ဂိုဏ်းကောင်းကျိုးကို မျှော်ကိုးပါသည်
Vol. 5 Ch. 67
တစ်ဂိုဏ်းလုံးတွင် ကျင့်စဉ်စွမ်းအားအမြင့်ဆုံးခေါင်းဆောင်ဖြစ်သည်။ ဂိုဏ်း၏ဌာနချုပ်များတွင် စနစ်တကျလေ့ကျင့်ရေးဆင်းခဲ့သည်။ နတ်ဆိုးလမ်းစဉ်၏ အနှစ်သာရအစစ်ကို သင်ယူခဲ့သည်။ သူမမြင်ဖူးသည့်မြင်ကွင်းဟူ၍ ရှားသည်။
သို့သော် ဤမြင်ကွင်းမျိုးတော့ သူတကယ်မမြင်ဖူး။
ဂိုဏ်းထိန်းများက သူ့သက်သာစေရန် ကြိုတင်ပြင်ဆင်ပေးခြင်းဖြစ်လျှင် သူနားလည်နိုင်သည်။ စိတ်သက်သာရာပင်ရဦးမည်။
သို့သော် ထိုသုံးယောက်က ဘာမှန်းမသိ။ ဘယ်ကပေါ်လာမှန်းမသိ။
ပြဿနာကိုအဖြေထုတ်၍ သူစဉ်းစားနေသည်။ သူ့အကြည့်က အေးစက်တင်းမာနေသည်။ အကဲဖြတ်ဒိုင်အယောင်ဆောင်ထားသည့် ဤသုံးယောက်က ပြိုင်ပွဲဝင်များကို ကြိုတင်၍ထုတ်ပယ်နေသည်။
“အတော်ဉာဏ်ပြေးတဲ့ကောင်တွေပဲ”
ခေါင်းဆောင်က အံကြိတ်ငပြောသည်။
လုယန်က ခြေထောက်နှစ်ဘက်ကို စားပွဲပေါ်တင်ထားသည်။
“မင်းက ငါတို့ကိုလာယ်မထိုးဘဲနဲ့ ဂိုဏ်းဝင်ခွင့်ရမယ်ထင်နေတယ်ပေါ့။...နောက်တစ်ယောက်”
နောက်တစ်ယောက်က ရိုရိုသေသေဖြင့် ဒိုင်သုံးယောက်ကို ဝိညာဉ်ကျောက်တုံးများပေးသည်။ မုန်ကျင်းကျိုးက မလုံလောက်သေးဟု ယူဆသည်။
“မင်း နတ်ဆိုးဂိုဏ်းကို ဝင်ဖူးတဲ့အတွေ့အကြုံရှိလား”
“မရှိပါဘူးခင်ဗျ”
“အိုး..ဆောရီးပါ။ အတွေ့အကြုံမရှိတဲ့လူတွေကို ငါတို့လက်မခံဘူး။ သွားလို့ရပြီ”
“...”
လူသစ်စိတ်ထဲ၌ ထိုဒိုင်များ၏မျက်နှာတွင် “ငါတို့လူမရွေးဘူး”ဟု စာတန်းကပ်ထားသယောင် ခံစားရသည်။
ဂီုဏ်းခေါင်းဆောင်က သူတို့သုံးယောက်နောက်တွင် သရဲတစ်ကောင်လိုပေါ်လာသည်။ သူ့ဝင်သက်ထွက်သက်က ရွှေသန္ဓေအဆင့်စွမ်းအင်ရောင်များ ထင်ရှားစွာပေါ်နေသည်။
“မင်းတို့သုံးယောက် အတော်သတ္တိကောင်းတာပဲ။ အကဲဖြတ်ဒိုင်တွေလို ဟန်ဆောင်နေတယ်ပေါ့”
သူထိုထက်နောက်ကျမှ ရောက်လာလျှင် လူအားလုံးကုန်တော့မည်။
လုယန် နံရံမှ အမြန်ခွာ၍ ချက်ချင်းပြန်ပြောသည်။
“ခေါင်းဆောင် နားလည်မှုလွဲနေပါပြီ။ ကျုပ်တို့စိတ်ထဲမှာ နတ်ဆိုးဂိုဏ်းရဲ့အကျိုးအတွက်ပဲ စဉ်းစားတာပါ”
ဂိုဏ်းခေါင်းဆောင် ဒေါသထွက်လွန်းသဖြင့် အော်ရယ်လိုက်သည်။
“ဪ၊ ဟုတ်လား။ ဒါဆိုပြောစမ်းပါဦး။ နတ်ဆိုးဂိုဏ်းရဲ့ကောင်းကျိုးအတွက် မင်းတို့ဘယ်လိုများ စဉ်းစားနေတာလဲ”
