နည်းမှန်လမ်းမှန်ဖြတ်ကျော်ခြင်း
Vol. 5 Ch. 68
လူအုပ်ကြီး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ထာဝရဂိုဏ်းက ဤလူရွေးပွဲကို ထိုမျှအလေးထားမည်ဟု မထင်ခဲ့ကြ။ ဒုခေါင်းဆောင်ကိုယ်တိုင် ရောက်လာသည်။
နတ်ဆိုးဂိုဏ်းကြီးလေးဂိုဏ်း၏ ဒုဂိုဏ်းချုပ်များသည် အလယ်ပိုင်းတိုက်နယ်တစ်ခွင် ထင်ရှားကျော်ကြားသူများဖြစ်သည်။ ဒုဂိုဏ်းချုပ်တစ်ယောက်ကို မြင်ခွင့်ရခြင်းသည် ကံထူးခြင်းဖြစ်သည်။
သို့သော် လုယန်က သိပ်အရေးမစိုက်။ တာအိုလမ်းစဉ်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်ကို တွေ့ရသည်နှင့် ဘာမှမကွာခြား။ ထိုအဖြစ်မျိုး ပထမဆုံးကြုံဖူးခြင်းမဟုတ်။
“မင်းတို့လက်ရှိအခြေအနေက သိစိတ်ဝိညာဉ်သက်သက်ပဲ။ မင်းတို့ရုပ်ခန္ဓာက မူလနေရာမှာပဲရှိနေတယ်။ စမ်းသပ်ပွဲစတာနဲ့ မင်းတို့ကျင့်စဉ်စွမ်းအားတွေ မှတ်ဉာဏ်တွေ အားလုံးပျောက်သွားမယ်။ အားလုံးတန်းတူ အခြေခံစမှတ်ကို ရောက်မယ်”
ဂိုဏ်းချုပ်ကြီးက ဤစမ်းသပ်ပွဲကို အထူးအလေးထားသည်။ မဟာကပ်ရောက်လာချိန်တွင် အရေးကြီးဆုံးက ပါရမီဖြစ်သည်။
ဧကဝိညာဉ်မြစ်များ၊ မွေးရာပါ မသေမျိုးခန္ဓာများ သို့မဟုတ် နတ်ဆိုးမျိုးစေ့များ ပိုင်ဆိုင်မှသာ တော်ဝင်လမ်းစဉ်သမားများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမည်။
ထို့ကြောင့် ဒုဂိုဏ်းချုပ်က ပါရမီရှင်အစစ်များကို ရွေးချယ်နိုင်ရန် စမ်းသပ်မှုသုံးခုကို သေချာဒီဇိုင်းထွင်ထားသည်။
လိမ်ညာလှည့်စားမှုများ မလုပ်နိုင်စေရန် ဂိုဏ်း၏လျှို့ဝှက်နည်းလမ်းများဖြင့် ပြိုင်ပွဲဝင်များ၏ ကျင့်စဉ်စွမ်းအားနှင့် မှတ်ဉာဏ်များကို ဖျောက်ထားသည်။ ကိုယ်စွမ်းကိုယ်စ အစစ်အမှန်ကိုသာ ထုတ်သုံးခွင့်ပေးသည်။
“ပထမစမ်းသပ်မှု တရားဝင်စလိုက်ပြီ။ စမ်းသပ်မှုအောင်မြင်ဖို့ သတ်မှတ်ချက်က လျန်နိုင်ငံရဲ့စစ်တပ်ကို အနိုင်ယူဖို့ပဲ”
ဒုဂိုဏ်းချုပ်စကားဆုံးသည်နှင့် အားလုံး ဦးခေါင်းများ ချာချာလည်၍ မူးဝေသွားသည်။ အရပ်မျက်နှာကို မခွဲခြားနိုင်တော့။ သူတို့ပြန်အသိဝင်လာချိန်တွင် ဘာကိုမှ မမှတ်မိကြတော့။
..................
