အသက်လု၍ ပြေးရမည်
Vol. 5 Ch. 75
ထာဝရဂိုဏ်း၏ ဌာနချုပ်မှ ရှေးဟောင်းကြေးခွက်ထဲတွင် အဖြူရောင်မြူများ လှုပ်ရှားနေသည်။ နတ်ဆိုးကျင့်ကြံသူတို့၏ သိစိတ်ဝိညာဉ်ကို လက်ခံထားသည်။
ထာဝရမျက်လုံး ပွင့်လာသည်။ အလင်းဖန်သားပြင်တွင် အကဲဖြတ်မှတ်တမ်းများ ပြသနေသည်။
ဂိုဏ်းချုပ်နှင့် ဒုဂိုဏ်းချုပ်တို့ အကဲဖြတ်မှတ်တမ်း၏ထိပ်ပိုင်းမှ ထူးချွန်သူများ၏ စွမ်းဆောင်ရည်ကို ကြည့်ရှုသုံးသပ်နေကြသည်။
“ခွန်လွန်မြို့တော်ကလာတဲ့ ဒီလူကိုကြည့်ပါ။ လူမသတ်ခင် လူဝင်စားမန္တာန်ကို ရွတ်ဖတ်တယ်။ ရိုးရာဓလေ့ကို အတော်လိုက်နာတာပဲ”
“ဒီလူဟာ အရင်က ဘုံကျောင်းတစ်ခုမှာ ဘုန်းကြီးဖြစ်ခဲ့တယ်လို့ကြားတယ်။ လူသတ်တဲ့ကိစ္စဟာ ဉာဏ်အလင်းရစေတယ်လို့ ယုံကြည်ခဲ့တယ်တဲ့။ လျှို့ဝှက်ပြီး လူတွေသတ်တယ်။ ကျောင်းထိုင်ဘုန်းကြီးက ဒီကိစ္စသိသွားတော့ သူ့ကိုသေဒဏ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက ဗုဒ္ဓရုပ်ထုကို ဖျက်ဆီးပြီး ထွက်ပြေးခဲ့တာ။ ကျုပ်တို့ထာဝရအရှင်ရဲ့ ဝါဒဟာ သူ့အယူအဆနဲ့ ကိုက်ညီသလားဆိုတာ သိချင်လို့ ကျုပ်တို့ဂိုဏ်းကိုဝင်ဖို့ ကြိုးစားနေတာ”
“ချူဟဲကောင်တီကလာတဲ့ အဲဒီလူငယ်လုပ်ပုံကလည်း အတော်စိတ်ကူးစိတ်သန်းကောင်းသားပဲ။ ဆွေမျိုးအချင်းချင်း ရန်တိုက်တယ်။ သားသမီးက မိဘတွေကိုသတ်၊ မြေးတွေက အဘိုးအဘွားတွေကိုသတ်အောင် လုပ်တယ်။ ပြီးတော့ အလောင်းတွေကို ရုပ်သေးအဖြစ် ပြောင်းပစ်တယ်”
“အိုး...ဒီတစ်ယောက်က စိတ်ဝင်စားစရာပဲ။ အဆောက်အဦးတွေရဲ့ အမာခံနံရံတွေကို ရိုက်ချိုးပစ်တယ်။ အဆောက်အဦးပြိုကျလို့ လူတွေအများကြီးသေသွားတယ်”
အကဲဖြတ်မှတ်တမ်း၏ ထိပ်တန်းကျင့်ကြံသူများအကြောင်း အားတက်သရော ဆွေးနွေးသုံးသပ်နေသည်။ ထိပ်တန်းစာရင်းဝင်အားလုံးက ရက်စက်ယုတ်မာကြသည်။ နောင်တစ်ချိန် သူတို့နေရာကို ဆက်ခံနိုင်သည့်အခြေအနေမျိုး ရောက်လာနိုင်ခြေရှိသည်။
“ပထမစမ်းသပ်မှုနှစ်ခုမှာ ထူးထူးခြားခြားစွမ်းဆောင်ခဲ့တဲ့ ဟိုသုံးယောက်ကရော”
အလင်းဖန်သားပြင်တွင် အတော်ကြာအောင် ရှာကြည့်ကြသည်။ လုယန်တို့အဖွဲ့ ဆောင်ကြာမြိုင်သို့သွားရန် ဆွေးနွေးနေသည်ကို မြင်ရသည်။ သူတို့အကဲဖြတ်တန်ဖိုးက နိမ့်လွန်းသဖြင့် ဒုဂိုဏ်းချုပ် စိတ်ပျက်သွားသည်။
