အရိပ်တုလက်သီးအစွမ်း
Vol. 5 Ch. 74
ယန်ကျန်းနယ်မှ တစ်ခြားလူများအားလုံး ပြဿနာရှာရန် အမြန်ထွက်သွားကြသည်။ သူတို့သုံးယောက်သာ ကျန်ခဲ့သည်။
အစွမ်းကုန်ထုတ်သုံးလျှင် ဤကျင့်ကြံသူမြို့တော်တစ်ခုလုံးကို သူတို့သုံးယောက်တည်းဖြင့် ပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိသည်။
သို့သော် သူတို့၏ပင်ကိုယ်ဗီဇက ထိုသို့လုပ်ခွင့်မပြု။ သူတို့သည် နတ်ဆိုးကျင့်ကြံသူအယောင်ဆောင်၍ ဤနေရာသို့ သူလျှိုအဖြစ် ရောက်လာခြင်းဖြစ်သည်။
“မသေမျိုးဂိုဏ်းသားတွေ နတ်ဆိုးဂိုဏ်းထဲကို သူလျိုအဖြစ်ဝင်နိုင်တဲ့လူမျိုး တစ်ယောက်မှမကြားဖူးတာ မဆန်းတော့ပါဘူး။ ဒီစမ်းသပ်ချက်ကြောင့်ပဲဖြစ်မယ်”
မုန်ကျင်းကျိုးလည်း အခက်တွေ့နေသည်။
“မင်းတို့လုပ်ချင်တဲ့ အဆိုးဝါးဆုံးကိစ္စက ဘာလဲ”
လုယန် မေးလိုက်သည်။
မုန်ကျင်းကျိုး ခဏတွေသွားပြီးနောက် မရေမရာပြန်ဖြေသည်။
“ဆောင်ကြာမြိုင်ကိုသွားတာမျိုးရော သက်ဆိုင်လား”
သူမိသားစုသည် သူငယ်ငယ်ကတည်းက ဆောင်ကြာမြိုင်လိုနေရာမျိုးကို သွားခွင့်မပေးခဲ့။ ဆောင်ကြာမြိုင်သို့သွားကြသည့် သူ့ဦးလေးများ ဝမ်းကွဲအကိုများကလည်း ထိုနေရာသည် အလွန်ကြောက်စရာကောင်းကြောင်း ကလေးများအတွက် မသင့်တော်ကြောင်း အမြဲပြောသည်။
ထိုဦးလေးများအကိုများ ဆောင်ကြာမြိုင်မှ အိမ်သို့ပြန်ရောက်လျှင် ဒူးထောက်၍ အဝတ်လျှော်ခုံ တိုက်ချွတ်ဆေးကြောနေရသည့်အဖြစ်ကိုလည်း သူမြင်ခဲ့ရသည်။ ထို့ကြောင့် ဆောင်ကြာမြိုင်သည် တကယ်ကြောက်စရာကောင်းသည့်နေရာဟု ယုံကြည်ခဲ့သည်။
ယခု သန့်စင်ယန်ဝိညာဉ်မြစ်ရှိကြောင်း သိပြီးဖြစ်၍ ထိုနေရာမျိုးသို့ ပို၍ပင်မသွားနိုင်တော့။
ထိုအခြေအနေကိုဆန့်ကျင်၍ ဆောင်ကြာမြိုင်သို့သွားခြင်းသည် သူစဉ်းစားမိသမျှ အဆိုးဝါးဆုံးကိစ္စဖြစ်သည်။
အရိုးရိုင်းက ဘာတစ်ခုမှ မစဉ်းစားမိ။
“ထားပါတော့လေ။ ငါတို့မှာ တစ်ရက်လုံးအချိန်ရှိသေးတာပဲ။ ဆောင်ကြာမြိုင်ကိုသွားပြီး အပန်းဖြေကြတာပေါ့”
စိတ်ထဲတွင် ရည်ရွယ်ထားပြီးဖြစ်သည့် လုယန်က အကြံပြုသည်။ ဤစည်းကမ်းများဖြင့် သူ့ကိုထိန်းချုပ်နိုင်သည်ဆိုလျှင် ရယ်စရာကောင်းပေတော့မည်။
