နည်းမမှန်လမ်းမမှန်ဖြတ်ကျော်ခြင်း
Vol. 5 Ch. 69
ကျင်းစစ်တပ် အရှုံးများစွာ ကြုံရသည်။ မုန်ကျင်းကျိုးလိုလူပင် မျှော်လင့်ချက်ပျောက်သွားသည်။ အနိုင်ရဖို့ မဖြစ်နိုင်ဟု ခံစားလာရသည်။
“ငါတကယ် မနိုင်နိုင်တော့ဘူးလား”
မုန်ကျင်းကျိုး လှိုဏ်ဂူထဲတွင် သူ့ဘာသာ မေးခွန်းထုတ်နေသည်။ အဖြေကို နှုတ်မှထုတ်ပြောဖို့ ခက်ခဲလွန်းသည်။
“အဲ..ပင့်ကူတစ်ကောင်ပါလား”
ပင့်ကူအိမ်ယက်လုပ်နေသည့် ပင့်ကူကို သူသတိထားမိသည်။
အထပ်ထပ် ကျရှုံးသော်လည်း အထပ်ထပ်ပြန်ကြိုးစားနေသည့် ပင့်ကူကိုကြည့်၍ သူအတော်အံ့ဩသွားသည်။
“ဒီပင့်ဂူတောင် လက်မလျှော့ဘဲ ဆက်ကြိုးစားနေတယ်။ ငါက ပင့်ကူတစ်ကောင်လောက်တောင် အသုံးမကျတော့ဘူးလား”
သူ့စိတ်ကူးဉာဏ် အကြီးအကျယ်ပွင့်လန်းသွားသည်။ လျန်စစ်တပ်ကို နောက်တစ်ကြိမ်တိုက်ခိုက်ရန် အသင့်ဖြစ်လာသည်။
“လျန်စစ်တပ်က ငါတို့ထက် အင်အားတောင့်တယ်။ ဒါပေမယ့် ကွာခြားချက်က မပြောပလောက်ပါဘူး။ လေးငါးကြိမ်လောက် ရှုံးရုံနဲ့ ဘာလို့ လက်လျှော့ရမှာလဲ။ ငါလက်လျှော့လိုက်ရင် ငါ့နောက်က ကျင်းနိုင်ငံ ဘယ်လိုဖြစ်လာမလဲ။ နည်းဗျူဟာသာမှန်ကန်ရင် အနိုင်စရာအကြောင်းမရှိဘူး”
မုန်ကျင်းကျိုး လက်သီးကိုတင်းတင်းဆုပ်လိုက်သည်။ သူ့စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိနေပြီးဖြစ်သည်။
တိုက်ပွဲလေးငါးကြိမ်ရှုံးပြီးနောက် လျန်စစ်သူကြီးသုံးသည့် နည်းဗျူဟာများနှင့် သူရှင်းနှီးလာသည်။ အောင်ပွဲဆက်တိုက်ရထားသဖြင့် လျန်စစ်တပ်များ ယုံကြည်မှုလွန်ကဲနေပေလိမ့်မည်။ စစ်ရှုံး၍ တပ်ဆုတ်ထွက်ပြေးသလို ဟန်ဆောင်ပြီး လျှိုတစ်ခုထဲသို့ လျန်စစ်တပ်ကို မျှားခေါ်ရန် သူကြံရွယ်ထားသည်။ ပြီးမှ ချောင်ပိတ်၍ ဝိုင်းတိုက်မည်။
“ဒီတစ်ခါ သူတို့ကို အငိုက်ဖမ်းမယ်။ ကျင်းနိုင်ငံသားတွေ စိတ်ဓာတ်မကျစေရဘူး”
“သင်ခန်းစာပေးတာ ကျေးဇူးတင်ပါတယ်”
မုန်ကျင်းကျိုး လက်နှစ်ဘက်ဆုပ်၍ ပင့်ကူကို အရိုအသေပြုလိုက်သည်။ ထိုပင့်ကူသာ လမ်းမပြခဲ့လျှင် သူစိတ်ဓာတ်ကျနေခဲ့မည်။ မျှော်လင့်ချက်ပျောက်နေခဲ့မည်။
လှိုဏ်ဂူထဲတွင် ခြင်အတော်များများရှိသည်။ ကျေးဇူးဆပ်သည့်အနေဖြင့် မုန်ကျင်းကျိုးက ခြင်တစ်ကောင်ဖမ်း၍ ပင့်ကူအနီးတွင် ချပေးလိုက်သည်။
သို့သော် သူ့ရည်ရွယ်ချက်ကို နားမလည်သည့် ပင့်ကူက ရန်သူဟုအထင်မှားပြီး သူ့ကိုကိုက်သည်။
“ဒါ..ဒါက အဆိပ်ပင့်ကူပဲ”
မုန်ကျင်းကျိုး ခေါင်းထဲတွင် မူးဝေလာပြီး သတိလစ်သွားသည်။
