ဒုတိယစမ်းသပ်ချက်
Vol. 5 Ch. 70
“ဘယ်လိုလူက ဒီလို ကျိုင်းကောင်လက်သီးပညာမျိုး သင်မှာလဲကွာ”
ဒုဂိုဏ်းချုပ် မျက်လုံးပြူးနေသည်။ ကျိုင်းကောင်လက်သီးအကြောင်း သူကြားဖူးပါသည်။ ကျိုင်းကောင်တစ်ကောင်၏ လှုပ်ရှားဟန်ကို အတုယူ၍ ဖန်တီးထားသည့် သိုင်းပညာဖြစ်သည်။
အတုယူခြင်းသာဖြစ်သည်။ ကျိုင်းကောင်အဖြစ် အသွင်ပြောင်းခြင်းမဟုတ်။
ဤစမ်းသပ်ချက်ကို လိုချင်သည့်စံသတ်မှတ်ချက်မျိုးရောက်အောင် အကြိမ်ကြိမ်အခါခါ ပြင်ဆင်ဖန်တီးခဲ့သည်။ ဂိုဏ်းထဲမှ ဉာဏ်ရည်အထက်မြက်ဆုံးလူများကိုပင် စမ်းသပ်ကြည့်စေခဲ့သည်။ သူချပေးထားသည့်နည်းလမ်းမှလွဲ၍ တစ်ခြားဖြေရှင်းနည်းမျိုးမရှိအောင် သေချာစီစစ်ခဲ့သည်။
ယခု စံသွေဖယ်သည့် ဖြေရှင်းနည်းနှစ်မျိုးပေါ်လာသည်။ သူလက်မခံနိုင်။
သို့သော် ဂိုဏ်းချုပ်က ထိုကိစ္စကို အမြင်ကျယ်ကျယ်ဖြစ်ကြည့်သည်။
“တစ်ခြားရှုထောင့်ကနေ စဉ်းစားကြည့်ပါ။ သူက ကျိုင်းကောင်တစ်ကောင်ကိုကြည့်ရုံနဲ့ ကျိုင်းကောင်လက်သီးသိုင်းကို နားလည်သွားတယ်။ ရာဇဝင်ထဲက ကျင်းစစ်သူကြီးဟာ သိုင်းပညာပါရမီမရှိဘူး။ ဒါကိုကြည့်ရင် လုယန်ရဲ့ သိုင်းပညာပါရမီဟာ အတော်ထူးခြားတယ်ဆိုတာ ပြနေတာပဲ။ နောက်ဆုံးမှာ သိုင်းပညာကို စစ်ရေးဗျူဟာနဲ့ ပေါင်းစပ်နိုင်တဲ့ အဆင့်ထိတောင် ရောက်သွားတယ်။ တွေ့ရခဲတဲ့ ပါရမီမျိုးပဲ”
ဒုဂိုဏ်းချုပ် အံ့အားသင့်သွားပြီး အလေးအနက်မျက်နှာဖြင့်ပြောနေသည့် ဂိုဏ်းချုပ်ကို လှည့်ကြည့်သည်။
“ဂိုဏ်းချုပ် အတည်ပြောနေတာလား”
မှန်သည်။ သူအတည်ပြောနေခြင်းမဟုတ်။ စကားတန်ဆာဆင်၍ ပလီပလာပြောနေခြင်းဖြစ်သည်။ လုယန် လူသားအဖြစ်မှ ကျိုင်းကောင်အဖြစ် မည်သို့အသွင်ပြောင်းလိုက်သည်ကို သူလည်းနားမလည်။ သို့သော် ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် လက်အောက်ငယ်သားရှေ့တွင် သူနားမလည်သည့်အဖြစ်ကို ထုတ်ပြ၍မဖြစ်။
ဂိုဏ်းချုပ် ခေါင်းငြိမ့်သည်။
“ဟုတ်တယ်။ အတည်ပြောနေတာပေါ့”
ဂိုဏ်းချုပ်က ထိုသို့သဘောထားသဖြင့် ဒုဂိုဏ်းချုပ် နည်းနည်းနေသာထိုင်သာရှိသွားသည်။ ပုံမှန်လမ်းစဉ်ကို ချိုးဖျက်၍ အမှတ်မထင် နည်းလမ်းရှာတွေ့သည်မှာ ပါရမီထူး၍သာဖြစ်မည်။ ကြောင်းကျိုးဆီလျော်ပါသည်။