“ဒါဘယ်နေရာလဲ”
အရိုးရိုင်း အသိပြန်ဝင်လာသည်။ ခေါင်းထဲတွင် မူးဝေနေဆဲဖြစ်သည်။
တစ်ကိုယ်လုံး ဖရိုဖရဲဖြစ်နေသည်။ ဓားကျိုးတစ်ခုကိုင်ထားသည်။ သူ့သံချပ်ကာပေါ်တွင် သွေးချင်းချင်းနီရဲနေသည်။
ခြေသုံးလေးလှမ်း ယိမ်းယိုင်ပြီး လဲကျမတတ်ဖြစ်သွားသည်။ သို့သော် သူ့သက်တော်စောင့်က ချက်ချင်းသူ့ကို ထိန်းမတ်ပေးသည်။
“တပ်မှူးကြီး၊ ဒီမြင်းပေါ်ကို တက်လိုက်ပါ။ အခု ဂုဏ်သိက္ခာကို စဉ်းစားနေရမယ့်အချိန်မဟုတ်ပါဘူး။ လျန်နိုင်ငံရဲ့တပ်တွေ မီလာပါတော့မယ်”
မြင်းပေါ်တက်၍ ထွက်ပြေးလာရင်း စမ်းသပ်ပွဲအတွက် သတ်မှတ်ထားသည့်မှတ်ဉာဏ်များ အရိုးရိုင်းစိတ်အာရုံသို့ တဖြေးဖြေးဝင်လာသည်။
“လျန်နဲ့ကျင်းဆိုတဲ့ နိုင်ငံတစ်ခုရှိတယ်။ ကမ္ဘာ့ရန်တွေပဲ။ တစ်ယောက်နဲ့တစ်ယောက် အနိုင်ယူဖို့ ကြိုးစားကြတယ်။ ကျင်းနိုင်ငံက လျန်နိုင်ငံလောက် အင်အားမတောင့်တင်းဘူး။ ငါကအခု ကျင်းစစ်သူကြီးပဲ။ ကျင်းတပ်ဖွဲ့တစ်ခုလုံးကို ဦးစီးတယ်။
ငါပေါ့ဆခဲ့လို့ ရန်သူ့ထောင်ချောက်ထဲ ကျခဲ့တယ်။ လူသူအင်အားပြန်စုစည်းပြီး လျန်တပ်ဖွဲ့ကို အနိုင်ရအောင် ပြန်တိုက်ခိုက်ရမယ်”
စမ်းသပ်မှုတစ်ခုဖြစ်သည်ကို အရိုးရိုင်း မေ့သွားသည်။ သူ့ကိုယ်သူ ကျင်းစစ်သူကြီးအဖြစ်သာ မှတ်မိနေသည်။ လျန်ကို အနိုင်တိုက်ခိုက်၍ သူ့နိုင်ငံကိုကာကွယ်ဖို့ ဆုံးဖြတ်ထားသည်။
နောက်ခံသမိုင်းကြောင်းမှတ်ဉာဏ်များအပြင် တိုက်ပွဲအတွေ့အကြုံမှတ်ဉာဏ်များလည်း သူခေါင်းထဲတွင် ပြည့်နေသည်။ ထို့ကြောင် တကယ်ကျင်းစစ်သူကြီးဟုသာ ခံယူထားသည်။
သို့သော် အရိုးရိုင်း ကံမကောင်း။ သူအတွေ့အကြုံကြွယ်ဝသလို လျန်စစ်သူကြီးကလည်း အတွေ့အကြုံများသည်။ သူရှုံးပြီးရင်း ရှုံးခဲ့သည်။
စစ်တပ်ထဲတွင် အရိုးရိုင်းက အရှိန်အဝါကြီးမားသည်။ သူ့စစ်သည်များက သူ့အပေါ် များစွာယုံကြည်အားကိုးကြသည်။ သူတို့ကျင်းတပ်ဖွဲ့ ခဏသာအရေးနိမ့်ခြင်းဖြစ်ပြီး တပ်မှူးကြီးအရိုးရိုင်းက သူတို့ကို အောင်ပွဲဆီသို့ သေချာပေါက်ဦးဆောင်ခေါ်သွားနိုင်မည်ဟု ယုံကြည်ကြသည်။
