာမည်ကျော်များဖြစ်သည်။ ယိကျန်ဟုန်ကို တစ်မီတာအတွင်း သွေးစုပ်နိုင်သူဟု သိကြသည်။ အနီးကပ်တိုက်ခိုက်ရာတွင် ပြိုင်ဘက်ကင်းသည်ဟု နာမည်ကြီးသည်။ ပုံရိပ်ရွှေသန္ဓေအဆင့် စွမ်းအားရှင်များပင် သူနှင့်ရင်ဆိုင်ဖို့ လက်တွန့်ကြသည်။

သူတို့သုံးယောက်အပြင် များစွာသောနာမည်ကျော်လူဆိုးများလည်း ရောက်လာကြသည်။ ဘယ်သူမှ သူတို့နှင့် သွားမရှုပ်ရဲ။ တိုက်ခိုက်သတ်ဖြတ်ခံရမည်ကို ကြောက်ကြသည်။

ထိုလူဆိုးကြီးများ စုဝေးရောက်လာသဖြင့် ကျင့်စဉ်စွမ်းအားနိမ့်သူများ ခပ်ဝေးဝေးနေရသည်။ ကြောက်လွန်းသဖြင့် စကားပင်ကျယ်ကျယ်မပြောရဲကြ။

ရုတ်တရက် လူသုံးယောက် ပေါ်လာသည်။ အားလုံးအာရုံစိုက်မိကြသည်။ ဓားသမားတစ်ယောက်က အလယ်မှလျှောက်သည်။ စာပေသမားက ဘယ်ဘက်၊ အပြုံးမျက်နှာနှင့်လူက ညာဘက်မှလျှောက်လာသည်။ ရူးချင်စရာကောင်းလှသည်။

ထိုသုံးယောက်က စကားမပြောဘဲ ရှေ့ကိုသာကြည့်နေသည်။ ဘေးပတ်လည်မှ ဂိုဏ်းမဲ့ကျင့်ကြံသူများကို အရေးမစိုက်။ မယုံနိုင်လောက်အောင် အားကောင်းသည့် စွမ်းအင်ရောင်မျိုး ထွက်ပေါ်နေသည်။

“ဘယ်သူတွေလဲ။ သူတို့ကို မင်းသိလား”

“မသိဘူး။ ဒါပေမယ့် ထင်ရှားတဲ့လူတွေဖြစ်လောက်တယ်”

ထိုသုံးယောက် လူအုပ်ကိုဖြတ်၍ ရှေ့သို့ တည့်တည့်လျှောက်သွားကြသည်။ “မသေမျိုးလမ်းစဉ်မှမသေမျိုး”နှင့်ပတ်သက်သည့် အကြောင်းအရာတစ်ခုကို ခပ်တိုးတိုးပြောနေသည်။ ထို့နောက် ကျောက်နံရံတစ်ဘက်မှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သယောင်ရှိသည်။ သို့သော် အမှန်တော့ ကျောက်စိမ်းတံဆိပ်တစ်ခုထဲမှ ထုတ်လိုက်ခြင်းဖြစ်သည်။

ချီရှုလုန်နှင့်တစ်ခြားဂိုဏ်းမဲ့ကျင့်ကြံသူများ အတွေးနက်သွားသည်။

“သူတို့က ကျောက်နံရံကိုဖွင့်နိုင်တယ်ဆိုတော့ နတ်ဆိုးဂိုဏ်းကလူတွေပဲဖြစ်မယ်”

“အဟမ်း...အဟမ်း...”

အားလုံးငြိမ်သွားပြီးနောက် ဓားသမားက အားလုံးအာရုံစိုက်လာအောင် ‌ချောင်းနှစ်ချက်ဆိုးလိုက်သည်။

“ငါ့နာမည် လုယန်ပါ။ ဒါက မုန်ကျင်းကျိုးနဲ့ အရိုးရိုင်းပါ။ ငါတို့က ဒီလူရွေးပွဲရဲ့ အကဲဖြတ်ဒိုင်တွေပဲ။ ထာဝရဂိုဏ်းရဲ့ တပည့်သစ်ရွေးပွဲ အခုစပြီ။ တန်းပြိး မင်းတို့ရဲ့ ကိုယ်ရေးအချက်တွေ အစီရင်ခံပါ”

*********************************************

All Chapters