အချိန်ဘယ်လောက်ကြာသွားသည်မသိ။ မိနစ်ပိုင်းလား နာရီပိုင်းလား မကွဲပြာ။ သို့သော် သူပြန်နိုးလာချိန်တွင် အားအင်ပြည့်ဝနေသလို ခံစားလိုက်ရသည်။
“ငါဘာဖြစ်သွားတာလဲ”
သူ့ခန္ဓာကိုယ် အကြီးအကျယ် ပြောင်းလဲသွားသည်။ အမြင်အာရုံ၊ အကြားအာရုံ၊ ခံစားမှုအာရုံအားလုံး တိုးတက်လာသည်။ မယုံနိုင်လောက်အောင် ပေါ့ပါးသွက်လက်နေသည်။ ဘဝသစ်ပြန်မွေးဖွားလာသလိုပင်ဖြစ်သည်။
သူ့ညာလက် အလိုလိုလှုပ်ရှားမိသည်။ လက်ခလယ်နှင့်လက်သူကြွယ် ကွေးလိုက်သည်။ အဖြူရောင်ပိုးမျှင်တစ်ခု သူ့လက်ကောက်ဝတ်မှ ထိုးထွက်သွားသည်။
“ဒါကဘာလဲ”
အဖြူရောင်ပိုးမျှင်က နံရံတွင်ကပ်နေသည်။ ကြိုးစကို ဆွဲကြည့်သည်။ အတော်လေးခိုင်မာသည်ကို တွေ့ရသည်။
“ပင့်ကူမျှင်လား”
မုန်ကျင်းကျိုး လက်နှစ်ဘက်ကို နံရံပေါ်တင်လိုက်သည်။ အလွယ်တကူ တွယ်တက်နိုင်စွမ်းရှိသဖြင့် အံ့ဩသွားသည်။ နံရံပေါ်လမ်းလျှောက်ဖို့လည်း သိပ်မခက်လှ။
“ငါ့ကို ပင့်ကူက ကိုက်လိုက်တာငါမှတ်မိတယ်။...ဟုတ်တယ်။ အဲဒီ့ပင့်ကူ ဘယ်မှာလဲ”
သူလိုက်ရှာကြည့်ချိန်တွင် ထိုပင့်ကူ ကျိုင်းကောင်အသတ်ခံထားရသည်ကို မြင်လိုက်ရသည်။
ထိုကျိုင်းကောင်ကို ခြေထောက်ဖြင့် ဖိချေ၍ ပင့်ကူအတွက် လက်စားချေလိုက်သည်။
ပင့်ကူ၏အမွေခံဗီဇစွမ်းရည်ဖြင့် သူ့စစ်တပ်ကို ပြန်စုစည်းသည်။ လျန်စစ်တပ်ကို နောက်တစ်ကြိမ် တိုက်ခိုက်သည်။
နောက်ဆုံးတိုက်ပွဲမစမီညတွင် အနက်ရောင်ဝတ်စုံဝတ်၍ အသစ်ရထားသည့်စွမ်းအားများဖြင့် တစ်ကိုယ်တော် ခေါင်းဖြတ်မစ်ရှင်ထွက်သည်။ လျန်စစ်သူကြီးကို တိုက်ရိုက်သွားသတ်သည်။
လျန်စစ်သူကြီး အံ့အားသင့်သွားသည်။ စစ်သူကြီးများအနေဖြင့် နောက်ဆုံးအချိန်ရောက်မှသာ တိုက်ပွဲကွင်းတွင် တစ်ယောက်နှင့်တစ်ယောက် ရင်ဆိုင်တိုက်ခိုက်သင့်သည်။ ယခုအဖြစ်က စစ်သူကြီးတစ်ယောက်က တစ်ခြားစစ်သူကြီးကိုသတ်သည့် နောက်ဆုံးအဆင့်သို့ တိုက်ရိုက်ခုန်ကူးလာခြင်းဖြစ်သည်။
လျန်စစ်သူကြီးဘေးတွင် ကျင့်ကြံသူသက်တော်စောင့်များရှိသည်။ သို့သော် မုန်ကျင်းကျိုး၏ ပေါ့ပါးသွက်လက်မှုကို မယှဉ်နိုင်ကြ။ လျန်စစ်သူကြီးကို အောင်မြင်စွာသတ်ဖြတ်နိုင်ခဲ့သည်။
လျန်စစ်သူကြီးသည် ရှားပါးသည့် စစ်ရေးပါရမီရှင်ဖြစ်သည်။ သူသေသွားသည်နှင့် လျန်တပ်ဖွဲ့များ ဦးခေါင်းပြတ်သလို ဖြစ်သွားသည်။ မုန်ကျင်းကျိုးက သူ့စစ်တပ်ဖြင့် လျန်တပ်ဖွဲ့ကို အပြီးတိုင်ချေမှုန်းနိုင်ခဲ့သည်။
စမ်းသပ်ချက်ကို သူအောင်မြင်သွားသည်။
.....
