လမ်းမှန်ဂိုဏ်းသူလျှို
Vol. 5 Ch. 73
“အဲ..ငါတို့ ပြန်ရောက်လာပြီလား”
လုယန်မျက်လုံးဖွင့်ကြည့်ချိန်တွင် ထူးဆန်းသည့်အဖြူရောင်လေဟာနယ်သို့ ပြန်ရောက်နေကြောင်းသိလိုက်သည်။
သူ့ဘေးပတ်လည်တွင် ရင်းနှီးသည့်မျက်နှာများရှိသည်။ မုန်ကျင်းကျိုး၊ အရိုးရိုင်း၊ ချီရှုလုံ၊ ရှန်ကျင်းယိ။
ယန်ကျန်းဂိုဏ်းခွဲမှ စမ်းသပ်ချက်နှစ်ခု အောင်မြင်ခဲ့သည့် လူဆယ်ယောက်တွင် လူတစ်ဝက်ခန့်သာ သူမှတ်မိသည်။ အစောပိုင်း အကဲဖြတ်ဒိုင်အယောင်ဆောင်ခဲ့စဉ်က ကျန်သည့်လူတစ်ဝက်၏ ကိုယ်ရေးအချက်များကို သိခွင့်မရခဲ့။
ဖြတ်ကျော်ခဲ့သည့် စမ်းသပ်မှုနှစ်ခု၏မှတ်ဉာဏ်များ သူ့စိတ်အာရုံတွင် တဖြေးဖြေးပြန်ပေါ်လာသည်။ ပထမစမ်းသပ်ချက်မှ ကျိုင်းကောင်လက်သီး။ ဒုတိယစမ်းသပ်ချက်မှ အာလူးလှည်းကိုတွန်းခြင်း.....
“ထာဝရဂိုဏ်းရဲ့ စမ်းသပ်ချက်တွေက သိပ်မခက်သလိုပဲ”
သူဖြတ်ကျော်ခဲ့သည့် နည်းလမ်းများက ဦးနှောက်ရှိသူတိုင်းလုပ်နိုင်သည့် ပုံမှန်နည်းလမ်းများဟု လုယန်ခံစားရသည်။
“ငါလည်းအဲလိုပဲထင်တယ်”
မုန်ကျင်းကျိုးက ထောက်ခံသည်။
“ပထမစမ်းသပ်ပွဲမှာ ပင့်ကူတစ်ကောင်ကိုက်တာကို ခံရမယ်။ ဒုတိစမ်းသပ်ပွဲကတော့ ဟိုဖက်တီးကို ပိတ်ကန်လိုက်ရုံပါပဲ”
လုယန်နည်းနည်းအံ့ဩသွားပြီး မုန်ကျင်းကျိုးကို လှမ်းကြည့်သည်။
“ဘယ်လို...ငါတို့ဖြတ်ကျော်တဲ့နည်းလမ်းချင်း ဘာလို့မတူရတာလဲ”
မုန်ကျင်းကျိုးက ယုံကြည်ချက်အပြည့်ဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။
“ဒါကတော့ မေးကြည့်မှသိမှာပေါ့။ သေချာတာကတော့ ငါ့နည်းလမ်းက စံသတ်မှတ်ထားတဲ့ နည်းလမ်းမှန်ပဲ။ မင်းက မထင်မှတ်ဘဲ ကံကောင်းသွားတာပါ”
ယုံကြည်မှုလွန်ကဲနေသည့် မုန်ကျင်းကျိုးကိုကြည့်၍ လုယန်နှာခေါင်းရှုံ့လိုက်သည်။
“ရယ်ချင်စရာကောင်းလိုက်တာကွာ။ ပထမစမ်းသပ်ပွဲမှာ ငါ့ရဲ့ကျိုင်းကောင်လက်သီးက ငါ့သိုင်းပါရမီစွမ်းကို သက်သေပြတာကွ။ မင်းက ဘာသက်သေပြလို့လဲ။ ကံကောင်းတာကို သက်သေပြတာလား။ ထာဝရဂိုဏ်းရဲ့ ဂိုဏ်းဝင်တစ်ယောက်ဖြစ်ဖို့ ကံကိုအားကိုးရတာလား။ ငါ့နည်းလမ်းက စံသတ်မှတ်ထားတဲ့နည်းလမ်းဆိုတာ ရှင်းနေတာပဲလေ။ အမှန်တရားကို မင်းလက်ခံလိုက်စမ်းပါ”