“အများကြီး နောက်ကျကျန်ခဲ့တာပဲ။ သူတို့က ဒုစရိုက်မှုမလုပ်နိုင်တဲ့ လမ်းမှန်ဂိုဏ်းက သူလျှိုတွေများလား”
ဂိုဏ်းချုပ်က ခေါင်းခါ၍ တွေးတွေးဆဆလေသံဖြင့်
“အဲလိုမတွေးသင့်ဘူး။ ဒီလုယန်က အတော်လေးဉာဏ်များတယ်။ အချီကြီးလုပ်ဖို့ သူ့မှာအစီအစဉ်တစ်ခု ရှိလိမ့်မယ်။ ဒုစရိုက်မှုအားလုံးကို အလျင်စလိုလုပ်စရာမလိုဘူးလေ။ တစ်ခါတစ်လေ ရေရှည်အစီအစဉ်ချပြီး လုပ်တာက ပိုကောင်းတယ်”
လုယန် ဘာမှမလှုပ်ရှားသေးသဖြင့် အကဲဖြတ်မှတ်တမ်းထိပ်ဆုံးမှလူများ၏ လုပ်ဆောင်ချက်ကို သူတို့ကြည့်ကြသည်။
“နံပတ်တစ်နေရာကလူက အဆိပ်သုံးတဲ့လူတစ်ယောက်ပဲ။ ရေကန်တစ်ခုကို သူအဆိပ်ခတ်တယ်။ တစ်လမ်းလုံးမှာရှိတဲ့လူတွေ သေသွားတယ်။ ကျွဲနွားတွေကိုလည်း အဆိပ်ခတ်ပြီး လမ်းပေါ်မှာ သောင်းကျန်းအောင် လုပ်တယ်။ လူတွေအများကြီးသေတယ်။ အဆိပ်ကို ကောင်းကောင်းအသုံးချတတ်တယ်”
“ဒီတစ်ယောက်ရဲ့နည်းလမ်းကလည်း ထူးဆန်းတယ်။ ဈေးဆိုင်တန်းတစ်ခုလုံးဝယ်ပြီး ဆိုင်အလုပ်သမားတွေအားလုံးကို မီးလောင်တိုက်သွင်းပစ်တယ်”
“ဒီတစ်ယောက်လည်း သူနဲ့နည်းနည်းတူတယ်။ ဈေးဆိုင်တွေဝယ်ပြီး အလုပ်သမားတွေကို လခမပေးဘဲ အချိန်ပိုဆင်းခိုင်းတယ်။ ဒါကိုးလည်း ဒုစရိုက်မှုနဲ့ အကျုံးဝင်တာလား”
ဒုဂိုဏ်းချုပ် အချိန်ဘယ်လောက်ကုန်လွန်သွားသည်ကို သတိမထားမိ။
ရုတ်တရက် အားကောင်းသည့်ဝိညာဉ်တစ်ခု ကောင်းကင်မှဆင်းလာသည်။ ဂိုဏ်း၏ အကာအကွယ်များကို ချိုးဖျက်၍ ကမ္ဘာဦးစွမ်းအင်များ တောက်ပနေသည့် ကြေးအိုးဆီသို တိုက်ရိုက်ဦးတည်လားသည်။
ပြင်းထန်သည့်စွမ်းအားကို မခံနိုင်သဖြင့် ကြေးအိုးမျက်နှာပြင်တွင် အက်ကြောင်းငယ်များ ပေါ်လာသည်။
“ဟာ...ငါ့ကြေးအိုး”
ဂိုဏ်းချုပ် အထိတ်တလန့် အော်လိုက်သည်။
တောင်တန်းနှင့်ပင်လယ်ကြေးအိုးဟု သိကြသည့် ဤကြေးအိုးသည် အရာအားလုံးကို ထည့်နိုင်သည်။ သူ့တစ်သက်တာ ကြိုးစားအားထုတ်မှုဖြစ်သည်။ မသေမျိုးရတနာဖြစ်ရန် ခြေတစ်လှမ်းသာလိုတော့သည့် မှော်ရတနာဖြစ်သည်။
“ဝိညာဉ်တစ်ခု ဆင်းလာတယ်။ လမ်းမှန်းဂိုဏ်းက စွမ်းအားရှင်တစ်ယောက် ငါတို့ကိုရှာတွေ့သွားပြီ”
ဂိုဏ်းချုပ် မယုံနိုင်အောင်ဖြစ်နေသည်။ ဘာကြောင့် မျက်တောင်တစ်ခတ်စာအချိန်အတွင်း ထိုစွမ်းအားရှင်က သူတို့ဆီရောက်လာသည်မသိ။
“ဒီ..ဒီဝိညာဉ်က တာအိုလမ်းစဉ်ဂိုဏ်းက ယွမ်ကျိပဲ”