ထာဝရဂိုဏ်း၏ ဌာနချုပ်တွင် ဂိုဏ်းချုပ်နှင့် ဒုဂိုဏ်းချုပ်တို့ မုန်ကျင်းကျိုး စမ်းသပ်ချက်ဖြတ်ကျော်သည့်နည်းလမ်းကိုကြည့်၍ အတော်ကြာအောင် အသံတိတ်သွားကြသည်။
ဒုတိယနည်းလမ်းတစ်ခု တကယ်ပေါ်လာပြီဖြစ်သည်။
ဂိုဏ်းချုပ်က နားထင်ကို လက်လက်ဖြင့်ပွတ်၍ ပြောသည်။
“ဒီပင့်ကူက ဘာလဲ။ ကိုက်လိုက်ရုံနဲ့ လူတွေကို သူ့အစွမ်းတွေ ပေးနိုင်တယ်ပေါ့။ တကယ်လို့ ပင့်ကူတစ်ကောင်ကို ငါကိုက်လိုက်ရင်ရော အဲဒီ့ပင့်ကူအသွင်ပြောင်းသွားမှာလား”
ဒုဂိုဏ်းချုပ်လည်း အံ့ဩနေသည်။ ခဏစဉ်းစားနေပြီးနောက် တစ်စုံတစ်ခု တွေးမိလာဟန်ဖြင့် သူ့မှော်လက်စွပ်ထဲမှ စာအုပ်တစ်အုပ်ဆွဲထုတ်၍ စာမျက်နှာတစ်ခုကို လက်ညှိုးထောက်ပြသည်။
“တွေ့ပြီ၊ ဒီမှာကြည့်ပါ။ ရှေးကျမ်းစာတွေထဲမှာ အလယ်ပိုင်းတိုက်နယ်က ထူးဆန်းတဲ့ပင့်ကူတစ်မျိုးအကြောင်း ဖော်ပြထားတယ်။ သူ့စွမ်းအားက သာမန်ပဲ။ လူတွေကို ကိုက်လေ့မရှိဘူး။ ဒါပေမယ့် အကိုက်ခံရပြီဆိုတာနဲ့ သန္ဓေပြောင်းသွားတယ်တဲ့။ အဲဒီပင့်ကူမျိုးစိတ်က ဟိုလွန်ခဲ့တဲ့ နှစ်သောင်းချီကတည်းက မျိုးတုန်းသွားပြီ”
ဒုဂိုဏ်းချုပ် ယုတ္တိကျကျဆင်ခြင်သုံးသပ်သည်။
“ကျင်းနဲ့လျန်ရဲ့တိုက်ပွဲဟာ လွန်ခဲ့တဲ့ နှစ်တစ်သိန်းက ဖြစ်ခဲ့တာ။ ကျုပ်တို့က အဲဒီ့အဖြစ်အပျက်ကို ပြည့်စုံအောင် ပြန်ပြီးဖန်တီးထားတာပါ။ ဒီတော့ ဒီပင့်ဂူမျိုးစိတ်ဟာ အဲဒီ့လှိုဏ်ဂူထဲမှာ ရှိခဲ့တာ ဖြစ်နိုင်ပါတယ်”
ဂိုဏ်းချုပ် ခေါင်းငြိမ့်သည်။
“ဒီမုန်ကျင်းကျိုးက ဇွဲလုံ့လရှိပြီး ပါးနပ်ရုံမကဘူး။ ကံလည်းကောင်းတဲ့သဘောပဲ”
ကံဆိုသည့်အယူအဆက အသိခက်သည်။ ဒဏ္ဍာရီလာ “ချီကြည့်ရှုခြင်းပညာ”ကို တတ်ကျွမ်းမှသာ လူတစ်ယောက် ဘယ်လောက်ကံကောင်းသည်ကို အကဲဖြတ်နိုင်သည်။
သို့သော် တစ်ခြားအချက်အလက်များကိုကြည့်၍လည်း နည်းနည်းမှန်းဆနိုင်ပါသည်။ ဥပမာ မုန်ကျင်းကျိုးသည် လူပေါင်းများစွာထဲမှ သူတစ်ယောက်သာ ပင့်ကူအကိုက်ခံရပြီး သန္ဓေပြောင်းသွားသည်။ ထူးခြားသည့်ကံကြမ္မာ ပိုင်ဆိုင်ထားကြောင်း သက်သေခံနေသည်။
ကံထူးသူများသည် ကျင့်စဉ်လမ်းချောမွေ့၍ အနာဂါတ်တွင် အောင်မြင်မှုများစွာ ရလေ့ရှိသည်။
“တစ်ခြားလူတွေကို စောင့်ကြည့်သေးတာပေါ့။ စမ်းသပ်ချက်ကိုဖြတ်ကျော်ဖို့ နောက်ထပ်တော့ နည်းလမ်းရှိတော့မယ် မထင်ပါဘူး”
............