“စဉ်းစားကြည့်ပါခေါင်းဆောင်။ နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူတွေဟာ အမြဲတမ်း သံသယစိတ်ထားပြီး ဆင်ခြင်သုံးသပ်ရပါမယ်။ တစ်ခြားလူတွေကို အလွယ်တကူ မယုံကြည်သင့်ပါဘူး။ ဒါပေမယ့် ဒီလူတွေကိုကြည့်လိုက်ပါ။ ကျုပ်တို့ ဒီမှာထိုင်လိုက်တာနဲ့ ဘာမှမစဉ်းစားပဲ ကျုပ်တို့ကို အကဲဖြတ်ဒိုင်တွေလို့ ယုံကြည်သွားတယ်။ ဒီလောက်တုံးအနေရင် တစ်ခြားလူတွေက သူတို့ကို လွယ်လွယ်လေးလှည့်စားသွားမှာပေါ့။ တကယ်လို့ လမ်းမှန်ဂိုဏ်းက ပါးနပ်တဲ့လူတွေနဲ့တွေ့ရင် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် အရူးလုပ်သွားမှာပါ။
ပြီးတော့ လမ်းမှန်ဂိုဏ်းကကျင့်ကြံသူတွေပဲ ပြောသမျှစကားကို ယုံကြတာပါ။ ဒီလူတွေထဲမှာ လမ်းမှန်ဂိုဏ်းက သူလျှိုတွေ ပါနေသလားလို့တောင် ကျုပ်သံသယဖြစ်မိပါတယ်။ အဲလိုလူတွေစိမ့်ဝင်မလာနိုင်အောင် သူတို့နောက်ခံကို သေချာစစ်ဆေးသင့်ပါတယ်ခေါင်းဆောင်”
ထိုသို့ပြောရင်း လုယန်က လူရွေးပွဲဝင်လာသူများကို သင်္ကာမကင်းဟန်ဖြင့် ကြည့်နေသည်။
စိတ်အားထက်သန်သည့် သူ့အမူအရာက ဂိုဏ်းခေါင်းဆောင်၏အကျိုးအတွက် အပြည့်အဝစိတ်နှစ်ထားဟန်ရှိသည်။
ဂိုဏ်းခေါင်းဆောင် မျက်နှာနည်းနည်းပျော့သွားသည်။
မုန်ကျင်းကျိုးက လုယန်ထက်ပင် ရိုးသားသေးသည်။ သူ့စကားလုံးများက စိတ်ရင်းနှင့်ပြောမှန်း သိသာသည်။
“ပြီးတော့ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်အကျိုးကိုပဲ ကြည့်ကြတဲ့ နတ်ဆိုးလမ်းကျင့်ကြံသူတွေအနေနဲ့ ဒီလောက်လူအများကြီးရောက်လာတဲ့ လူရွေးပွဲမှာ ကျုပ်တို့ရဲ့ ပြိုင်ဘက်အရေအတွက်ကို လျှော့ချတာ သဘာဝပါပဲ။ သူတို့အ,လို့ အလိမ်ခံရတာ ဘယ်သူ့ကို အပြစ်တင်လို့ရမှာလဲ။ သူများတွေကို လှည့်စားတဲ့နေရာမှာ သူတို့အတွေ့အကြုံနည်းသေးလို့ပဲလေ”
ဂိုဏ်းခေါင်းဆောင်မျက်နှာ ပြေလျော့သွားသည်။ သူတို့နှစ်ယောက်စကားထဲမှ ရိုးသားမှုကို ခံစားမိသည်။
မှန်သည်။ နတ်ဆိုးလမ်းစဉ်သမားများသည် ဥပဒေမဲ့သည်။ အစွန်းရောက်သည်။ သူနတ်ဆိုးဂိုဏ်းကိုစဝင်စဉ်ကလည်း စာအုပ်ထဲမှနည်းလမ်းအားလုံးသုံး၍ အထက်လူကြီးများ သဘောကျအောင်လုပ်ခဲ့သဖြင့် ယနေ့လိုရာထူးမျိုး ရလာခြင်းဖြစ်သည်။
ထိုသုံးယောက်လုပ်ရပ်က သူ့ထက်ပင်သာသေးသည်။
အရိုးရိုင်းပြောသည့်စကားက အပွင့်လင်းဆုံးဖြစ်သည်။
