ရိုးသားမှု
Vol. 5 Ch. 71
“ဒုတိယစမ်းသပ်ချက်က ကိုယ့်ကို စစ်ဆေးမေးမြန်းတဲ့လူ လက်မလွှတ်ချင်အောင် ဆွဲဆောင်နိုင်ရမယ်တဲ့လား”
စိတ်အာရုံသို့ဝင်လာသည့် သတ်မှတ်ချက်ကို မုန်ကျင်းကျိုး ပြန်သုံးသပ်နေသည်။
“အတော်ထူးဆန်းတဲ့ စမ်းသပ်ချက်ပဲ။ သိပ်လည်းမခက်လောက်ပါဘူး။..အဲ...ဒါပေမယ့် ငါအခုဘယ်နေရာရောက်နေတာလဲ”
ခုံတန်းရှည်တစ်ခုပေါ်ထိုင်နေသည့်အဖြစ်ကို မုန်ကျင်းကျိုး သတိထားမိသွားသည်။ သူ့ရှေ့ဘက်ခုံတန်းတွင် လူလေးယောက်ရှိသည်။ နောက်ဘက်တွင် ငါးယောက်ရှိသည်။ ဆယ်ယောက်အုပ်စုတွင် သူက အလယ်၌ရှိနေသည်။
“ဪ...သိပြီ။ ငါက စီးပွားရေးအဖွဲ့အစည်းတစ်ခုမှာ အလုပ်လျှောက်နေတာပဲ”
ထာဝရဂိုဏ်းမှ ထည့်သွင်းပေးထားသည့် နောက်ခံမှတ်ဉာဏ်က သူ့အာရုံတွင် ပေါ်လာသည်။
ထိုစဉ် သူ့ရှေ့မှ နံရံဖြူဆီ အကြည့်ရောက်သွားပြီးနောက် သူ့ညာလက်ကို အလိုလိုလှုပ်ရှားမိသည်။လက်ခလယ်နှင့် လက်သူကြွယ်ကို ကွေးလိုက်မိသည်။
ဘာမှထွက်မလာ။
“ငါဘာလို့ ဒီလိုထူးဆန်းတဲ့အပြုအမူမျိုး လုပ်နေမိတာလဲ”
မုန်ကျင်းကျိုး တွေးမရဖြစ်နေသည်။ ထိုအကျင့်မျိုးရှိမရှိ သူမမှတ်မိ။
“ထားလိုက်ပါလေ။ အလုပ်လျှောက်ဖို့ပဲ အာရုံစိုက်တော့မယ်”
ပထမလူ အင်တာဗျူးခန်းထဲဝင်သွားသည်။ ပြန်ထွက်လာသည်။ အပြင်သို့ပြေးထွက်သွားသည်။ ထို့နောက် ပြန်လာသည်။ ပြန်သွားသည်။ သုံးလေးကြိမ် အသွားအပြန် လုပ်သည်။
မုန်ကျင်းကျိုး စိတ်အားထက်သန်စွာ အော်ပြောလိုက်သည်။
“ဟေ့..အကို၊ ဘာလို့ပြေးနေတာလဲ။ စစ်ဆေးတဲ့လူက အကို့ပြေးနှုန်းကို စမ်းသပ်နေတာလား။ ဒါဆို အကို့ဖိနပ်ကို ပြောင်းစီးလိုက်လေ။ ဖိနပ်အရည်အသွေးကလည်း ပြေးနှုန်းမြင့်အောင် ကူညီပေးနိုင်တယ်။ ပြီးတော့ စပြေးတော့မယ်ဆိုရင် မြေပေါ်မှာ ဒူးတစ်ဘက်ထောက်ပြီး လက်နှစ်ဘက်နဲ့ ခန္ဓာကိုယ်ကိုထိန်းထား။ ရှေ့ကိုအားပြုထား။ အဲလိုစပြေးတာ အမြန်ဆုံးနည်းလမ်းပဲ။ ကျုပ်ပြောတာယုံပါ။ ကျုပ်မှာ အတွေ့အကြုံအများကြီးရှိပါတယ်”