အရိုးရိုင်း နောက်တတစ်ကြိမ် ထပ်ရှုံးပြန်သည်။ ပင်ကိုယ်စရိုက်ရိုးရှင်းပြီး တိုက်ပွဲအတွေ့အကြုံရှိသော်လည်း သူ့အသိဉာဏ်ကို လွှာ၍မသုံးတတ်။ လျန်စစ်သူကြီးဆင်ထားသည့် ထောင်ချောက်ထဲသို့ အမြဲတမ်းကျသည်။
အရိုးရိုင်း အသက်ကို မောပန်းစွာရှူရှိုက်ရင်း လှိုဏ်ဂူတစ်ခုဆီ ခွေးပြေးဝက်ပြေး ထွက်ပြေးရသည်။ ဤတစ်ကြိမ်ရှုံးသည်က လုံးဝအရှက်ကွဲသည်။ သူ့ဘဝတွင် အဆိုးဝါးဆုံး ရှုံးနိမ့်ခြင်းဖြစ်သည်။
သူ့စစ်သည်များ ယုံကြည်အားကိုးမှုသော်လည်း အထပ်ထပ်ရှုံးနိမ့်ခဲ့ရသည့်အဖြစ်ကို ပြန်စဉ်းစားရင်း သူ့ဓားကျိုးကို ငုံ့ကြည့်သည်။ ကိုယ့်ကိုယ်ကို သတ်သေဖို့ စိတ်ကူးမိသည်။
သူသေလျှင်င် ရှုံးနိမ့်မှုအားလုံးမှ လွတ်မြောက်မည်။ ကျင်းနိုင်ငံနှင့်ပတ်သက်သည့် တာဝန်ဝတ္တရားများလည်း သူနှင့်မဆိုင်တော့။
ရုတ်တရက် ပင့်ကူတစ်ကောင်ကို သူမြင်လိုက်ရသည်။
ပင့်ကူအိမ်ကို ယက်လုပ်နေသည်။ အပြင်ဘက်မှ လေနှင့်မိုးတို့က ပင့်ကူအိမ်ကို အထပ်ထပ်ဖျက်ဆီးသည်။
ပျက်စီးသွားတိုင်း ထိုပင့်ကူက စိတ်ဓာတ်မကျဘဲ အသစ်ပြန်စသည်။ အကြိမ်ကြိမ်ပျက်စီး၍ အကြိမ်ကြိမ်ပြန်ကြိုးစားသည့် ပင့်ကူကိုကြည့်၍ အရိုးရိုင်းအတွေးထဲတွင် အလင်းရောင်တစ်ချက် ပေါ်လာသည်။
“မင်းအောင်မြင်ရမယ်”
ထိုပင့်ကူကို စိုက်ကြည့်ရင်း သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်အရောင်များ တဖြေးဖြေးမြင့်တက်လာသည်။
ထိုပင့်ကူပင် ထိုမျှဇွဲကောင်းလျှင် လူသားဖြစ်သည့်သူ့စိတ်ဓာတ်ခွန်အားက ပင့်ကူထက်တော့ မလျော့သင့်။
ထိုပင့်ကူ အကြိမ်ကြိမ်ပြန်ကြိုးစားပြီးနောက် ပင့်ကူအိမ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။
အရိုးရိုင်းချက်ချင်းခုန်ထလိုက်သည်။ တိုက်ပွဲစိတ်ဓာတ်များ နိုးကြားလာသည်။ ထိုပင့်ကူ အောင်မြင်အောင် လုပ်နိုင်လျှင် သူလည်းလုပ်နိုင်ရမည်။