အရိုးရိုင်းက သူတို့နှစ်ယောက် ငြင်းခုန်နေသည်ကို ဘေးမှ ငြိမ်သက်စွာကြည့်နေရင်း သူဖြတ်ကျော်ခဲ့သည့်နည်းလမ်းအကြောင်း ပြန်စဉ်းစားသည်။
ပထမစမ်းသပ်မှုတွင် ပင့်ကူထံမှ ဇွဲလုံ့လကို သင်ယူသည်။ ကျိုင်းကောင်းထံမှ နည်းဗျူဟာကို သင်ယူသည်။ ဒုတိယစမ်းသပ်ပွဲတွင် တစ်ဘက်လူအမြင်ဖြင့် စေ့စပ်သေချာစွာ စဉ်းစားတတ်အောင် သင်ယူခဲ့သည်။
“ငါ့နည်းလမ်းတွေက သာမန်လိုပါပဲလား။ လုနဲ့မုန်ရဲ့ နည်းလမ်းတွေကမှ တကယ့်နည်းလမ်းမှန်တွေဖြစ်မယ်။ သူတို့နှစ်ယောက်ထဲက ဘယ်သူအမှန်ဆုံးလဲဆိုတာပဲ မသိတာ”
အရိုးရိုင်း သူ့ဘာသာ ရေရွတ်နေသည်။ သင်ခန်းစာအသစ်တစ်ခုရလိုက်သလို ခံစားရသည်။
လုယန်နှင့်မုန်ကျင်းကျိုးတို့ အတော်ကြာအောင် ငြင်းခုန်နေကြသည်။ ဘယ်သူမှ အပြီးသတ်ကောက်ချက်မချနိုင်။ စိတ်ထားအရှင်းလင်းဆုံးဖြစ်သည့် အရိုးရိုင်းက သူတို့စကားနိုင်လုပွဲကို အဆုံးသတ်ပေးသည်။
“မင်းတို့ရဲ့နည်းလမ်းနှစ်ခုလုံးမှန်တာလည်း ဖြစ်နိုင်ပါတယ်။ နတ်ဆိုးလမ်းစဉ်က လွတ်လပ်တဲ့လှုပ်ရှားမှုကို အလေးပေးတယ်။ မှန်တဲ့နည်းလမ်းဆိုတာမျိုး မရှိလောက်ဘူး။ စမ်းသပ်ဖို့ဖြတ်ကျော်နိုင်တာမှန်သမျှ နည်းလမ်းမှန်လို့သတ်မှတ်တာဖြစ်မယ်”
လုယန်နှင့်မုန်ကျင်းကျိုးတို့ အရိုးရိုင်းကို တအံ့တဩလှည့်ကြည့်ကြသည်။ သူ့သုံးသပ်ချက်က အတော်လေးကျိုးကြောင်းဆီလျော်သည်။
“ထာဝရဂိုဏ်းရဲ့ စမ်းသပ်ချက်က ဒီလောက်လွတ်လပ်ပွင့်လင်းမယ်လို ထင်မထားမိဘူး”
လုယန် အတော်လေးစားသွားသည်။ မုန်ကျင်းကျိုးလည်း ခေါင်းငြိမ့်ထောက်ခံသည်။
“ဒါနဲ့...ငါတို့က အခုမှ စမ်းသပ်မှုနှစ်ခု အောင်ပြီးတာလေ။ ဘာလို့ ဒီကိုပြန်ရောက်လာတာလဲ။ တတိယစမ်းသပ်မှုက ဘာလဲ”
သူတို့၏အဓိကတာဝန်ကို ပြန်သတိရလာကြသည်။
ဒုဂိုဏ်းချုပ်၏ပုံရိပ် ကောင်းကင်တွင်ပေါ်လာသည်။ အလယ်တွင်အစင်းကြောင်းပါသည့် လက်ဝါးအရွယ်ဖန်လုံးတစ်ခု ကိုင်ထားသည်။