ထိုလူက မုန်ကျင်းကျိုးကို အရူးတစ်ယောက်လို လှမ်းကြည့်သည်။ သူ့စကားကို အရေးမစိုက်။ အာလူးအရည်အသွေးစစ်ဆေးရန် အပြင်သို့ ပြေးထွက်သွားသည်။
စည်းမျဉ်းသတ်မှတ်ချက်ထဲတွင် လူတွေ့မေးသည့်မေးခွန်းကို တစ်ခြားလူများအား ထုတ်မပြောရဟု ရှင်းလင်းစါာဖော်ပြထားသည်။
ပထမ ဒုတိယ တတိယ စတုတ္ထလူများအားလုံး အတော်လေး ဇွဲကောင်းကောင်းဖြင့် ပြေးကြသည်။ စမ်းသပ်ချက်တော့ မအောင်ကြပါ။ အောင်သည်ဖြစ်စေ မအောင်သည်ဖြစ်စေ အင်တာဗျူးပြီးသည်နှင့် ထိုလူများ ချက်ချင်းပျောက်ကွယ်သွားသည်။ ထို့ကြောင့် အကြိမ်ရေများများပြေးခြင်းနှင့် အောင်ခြင်းကျခြင်း ဆက်စပ်မှုရှိမရှိ နောက်လူများ သေချာမဆုံးဖြတ်နိုင်ကြ။
“နောက်တစ်ယောက်ဟေ့.... မုန်ကျင်းကျိုး”
မေးမြန်းသူဖက်တီးက အထဲမှ လှမ်းခေါ်သည်။
“လာပါပြီခင်ဗျ”
မုန်ကျင်းကျိုး ခွန်အားအပြည့်ဖြင့် ဝင်သွားသည်။
ဖက်တီးက ထုံးစံအတိုင်း ပြုံး၍ပြောသည်။
“မုန်ကျင်းကျိုး၊ ဈေးကိုသွားပြီး အာလူးရောင်းတဲ့လူရှိမရှိ ကြည့်ပေးနိုင်မလား”
မုန်ကျင်းကျိုး နေရာမှမရွေ့။
သူသေချာမကြားလိုက်ခြင်းဖြစ်မည်ဟူ ယူဆ၍ ဖက်တီးက ဖြေးဖြေးချင်း ထပ်ပြောသည်။
“မင်းဈေးထဲကိုသွားပြီး အာလူးရောင်းတဲ့လူရှိမရှိ ကြည့်ပေးနိုင်မလား”
“ဘာလို့လဲ”
မုန်ကျင်းကျိုးထံမှ စကားသံထွက်လာသည်.
“ဘာလို့လဲဆိုတာ ဘာကိုပြောတာလဲ”
မုန်ကျင်းကျိုးအတွေးကို ဖက်တီးလိုက်မမီတော့။
“ဘာလို့ အာလူးရောင်းတဲ့လူရှိမရှိ သွားကြည့်ခိုင်းတာလဲလို့ ပြောတာပါ။ ကျုပ်တို့ အခုဘာလုပ်နေလဲ ခင်ဗျားသိလား”
“လူတွေ့စစ်ဆေးနေတလေ”
ဖက်တီး ကြောင်တက်တက်မျက်နှာဖြင့် ပြန်ဖြေသည်။
“သိပ်ဟုတ်တာပေါ့။ ခင်ဗျားကိုယ်တိုင် ပြောလိုက်ပြီပဲလေ။ ဒါက လူတွေ့စစ်ဆေးတာကို ဖြေနေတာပါ။ ခင်ဗျားအတွက် တောက်တိုမယ်ရအလုပ်တွေ လုပ်ဖို့မဟုတ်ဘူး။ ပြီးတော့ အရင်လူလေးယောက်ကိုလည်း ခင်ဗျား ဒီမေးခွန်းပဲ မေးခဲ့တာမဟုတ်လား။ မေးခွန်းတစ်ခုတည်းကို လေးကြိမ်မေးရတာတောင် အားမရသေးလို့ ငါးကြိမ်မြောက် ထပ်မေးချင်နေတာလား”
ဖက်တီးက စိတ်ရှည်လက်ရှည် ရှင်းပြသည်။
“ဒါက စမ်းသပ်မေးခွန်းပါ”