ကျရှုံးလိုက်ထပ်ကြိုးစားလိုက် လုပ်နေသည့်ပင့်ကူကိုကြည့်၍ လုယန် အတွေးနက်နေသည်။
“ပင့်ကူတစ်ကောင် ပင့်ကူအိမ်လုပ်ပြီး သားကောင်ဖမ်းနိုင်တယ်ဆိုရင် သစ်ပင်ဘေးမှာထိုင်ပြီး ယုန်စောင့်တာ ဘာလို့မအောင်မြင်ရမှာလဲ(**)။ သားကောင်ကို ထိုင်စောင့်တာခြင်းအတူတူပဲ မဟုတ်လား။ ဘာကွာခြားလို့လဲ”
(**ပုံပြင်နောက်ခံ အသုံးအနှုန်းဖြစ်သည်။ လယ်သမားတစ်ယောက် လယ်ထဲတွင် မြေဆွနေသည်။ ယုန်တစ်ကောင် ရုတ်တရက် ပြေးလာသည်။ သစ်ပင်တစ်ပင်နှင့်တိုက်မိ၍ ဇက်ကျိုးပြီး သေသွားသည်။ လယ်သမား စိတ်ကူးတစ်ခုရလာပြီး ထိုသစ်ပင်ဘေးတွင် ထိုင်စောင့်သည်။ သို့သော် တစ်ရက်ပြီးတစ်ရက်ကုန်၍ သူ့လယ်ထဲတွင် ပေါင်းမြက်များသာ ထူလာသည်။ နောက်ထပ် သစ်ပင်ကိုတိုက်မိသည့်ယုန်မျိုး ထပ်ပေါ်မလာတော့)
“ပိုးကောင်တွေက ဦးနှောက်နည်းလို့ ပင့်ကူအိမ်ထဲ ဝင်တိုးတာလား။ ယုန်တွေက ပိုပြီးဉာဏ်ကောင်းလို့ သစ်ပင်တွေကိုရှောင်တတ်တာလား။ ပိုးကောင်တွေ ဉာဏ်နည်းတယ်ဆိုရင် ပင့်ကူလည်း ဉာဏ်နည်းတဲ့သဘောပဲ။ ဒါဆိုဒီပင့်ကူက မအောင်မြင်တာတောင်ဘာလို့ ပင့်ကူအိမ်ကိုဆက်ပြီး တည်ဆောက်နေတာလဲ။ သူ့စိတ်ဓာတ်ခိုင်မာတဲ့သဘောလား။ ဒါမှမဟုတ် မိုက်ရူးရဲဆန်ပြီး ခေါင်းမာတာလား။ ယုန်တွေတောင် သစ်ပင်ကိုရှောင်ရကောင်းမှန်းသိပြီးမှ တစ်ချို့လူတွေက နံရံနဲ့တိုက်မိတာတောင် ဘာလို့ နောက်မဆုတ်ကြတာလဲ”
လုယန်အတွေးများ ပျံ့လွင့်နေသည်။
တိုက်ပွဲရှုံးခဲ့သော်လည်း သူစိတ်ဓာတ်မကျ။ မိုးခိုဖို့ လှိုဏ်ဂူတစ်ခုရှာသည်။ ရန်သူကို အနိုင်ယူနိုင်မည့်နည်းလမ်းများ စဉ်းစားနေသည်။
ယခု ပင့်ကူ၏လုပ်ရပ်ကိုကြည့်ပြီး နက်နဲသယောင်ဖြင့် လုံးဝအဓိပ္ပါယ်မရှိသည့် မေးခွန်းများ သူ့ဘာသာမေးနေသည်။
ရုတ်တရက် ကျိုင်းကောင်တစ်ကောင် ပေါ်လာသည်။ ပင့်ကူကို လျှပ်တပြက်ဝင်တိုက်ခိုက်သည်။ ပင့်ကူကလည်း သူ့ပင့်ကူအိမ်ကိုအားကိုး၍ အပြင်းအထန် ပြန်တိုက်ခိုက်သည်။ သို့သော် ပေါ့ပါးလျှင်မြန်၍ ရက်စက်သည့်ကျိုင်းကောင်က သုံးလေးကြိမ်တိုက်ခိုက်ပြီးနောက် ပင့်ကူကို အနိုင်ယူသတ်ဖြတ်လိုက်သည်။