သူလက်မခံချင်လည်း လက်ခံရမည်။
“ဖြတ်ကျော်နိုင်တဲ့လူတွေ အောင်သွားကြပြီ။ ပထမစမ်းသပ်ချက်ကို ဒီလောက်နဲ့ အဆုံးသတ်ကြတာပေါ့”
ဒုဂိုဏ်းချုပ်ကပြောသည်။ ရေမျက်နှာပြင်တွင် ပုံရိပ်ပေါင်းသောင်းချီ၍ ပြသနေသည်။ လူတိုင်း၏လုပ်ဆောင်ပုံကို မှတ်တမ်းတင်ထားသည်။
လူအနည်းငယ်သာ ကျိုင်းကောင်၏လုံ့လဝီရိယကို သင်ခန်းစာယူနိုင်သည်။ ကျိုင်းကောင်၏ နည်းဗျူဟာကို သင်ခန်းစာယူနိုင်သူက ပို၍ပင်နည်းသေးသည်။ အများစုက လှိုဏ်ဂူထဲတွင် လက်လျှော့သွားကြသည်။ အစွန့်ပယ်ခံဖြစ်သွားသည်။ လျန်စစ်သည်များ သတ်ဖြတ်ခြင်းကိုခံရသည်။ ဘယ်သူမှမသိဘဲ နာမည်မဲ့ဘဝဖြင့် သေသွားသည်။ လျန်စစ်သည်များကလည်း သူတို့သတ်ခဲ့သည့်လူသည်။ တစ်ချိန်က နာမည်ကျော်ခဲ့သည့် ကျင်းစစ်သူကြီးဖြစ်ကြောင်း မသိကြ။
...............
“ဒုတိယစမ်းသပ်ချက်စပြီ”
“ဒီစမ်းသပ်ချက်မှာ စစ်ဆေးမေးမြန်းတဲ့လူက မင်းတို့ကို လက်မလွှတ်ဘဲ ခေါ်ထားချင်လာအောင် ဆွဲဆောင်နိုင်ရမယ်”
ထိုအချက်အလက်က အားလုံး၏ စိတ်အာရုံတွင် ပေါ်လာသည်။ တစ်ခြားအကြောင်းအကျိုး ဆက်စပ်မှုအားလုံးကို မေ့သွားသည်။ ဒုတိယစမ်းသပ်ချက်ဖြတ်ကျော်နိုင်ရန် နည်းလမ်းရှာဖို့တစ်ခုတည်းသာ သိကြသည်။
ယန်ဝမ်စွန်း မူးဝေနေသည်။ အစောပိုင်းက အဖြစ်အပျက်များကို လုံးဝမမှတ်မိတော့။ လူတစ်ယောက်က ရင်းရင်းနှီးနှီးလေသံဖြင့် သူဘယ်ကလာသလဲဟု မေးခဲ့သည်ကိုသာ ခပ်ရေးရေးမှတ်မိသည်။ ဟွမ်ယွဲ့မြို့တော်ကလာသည်ဟု သူပြန်ဖြေခဲ့သည်။
“ငါက ယန်ဝမ်စွန်း၊ ရွှေစီးပွားနယ်မြေမှာ ရာထူးတစ်ခုအတွက် အလုပ်လျှောက်နေတာ။ လူတွေ့စစ်ဆေးတာကို အောင်မြင်ဖို့လိုတယ်။ တစ်ခြားလူတွေကို ကိုယ်ဖြေရတဲ့မေးခွန်းတွေ ထုတ်ပြောခွင့်မရှိဘူး”
သူ့ခေါင်းထဲမှ အချက်အလက်များကို သုံးသပ်နေသည်။
ပြောခွင့်ရှိလျှင်ပင် သူမပြောပါ။ သူ့အတွက်အကျိုးမရှိဘဲ တစ်ခြားလူကို လုံးဝကူညီမည်မဟုတ်။
ပထမဆုံးခုံတန်းတွင် ထိုင်နေသည့်အဖြစ်ကို သူ့ကိုယ်သူ သတိထားမိလာသည်။ သူ့ဘေးတွင် ကွန်ဖြူးရှပ်ဝတ်စုံနှင့် လူတစ်ယောက်ရှိသည်။
“ငါ့နာမည် အရိုးရိုင်းပါ။ မင်းနာမည်ကရော”
ယန်ဝမ်စွန်း ပြန်မဖြေနိုင်။ စစ်ဆေးမည့်လူက သူ့နာမည်ကို အော်ခေါ်နေသောကြောင့်ဖြစ်သည်။