လေထဲတွင် ရှေ့တစ်လှမ်းတိုးလိုက်သည်နှင့် အဖြူရောင်လေဟာနယ်က ချက်ချင်းပြောင်းလဲသွားသည်။ သူ့ဘေးပတ်လည်တွင် အဆောက်အဦးများ ထိုးထွက်လာသည်။ တံတိုင်းများ နန်းတော်များ အိမ်ခြံဝင်းများ ပေါ်လာသည်။ တောင်တန်းနှင့်မြစ်များ မြို့တော်ဘေးပတ်လည်တွင် ရှိသည်။ ခပ်သွက်သွက်လျှောက်နေသည့် လမ်းသွားလမ်းလာများ။ ခေါင်းရွက်ဗျတ်ထိုးဈေးသည်များ စွမ်းအားမြင့် ကျင့်ကြံသူများ ရှိနေသည်။...ခမ်းနားထည်ဝါသည့် ကျင့်ကြံသူမြို့တော်တစ်ခုဖြစ်သည်။
ဒုဂိုဏ်းချုပ်က ပြိုင်ပွဲဝင်များကို ဂိုဏ်းနယ်မြေအလိုက် လူစုခွဲပေးသည်။ ယန်ကျန်းနယ်မှ အရွေးချယ်ခံများ အပြင်ဘက်သို့ လှမ်းမြင်ရသည် အဆောက်အဦးငယ်တစ်ခုထဲ ထိုင်နေကြသည်။
ဒုဂိုဏ်းချုပ်၏ ခံစားချက်ကင်းမဲ့သည့် စကားသံက အားလုံး၏နားထဲသို့ ဝင်လာသည်။
“ပထမစမ်းသပ်ချက်နှစ်ခုကို ဖြတ်ကျော်နိုင်ခဲ့တာ ဂုဏ်ယူပါတယ်။ အခုမင်းတို့ တတိယစမ်းသပ်ချက်ကို ဆက်ပြီးရင်ဆိုင်ရမယ်။
“ဒါက ပုံရိပ်တုမြို့တော်တစ်ခုပါ။ မကြာခင် မင်းတို့ရဲ့ စရိုက်အစစ်ကို ငါဖွင့်ပေးမယ်။ ဒါကို တကယ့်ကမ္ဘာအစစ်လို့ မင်းတို့ထင်လာမယ်။ မင်းတို့လုပ်ချင်တဲ့ မကောင်းတဲ့ကိစ္စမှန်သမျှ လုပ်လို့ရတယ်။
မင်းတို့ များများဖျက်ဆီးနိုင်လေ မင်းတို့ရဲ့တန်ဖိုး တက်လေပဲ။ အချိန်ကန့်သက်ချက် တစ်ရက်နဲ့တစ်ည ပေးထားတယ်”
ထိုသို့ပြောပြီးနောက် လက်ထဲမှဖန်လုံးကို မြှောက်လိုက်သည်။ အလယ်မှအစင်းကြောင်းပွင့်သွားပြီး အနက်ရောင်မျက်လုံးတစ်ခု ပေါ်လာသည်။
ထိုအရာသည် ဖန်လုံးမဟုတ်။ ကြီးမားသည့်မျက်လုံးတစ်ခု ဖြစ်နေသည်။
ထိုမျက်လုံးပွင့်သည်နှင့် တောက်ပသည့် ခရမ်းအလင်းတစ်ခု မြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
.............
ဒုဂိုဏ်းချုပ်၏ သိစိတ်ဝိညာဉ် ဌာနချုပ်သို့ ပြန်ရောက်လာသည်။ မျက်လုံးကို ကိုင်ထားဆဲဖြစ်သည်။
“ထာဝရအရှင်ကိုယ်တိုင် ဖန်တီးထားတဲ့ ထာဝရမျက်လုံးပီသပါပေတယ်။ လူတစ်ယောက်ရဲ့ ဗီဇအစစ်ကိုဖွင့်ပြီး စိတ်ရဲ့အမှောင်ဘက်ခြမ်းကို ဆွဲထုတ်နိုင်တယ်။ မသေမျိုးရတနာတွေပဲ ဒီလိုစွမ်းအားမျိုးရှိကြတာ”
ဒုဂိုဏ်းချုပ် နှမျောတသဟန်ဖြင့် ထာဝရမျက်လုံးကို ဂိုဏ်းချုပ်လက်ထဲသို့ ပြန်ပေးလိုက်ရသည်။ ရတောင့်ရခဲဖြစ်သည့် မသေမျိုးရတနာအသုံးပြုခွင့်ကို သူတန်ဖိုးထားသည်။
ပုံမှန်ဆိုလျှင် သူထိုသို့ သုံးပိုင်ခွင့်မရှိ။ တတိယစမ်းသပ်ပွဲကို စတင်နိုင်ရန် ဂိုဏ်းချုပ်က သူ့ကိုယာယီငှားလိုက်ခြင်းဖြစ်သည်။