“ကျုပ်တို့ နတ်ဆိုးဂိုဏ်းကို တကယ်ဝင်ချင်တယ်။ ကောင်းတာတစ်ခုမှမလုပ်ဘူးလို့ ကတိပေးပါတယ်”
ဂိုဏ်းခေါင်းဆောင် ခေါင်းတစ်ချက်ငြိမ့်သည်။ ထိုသုံးယောက်လည်း အထက်လူကြီးများ မျက်နှာသာပေးမှုကို ခံရလောက်သည်။ ယန်ကျန်းဂိုဏ်းခွဲ တိုးတက်မြင့်မားလာနိုင်သည်။
ကျန်သည့်လူများအားလုံး လုယန်တို့သုံးယောက်ကို ဘုကြည့်ကြည့်နေသည်။ သူတို့အားလုံးသည် ကျင့်ကြံသူလောကတွင် ပြဿနာကောင်များ၊ လူမိုက်များ၊ လူလိမ်များဟု နာမည်ကျော်သည်။ သို့သော်ဘယ်သူမှ ဗြောင်ကျကျ လှည့်စားခဲ့သည့် ထိုသုံးယောက်လောက် မျက်နှာမပြောင်ကြ။
ဂိုဏ်းခေါင်းဆောင်သာမရှိလျှင် ချက်ချင်းပြေးတက်၍ ထိုသုံးယောက် အမှုန့်ချေပစ်ကြမည်သာဖြစ်သည်။
ဂိုဏ်းခေါင်းဆောင်က သူတို့အတွေးများကို အရေးမစိုက်။ ခပ်ညံ့ညံ့လူတစ်စုသည် ဤသုံးယောက်၏တန်ဖိုးနှင့် ယှဉ်၍မရ။
“မင်းတို့ကျင့်စဉ်အဆင့်ကဘာလဲ”
လုယန် လေးလေးစားစားပြန်ဖြေသည်။
“ကျုပ်တို့အားလုံး အခြေတည်အစောပိုင်းအဆင့်တွေပါ။ ကျုပ်တို့ညီအကိုသုံးယောက် လွန်ခဲ့တဲ့တစ်လက ရပ်ဝေးကနေ ယန်ကျန်းကောင်တီကို ရောက်တယ်။ မထင်မှတ်ဘဲ နတ်ဆိုးဂိုဏ်း လူသစ်စုနေတယ်ကြားလို့ ကံစမ်းကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်တွေများလွန်းနေလို့ ဒီဗျူဟာလေး စိတ်ကူးမိကြတာပါ”
“သိပ်ကောင်းတယ်”
ဂိုဏ်းခေါင်းဆောင် သူတို့ကိုကြည့်လေ ပိုသဘောကျလေ ဖြစ်လာသည်။ အလားလာကောင်းသည့် ပါရမီရှင်များဖြစ်သည်။ အားလုံးက သူအောင်မြင်မှုအတွက် အထောက်အကူဖြစ်နိုင်သည်။
အစောပိုင်းက သူလက်တစ်ဘက်ဝှေ့ယမ်းခဲ့သည်။ သာမန်အခြေတည်အစောပိုင်းအဆင့်များဆိုလျှင် ဒဏ်ရာရသွားမည်။ သို့သော် ထိုသုံးယောက်က ဘာမှမဖြစ်။ ရွယ်တူတန်းတူများထက် ပို၍ထူးခြားသည့်စွမ်းအားမျိုး ပိုင်ဆိုင်ထားကြောင်း သက်သေခံနေသည်။
ထိုသုံးယောက် စမ်းသပ်မှုများကို ကောင်းကောင်းဖြတ်ကျော်နိုင်လျှင် ဘာမှမေးမြန်းမနေဘဲ ဂိုဏ်းထိန်းရာထူး တန်းပေးရန် ဆုံးဖြတ်လိုက်သည်။
လုယန် ပယ်ထုတ်လိုက်သည့်လူများ တဖြေးဖြေး ပြန်ရောက်လာသည်။ ဂိုဏ်းခေါင်းဆောင် ပြန်ခေါ်လိုက်သည်။
ထိုလူများက လုယန်ကို ပို၍ပင်မုန်းတီးလာသည်။ ယခုချိန် သူတို့ကိုသတ်လိုက်လျှင် နာကျည်းသရဲဘဝ ချက်ချင်းရောက်သွားလောက်သည်ဟု လုယန်တွေးမိသည်။