လုယန် ဖြစ်စဉ်တစ်ခုလုံးကိုကြည့်၍ တွေးဆနေသည်။ သူထရပ်သည်။ ကျိုင်းကောင်၏ လှုပ်ရှားပုံများကို အတုခိုး၍ လိုက်လုပ်သည်။
လက်နှစ်ဘက်ကို ကျိုင်းကောင်လို လိုက်လျောညီထွေ လှုပ်ရှားသည်။ ကိုက်ခဲပုံကို အတုယူသည်။ ကျိုင်းကောင်လို ခုန်ဆွခုန်ဆွလုပ်သည်။
“ငါ့ကိုယ်ငါ ကျိုင်းကောင်တစ်ကောင်လို သဘောထားရမယ်...”
သူ့နှုတ်မှ ခပ်တိုးတိုးရေရွတ်သည်။ ထိုသို့သင်ယူပုံမျိုးကို ရင်းနှီးနေသလို ပင်ကိုယ်ပါရမီဓာတ်ခံရှိသလို ခံစားနေရသည်။
လူသားကျိူင်းကောင်ကဲ့သို့ အပျော့နှင့်အမာ အနှေးနှင့်အမြန် ပေါင်းစပ်လှုပ်ရှားနေသည်။ ရန်သူကို သူ့သိုင်းပညာနှင့် အနိုင်ယူရန် ပြင်ဆင်သည်။
သမိုင်းရာဇဝင်ထဲမှ ကျင်းစစ်သူကြီးသည် ချီစုစည်းခြင်းအလတ်တန်းဆင့်ဖြစ်သည်။ သူ့အမွေ့ကိုခံယူထားသည့် လုယန်လည်း ထိုအဆင့်တွင်ရှိနေသည်။
နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်ကို ကြီးမားသည့် ကျိုင်းကောင်တစ်ကောင်အဖြစ် အသွင်ပြောင်းလိုက်သည်။ မြန်ဆန်သည့် ရှေ့လက်နှစ်ဘက်ကိုလှုပ်ရှား၍ လှိုဏ်ဂူကို တစ်ချက်တည်း ထိုးခွဲလိုက်သည်။
“အင်း..သိုင်းပညာနယ်မှာပြောကြတဲ့ ကျိုင်းကောင်လက်သီးဆိုတာ ဒါပဲဖြစ်မယ်။ တကယ်စွမ်းအားကြီးတာပဲ။ ဒါပေမယ့် သာမန်လူတွေ သင်နိုင်မှာမဟုတ်ဘူး”
ကျိုင်းကောင်လက်သီးသိုင်းကို သင်ယူရန်လွယ်ကူသည့် ရိုးရိုးရှင်းရှင်းပုံစံသို့ ပြောင်းလဲသည်။ သူ့စစ်တပ်ထဲတွင် ဖြန့်ဝေသင်ကြားပေးသည်။ ကျင်းစစ်တပ်၏ တိုက်ခိုက်စွမ်းအားက လျန်စစ်တပ်ထက် သာသွားသည်။ ဘာဗျူဟာမှမလို။ အင်အားအလုံးအရင်းဖြင့် တရကြမ်းဝင်တိုက်ခိုက်သည်။
လုယန် စမ်းသပ်ချက်အောင်မြင်သွားသည်။
..................
“စမ်းသပ်ချက်တစ်ခုကို ဒီလိုနည်းနဲ့ဖြတ်ကျော်တဲ့လူ ဘယ်သူမှမရှိဘူးကွ”
ဒုဂိုဏ်းချုပ် ဒေါသတကြီး အော်ဟစ်လိုက်သည်။
**********************************************