ဂိုဏ်းချုပ်ကပြောသည်။
“ဒီတတိယစမ်းသပ်ချက်က အရေးကြီးတယ်။ လမ်းမှန်းဂိုဏ်းကနေ ငါတို့ထဲကို ခိုးဝင်ဖို့ကြိုးစားတဲ့ သူလျိုတွေရှိမရှိ စစ်ထုတ်တာပဲ။ ထာဝရမျက်လုံးက ဗီဇစရိုက်အစစ်ကို ဖွင့်ပေးတယ်။ ဗီဇစိတ်ဖြောင့်မတ်တဲ့ လမ်းမှန်ကျင့်ကြံသူတွေက ဖျက်ဆီးမှုတွေ များများမလုပ်နိုင်ဘူး။ ထာဝရမျက်လုံးရဲ့အလင်းအောက်မှာ သူတို့ဟာ ပင်ကိုယ်စရိုက်နဲ့ ဆန့်ကျင်တဲ့ လူသတ်မီးရှို့တာမျိုးတွေ လုပ်နိုင်မှာမဟုတ်ဘူး။
မတရားမှုကို တွေ့တာနဲ့ သူတို့တားဆီးဖို့ ကြိုးစားကြလိမ့်မယ်။ အဲလိုလမ်းမှန်ကျင့်ကြံသူတွေကို ငါတို့စစ်ထုတ်လို့ရတယ်”
ထာဝရဂိုဏ်းသို့ဝင်ဖို့ အခြေခံလိုအပ်ချက်က လမ်းမှန်ဂိုဏ်းသူလျှိုမဖြစ်ရ။
ဒုဂိုဏ်းချုပ် ခပ်ညှင်းညှင်းရယ်သည်။
“ပြီးတော့ ထာဝရမျက်လုံးက လူတစ်ယောက်ရဲ့ ကျင့်စဉ်အဆင့်ပေါ်မူတည်ပြီး ဖျက်ဆီးတဲ့အတိုင်းအတာကို အကဲဖြတ်ပေးနိုင်တယ်။ ကျုပ်တို့အတွက် ပိုလွယ်ကူသွားတာပေါ့။ ခေါင်းဆောင်နဲ့ကျုပ် ရလာဒ်ကိုစောင့်ကြည့်ရုံပါပဲ”
.........
“ဖျောင်း”
လမ်းလျှောက်နေသည့်လူတစ်ယောက်၏ နှလုံးနေရာသို့ ဓားတစ်လက် ထိုးဖောက်သွားသည်။ သူ့ဘေးပတ်လည်မှလူများ အော်ဟစ်ထက်ပြေးကြသည်။ ထိုလူနောက်တွင် နတ်ဆိုးကျင့်ကြံသူတစ်ယောက် တဟားဟားရယ်မော၍ ရပ်နေသည်။ တစ်ခြားလူများကိုလည်း ဆက်တိုက်သတ်ဖြတ်သည်။။ ပုံပျက်ပန်းပျက်အလောင်းများ နေရာတိုင်းပြန့်ကျဲသွားသည်။
“စိတ်လှုပ်ရှားစရာပဲ။ တကယ်စိတ်လှုပ်ရှားစရာကောင်းတာပဲ”
သတ်ဖြတ်ရာတွင် ထိုမျှလောက် သူတစ်ခါမှ မပျော်ရွှင်ခဲ့ဖူး။ သူ့ဗီဇအစစ်ကို အစွမ်းကုန် ဖွင့်ထုတ်ခွင့်ရနေသည်။
“ဒီနေ့ မင်းတို့အလောင်းတွေနဲ့ ထာဝရဂိုဏ်းမှာ ငါ့ဂုဏ်သတင်းကို တည်ဆောက်မယ်”
စိတ်ရှိလက်ရှိ သတ်ဖြတ်ရသည့် အခွင့်အရေးကို သူလက်လွတ်မခံ။
“ရပ်လိုက်”
လှံရှည်တစ်လက် ရုတ်တရက်ပေါ်လာပြီး သူ့ဓားချက်ကို ခုခံသည်။
ရောက်လာသည့်လူသစ်ကို မှတ်မိသွားသဖြင့် နတ်ဆိုးကျင့်ကြံသူ ခဏရပ်သွားသည်။
“ဪ..ဘယ်သူများလဲလို့။ ဖန်ဟော်ပါလား။ အမြဲတမ်း အေးစက်စက်မျက်နှာမျိုး ရှိနေတဲ့ကောင်။ မင်းကို တကယ်နတ်ဆိုးလမ်းစဉ်သမားအစစ်လို့ ငါထင်ခဲ့တာ။ လက်စသတ်တော့ မင်းက လမ်းမှန်ဂိုဏ်းက ဖြစ်နေတာပဲ”