သူ့ရင်ထဲတွင် အားပြင်းသည့်မီးတောက်တစ်ခု ပေါက်ဖွားလာသည်။ လူသူအင်အားပြန်စုစည်း၍ လျန်စစ်တပ်ကို ပြန်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
သူ့ကိုစိတ်ဓာတ်ခွန်အားပေးခဲ့သည့် ပင့်ကူကို ကျေးဇူးစကားဆိုရန် ပြန်ကြည့်လိုက်သည်။
“ဟာ”
ရုတ်တရက် အသားစားကျိူင်းကောင်(**)တစ်ကောင် ပေါ်လာပြီး ပင့်ကူကို သတ်လိုက်သည်။
(**ကျိုင်းကောင်ဟု လွယ်လွယ်ဘာသာပြန်လိုက်ပါသည်။ ကျွန်တော်တို့ဒေသတွင်“ဓားခုတ်ကောင်”ဟု ခေါ်သည်။ အဘိဓာန်တွင် “ရှိခိုးကောင်”ဟု ပြောသည်။ ပုရစ်လို ခန္ဓာတည်ဆောက်ပုံမျိုးရှိသည့် အစိမ်းရောင်အကောင်ဖြစ်သည်)
(*** ပင့်ကူကိုကြည့်၍ စိတ်ဓာတ်ပြန်နိုးကြားလာသည့် ဘုရင်တစ်ပါး၏ပုံပြင်က ကမ္ဘာကျော် ရိုးရာပုံပြင်ဖြစ်သည်။ ရှေ့အခန်းများတွင် ပါဝင်သည့် ပုဆိန်နှင့်မြစ်စောင့်နတ်ဇာတ်လမ်းလည်း ထိုနည်းတူပင် ဖြစ်သည်။ လုယန်စာရေးဆရာသည် ပုံမှန် trope မျိုးကို ခပ်တည်တည်ရေးပြီး နောက်ဆုံးကျမှ “ထထဖေါက်”တတ်သည်။ ထိုဟာသလှည့်ကွက်မျိုး ဤစာစဉ်တွင် အတော်များများပါဝင်သည်)
အရိုးရိုင်း ဒေါသထွက်သွားပြီး ထိုကျိုင်းကောင်ကို ကြိတ်ချေပစ်ချင်စိတ်ပေါက်လာသည်။ သို့သော် ဤပင့်ကူအဖြစ်က သူ့ဘဝနှင့်တူကြောင်း တွေးမိလာသည်။ အောင်မြင်မှုရပြီးနောက် ကိုယ့်ဘာသာကျေနပ်နေခဲ့ပြီး အမှောင်ထဲတွင် လှုပ်ရှားနေသည့် အန္တရာယ်များကို မေ့နေခဲ့သည်။
သူစဉ်းစားသည်။
“ဟုတ်တယ်။ ဇွဲလုံ့လဆိုတာ အရေးကြီးတယ်။ ဒါပေမယ့် ဗျူဟာကလည်း အရေးကြီးတာပဲ။ ရန်သူ သတိလက်လွတ်ဖြစ်နေချိန်မှာ အငိုက်ဖမ်းပြီးတိုက်ခိုက်ရင် အများကြီးထိရောက်မှု ရှိလိမ့်မယ်”
နောက်ဆုံးတွင် အရိုင်းရိုင်းက လျန်စစ်တပ်ကို တိုက်ပွဲငယ်လေးများအနိုင်ပေးပြီး ယုံကြည်မှုလွန်ကဲအောင် လုပ်သည်။ ထို့နောက် လျှို့ဝှက်ထားသည့် သူ့စစ်တပ်များဖြင့် လျှပ်တစ်ပြက် အလုံးအရင်းဝင်တိုက်သည်။ လျန်စစ်တပ်၏ ပင်မအင်အားကို ချိုးဖျက်၍ အပြည့်အဝ အောင်နိုင်ခဲ့သည်။
အရိုးရိုင်း စမ်းသပ်ချက်အောင်မြင်သွားသည်။
...................
