နတ်ဆိုးဂိုဏ်းမှ ထူးချွန်သူသုံးယောက်
Vol. 5 Ch. 72
အင်တာဗျူးဖြေမည့် လူဆယ်ယောက်တန်းစီ၍ ထိုင်နေသည်။ လုယန်က ခြောက်ယောက်မြောက်ဖြစ်သည်။ သူ့ရှေ့မှလူများ စစ်ဆေးသူအခန်းထဲဝင်သွားပြီးနောက် တာအိုအပြေးသမားလို ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေသည်ကို မြင်သည်။
“ဘာတွေများမေးတာပါလိမ့်”
လုယန် ငြိမ်ထိုင်မနေနိုင်တော့။ အင်တာဗျူးမေးခွန်းများ ဖြေဆိုသူအချင်းချင်း မျှဝေခွင့်မပြုဟု စည်းကမ်းတွင် ဖော်ပြထားကြောင်း သူသိသည်။ သို့သော် အပြင်သို့ သွားမကြည့်ရဟု သတ်မှတ်ချက်မထား။
(**interview ကို လူတွေ့စစ်ဆေးသည်ဟု မသုံးတော့ဘဲ တိုက်ရိုက်ယူသုံးပါသည်။ ထိုနည်းတူ တစ်ခြားဝေါဟာရတစ်ချို့ကိုလည်း အလျဉ်းသင့်ရာ ယူသုံးပါသည်။ လုယန်စာစဉ်က ဟာသစာစဉ်ဖြစ်သည်။ အတည်အတံ့စာစဉ်မဟုတ်ပါ။ ထို့ကြောင့် ဝေါဟာရများကို လွတ်လပ်စွာသုံးစွဲပါသည်)
သူ့ဘေးမှ မျက်လုံးမှေး၍ အနားယူနေသည့် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ကို မေးလိုက်သည်။
“ခင်ဗျားနဲ့ကျုပ် အပြင်ကို သွားစစ်ဆေးကြည့်ကြမလား”
နတ်ဆိုးကျင်ကြံသူက လုယန်ကို အေးစက်စက် နှာခေါင်းရှုံ့၍ကြည့်သည်။ ဘာမှမပြော။
နတ်ဆိုးကျင့်ကြံသူတစ်ယောက်က ဘာကြောင့်ပူးပေါင်းလှုပ်ရှားမည်နည်း။ ထောင်ချောက်တစ်ခုသာဖြစ်ရမည်။ သူလုံးဝမလိုက်။
ထိုလူပြန်မဖြေသည်ကိုကြည့်၍ လူယန် သူ့ကိုသနားသွားသည်။
ရုပ်ရည်လေးအတော်ခံ့ညားပြီး နားကန်းနေသည်မှာ တကယ်သနားစရာကောင်းသည်။ စစ်ဆေးသူပြောသည့်စကားကိုမကြားလျှင် အင်တာဗျူး ဘယ်လိုဖြေမည်မသိ။
ဘယ်သူမှ အရေးမစိုက်ကြသဖြင့် လုယန် အပြင်သို့ထွက်လာခဲ့သည်။
စည်ကားသည့် ဈေးတစ်ခုရှိသည်။ သစ်သီးများ၊ ကြက်ဥများ၊ ဝက်သားများ စသဖြင့် ပုံမှန်ဈေးတစ်ခုတွင် တွေ့ရသည့် အစားအသောက်လားလုံး ရှိသည်။ ဈေးသည်များက ယာယီဆိုင်လေးများဖြင့် ရောင်းသည်။ သို့မဟုတ် တွန်းလှည်းဖြင့် လှည့်ရောင်းသည်။
“ပန်းသီးတစ်လုံးပေးပါ”
လုယန် ပန်းသီးတစ်လုံးဝယ်ပြီး ဖုန်သုတ်၍ ကိုက်ဝါးသည်။ အင်တာဗျူးဖြေသူတို့၏ လှုပ်ရှားမှုကို အကဲခတ်နေသည်။
တတိယဖြေဆိုသူ ပြေးထွက်လာသည်။ အာလူရောင်းသူရှိမရှိရှာသည်။ အာလူးသည်တစ်ယောက်တွေ့သည်။ ချက်ချင်း ပြန်ပြေးပြီး မေးမြန်းသူကို သတင်းပို့သည်။
သုံးမိနစ်ကြာပြီးနောက် ထိုလူ ပြန်ပြေးထွက်လာသည်။ အာလူးဈေးသည်ကို ရောင်းဈေးနှင့် ရနိုင်သည်အာလူးပမာဏကို မေးသည်။
နောက်သုံးမိနစ်ကြာပြီးနောက် ထိုလူ ပြန်ထွက်လာပြန်သည်။ အာလူးအရည်အသွေးကိုစစ်သည်။
ထို့နောက်တွင် စတုတ္ထလူ ထွက်လာသည်။ တတိယလူနှင့် သိပ်မကွာ။ သို့သော် သူက လေးခေါက်ပြေးရသည်။ တတိယလူလောက် ဉာဏ်မသွက်။
လုယန် ပန်းသီးဝါးရင်း အတွေးနက်နေသည်။
...................