ဖန်ဟော် ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ဖို့ ကြိုးစားခဲ့သည်။ အရေးကြီးသည့်အချိန်တွင် သူ့သရုပ်မှန်မပေါ်ဖို့ ကိုယ့်ကိုယ်ကို သတိပေးခဲ့သည်။ သို့သော် ထာဝရမျက်လုံး၏ ခရမ်းအလင်းအောက်တွင် သူဟန်ဆောင်ဖုံးကွယ်၍ မရ။
နတ်ဆိုးကျင့်ကြံသူ တွေ့ရာလူလျှောက်သတ်နေသည့်အဖြစ်ကို သည်းမခံနိုင်ဘဲ တားဆီးဖို့ ကြိုးစားမိသည်။
သူအတွင်းစိတ်ကို ဘယ်လိုမှထိန်းချုပ်၍မရ။
ဖန်ဟော်နှင့် နတ်ဆိုးကျင့်ကြံသူ တိုက်ခိုက်ကြသည်။ ဓားနှင့်လှံ ရင်ဆိုင်တွေ့သည်။ အနိုင်အရှုံး မကွဲပြားသေး။
............
“လမ်းမှန်ဂိုဏ်းကသူလျိုတစ်ယောက် တကယ်ရှိနေတာပဲ”
ဒုဂိုဏ်းချုပ် ဒေါသသံဖြင့်ပြောသည်။ တတိယစမ်းသပ်ချက်သာမရှိခဲ့လျှင် ဤဖန်ဟော်သည် သူတို့ထာဝရဂိုဏ်းထဲသို့ ခိုးဝင်နိုင်ခဲ့ပေလိမ့်မည်။
ဂိုဏ်းချုပ်၏ မျက်လုံးများ အေးစက်နေသည်။
“ငါမပြောလည်း ဘာလုပ်ရမယ်ဆိုတာ မင်းနားလည်တယ်ပါတယ်နော်”
ဒုဂိုဏ်းချုပ် ခေါင်းငြိမ့်သည်။
“သူ့ကိုသတ်ဖို့ ယန်ကျန်းဂိုဏ်းခွဲသခင်ကို အခုချက်ချင်းအမိန့်ပေးလိုက်မယ်”
“သတ်မယ်တဲ့လား သောက်ရူးရဲ့။ ငါတို့ဂိုဏ်းခွဲနေရာကို ခြေရာခံမိသွားပြီလို့ ယန်ကျင်းသခင်ဆီ မြန်မြန်သတင်းပို့ပြီး သူတို့ကို ချက်ချင်းထွက်ပြေးခိုင်းပါ”
“အဲ..”
ဒုဂိုဏ်းချုပ် အံ့အားသင့်သွားသည်။
ဂိုဏ်းချုပ်က စိတ်မရှည်သည့်လေသံဖြင့်
“မင်းဘာတွေ အဲနေတာလဲ။ ဖန်ဟော် ငါတို့စမ်းသပ်ပွဲထဲကို ဝင်လာနိုင်တယ်ဆိုတာ လမ်းမှန်ဂိုဏ်းက ယန်ကျန်းဂိုဏ်းခွဲ့ရဲ့ တည်နေရာကို သိထားလို့ပေါ့ကွ။ သူတို့ကို အထုပ်ပြင်ပြီး ထွက်ပြေးခိုင်းရမှာပေါ့”
“ဖန်ဟော်ကိုဘယ်လိုလုပ်မလဲ”
“သူ့ကိုသတ်လို့မဖြစ်ဘူး။ လမ်းမှန်ဂိုဏ်းမှာ ဖန်ဟော်အတွက် ဝိညာဉ်မီးအိမ်တစ်ခုရှိမှာ သေချာတယ်။ သူ့ကိုသတ်လိုက်ရင် သူတို့သူလျို လူမိသွားပြီဆိုတာ သိသွားမယ်။ ယန်ကျန်းဂိုဏ်းခွဲကို ချက်ချင်းအင်အားအလုံးအရင်းနဲ့ ရောက်လာကြမှာ။ ထွက်ပြေးချိန်လုံးဝရှိမှာမဟုတ်ဘူး”
*********************************************