ထိုစွမ်းအင်ရောင်ကို သူရင်းနှီးနေသည်။ ခြောက်ခြားစရာအမှတ်တရများကို ပြန်သတိရလာသဖြင့် ကျောရိုးထဲမှ စိမ့်တက်လာသည်။
ဒုဂိုဏ်းချုပ် မျက်နှာတင်းလာပြီး တိုက်ခိုက်ရန် အသင့်ပြင်သည်။
“ယွမ်ကျိတဲ့လား။ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲမဟုတ်လား။ ကျုပ်တို့အားလုံး အတူပေါင်းတိုက်ရင် သူ့ကိုမနိုင်စရာအကြောင်းမရှိပါဘူး”
ယွမ်ကျိသည် တော်ရုံဖြင့် လှုပ်ရှားလေ့မရှိ။ အလယ်ပိုင်းတိုက်နယ်တွင် သူ့နာမည်က တာအိုလမ်းစဉ်ဂိုဏ်းချုပ်၊ အကြီးအကဲရှစ်ယောက်တို့လောက် မကျော်ကြား။ တိုင်ပုဖန်လောက်ပင် လူသိမများ။
သို့သော် နာမည်မကျော်တိုင်း စွမ်းအားနိမ့်သည်မဟုတ်။ သူ့အစွမ်းကို လက်တွေ့မြင်ဖူးသူတိုင်း ထိတ်လန့်တုန်လှုပ်ကြသည်။ သူတို့နားလည်ထားသည့် ကျင့်စဉ်အသိများ ပြောင်းပြန်လန်သွားသည်။ ထာဝရဂိုဏ်းချုပ်က ယွမ်ကျိစွမ်းအားကို လက်တွေ့မြင်ဖူးသည်။ ကြယ်များကို ခူးဆွတ်၍ ယင်နှင့်ယန်ကို ပြောင်းလဲပစ်နိုင်သည်။ အင်အားကြီးရန်သူများကို အလွယ်တကူ နှိပ်ကွပ်နိုင်သည်။ ထာဝရဂိုဏ်းချုပ်စိတ်ထဲတွင် နှစ်သုံးထောက်ကျင့်ကြံခဲ့သည့်စွမ်းအားများ အရာမထင်သလို ခံစားခဲ့ရသည်။
ထို့ကြောင့် သူတို့အသက်လုပြေးရမည့်အချိန်ဖြစ်ကြောင်း နားလည်သွားစေရန် ဒုဂိုဏ်းချုပ်ကို သူပိတ်ကန်လိုက်သည်။
“သူလှုပ်ရှားတာကို မင်းမမြင်ဖူးပါဘူး။ သူဘယ်လောက်ကြောက်စရာကောင်းလဲ မင်းနားမလည်ဘူး။ ငါပြောတာနားထောင်။ အခုချက်ချင်းပြေးတော့။ မဟုတ်လို့ကတော့ ထာဝရအရှင်တောင် မင်းကိုကယ်နိုင်မှာမဟုတ်ဘူး”
သူဂိုဏ်းချုပ်ဖြစ်နေသည်မှာ ထာဝရအရှင်အပေါ် ယုံကြည်ကိုးကွယ်၍သာမဟုတ်။ ကျင့်စဉ်စွမ်းအားမြင့်မား၍သာမဟုတ်။ အစဉ်မပြတ် သတိရှိ၍လည်းဖြစ်သည်။ ဘယ်အချိန် အသက်လုပြေးရမည် ဘယ်အချိန်နောက်ဆုတ်ရမည်ကို သူသိသည်။ ယွမ်ကျိနှင့် ထိပ်တိုက်ဆိုင်ခြင်းသည် ရှင်သန်ဖို့ ကြိုးစားသည့်သဘောမမည်။ အဆုံးစီရင်ခြင်းသာဖြစ်သည်။
ထူးဆန်းသည့် ရှေးဟောင်းမှော်အင်းတစ်ချို့ တောင်တန်းနှင့်ပင်လယ်ကြေးအိုးဆီ သူထုတ်လွှတ်လိုက်သည်။ ယွမ်ကျိ လိုက်မလာနိုင်အောင် ကြိုတင်တားဆီးရန် ကြိုးစားသည်။
ဂိုဏ်းချုပ် ထိုမျှဂဏာမငြိမ်ဖြစ်သည်ပုံစံမျိုး ဒုဂိုဏ်းချုပ် တစ်ခါမှမမြင်ဖူး။ သေရေးရှင်ရေးအခြေအနေဖြစ်ကြောင်း ရိပ်စားမိလိုက်သည်။ အဆင့်မြင့်ဂိုဏ်းဝင်များဆီ ချက်ချင်းသတင်းပို့သည်။ တစ်ခြားဂိုဏ်းဌာနချုပ်များသို့ ချက်ချင်းထွက်ပြေးရန် အမိန့်ပေးသည်။