“နောက်တစ်ယောက်။...ဖန်ဟော်”
မေးမြန်းသူဖက်တီး လှမ်းခေါ်သည်။
ဖန်ဟော်သည် ခုနက လုယန် အပြင်ထွက်ဖို့ အဖော်ညှိခဲ့သူဖြစ်သည်။
“လာပါပြီခင်ဗျ”
အံ့ဩစရာကောင်းသည်။ ဖန်ဟော်သည် နားပင်းနေသူမဟုတ်။
“ဈေးထဲကိုသွားပြီး အာလူးရောင်းတဲ့လူရှိလား သွားကြည့်ပါ”
ဖက်တီး ပုံမှန်အတိုင်း ခိုင်းသည်။
ဖန်ဟော် ချက်ချင်းထွက်သွားသည်။ တော်တော်နှင့် ပြန်ရောက်မလာ။ ဖက်တီး တွေးမရအောင်ဖြစ်နေသည်။
သူစိတ်မရှည်ဖြစ်လာချိန်တွင် ဖန်ဟော်ပြန်လာသည်။
“ဈေးထဲမှာ အာလူးရောင်းတဲ့လူ တစ်ယောက်မှမရှိပါဘူး”
“အာလူးဘယ်နှပေါင်ရှိ....ဘာ...ဘယ်လို...မင်းဘာပြောလိုက်တယ်။ အာလူးရောင်းတဲ့လူမရှိဘူးပေါ့”
ဖက်တီးဘာကြောင့် ထိုမျှအံ့ဩသွားသည်ကို နားမလည်သော်လည်း ဖန်ဟော်ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်ကဲ့၊ ဈေးထဲကို နှစ်ကြိမ်ပတ်ပြီးကြည့်ခဲ့ပါတယ်။ အာလူးရောင်းတဲ့လူ တစ်ယောက်မှမရှိတာ သေချာပါတယ်”
“မဖြစ်နိုင်ဘူး”
ဖန်ဟော်လိမ်နေသည်ဟု ဖက်တီး တွေးလိုက်သည်။ ထို့ကြောင့် ချက်ချင်းအပြင်ထွက်သွားသည်။ ဖန်ဟော်လည်း သူ့နောက်မှလိုက်သွားသည်။
ဈေးထဲရောက်သည်နှင့် လုယန်က အာလူးတွန်းလှည်းတစ်စီး တွန်းနေသည်ကို မြင်ရသည်။ တွန်းလှည်းပေါ်တွင် “ရောင်းရန်မဟုတ်”ဟူသည့် စာတန်းကပ်ထားသည်။
အာလူးရောင်းသည့်အဘိုးအိုက သူ့ဘေးတွင် ပြုံးရွှင်သည့်မျက်နှာဖြင့် ငွေများကို ရေတွက်နေသည်။
ဖက်တီးကို မြင်သည်နှင့် လုယန်က အားလူးလှည်းကိုတွန်း၍ ပြေးသည်။ ဖက်တီးဒေါသထွက်သွားသည်။ အားလူးမရှိတော့လျှင် အင်တာဗျူးကို သူဘယ်လိုဆက်လုပ်မည်နည်း။
“ဟေ့ကောင် ရပ်စမ်း”
လုယန် စမ်းသပ်ချက်အောင်မြင်သွားသည်။
........