ထာဝရဂိုဏ်း၏ ဌာနချုပ်တွင်ဖြစ်သည်။ ကြည်လင်နေသည့် ရေမျက်နှာပြင်တွင် ပထမစမ်းသပ်ပွဲမှ ပြိုင်ပွဲဝင်အားလုံး၏ လုပ်ဆောင်ပုံကို မြင်နေရသည်။ ဒုဂိုဏ်းချုပ် စောင့်ကြည့်အကဲဖြတ်နေသည်။
“ဘယ်လိုလဲ။ အလားအလာရှိတဲ့ ဂိုဏ်းဝင်သစ်တွေတွေ့လား”
လေဟာနယ်တွန့်လိပ်သွားပြီး ဂိုဏ်းချုပ်ကြီး ပေါ်လာသည်။
“မင်းရဲ့ ပထမစမ်းသပ်ချက်က မလွယ်ဘူးပဲ။ ဆက်တိုက် အရှုံးတွေနဲ့ ရင်ဆိုင်ရတယ်။ ပင့်ကူဆီက ဇွဲလုံ့လနဲ့ ကျိုင်းကောင်ဆီက နည်းဗျူဟာကို သင်ခန်းစာယူရတယ်”
ဒုဂိုဏ်းချုပ် ခေါင်းခါသည်။
“အဲလိုလုပ်ထားဖို့လိုတယ်။ လမ်းမှန်ဂိုဏ်းတွေက ကျုပ်တို့ကု နှိပ်ကွပ်နေတာ။ နတ်ဆိုးဂိုဏ်းက အရှုံးတွေဆက်တိုက်ကြုံရတယ်။ ဂိုဏ်းဝင်တစ်ချို့က နောက်ဆုတ်ဖို့ စဉ်းစားနေကြတယ်။ ကျုပ်တို့အဖြစ်က ကျင်းစစ်တပ်နဲ့ အတော်လေးတူတယ်။ ဒီစမ်းသပ်ချက်နဲ့ စိတ်ဓာတ်ခိုင်မာတဲ့ ဗျူဟာကျွမ်းကျင်တဲ့ နောက်လိုက်တွေ ကျုပ်ရွေးချယ်မယ်။ သူတို့ကို ပါရမီရှင်ဖြစ်အောင် ပျိုးထောင်ပြီး လမ်းမှန်ဂိုဏ်းတွေကို တွန်းလှန်ချင်လို့ပါ။ လမ်းမှန်ဂိုဏ်းတွေကို ဆန့်ကျင်ဖို့ စိတ်ဓာတ်ခိုင်မာရုံနဲ့မရဘူး။ နည်းဗျူဟာကျွမ်းကျင်မှုလည်းလိုတယ်။ ပင့်ကူနဲ့ကျိုင်းကောင်ဆီက သင်ခန်းစာမယူနိုင်ရင် ဘယ်လိုလုပ် အောင်ပွဲခံနိုင်မှာလဲ”
ဂိုဏ်းချုပ် ခေါင်းငြိမ့်သည်။
“ဟုတ်ပါတယ်။ ဒါကြောင့်လည်း ဒီလူရွေးပွဲစီစဉ်ဖို့ မင်းကိုငါ တာဝန်ပေးခဲ့တာပေါ့။ ဒီတစ်ခေါက်ရွေးချယ်တဲ့ ထူးချွန်တဲ့နောက်လိုက်တွေကို ဦးစားပေးလေ့ကျင့်ရမယ်။ သူတို့က တော်ဝင်လမ်းကို ရင်ဆိုင်ဖို့ ငါတို့ရဲ့ အရန်အင်အားပဲ”
ဒုဂိုဏ်းချုပ်က မြင်ကွင်းတစ်ခုကို လက်ညှိုးထိုးပြသည်။