အချိန်စောသေးသည်။ ချက်ချင်းလှုပ်ရှားစရာမလိုသေး။ မည်သို့ဆိုစေ ယခုလိုအခွင့်အရေးမျိုးက ရှားပါးသည်။ မုန်ကျင်းကျိုးဆန္ဒကိုလည်း ဖြည့်ဆည်းပေးရာရောက်သည်။
မုန်ကျင်းကျိုးမျက်လုံးများ အရောင်လက်လာသည်။ ယခု သူတို့သည် ခန္ဓာကိုယ်အစစ်ဖြင့် ရှိနေခြင်းမဟုတ်။ တစ်ကြိမ်သွားလည်ပတ်ရုံဖြင့် မထိခိုက်နိုင်လောက်။
“သွားစို့ သွားစို့”
မုန်ကျင်းကျိုး အဖော်နှစ်ယောက်ကို တိုက်တွန်းသည်။ ထိုနေရာမျိုးကို သူတစ်ယောက်တည်းသွားလျှင် စိတ်စနိုးစနောင့်ဖြစ်နေမည်။
မုန်ကျင်းကျိုးကို တားဆီး၍မရနိုင်သဖြင့် လုယန်တို့လည်း အဖော်လိုက်ပေးရသည်။
ဆောင်ကြာမြိုင်က လူစည်ကားသည့်နေရာတွင် ရှိသည်။ သူတို့သုံးယောက် အလွယ်တကူ ရှာတွေ့သည်။
ခပ်ဟော့ဟော့ဝတ်ထားသည့် မိန်းမပျိုများ တံခါးဝတွင် လက်ကိုင်ပဝါကိုယ်စီဝင့်၍ ဖောက်သည်များကို ဆွဲဆောင်နေသည်။ မခို့တရို့အမူအရာလေးများဖြင့် လမ်းသွားလမ်းလာတို့၏ စိတ်ဝိညာဉ်ကို ညှို့ငင်ဖမ်းစားနေသည်။
ဆောင်ကြာမြိုင်တံခါးသို့ရောက်ချိန်တွင် အရိုးရိုင်း ကြောက်ကြောက်လန့်လန့်ဖြင့် နောက်ဆုတ်သွားသည်။
“ငါက စာပေပညာရှင်ပါ။ ဒီလိုနေရာနဲ့ မအပ်စပ်ဘူး။ သူတော်စင်ကပြောတယ်။ မိန်းမတစ်ယောက်ရဲ့အလှဟာ အရိုးစုပဲ။ မြို့တော်ပျက်စီးရင် အရိုးဖြူတွေဖြစ်သွားတယ်တဲ့(**)။ ငါဒီလိုအမှားမျိုး လုပ်လို့မဖြစ်ဘူး”
(**မိန်းမတစ်ယောက်၏အလှကြောင့် တိုင်းပြည်တစ်ခုပင် ပျက်စီးနိုင်ကြောင်း ဥပမာပြခြင်းဖြစ်မည်ထင်ပါသည်)
မည်သို့ပင်ဖြောင်းဖျသော်လည်း အရိုးရိုင်းက စိတ်မပြောင်းသဖြင့် လက်လျှော့လိုက်ရသည်။
မိတ်ဆွေစစ်ဖြစ်သည့် လုယန်က ပြောသည်။
“ဆောင်ကြာမြိုင်ကို မင်းမသွားချင်ဘူးဆိုရင် မင်းကိုယ်စားငါသွားပေးပါ့မယ်”
အရိုးရိုင်း စိတ်သက်သာရာရသွားပြီး သက်ပြင်းချသည်။ လုယန်သည် တကယ်မိတ်ဆွေကောင်းပီသသည်ဟု တွေးနေသည်။
သို့သော် လုယန်က အရိပ်တုလက်သီးသိုင်းကွက်တစ်ချို့ လှုပ်ရှားပြီး အရိုးရိုင်းအဖြစ် ပုံစံပြောင်းလိုက်သည်။
အရိုးရိုင်း မင်သက်မိသွားသည်။
လုယန်က စိတ်အေးအေးထားရန် အချက်ပြသည့်သဘောဖြင့် သူ့ပုခုံးကိုပုတ်လိုက်သည်။
“ငါသွားတော့မယ်”