“မိုက်ရိုင်းလှချည်လားကွ”
ဒုဂိုဏ်းချုပ် အော်ဟစ်ကြုံးဝါးလိုက်သည်။ သူ့ကိုယ်မှ ပြင်းထန်သည့်ကြောက်စရာစွမ်းအင်ရောင် တစ်ခုထွက်လာပြီး ခန်းမတစ်ခုလုံး တုန်ခါသွားသည်။ ရေမျက်နှာပြင် ဂယက်ထပြီး မြင်ကွင်းများ ဝေဝါးသွားသည်။
သူသေချာစီစဉ်ထားသည့် စမ်းသပ်ချက်က ထိုပြဿနာကောင်နှစ်ယောက်ကြောင့် ဟာကွက်များ ပေါ်လာသည်။ တကယ်ရှက်စရာကောင်းသည်။
ဂိုဏ်းချုပ်က ဒုဂိုဏ်းချုပ်၏ စွမ်းအင်ရောင်ကို တည်ငြိမ်စွာ ဝင်ထိန်းချုပ်သည်။ ခန်းမကို အလွယ်တကူရှာမတွေ့နိုင်သည့်နေရာတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ဤကိစ္စကြောင့် လမ်းမှန်ဂိုဏ်းများ သူတို့ကိုခြေရာခံမိသွားလျှင် လူရယ်စရာဖြစ်လာမည်။
“အဲလောက် ဒေါသမထွက်ပါနဲ့။ အခု သူတို့က အားလုံးကို မေ့နေတာ။ လူတွေ့စစ်ဆေးတာ အောင်မြင်ဖို့ပဲ သိကြတာပါ။ ငါတို့က နတ်ဆိုးဂိုဏ်းဝင်တွေပါ။ မသေမျိုးကို ပြန်အသက်သွင်းဖို့ပဲ လူသတ်ကြတာ။ ဒီလိုကိစ္စအတွက် ဘယ်သတ်လို့ဖြစ်မှာလဲ။
ပြီးတော့ ဒီနှစ်ယောက်က သမရိုးကျမဟုတ်တဲ့ လမ်းကြောင်းကို လျှောက်ကြတယ်။ ရှားပါးတဲ့ ပါရမီပဲ။ ထာဝရအရှင်ကို ပြန်အသက်သွင်းဖို့ ငါတို့မစွမ်းဆောင်နိုင်ကြသေးဘူး။ ဒီနှစ်ယောက်က ငါတို့ရဲ့မျှော်လင့်ချက် ဖြစ်လာနိုင်တယ်”
ထာဝရအရှင်အတွက် မျှော်လင့်ချက်လုံးဝမရှိနိုင်ဟု ဒုဂိုဏ်းချုပ် ခံစားနေရသည်။
ဂိုဏ်းချုပ်က စိတ်လှုပ်ရှားနေသည့်လေသံဖြင့်
“...ဒါနဲ့..အရိုးရိုင်းလည်း မုန်ကျင်းကျိုးတို့ လုယန်တို့နဲ့အတူ ယန်ကျန်းကောင်တီက လာတာမဟုတ်လား။ ယန်ကျန်းလို နယ်မြေကျဉ်းကျဉ်းလေးကနေ ဒီလိုပါရမီရှင်သုံးယောက်ပေါ်လာမယ်လို့ ဘယ်သူထင်ထားမှာလဲ။ သူတို့ကို နတ်ဆိုးဂိုဏ်းရဲ့ အထူးချွန်ဆုံးသုံးယောက်လို့တောင် ပြောလို့ရတယ်။ သူတို့သုံးယောက်နဲ့ဆို ငါတို့ဂိုဏ်းဟာ ကျားတစ်ကောင် တောင်ပံပေါက်သလို ဖြစ်လာမှာပဲ”
“တောင်ပံပါတဲ့ကျားဆိုတာ ချုန်းချီ(ကျားပျံ)ပဲ မဟုတ်လား။ ချုန်းချီတွေတောင် လမ်းမှန်ဂိုဏ်းတွေကို အနိုင်မယူနိုင်ပါဘူး”
ဒုဂိုဏ်းချုပ်က မကြားတကြားရေရွသည်။
ဂိုဏ်းချုပ်က သူ့ကိုမကျေမနပ်စိုက်ကြည့်သည်။
“မင်းစာတတ်ကြောင်း လာကြွားမနေနဲ့။ ပါးစပ်ပိတ်ထားစမ်း”
ဒုဂိုဏ်းချုပ် ပါးစပ်ပိတ်သွားသည်။
(**ချုန်းချီသည် တောင်တန်းနှင့်ပင်လယ် ဂန္တဝင်စာအုပ်မှ ဒဏ္ဍာာရီသားရဲလေးမျိုးတွင် တစ်မျိုးဖြစ်သည်)
..................