အခန်းထဲဝင်သွားချိန်တွင် ကြမ်ပြင်ပေါ်၌ စက္ကူတစ်ချို့ကျနေသည်ကို သူသတိထားမိသည်။ ထို့ကြောင့် သူကောက်ယူ၍ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။ ထို့နောက် လူတွေ့ဖြေဆိုရန် ပြင်ဆင်သည်။
အင်တာဗျူးသည့်လူက ဖက်တီးတစ်ယောက်ဖြစ်သည်။ သူ့ဝတ်စုံက တင်းကြပ်နေသဖြင့် ကြည့်ရသည်မှာ စိတ်မသက်သာစရာဖြစ်နေသည်။ သို့သော် မျက်နှာက ပြုံးရွှင်နေသည်။
“မင်းက ယန်ဝမ်စွန်းနော်။ ဈေးထဲသို့သွားပြီး အာလူးရောင်းတဲ့လူရှိမရှိ သွားကြည့်ပေးနိုင်မလား”
ယန်ဝမ်စွန်း ကျိုးကျိုးနွံနွံအမူအရာဖြင့် ထွက်သွားသည်။ ဈေးထဲတွင် ပတ်ကြည့်သည်။ အားလူးရောင်းနေသည့်လူ တစ်ယောက်သာတွေ့သည်။ ထို့ကြောင့် သူပြန်လာပြီး ပြောသည်။
“ရှိပါတယ်”
ဖက်တီးက ထပ်မေးသည်။
“အားလူးတွေ ဘယ်လောက်ရှိလဲ”
ယန်ဝမ်စွန်း ဘာမှမတတ်နိုင်ပဲ အပြင်သို့ ထပ်ပြေးရသည်။ ထို့နောက် ပြန်လာပြီး ပြောသည်။
“ပေါင်ရှစ်ဆယ်ရှိပါတယ်”
“စျေးကရော ဘယ်လောက်တဲ့လဲ”
ယန်ဝမ်စွန်း စိတ်ထဲတွင် ကျိတ်ဆဲလိုက်သည်။ ဘာကြောင့် ထိုဖက်တီး အစောကတည်းက ကြိုမပြောလိုက်သည်မသိ။ တတိယအကြိမ် သူထပ်ပြေးသည်။ ဈေးနှုန်းသိပြီးနောက် ပြန်တင်ပြသည်။
“တစ်ပေါင်ကို ကြေးပြားသုံးပြပါ”
“အာလူးအရည်အသွေးကရော ဘယ်လိုလဲ။ ရောင်းတဲ့ဈေးနဲ့ တန်ရဲ့လား”
ဒေါသကို ချုပ်တည်း၍ ယန်ဝမ်စွန်း လေးကြိမ်မြောက် အပြင်သို့ထွက်၍ အာလူးအရည်အသွေးကို စစ်ဆေးသည်။
“အာလူးအရည်အသွေးက သာမန်ပါပဲ။ တစ်ပေါင်ကို ကြေးပြားသုံးခုဆိုတော့ ဈေးမများလှပါဘူး”
ဖက်ဆီးကပြုံး၍ ပြောသည်။
“မင်းကိုပယ်လိုက်ပြီ”
“ဘာကြောင့်လဲ”
ယန်ဝမ်စွန်း မကျေမနပ်ဖြစ်သွားသည်။ ထိုဖက်တီး သူ့ကို လေးကြိမ်လွှတ်ခဲ့သည်။ ခေါက်တုံ့ခေါက်ပြန်ပြေးလွှား၍ သူကြိုးစားလုပ်ခဲ့သည်။ ယခု သူ့ကို စမ်းသပ်ချက်မအောင်ဟု ပြောသည်။
သူ့ကို သက်သက်မဲ့ ဒုက္ခပေးနေခြင်းဖြစ်မည်။
အကဲဖြတ်သူဖက်တီးက လက်နှစ်ဘက်ဖြန့်လျက်
“အာလူအကြောင်းမေးတဲ့ကိစ္စလေးတောင် မင်းကအပြင်ကို လေးကြိမ်ထွက်ရတယ်။ မင်းကို အလုပ်နဲ့ပတ်သက်ပြီး ဘယ်လိုစိတ်ချလို့ရမှာလဲ”
“အဲလိုဆို အားလုံးကို အစကတည်းက ခင်ဗျားတစ်ခါတည်းစုံစမ်းခိုင်းသင့်တာပေါ့”
ဖက်တီး ခေါင်းခါသည်။