ဂိုဏ်းခေါင်းဆောင် ကျောက်နံရံကို ပြန်ဖွင့်ပြီးနောက် အားလုံးကိုပြောသည်။
“ဝင်ခဲ့ကြပါ”
ကျောက်နံရံနောက်တွင် ကျယ်ပြန်မှုန်မှိုင်းသည့် နေရာတစ်ခုရှိသည်။ သံကြိုးဖြင့်ဆက်ထားသည့် ကျောက်တုံးကြီးများ လေထဲတွင် ရှိနေသည်။ အတော်ထထူးဆန်းသည့် မြင်ကွင်းဖြစ်သည်။
လုယန်ခန့်မှန်းချက် မှန်သည်။ ယန်ကျန်းဂိုဏ်းခွဲက ကောင်းကင်ဂူတစ်ခုထဲတွင် ရှိနေသည်။
သူတို့သုံးယောက်အပေါ် ဂိုဏ်းခေါင်းဆောင်သဘောထားက တစ်ခြားလူများနှင့် ကွဲပြားမှန်းသိသာသည်။
“ပြိုင်ဘက်တွေကိုရှင်းထုတ်ဖို့ ကြိုးစားတဲ့ မင်းတို့စိတ်ကူးက ကောင်းပါတယ်။ မင်းတို့လုပ်ခဲ့တာကလည်း ထူးခြားတယ်။ ဒါပေမယ့် မင်းတို့ အစကတည်းကမှားနေတယ်။ ဒီလူတွေကိုရှင်းထုတ်ပြီး မင်းတို့သုံးယောက်ထဲ စမ်းသပ်ပွဲဝင်မယ်ဆိုရင်တောင် မင်းတို့အောင်မယ်လို့ သေချာပြောလို့မရသေးဘူး”
“ဘာကိုဆိုလိုတာလဲ”
လုယန်တို့သုံးယောက် တွေးရခက်သွားသည်။
ဂိုဏ်းခေါင်းဆောင် သူ့မျက်နှာဖုံးအောက်တွင် ပြုံးနေသည်။ ကျောက်တုံးပျံတစ်ခုပေါ် တက်လိုက်သည်။ ပြိုင်ပွဲဝင်အားလုံးကို အကြီးဆုံးကျောက်တုံးပေါ်သို့ ဦးဆောင်ခေါ်သွားသည်။
ကျောက်သားစင်မြင့်တစ်ခုဖြစ်သည်။ ရှုပ်ထွေးဆန်းပြားသည့် အမှတ်အသားများ မျက်နှာပြင်ပေါ်တွင် ပုံဖော်ထားသည်။ သက်တမ်းရင့်ကျောက်တိုင်ကြီးလေးခု ထောင့်လေးထောင့်တွင် ရှိနေသည်။ ဝတ်ရုံနက်ဝတ်ထားသည့် ဂိုဏ်းထိန်းဆယ့်တစ်ယောက်က ကျောက်သားစင်မြင့်အစွန်တွင် နေရာကိုယ်စီယူထားသည်။
“လူဖြန့်ပြီး ထိုင်ပါ။ စိတ်ကိုလျှော့ထားပါ”
လူအားလုံး ညွှန်ကြားသည့်အတိုင်း လုပ်ကြသည်။ ဂိုဏ်းခေါင်းဆောင် စင်မြင့်အလယ်သို့သွားသည်။ သူ့ဦးခေါင်းအထက် လေထဲတွင် မှော်သင်္ကေတများတွင်းထုထားသည့် အစိမ်းရောင်ကျောက်တုံးတစ်ခု ရှိနေသည်။
ဂိုဏ်းခေါင်းဆောင်က ထိုကျောက်တုံးထဲသို့ ဝိညာဉ်စွမ်းအင် ပို့လွှတ်လိုက်သည်။ သူ့ခြေထောက်အောက် ကျောက်သားမျက်နှာပြင်မှ မှော်စက်ဝန်းအသက်ဝင်၍ စတင်လည်ပတ်လာသည်။ ပြန့်ကားဆန့်ထွက်လာသည်။ ထို့နောက် စင်မြင့်တစ်ခုလုံး ချက်ချင်းဖုံးလွှမ်းသွားသည်။
သားရဲတစ်ကောင် နိုးထလာသကဲ့သို့ ကျောက်သားစင်မြင့်က ရှေးခေတ်စွမ်းအားတစ်မျိုးဖြင့် အားလုံးကို လေဟာနယ်တစ်ခုသို့ ခေါ်ဆောင်သွားသည်။