ယန်ကျန်းဂိုဏ်းစခန်း။
ဂိုဏ်းထိန်းဆယ့်တစ်ယောက် စွမ်းအားကုန်ထုတ်သုံး၍ မှော်စက်ဝန်းကို ထိန်းထားကြသည်။ နတ်ဆိုးကျင့်ကြံသူတစ်ရာနီးပါး ငြိမ်၍ရပ်နေသည်။ သူတို့မျက်လုံးများက အသက်မဲ့၍ ဝိညာဉ်ပျောက်သလို ဖြစ်နေသည်။ သူတို့၏သိစိတ်ဝိညာဉ်က စမ်းသပ်ပွဲဝင်ဖြေနေသည်။
မှော်စက်ဝန်း ထိန်းထားရသည့်အလုပ်က ငြီးငွေ့စရာကောင်းသည်။ ထို့ကြောင့် ဂိုဏ်းထိန်းများ ချီအားဖြည့်ဆေးစားရင်း စကားပြောနေကြသည်။
“ချင်ယွမ်ဟောင်ပျောက်နေတာ ကြာသွားပြီ။ သေသွားပြီထင်တယ်”
“သိပ်သေချာတာပေါ့။ သူဘယ်လိုသေသွားလဲဆိုတာပဲ မသိတာ။ ငါအမြဲပြောသားပဲ။ ဒီကောင်က ဟိုအကြံထုတ် ဒီအကြံထုတ်နဲ့ အတော်ဉာဏ်များတဲ့ကောင်။ အားလုံးကို ထိန်းချုပ်နိုင်တယ်ထင်နေတာ။ အင်အားကြီးရန်သူတစ်ချို့ကို သွားရန်စမိလို့ အပျောက်ရှင်းခံရတာ မဆန်းပါဘူး”
“ချင်ယွမ်ဟောင်အလောင်းကိုတော့ မတွေ့သေးဘူး။ ရန်သူအသတ်ခံရတာလား”
“တစ်ခြားဘာအကြောင်းရှိနိုင်သေးလို့လဲ။ ကျေးဇူးရှင်တစ်ယောက်က ရန်သူအဖြစ်ပြောင်းသွားပြီး သူ့ကိုသတ်တာမျိုး ဖြစ်နိုင်လို့လား။ ငါတို့လုပ်တဲ့အလုပ်ကလည်း ကျေးဇူးရှင်ဆိုတာမျိုး ရှိနိုင်တာမှမဟုတ်ဘဲ”
“ချင်ယွမ်ဟောင်မသေခင်ညက အာကျယ်ဝမ်နဲ့အတူ ဆောင်ကြာမြိုင်မှာ သွားကဲသေးတယ်လို့ကြားတယ်”
ဂိုဏ်းထိန်းများ ရယ်မောလိုက်ကြသည်။ သူတို့ရယ်သံက ပဲ့တင်ထပ်သွားသည်။
ချင်ယွမ်ဟောင် ပြောထားသလိုပင် အာကျယ်ဝမ်က သူတို့နှစ်ယောက် ဆောင်ကြာမြိုင်တွင် ပြိုင်ဘက်ကင်းဖြစ်ကြောင်း နေရာတိုင်းသတင်းဖြန့်သည်။ ခုနစ်ကြိမ်ခုနစ်ခါ ဝင်ထွက်ခဲ့ကြောင်း ပြောသည်။
ထို့နောက် ချင်ယွမ်ဟောင်သေသွားသည်။
ဤသို့ဖြင့် ချင်ယွမ်ဟောင် အားအင်ကုန်ခမ်း၍ သေသွားသည်ဟူသည့် ကောလဟာလတစ်ခု ယန်ကျန်းဂိုဏ်းတွင် ပျံ့နှံ့လာသည်။
ငရဲပြည်ရောက်နေသည့် ချင်ယွမ်ဟောင်သာ ထိုအဖြစ်ကိုသိလျှင် ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်လောက်သည်။
“ဒီတစ်ခေါက်စမ်းသပ်ပွဲမှာ လူဘယ်လောက် အောင်မလဲမသိဘူး”