မုန်ကျင်းကျိုး အမိန့်နာခံ၍ ဈေးထဲသို့သွားသည်။ ထို့နောက် ပြန်လာပြီး သတင်းပို့သည်။
“အာလူးတွေရောင်းနေပါတယ်”
“အာလူးက ဘယ်လောက်များသလဲ”
မုန်ကျင်းကျိုး အဖြေကိုမသိ။ ထိုင်ရာမှ ထထွက်သွားသည်။ ဖက်တီး လှောင်ပြုံးပြုံးနေသည်။ နောက်တစ်ကြိမ် မုန်ကျင်းကျိုး ပြန်ရောက်လာလျှင် စမ်းသပ်မှုမအောင်မြင်ကြောင်း ကြေငြာဖို့ ဆုံးဖြတ်လိုက်သည်။
သို့သော် မုန်ကျင်းကျိုး တံခါးဖွင့်လိုက်ချိန်တွင် အပြင်ဘက်၌ အဘိုးအိုတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသည်။ မုန်ကျင်းကျိုး တံခါးဝမှအဘိုးအိုကိုမေးသည်။
“အဘိုးရဲ့တွန်းလှည်းထဲမှာ အာလူးဘယ်လောက်ရှိလဲ”
“ပေါင်ရှစ်ဆယ်ပါ”
အဘိုးအိုက ပြန်ဖြေသည်။
မုန်ကျင်းကျိုး ဖက်တီးကို လှည့်ကြည့်သည်။
“ပေါင်ရှစ်ဆယ်ရှိတယ်လို့ပြောတယ်။ တစ်ပေါင်ကိုဘယ်ဈေးလဲ မေးပေးရဦးမလား”
ဖက်တီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။ တစ်ပေါင်ဘယ်ဈေးလဲ သူမမေးတော့။ အဘိုးအိုက ချက်ချင်းဖြေနိုင်မှာ သေချာနေသည်။ မေးနေလည်း ဘာမှအကျိုးမရှိ။
“မင်းဘာလို့ အာလူရောင်းတဲ့သူကို ဒီခေါ်လာတာလဲ”
ဖက်တီ ဒေါသတကြီးအော်လိုက်သည်။ စမ်းသပ်မှုကို သူဘယ်လိုဆက်လုပ်ရမည် မသိတော့။
မုန်ကျင်းကျိုး ပုခုံးတွန့်ပြသည်။
“အာလူးအကြောင်း လာမေးတဲ့လူတွေရှိလားလို့ ကျုပ်သူ့ကို မေးကြည့်တယ်။ အဘိုးက စိတ်ပျက်လက်ပျက် ညည်းတယ်။ လူလေးငါးယောက် သွားလိုက်ပြန်လိုက်နဲ့ ဘာမှမဝယ်ဘဲ အာလူးဘယ်လောက်ရှိလဲ၊ ဘယ်ဈေးလဲဆိုတာတွေ လာမေးကြတယ်တဲ့။ အဲလို မဝယ်ဘဲမေးခိုင်းနေတဲ့လူနဲ့ တွေ့ချင်လားလို့ ကျုပ်သူ့ကိုမေးတယ်။ အဘိုးက တွေ့ချင်တယ်တဲ့။ ဒါကြောင့် ကျုပ်ခေါ်လာတာပါ”
ဖက်တီး - “...”
ယခုလိုအခြေအနေမျိုးကြုံလာနိုင်သည်ဟု ဘယ်သူမှ သူ့ကိုမပြောခဲ့။ ဘာဆက်လုပ်ရမည်မသိ။
မုန်ကျင်းကျိုး တမင်မလေးမစားလုပ်နေသည်ဟု တွေးမိသဖြင့် ဖက်တီးဒေါသထွက်ပြီး အော်လိုက်သည်။
“ငါတို့ဖြစ်စေချင်တဲ့ကိစ္စကို မင်းကြိုပြီးလက်ဦးမှုယူလို့မရဘူးကွ။ မင်းကိုပယ်....”