အဖြူရောင်လေဟာနယ်တွင် အရိပ်နှင့်တူသည့် သဏ္ဌာန်များ ရပ်နေသည်။ သဲသဲကွဲကွဲမမြင်ရ။ ဘာတွေဖြစ်သွားသည်ကို ဘယ်သူမှနားမလည်ကြ။
ထိုအဖြူရောင်လေဟာနယ်ကိုကြည့် တစ်ချိန်က ကြုံဖူးသလို တိုဟူးမသေမျိုးသခင် လူအုပ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာလေမလားဟု လုယန်တွေးနေမိသည်။
မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ သူ့ဘေးတွင်မရှိတော့ဘဲ လူစိမ်းများသာရှိနေကြောင်း လုယန်သတိထားမိလိုက်သည်။
“အကိုကဘယ်ကလဲ”
လုယန် ရင်းရင်းနှီးနှီးလေသံဖြင့် မေးလိုက်သည်။ သို့သော် ထိုလူက သိပ်ဖော်ရွေဟန်မရှိ။ သို့သော် ပြန်မဖြေလျှင် ရိုင်းရာကျမည်ဟု ယူဆဟန်ရှိသည်။
“ဟွမ်ယွဲ့မြို့တော်ကပါ”
နောက်ထပ်သုံးလေးယောက် လုယန်ဆက်မေးသည်။ နတ်ဆိုးဂိုဏ်းစခန်းများအခြေစိုက်သည့် နေရာစုံမှ ရောက်လာသူများဖြစ်ကြောင်း သိလိုက်ရသည်။ အားလုံးက လေဟာနယ် မှော်စက်ဝန်းကြီးတစ်ခုဖြင့် ဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။
ဂိုဏ်းခေါင်းဆောင်၏ ရည်ရွယ်ချက်ကို လုယန် အကြမ်းဖျင်းနားလည်လိုက်သည်။ ဤလူရွေးပွဲသည် ဂိုဏ်းစခန်းတစ်ခုစီ လုပ်ဆောင်ခြင်းမဟုတ်နိုင်။ ဌာနချုပ်များမှ စီစဉ်ခြင်းဖြစ်မည်။ နတ်ဆိုးလမ်းစဉ် ဂိုဏ်းမဲ့ကျင့်ကြံသူများအားလုံး တစ်ပြိုင်တည်းစုစည်း၍ ကျင်းပခြင်းဖြစ်မည်။
“ကြယ်တာရာပုံရိပ်လို ခံစားရတယ်။ ဒါပေမယ့် သိပ်မတူဘူး”
လုယန်သူ့ဘာသာရေရွတ်လိုက်သည်။ ယခု သယ်ဆောင်လာသည်က သူတို့ရုပ်ခန္ဓာမဟုတ်ဘဲ သိစိတ်ဝိညာဉ်ဖြစ်နေသလို ခံစားရသည်။
“စိတ်ဝင်စားစရာပဲ။ စီနီယာအမက ဒါကို....”
လုယန် ချက်ချင်းအတွေးရပ်လိုက်သည်။ ယခု သူတိုအားလုံး သိစိတ်ဝိညာဉ်ပုံစံဖြင့် ရှိနေလျှင် သူ့အတွေးကို အာရုံခံနိုင်သည့်နည်းလမ်းများ နတ်ဆိုးဂိုဏ်းတွင် ရှိကောင်းရှိနိုင်သည်။
သတိထားသည်က ပိုကောင်းသည်။
ရုတ်တရက် လေဟာနယ်တစ်ခုလုံး အရောင်မှိန်သွားသည်။ အဖြူရောင်အလင်းတောက်ပနေသည့် သဏ္ဌာန်တစ်ခု လေထဲတွင်ပေါ်လာသည်။
ထိုသဏ္ဌာန် အတက်အကျမရှိသည့်လေသံဖြင့်ပြောသည်။
“ငါက ထာဝရဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ပဲ။ မင်းတို့အတွက် စမ်းသပ်မှုသုံးခုပြင်ဆင်ထားတယ်။ သုံးခုလုံးဖြတ်ကျော်နိုင်ရင် ငါတို့ဂိုဏ်းကို ဝင်ခွင့်ရမယ်”
********************************************