“စေ့စပ်သေချာအောင်မလုပ်တာက မင်းအပြစ်ပဲ။ ငါ့ကို အားလုံးကြိုမမေးလို့ဆိုပြီး မင်းဘာလို့ အပြစ်တင်နေတာလဲ။ ကောင်လေး၊ အလုပ်တစ်ခုနဲ့ ပတ်သက်ပြီး မင်းအထက်လူကြီး ဘာလိုချင်သလဲဆိုတာ မင်းကြိုတွေးတတ်ဖို့ သင်ယူရမယ်လေ”
“ဖွီး၊ ကိုယ့်ကိုယ်ကို အင်ပါယာဘုရင်လို့ ထင်နေတာလား။ ခင်ဗျားဖြစ်ချင်တဲ့ဆန္ဒကို တစ်ခြားလူတွေက ကြိုတွေးရမယ်ပေါ့”
ဖက်တီးက စိတ်ဆိုးဟန်မရှိ။
“စမ်းသပ်ချက်မအောင်ပေမယ့် မင်းဆက်နေလို့ရပါတယ်”
ယန်ဝမ်စွန်း ဖက်ဆီးကို သင်္ကာမကင်းဟန်ဖြင့်ကြည့်သည်။ နောက်တစ်ကြိမ် အရူးလုပ်ခံရမည်ကို စိုးရိမ်နေသည်။
“တကယ်လား”
“မင်းမှတ်မိသေးလား။ မင်းစဝင်လာတုန်းက အောက်မှာကျနေတဲ့စက္ကူတွေကို လုံးချေပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်လေ။ ငါဒါကို တမင်တကာ ကြမ်းပြင်ပေါ် ပစ်ချထားတာ။ ဘယ်သူကောက်မလဲ ကြည့်ချင်လို့ပေါ့”
ယန်ဝမ်စွန်း ပျော်သွားသည်။ ထိုကိစ္စက သူ့တာဝန်သိတတ်မှုနှင့် အရိပ်အကဲနားလည်သည့်စွမ်းရည်ကို စစ်ဆေးခဲ့ခြင်းဖြစ်နိုင်သည်။
“တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ငါတို့မှာ သန့်ရှင်းရေးသမားတစ်ယောက်လိုနေတယ်ကွ။ ဒီတော့ မင်းဒီမှာနေပြီး သန့်ရှင်းရေးလုပ်လို့ရတယ်”
“...”
ယန်ဝမ်စွန်း အော်ဆဲချင်စိတ်ပေါက်သွားသည်။ သို့သော် မဆဲဖြစ်တော့။ မည်သို့ဆိုစေ ဆက်နေခွင့်ပေးခြင်းသည် စမ်းသပ်မှု အောင်မြင်သည့်သဘောဖြစ်သည်။ ထိုသို့နေခွင့်ရသည်ကလည်း မဆိုးလှပါ။
“နောက်တစ်ယောက်”
ဖက်တီး လှမ်းခေါ်လိုက်သည်။
အရိုးရိုင်း ဝင်လာသည်။ အရိုးရိုင်း၏ ရိုးရိုးအအပုံစံကိုကြည့်၍ ယန်ဝမ်စွန်း သိပ်အထင်မကြီး။ ထိုလူလည်းသူ့လို စစ်မေးသူ၏ လှည့်ကွက်မိတော့မည်ဟု တွေးနေသည်။
“ဈေးထဲမှာ အာလူးရောင်းတဲ့လူရှိလား သွားကြည့်လိုက်ပါ”
ဖက်တီး ခုနကအတိုင်း ထပ်ပြောသည်။
အရိုးရိုင်း ခေါင်းငြိမ့်၍ ထွက်သွားသည်။ ဆယ်မိနစ်ကျော်ကြာပြီးနောက် ပြန်လာသည်။
“ဈေးထဲမှာ တွန်းလှည်းနဲ့ အာလူးရောင်းနေတဲ့ အဘိုးကြီးတစ်ယောက်ရှိတယ်။ အာလူးက ပေါင်ရှစ်ဆယ်ရှိပါတယ်။ တစ်ပေါင်ကို ကြေးပြားသုံးပြားပါ။ ဈေးသင့်ပါတယ်။ များများဝယ်ရင် ဆယ်ရာနှုန်းဈေးလျှော့ပေးမယ်လို့လည်း ပြောပါတယ်”