“ဒီအရိုးရိုင်းဆိုတဲ့လူကို ကျုပ်အတော်သဘောကျတယ်။ သူစမ်းသပ်ချက်ဖြတ်ကျော်တဲ့ နည်းလမ်းကလည်း ကျုပ်မျှော်လင့်ထားတာနဲ့ ကွက်တိပဲ။ နောင်တစ်ချိန် သေချာပေါက် အောင်မြင်လာလိမ့်မယ်”
ဂိုဏ်းချုပ်က အရိုးရိုင်းကို တစ်ချက်ကြည့်သည်။ သူလည်း အတော်သေဘောကျသည်။
“ဒါဆို တစ်ခြားလူတွေ ဘယ်လိုလုပ်မလဲ ကြည့်ကြသေးတာပေါ့”
နှစ်ယောက်အတူရပ်၍ စောင့်ကြည့်နေကြသည်။ ထို့နောက် ဂိုဏ်းချုပ်က ရုတ်တရက် ကောက်ကာငင်ကာမေးသည်။
“စမ်းသပ်ချက်ဖြတ်ကျော်ဖို့ တစ်ခြားနည်းလမ်းရှိနိုင်မယ်ထင်လား”
ဒုခေါင်းဆောင်က အခိုင်အမာ ငြင်းသည်။
“လုံးဝမရှိနိုင်ပါဘူး”
“ဒီပထမစမ်းသပ်ချက်က လွန်ခဲ့တဲ့နှစ်တစ်သောင်း ကပ်ဆိုက်နေတဲ့ ကမ္ဘာ့မြေတစ်နေရာကနေ ကျုပ်ထုတ်ယူထားတဲ့ သမိုင်းမှတ်ဉာဏ်အစိတ်အပိုင်းတစ်ခုပါ။ အဲဒီတုန်းက ကျင့်ကြံသူတွေ ဒီနေ့ခေတ်လောက်မများသေးဘူး။ လျန်နဲ့ကျင်းမှာဆို ပိုတောင်နည်းသေးတယ်။ အဲဒီတုန်းကအဖြစ်အပျက်တွေကို အခြေခံပြီး တတ်နိုင်သမျှ အစစ်အမှန်အတိုင်းဖြစ်အောင် ဒီစမ်းသပ်ချက်ကို ဖန်တီးထားတာပါ”
ဤသမိုင်းမှတ်ဉာဏ်ထုတ်ယူဖို့ ထာဝရဂိုဏ်းက အရင်းအနှီးများစွာ စိုက်ထုတ်ခဲ့ရသည်။ ဒုဂိုဏ်းချုပ်လည်း အတော်လေး စိတ်ညစ်ခဲ့သည်။
“သမိုင်းထဲက ကျင်းစစ်သူကြီးဟာ လှိုဏ်ဂူထဲမှာ ဉာဏ်အလင်းရပြီး လျန်စစ်တပ်ကို အောင်နိုင်ခဲ့တယ်။ ဒါကကို အံ့ဩစရာဖြစ်နေပါပြီ။ လျန်စစ်တပ်ကိုအောင်နိုင်ဖို့ တစ်ခြားနည်းလမ်းမရှိနိုင်ပါဘူး”
ဂိုဏ်းချုပ် ခေါင်းငြိမ့်သည်။ သူလည်း ထိုသို့ပင်တွေးမိသည်။ သူကလည်း စကားအဖြစ်သာမေးခဲ့ခြင်းဖြစ်သည်။
ထို့နောက်တွင် သူတို့နှစ်ယောက် မုန်ကျင်းကျိုးနှင့်လုယန်တို့ စမ်းသပ်ချက်ဖြတ်ကျော်သည့်နည်းလမ်းကို မြင်ကြရသည်။
*******************************************