လမ်းမှန်ဂိုဏ်းများ ရှောင်တခင်တိုက်ခိုက်လာလျှင် ထွက်ပြေးနိုင်ဖို့ လမ်းကြောင်းများ အစီအမံများ ထာဝရဂိုဏ်းက အသေးစိတ်ကြိုတင်ပြင်ဆင်ထားသည်။ အကြိမ်ကြိမ်အခါခါ လေ့ကျင့်ထားသည်။ ထိုအစီအမံများကို ခေါင်းဆောင်ပိုင်းအားလုံး ကျွမ်းကျင်သည်။
မျက်တောင်တခတ်အတွင်း ဂိုဏ်း၏အဆင့်မြင့်ပုဂ္ဂိုလ်များ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။
ဂိုဏ်းချုပ်က ထူးခြားသည့်အစွမ်းအားသုံး၍ ကြေးအိုး၏မှော်တံဆိပ်ကို အားဖြည့်သည်။ သိစိတ်ဝိညာဉ်များကို သက်ဆိုင်ရာရုပ်ခန္ဓာများဆီ ပြန်ပို့သည်။
ကြေးအိုးမျက်နှာပြင်မှအက်ကြောင်းများ တဖြေးဖြေးများလာသည်။ မှော်တံဆိပ်ဖြင့် တည်ငြိမ်အောင် ထိန်းမထားနိုင်တော့။ ဂိုဏ်းဝင်အားလုံးလွတ်မြောက်သွားပြီးနောက် ဂိုဏ်းချုပ် သက်ပြင်းတစ်ချက်ချသည်။ ကြေးအိုးနှင့်သူ့စိတ်ဝိညာဉ်ကြားမှ အသက်စည်းကို ဖျက်ဆီးလိုက်သည်။ သွေးတစ်ပွက် အန်ထွက်လာသည်။ သူ့အသက်နှင့် ချည်နှောင်ထားသည့် မှော်ရတနာ၏ တန်ပြန်သက်ရောက်မှုကို ခံရခြင်းဖြစ်သည်။
သူ့စွမ်းအားများ ထိုးကျသွားသည်။ အသားအရေဖြူရော်လာသည်။ ထိုအဖြစ်ကို အရေးမစိုက်အားဘဲ သူထွက်ပြေးသည်။
“ဘုန်း”
တောင်တန်းနှင့်ပင်လယ်ကြေးအိုး ကြေမွသွားသည်။ ဌာနချုပ်တစ်ခုလုံး တုန်ခါသွားသည်။
ယွမ်ကျိပေါ်လာသည်။ သူ့မျက်နှာက အရယ်အပြုံးမရှိ။ ရှေးခေတ်စစ်နတ်ဘုရားမလို တည်ကြည်ခံ့ညားနေသည်။
ဂိုဏ်းချုပ်အန်ထွက်ခဲ့သည့် သွေးများကို သူစစ်ဆေးကြည့်ပြီး အခြေအနေကို ချက်ချင်းရိပ်မိသည်။ သူ့မျက်လုံးမှ အေးစိမ့်သည့်အလင်းတစ်ခု ထွက်လာသည်။
“ဒီလမ်းကြောင်းပဲ”
တောက်ပသည့် အဖြူရောင်အလင်းတန်းတစ်ခုက မကောင်းဆိုးဝါးသုတ်သင်သည့် လျှပ်စီးအသွင်ဖြင့် ဂိုဏ်းချုပ်ထွက်ပြေးရာဘက်သို့ ထိုးထွက်သွားသည်။
ယွမ်ကျိရှာတွေ့သွားသည့်အဖြစ်ကို ဂိုဏ်းချုပ် အံ့ဩနေသည်။ သူအချိန်မီမရှောင်တိမ်းနိုင်တော့။ သူ့ပုခုံးတွင် ဒဏ်ရာတစ်ခု ပေါ်လာသည်။
“ရွှေပုရစ်အရေလဲစွမ်းအား”
ထွက်ပြေးသည့်နည်းလမ်းများစွာ သူတတ်မြောက်ထားသည်။
ယွမ်ကျိ ရောက်လာချိန်တွင် ထာဝရဂိုဏ်းချုပ်၏ ရုပ်ခန္ဓာ အကြွင်းအကျန်ကိုသာ တွေ့ရသည်။
.............