အစောပိုင်းတွင် အစမ်းသပ်ခံအတော်များများ အောင်ပွဲခံနိုင်ကြသော်လည်း စမ်းသပ်မှုများဖြတ်ကျော်၍ ဂိုဏ်းဝင်ခွင့်ရသူ ဆယ်ယောက်တွင်တစ်ယောက်ရှိလျှင်ပင် အတော်များသည်ဟု ဆိုရမည်။
ဂိုဏ်းထိန်းများလည်း ထိုစမ်းသပ်ချက်မျိုး ဖြတ်ကျော်ဖူးသဖြင့် အခက်အခဲကို နားလည်သည်။
ဤတစ်ကြိမ် ဒုဂိုဏ်းချုပ်ကိုယ်တိုင် ကြီးကြပ်စီစဉ်သည်။ လုပ်ခဲ့သမျှ စမ်းသပ်ပွဲအားလုံးထဲတွင် အခက်ခဲဆုံးဖြစ်မည်မှာ သေချာနေသည်။
“ဂိုဏ်းခွဲသခင်ပဲ ရလာဒ်ကိုသိမှာပေါ့”
ဂိုဏ်းထိန်းဆယ့်တစ်ယောက် တင်ပျဉ်ခွေထိုင်၍ကျင့်ကြံနေသည့် ဂိုဏ်းသခင်ကို လှမ်းကြည့်သည်။
ဂိုဏ်းသခင်လည်း ဤမှော်စက်ဝန်းကိုသုံး၍ ထာဝရဂိုဏ်းဖန်တီးထားသည့် လေဟာနယ်သို့ ဝင်ခဲ့သည်။ နေရာစုံမှ ဂိုဏ်းခွဲသခင်အားလုံး သူတို့ဒေသခံ နတ်ဆိုးကျင့်ကြံသူများ၏ စွမ်းဆောင်ရည်ကို မြင်နိုင်သည်။
လုယန်တို့အဖွဲ့၏ စွမ်းဆောင်ရည်က ထူးခြားသည်။ ထို့ကြောင့် ယန်ကျန်းဂိုဏ်းခွဲသခင်၏မျက်နှာ အပျော်ရိပ်သန်းနေသည်။
သို့သော် မျက်နှာဖုံးတပ်သွားသဖြင့် တစ်ခြားလူများ သူပျော်နေသည်ကိုမသိနိုင်ကြ။
“ဒီသုံးယောက် ချောချောမွေ့မွေ့အောင်သွားပြီး အထက်ကချီးကျူးခံရရင် ယန်ကျန်းဂိုဏ်းခွဲရဲ့ နှစ်စဉ်စွမ်းဆောင်ရည်လည်း ရှေ့တန်းကို ရောက်လာမှပဲ။ နည်းနည်းအပင်ပန်းခံပြီး ကြိုးစားလိုက်ရင် နောက်နှစ်ဆို ယန်ကျန်းထက် ပိုချမ်းသာတဲ့နေရာကို ဂိုဏ်းသခင်အဖြစ်နဲ့ ငါပြောင်းခွင့်ရနိုင်တယ်။ ဂိုဏ်းအုပ်အဖြစ်တောင် တိုက်ရိုက်ရာထူးတိုးသွားနိုင်တယ်”
ယန်ကျန်းဂိုဏ်းသခင် သူ့ဘာသာရေရွတ်နေသည်။
စမ်းသပ်မှုသုံးခုအောင်မြင်လျှင် ဒုဂိုဏ်းချုပ် သို့မဟုတ် ဂိုဏ်းချုပ်က စွမ်းဆောင်ရည်ထူးခြားသည့် ဂိုဏ်းဝင်သစ်များကို သီးခြားမှတ်ချက်ပေးလေ့ရှိသည်။ ဥပမာ ချင်ယွမ်ဟောင်ကို “နတ်ဆိုးဗီဇစစ်စစ်”ဟု သတ်မှတ်ခဲ့သည်။
လုယန်တို့အဖွဲ့၏တန်ဖိုးသတ်မှတ်ချက်က ချင်ယွမ်ဟောင်ထက် ပိုမြင့်မည်ဟု ဂိုဏ်းသခင်ယုံကြည်ထားသည်။
ထိုသုံးယောက်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ ကောင်းကွက်တစ်စက်မှမရှိ။
*********************************************