အရိုးရိုင်းက အသွင်ပြောင်းထားသည့်လုယန်ကို အမြန်ဖမ်းဆွဲလိုက်သည်။
“မင်းသွားလို့မဖြစ်ဘူး။ သွားမယ်ဆိုရင်တောင် ငါ့ပုံစံမျိုး ပြောင်းလို့မရဘူးလေ”
“ငါက မင်းအတွက် စေတနာနဲ့လုပ်ပေးတာပါ။ မင်းသွားလို့မရတာကို စိတ်မကောင်းလို့လေ”
လုယန်၏စိတ်ရင်းစေတနာက သိသာထင်ရှားလှသည်။
အရိုးရိုင်းက လုံးဝသဘောမတူ။
“မရှက်ပါနဲ့ကွာ”
လုယန် ဖျောင်းဖျသည်။ အမှန်တော့ သူလည်းစိတ်ပူနေသည်။ ထိုနေရာမျိုး သူလည်းတစ်ခါမှ မရောက်ဖူး။ တစ်ခုခုအမှားလုပ်မိလျှင် မုန်ကျင်းကျိုးက သူ့ကို တစ်သက်လုံးလှောင်ရယ်လိမ့်မည်။ ထို့ကြောင့် အရိုင်းရိုင်းအဖြစ် အသွင်ပြောင်းရန် တွေးခဲ့သည်။ ရှက်စရာကိစ္စတစ်ခုခု လုပ်မိလျှင်လည်း သူ့မူလရုပ်မဟုတ်သဖြင့် ကိစ္စမရှိ။
သို့သော် ထိုအတွေးကို သူထုတ်မပြောပါ။
သူတို့သုံးယောက် ငြင်းခုန်နေချိန်တွင် ဆောင်ကြာမြိုင်ဆီမှ ဝုန်းခနဲအသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် စူးရှသည့်မိန်းမအော်သံများ ကျယ်လောင်သည့်ယောက်ျားရယ်သံများ ပေါ်လာသည်။
သူတို့သုံးယောက် ချက်ချင်းလှည့်ကြည့်သည်။ ကျင့်ကြံသူတစ်ဒါဇင်ကျော် ဆောင်ကြာမြိုင်ထဲတွင် သောင်းကျန်းနေသည်။ လေးစားရမည့် မိန်းမများကို သူတို့လက်ထဲတွင် တန်ဆာခံအဖြစ်ခေါ်ထားသည်။
ထိုကျင့်ကြံသူများက သူတို့ကျင့်စဉ်စွမ်းအားကို ဖုံးကွယ်မထား။ အားလုံးအခြေတည်အဆင့်များဖြစ်သည်။ စုန့်တောင်တန်းမှ ကျားနတ်ဆိုးထက်မနိမ့်သည့် စွမ်းအင်ရောင်ပိုင်ရှင် နှစ်ယောက်သုံးယောက်ပါသည်။
ထိုလူအားလုံး စမ်းသပ်ပွဲဝင်နေသူများဖြစ်သည်။
“အရိုင်းအစိုင်းကောင်တွေ”
သူတို့အတွင်းစိတ်မှ “ဖြောင့်မတ်သည့်ဒေါသ”များထိုးထွက်လာသည်။ ထိုလူများကို တားဆီးချင်စိတ် ဖြစ်လာသည်။
မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ လှုပ်ရှားရန်ပြင်သည်။ သို့သော် လုယန်က တားသည်။
“အလျင်စလိုမလုပ်နဲ့။ ငါတို့က သုံးယောက်တည်းရှိတာ။ သူတို့ကို မနိုင်လောက်ဘူး”
“ဒါဆို ဘယ်လိုလုပ်ကြမလဲ”
မုန်ကျင်းကျိုး ချက်ချင်းပြန်မေးသည်။
လုယန်က လက်ဝှေ့ယမ်းပြလျက်
“ငါ့စွမ်းအားကို ယာယီမြှင့်တင်တဲ့နည်းလမ်းတစ်ခုရှိတယ်။ ခဏစောင့်ပါ”
မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ စိတ်ဝင်စားသွားသည်။ ယခု သူတို့ထံတွင် ကျွဲရိုင်းဆယ်ကောင်အားဆေးလို အားဖြည့်ဆေးမျိုးမရှိ။ လုယန်က ကျင့်စဉ်စွမ်းအားကို လျှို့ဝှက်နည်းလမ်းတစ်ခုခုဖြင့် မြှင့်တင်ခြင်းဖြစ်မည်။
လုယန် အသက်ကိုအဝရှူလိုက်သည်။ သူ့လှုပ်ရှားမှုများ ပျော့ပျောင်းလာသည်။ မျက်လုံးများက ကြည်လင်ရွှင်ပြသည့်အသွင်မှ အေးစက်တင်းမာသည့်အသွင်မျိုးဖြစ်လာသည်။
မုန်ကျင်းကျိုး မျက်လုံးမှေး၍ကြည့်နေသည်။ ထို့နောက် တစ်စုံတစ်ခုကို တွေးမိသဖြင့် ချက်ချင်းမျက်လုံးပြူးသွားသည်။
လုယန်လှုပ်ရှားပုံက အမယွမ်ကျိနှင့်တူနေသည်။
လုယန်က လုမိသားစုအရိပ်တုလက်သီးကို လေ့ကျင့်ပြီး ယွမ်ကျိပုံစံသို့ ပြောင်းလိုက်သည်။
အစောပိုင်းက ထိုလက်သီးသိုင်းတွင် အဆင့်ကိုးဆင့်ရှိပြီး ကိုးဆင့်လုံးကျွမ်းကျင်လျှင် ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်အဖြစ်သို့ ချက်ချင်းရောက်သွားမည်ဟု သူစနောက်၍ပြောခဲ့သည်။
ယခုလိုအခိုင်အမာပြောရဲသည်ကလည်း အကြောင်းရှိသည်။ အရိုးရိုင်းအဖြစ် အသွင်ပြောင်းစဉ်က သူရုပ်ခန္ဓာစွမ်းအား ပုံမှန်ထက် နည်းနည်းတိုးလာသည်ကို သူသတိထားမိသည်။
အရိပ်တုလက်သီးသိုင်းသည် အသွင်ပြောင်းလိုက်သည့်လူ၏ စွမ်းအားတစ်ချို့ကို ရယူနိုင်သည်။
စွမ်းအားက အကန့်အသတ်ရှိသည်။ အတိုင်းအဆမဲ့အနေအထားမျိုး တိုးမြှင့်၍ မရသော်လည်း စွမ်းအားကြီးပါသည်။
ယွမ်ကျိအဖြစ်အသွင်ပြောင်းလိုက်လျှင် စွမ်းအားဘယ်လောက်ရမည်ကို လုယန်သိချင်သည်။ ဤလူရမ်းကားအုပ်စုကို အနိုင်ယူဖို့ လုံလောက်မှုရှိမရှိ သိချင်သည်။
“ဆောရီးပါ အမယွမ်”
အသက်ရှူမှားလောက်သည့် မိန်းမလှတစ်ယောက် ပေါ်လာသည်။ အရောင်အဝါ လင်းလက်နေသည်။ အမူအရာက နှစ်တစ်ထောင်နှင်းခဲလို အေးစက်နေသည်။
ထိုမိန်းမလှကိုမြင်သည်နှင့် မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ အသက်ရှူဖို့မေ့သွားပြီး ခြေထောက်များ တုန်ရင်လာကြသည်။
ယွမ်ကျိအဖြစ် လုယန် အောင်မြင်စွာ အသွင်ပြောင်းလိုက်သည်။
ပြင်းထန်သည့်စွမ်းအားတစ်ခု ကောင်းကင်မှထိုးကျပြီး သူ့ကိုယ်ထဲသို့ စီးဝင်လာသည်။
.....................