စကားမဆုံးမီ မုန်ကျင်းကျိုး သူ့ကိုပိတ်ကန်လိုက်သည်။
“သောက်ရေးမပါတဲ့ ကိစ္စတွေအတွက် အဆီပြန်နေတဲ့ ခင်ဗျားမျက်နှာကိုထောက်နေရမှာလား”
ထိုသို့ပြောပြီး မုန်ကျင်းကျိုး ထွက်ပြေးသည်။
ဖက်တီး စားပွဲကို လက်ဝါးဖြင့်ရိုက်ခွဲလိုက်သည်။
“ဟေ့ကောင်၊ မင်းရပ်လိုက်စမ်း”
မုန်ကျင်းကျိုးကို သူတကယ်လက်မလွှတ်ချင်။ ထွက်မသွားအောင် ထိန်းထားချင်သည်။
ထို့ကြောင့်.....
မုန်ကျင်းကျိုး စမ်းသပ်ချက်အောင်မြင်သွားသည်။
....................
ဒုဂိုဏ်းချုပ် နားထင်ကို လက်ဖြင့်ပွတ်နေသည်။
“ဒီဖြတ်ကျော်နည်းက ဘယ်လိုကြီးလဲကွာ”
လာယ်ထိုးသည့်ကိစ္စလို ဖြတ်လမ်းနည်းများ မသုံးနိုင်စေရန် စစ်ဆေးမေးမြန်းသူများသည် ဖြေဆိုသူများကို တကယ့်စိတ်ရင်းနှင့် ခေါ်ထားချင်စိတ်ပေါ်လာရမည်ဟူသည့် စည်းကမ်းကို သူချမှတ်ထားခဲ့သည်။
အတော်စေ့စပ်သေချာသည်ဟုလည်း ထင်ခဲ့သည်။ ယခုလိုနည်းလမ်းသစ်မျိုးပေါ်လာမည်ဟု မထင်ခဲ့။
စစ်ဆေးသူက မုန်ကျင်းကျိုးကို တကယ်ခေါ်ထားချင်ပါသည်။ လက်မလွှတ်ချင်။ ထွက်မသွားစေချင်။ အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်ချင်သည်။
ထိုကောင်လေး ဦးနှောက်ချောင်၍လား။ သို့မဟုတ် စည်းကမ်းချမှတ်ခဲ့သည့် သူကိုယ်တိုင်က ဦးနှောက်ချောင်နေခြင်းလား မသိတော့။
“ထာဝရအရှင်၊ ကျုပ်ကို အဖြေတစ်ခုပေးပါ”
ဒုဂိုဏ်းချုပ် ခပ်တိုးတိုးဆုတောင်းလိုက်သည်။
“ထာဝရအရှင်က မင်းပြောတာကို ကြားဦးမှကိုး”
ဂိုဏ်းချုပ်က စကားဖြတ်ပြောသည်။
ထိုစကားကို ပြစ်တင်ဝေဖန်သည့်စကားဟု ဒုဂိုဏ်းချုပ်မတွေးပါ။ ဂိုဏ်းချုပ်သည် ထာဝရအရှင်ကို အယုံကြည်ဆုံးလူဖြစ်သည်။
ဂိုဏ်းချုပ် သက်ပြင်းချသည်။
“ငါတို့ ကြိုးစားခဲ့ကြတာ အကြိမ်ရေ ဘယ်လောက်တောင်များပြီလဲ။ ထာဝရအရှင်ကို ဘယ်တုန်းကမှ ပြန်အသက်မသွင်းနိုင်ခဲ့ဘူးလေ။ တကယ်လို့သာ အသက်သွင်းနိုင်ရင် ရှားနိုင်ငံဖြစ်ဖြစ် လမ်းမှန်ဂိုဏ်းဖြစ်ဖြစ် ဘာအရေးစိုက်စရာရှိလဲ။ ဘယ်သူမှ ထာဝရအရှင်ကို မနိုင်ပါဘူး”
“သွေးစတေးတဲ့နည်းနဲ့ပဲ ထာဝရအရှင်ကို ပြန်အသက်သွင်းနိုင်မယ်ထင်တယ်”