အလွန်တရာအသေးစိတ်ကျသည်။ စစ်ဆေးသူဖက်တီး မစဉ်းစားမိသည့် အချက်များကိုပါ စုံစမ်းလာသည်။ ဘေးတွင်ရပ်နေသည့် ယန်ဝမ်စွန်း ကျောက်ရုပ်လိုဖြစ်သွားသည်။
အရိုးရိုင်းပုံစံက လူ့ဘီလူးကြီးလိုဖြစ်သော်လည်း စိတ်ထားနူးညံ့သည်။ တစ်ဘက်သားအတွက် ဖြည့်တွေးပေးသည့် စိတ်မျိုးရှိသည်။ ရိုသေနှိမ့်ချ၍ သင်ယူတတ်သည်။ အထူးသဖြင့် လုယန်နှင့် မုန်ကျင်းကျိုးထံမှ သင်ယူသည်။
လက်ရှိအခြေအနေအရ သူဘွဲ့ရဖို့ အဝေးကြီးလိုပါသေးသည်။
“ဂုဏ်ယူပါတယ်။ မင်းကိုငါ ခေါ်ထားလိုက်ပြီ”
..............
“တွေ့လား၊ ကျုပ်ပြောသားပဲ။ ဒီအရိုးရိုင်းဟာ အလားအလာရှိတဲ့ မျိုးဆက်သစ်ပါလို့”
နောက်တစ်ကြိမ် စမ်းသပ်ချက်အောင်မြင်သွားသည့် အရိုးရိုင်းကိုကြည့်၍ ဒုဂိုဏ်းချုပ် ကျေနပ်နေသည်။ သူ့ခန့်မှန်းချက်မှန်ကြောင်း သက်သေပြသည်။
တစ်ချို့လူများက စစ်ဆေးသူ၏မေးခွန်းလေးခုကို နှစ်ကြိမ်ပြေးလွှား၍ ဖြေဆိုနိုင်ကြသည်။ အောင်သည်ဆိုရုံအဆင့်မျိုးဖြစ်သည်။
အရိုးရိုင်းတစ်ယောက်သာ သူ့မျှော်လင့်ချက်နှင့် ကိုက်ညီသည်။
ဂိုဏ်းချုပ် ခေါင်းငြိမ့်သည်။
“ဒုတိယစမ်းသပ်ချက်က တာဝန်ကို စေ့စေ့စပ်စပ်လုပ်နိုင်သလား အထက်လူကြီးရဲ့အမြင်နဲ့ စဉ်းစားနိုင်သလားဆိုတာကို စစ်ဆေးတာဖြစ်မယ်”
နတ်ဆိုးကျင့်စဉ်လမ်းသည် စေစပ်သေချာဖို့လိုသည်။ သဲလွန်စ ကျန်ခဲ့၍မဖြစ်။ လမ်းမှန်ဂိုဏ်းဝင်များကို အခွင့်အရေးပေး၍မဖြစ်။
ထို့အပြင် အထက်လူကြီးအမြင်ဖြင့် စဉ်းစားနိုင်မှသာ ရာထူးတိုးဖို့ အလားအလာရှိသည်။ ထို့ကြောင့်လည်း ဒုဂိုဏ်းချုပ်က ရှုထောင်စုံမှ စဉ်းစား၍ ဒုတိယစမ်းသပ်ချက်ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
“ဒီစမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့တော့ တစ်ခြားနည်းလမ်း မရှိနိုင်လောက်ပါဘူး”
ဒုဂိုဏ်းချုပ် ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြုံးနေသည်။
ဂိုဏ်းချုပ်က ဘာမှမပြော။ ပထမစမ်းသပ်ချက်တွင် ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့သူနှစ်ယောက်ကိုသာ အာရုံစိုက်ထားသည်။
တစ်ခြားနည်းလမ်းတစ်ခုခု ပေါ်လာနိုင်သည်ဟု သူ့မသိစိတ်က အလိုလိုခံစားနေရသည်။
************************************************