တာအိုလမ်းစဉ်ဂိုဏ်း၏ ကောင်းကင်ဂူတောင်ထိပ်တွင် ယွမ်ကျိ တင်ပျဉ်ခွေထိုင်နေသည်။ မျက်လုံးဖွင့်၍ ကောင်းကင်သို့ ငေးကြည့်နေသည်။ ထိုကောင်းကင်အလွန်မှ ကြယ်တာရာများကို မြင်နေရသယောင်ရှိသည်။
သူ့စွမ်းအင်ရောင်ကို အဆုံးထိလျှော့ချထားသည်။ သာမန်သေမျိုးတစ်ယောက်လို ဖြစ်နေသည်။
သို့သော် သေမျိုးများသည် တောင်ထိပ်တွင် လွင့်ပျံနေမည်မဟုတ်။ မျက်လုံးတွင် စူးရှသည့်ကြယ်ရောင်မျိုး တောက်ပနေမည်မဟုတ်။
“အဲ...ငါ့စွမ်းအားကို ဘယ်သူငှားသုံးနေတာလဲ”
ယွမ်ကြည့် ကောင်းကင်မှ အကြည့်ခွာလိုက်သည်။ သူ့စွမ်းအားတစ်ချို့ ယိုစိမ့်ထွက်၍ အဝေးမှလေဟာနယ်ဆီ ပျံသန်းသွားသည်။
“ဘယ်သူက အဲလောက်သတ္တိကောင်းနေတာလဲ ကြည့်ရသေးတာပေါ့”
ထိုမျှရဲတင်းသည့်သူခိုးမျိုး သူတစ်ခါမှမကြုံဖူး။
သေမျိုးအသွင်ကို ပယ်ဖျက်၍ ပြင်းထန်သည့်စွမ်းအင်ရောင်ကို ထုတ်လွှတ်လိုက်သည်။ တိမ်ကြားသို့ တိုးဝင်သွားသည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ အကြီးဆုံးစီနီယာအမဟန်ပန်မျိုး ပြန်ပေါ်လာသည်။
ယွမ်ကျိဝိညာဉ်က ခန္ဓာကိုယ်မှခွာ၍ အလင်းတန်းအဖြစ်ပြောင်းပြီး သူ့ကိုယ်မှ ခွဲထွက်သွားသည့် ငွေရောင်စွမ်းအားမျှင်နောက်သို့ လိုက်သွားသည်။
.............
“အဟွတ်”
ယွမ်ကျိ၏ စွမ်းအားအစိတ်အပိုင်းတစ်ခုကိုပင် ခံနိုင်ရည်မရှိသဖြင့် လုယန် သူ့မူလရုပ်သွင်သို့ ပြန်ပြောင်းသွားသည်။
မုန်ကျင်းကျိုးနှင့်အရိုးရိုင်းတို့ စိတ်သက်သာရာရသွားသည်။ ယွမ်ကျိအဖြစ်အသွင်ပြောင်းခဲ့သည့်လုယန်ပုံစံက သူတို့အတွက် စိတ်ဖိအားကြီးလွန်းသည်။
“ဖျောက်”
အထက်ဆီမှ စူးရှသည့်အသံတစ်ခု ပေါ်လာသည်။
လူသတ်နေသည့် နတ်ဆိုးကျင့်ကြံသူများနှင့် လုယန်တို့သုံးယောက် ချက်ချင်းလှုပ်ရှားမှုရပ်ပြီး ကောင်းကင်ကို ငေးစိုက်ကြည့်နေသည်။
အတိုင်းအဆကျယ်ပြန့်သယောင်ရှိသည့် လေဟာနယ်တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။ အားတစ်ခုဖြင့် ဆွဲဖြဲလိုက်သလို ထင်ရသည်။
“ဖျောက် ဖျောက် ဖျောက်”
အက်ကြောင်းက ကျယ်လာသည်။ ကောင်းကင်တံခါးပွင့်သကဲ့သို့ ကြီးမားသည့် အပေါက်ဝတစ်ခုဖြစ်လာသည်။
ညှို့ငင်အားကောင်းသည့် သဏ္ဌာန်တစ်ခု ထိုအပေါက်ဝတွင် ပေါ်လာသည်။ မျက်မှောင်ကျုံ့နေသည်။
“ဒီစွမ်အင်ရောင်...သူက နတ်ဆိုးလမ်းစဉ်ကလူလား”
*********************************************