တစ်ခြားလျှို့ဝှက်ဌာနချုပ်တစ်ခုသို့ ပြန်ရောက်ချိန်တွင် ဂိုဏ်းချုပ်၏ခြေလှမ်းမား ယိမ်းယိုင်နေသည်။ အသက်ကယ်ဆေးလုံးများ အဆက်မပြတ်စားနေရသည်။ ကြေးအိုးနှင့် အဆက်အသွယ်ဖြတ်ရခြင်း၊ ရွှေပုရစ်အရေလဲအတတ်သုံးလိုက်ရခြင်းတို့ကြောင့် ကြီးမားသည့်တန်ဖိုးကို သူပေးဆပ်ခဲ့ရသည်။ နောက်ထပ် နှစ်တစ်ရာလောက် သူနလန်ပြန်ထူနိုင်တော့မည်မဟုတ်။
အကြီးမားဆုံး ဆုံးရှုံးမှုက ဂိုဏ်း၏စုပေါင်းအင်အားဖြင့် ဖန်တီးထားသည့် ကြေးအိုးဖြစ်သည်။ ရှားနိုင်ငံ၏ ဆယ်နှစ်စာအကောက်ခွန်တန်ဖိုးလောက် ကုန်ကျခဲ့သည်။
ထိုရတနာမျိုး တာအိုလမ်းစဉ်ဂိုဏ်း၏လက်ထဲသို့ ကျသွားသည်မှာ အလွန်ရင်ထုမနာဖြစ်ရသည့် ဆုံးရှုံးနစ်နာမှုဖြစ်သည်။
“ဘယ်လိုနေသေးလဲ ဂိုဏ်းချုပ်ကြီး”
ဒုဂိုဏ်းချုပ်က မေးသည်။ ယွမ်ကျိလုပ်ရပ်ကြောင့် ယခုထိ သူကြောက်စိတ်မပြေသေး။ ဂိုဏ်းချုပ်နေရာတွင် သူသာဆိုလျှင် သေနေပြီးဖြစ်မည်။ ဂိုဏ်းချုပ်၏စွမ်းရည်ကြောင့်သာ သူအသက်ရှင်ခဲ့ခြင်းဖြစ်သည်။
“ငါမသေနိုင်ပါဘူး”
ဂိုဏ်းချုပ်လည်း တုန်လှုပ်နေသည်။
“ငါတို့ အရန်အစီအစည်ချပြီး ပုန်းစရာနေရာ ကြိုပြင်ထားလို့ တော်သေးတာပေါ့။ ယွမ်ကျိ ငါတို့ကို ရှာမတွေ့နိုင်တော့ပါဘူး။ အဲလိုသာပြင်ဆင်မထားခဲ့ရင် နတ်ဆိုးဂိုဏ်းကြီးလေးဂိုဏ်းမှာ တစ်ဂိုဏ်းလျော့သွားတော့မှာ”
“တောင်တန်းနဲ့ပင်လယ်ကြေးအိုးလည်း ပျက်စီးသွားပြီဆိုတော့ တတိယစမ်းသပ်ချက်ကို အဆုံးသတ်ကြတာပေါ့။ အခု ဘယ်သူပထမနေရာရသလဲ ကြည့်ရအောင်”
ထာဝရမျက်လုံးမှ အလင်းဖန်သားပြင်တစ်ခု ပေါ်လာသည်။ ထိပ်ဆုံးတွင် နာမည်တစ်ခု ရှိနေသည်။
လုယန်။
“ဟာ”
***************************************************