သူတို့နှစ်ယောက် ထိုကိစ္စ ဆက်မပြောတော့။ ဒုဂိုဏ်းချုပ်က မေးသည်။
“ဒီမုန်ကျင်းကျိုးဆိုတဲ့ကောင်ကို ဘယ်လိုထင်လဲ”
“သမရိုးကျပုံစံမဟုတ်ဘူး။ ပါရမီထူးတယ်”
ဂိုဏ်းချုပ်က အံ့ဩသည့်လေသံဖြင့်ပြောသည်။ သို့သော် သူ့စိတ်ထဲတွင် ကျိတ်၍သက်ပြင်းချသည်။ စမ်းသပ်မှုဖြတ်ကျော်ဖို့ တစ်ခြားနည်းလမ်းမရှိဟု ဒုဂိုဏ်းချုပ်ပြောစဉ်က သူခေါင်းမငြိမ့်ခဲ့မိ၍ တော်သေးသည်။ မဟုတ်လျှင် ယခုချိန် သူ့မျက်နှာ ဘယ်နားသွားထားရမည်မသိ ဖြစ်နေပေလိမ့်မည်။
“ဒီကောင်လေးကိုလည်း ပါရမီရှင်လို့ ယူဆတယ်ပေါ့”
“ဟုတ်တယ်၊ ငါတို့ရဲ့ထာဝရအရှင်အတွက် သာမန်လူတွေနဲ့မတူတဲ့ ဒီလိုတွေးခေါ်နိုင်စွမ်းမျိုး လိုအပ်တယ်။ လမ်းမှန်ဂိုဏ်းတွေထဲက တာအိုလမ်းစဉ်ဂိုဏ်းဟာ ဘာလို့အခုထိ ရပ်တည်နေနိုင်တယ်ထင်လဲ။ ငါအကြောင်းရင်းတစ်ချို့ သုံးသပ်မိတယ်။ အဓိကအကြောင်းရင်းကတော့ သာမန်လူတွေနားမလည်နိုင်တဲ့ ဉာဏ်ပညာမျိုးကို သူတို့ပိုင်ဆိုင်ထားကြလို့ပဲ”
ဒုဂိုဏ်းချုပ် မျက်ခုံးတစ်ချက်လှုပ်သွားသည်။ ဂိုဏ်းချုပ်ကြီးသည် “ရူးသည်”ဟူသည့်စကားကို အတော်လှလှပပ အဆန်းထွင်၍ပြောတတ်သည်ဟု သူ့စိတ်ထဲတွေးနေသည်။
ဂိုဏ်းချုပ် ဆက်ပြောသည်။
“ဒီမုန်ကျင်းကျိုးဟာ ငါတို့ထာဝရအရှင်အတွက် အဓိကအင်အားဖြစ်လာနိုင်တယ်။ ပင်မဒေါက်တိုင်တစ်ခုတောင် ဖြစ်လာနိုင်တယ်။ ...ဒါနဲ့....ပထမစမ်းသပ်ချက်တုန်းက ထူးထူးခြားခြားလုပ်ခဲ့တဲ့ လုယန်ဆိုတဲ့ ကောင်လေးရှိသေးတယ်မဟုတ်လား။ သူအခုဘယ်လိုအခြေအနေလဲ”
..............
“စစ်ဆေးမေးမြန်းတဲ့လူ ကိုယ့်ကို လက်မလွှတ်ချင်အောင် လုပ်ရမယ်တဲ့လား”
လုယန် စဉ်းစားနေသည်။
“ဒါဘာခက်လို့လဲ။ စစ်ဆေးတဲ့လူကို တစ်ချက်လောက်ကန်လိုက်ရုံပဲလေ။ တံတွေးနဲ့ထွေးလိုက်ရင်လည်း ရလောက်တယ်။ အဲလောက်ဆို သူဒေါသထွက်မှာပါ။ ငါ့ကိုတင်မကဘူး။ ငါ့အသက်ကိုပါ အလွတ်ပေးမှာမဟုတ်ဘူး။
“ဒါပေမယ့် ဒီနည်းလမ်းက အရိုင်းဆန်လွန်းတယ်။ မုန်ကျင်းကျိုးလို အရိုင်းအစိုင်းကောင်ပဲ ဒီနည်းလမ်းမျိုးသုံးမှာ။ ငါက ယဉ်ကျေးတဲ့လူဆိုတော့ အဲလိုမလုပ်နိုင်ဘူး”
************************************************