← Chapters

အကဲဖြတ်ခြင်း

Vol. 6 Ch. 76

အကဲဖြတ်ခြင်း

Vol. 6 Ch. 76

“ငါ့စွမ်းအားကို ဘယ်သူငှားသုံးနေတာလဲ”

ယွမ်ကျိစဉ်းစားသည်။ ထာဝရဂိုဏ်းဝင်အားလုံး တစ်ယောက်မကျန်ထွက်ပြေးသွားသည်။ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းကို ဝယ်နိုင်လောက်အောင် တန်ဖိုးကြီးသည့် တောင်တန်းနှင့်ပင်လယ်မှော်ကြေးအိုးသာ ကျန်ခဲ့သည်။

ယခုထိ သူ့စွမ်းအားကို ဘယ်သူငှားသုံးနေမှန်း မသိသေး။

“နတ်ဝိညာဉ်ဆင်း”မှော်ပညာဟုခေါ်သည့် ပညာရပ်တစ်မျိုးရှိသည်။ တစ်ဘက်လူခွင့်ပြုချက်ဖြင့် စွမ်းအားကို ငှားသုံးနိုင်သည်။ သို့သော် ယခု ထိုပညာမျိုး ပျောက်ကွယ်လုနီးပါးဖြစ်နေသည်။ သင်ယူဖို့ အင်မတန်ခက်သည်။ ယွမ်ကျိပင် ထိုမှော်ပညာမျိုး မမြင်ဖူးသည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။

ဘယ်သူက သူ့ခွင့်ပြုချက်မရှိဘဲ စွမ်းအင်ကို ငှားသုံးသည်မသိ။ ထိုလူတွင် မကောင်းသည့်ရည်ရွယ်ချက်မရှိမှန်း သူခံစားမိသည်။ ထို့ကြောင့်လည်း သူ့စွမ်းအားယိုစိမ့်မှုကို မတားဆီးခဲ့ခြင်းဖြစ်သည်။

ဖြစ်နိုင်ခြေရှိသူကို သူခန့်မှန်းမိပါသည်။

“ဒါပေမယ့် နတ်ဘုရားဆင်းမှော်ပညာကို သူဘယ်လိုတတ်နေတာလဲ”

လုယန်ကို ထိုမှော်ပညာမျိုး သူသင်မပေးဖူး။

.........

နံပတ်တစ်။ လုယန်။

“ဟာ..ပထမနေရာက လူဘာလို့ပြောင်းသွားတာလဲ”

ဒုဂိုဏ်းချုပ် တွေးရခက်နေသည်။ ထွက်ပြေးနေရသဖြင့် လုယန်ဘာလုပ်ခဲ့သည်ကို သူတို့သတိမထားမိလိုက်။

တောင်တန်းနှင့်ပင်လယ်မှော်ကြေးအိုး ပျက်စီးသွားသည်။ ထို့ကြောင့် အဖြစ်အပျက်ကို ပြန်ကြည့်၍မရတော့။

“ဒါပေမယ့် ထာဝရမျက်လုံးကတော့ မမှားနိုင်ဘူး။ ဒီသုံးယောက် ဖျက်ဆီးမှုအများဆုံးလုပ်ခဲ့လို့ပဲဖြစ်မယ်”

ဂိုဏ်းချုပ်က အခိုင်အမာပြောသည်။ လုယန်ဘာလုပ်ခဲ့သည်ကို သူလည်းမခန့်မှန်းတတ်။ အစောပိုင်းက ပထမနေရာတွင်ရှိနေသူသည် အချိန်တိုအတွင်း လူရာချီသတ်ခဲ့သည်။ ထောင်ချီ၍ ဒုက္ခပေးခဲ့သည်။ လုယန်က သူ့ကိုကျော်၍ ပထမနေရာရောက်လာသည်။ တကယ်တွေးရခက်သည်။

သို့သော် ခန့်မှန်းနေစရာမလိုပါ။ မသေမျိုးရတနာဖြစ်သည့် ထာဝရမျက်လုံးသည် တောင်တန်းနှင့်ပင်လယ်ကြေးအိုးထက်ပင် ပို၍စွမ်းအားကြီးသည်။ လုံးဝမမှားနိုင်။

မှန်ပါသည်။ လုယန်က ယွမ်ကျိကို ဆင့်ခေါ်၍ မှော်ကြေးအိုးနှင့် ထာဝရဂိုဏ်း၏ဌာနချုပ်ကို ဖျက်ဆီးစေသည်။ ဂိုဏ်း၏သမိုင်းတွင် အမြင့်ဆုံးဖျက်ဆီးမှုသုံးခုထဲမှ တစ်ခုဖြစ်သည်။

ဂိုဏ်းချုပ်၏ထိခိုက်မှုတစ်ခုတည်းကိုကြည့်ရုံဖြင့် ပထမနေရာကို သူရထိုက်ကြောင်း ထင်ရှားနေသည်။

ဂိုဏ်းချုပ်က ဝေဒနာကိုအရေးမစိုက်အားဘဲ ဂုဏ်ယူဝင့်ကြွားသည့်လေသံဖြင့်ပြောသည်။

“တွေ့လား။ ငါပြောသားပဲ။ ဒီလုယန်ဟာ ဉာဏ်ပညာကြီးပါတယ်လို့။ ငါတို့ သတိမထားမိလိုက်တဲ့ အချိန်လေးမှာ အချီကြီး လှုပ်ရှားနိုင်တယ်။ အခုသူ ပထမနေရာကို ရလိုက်ပြီ။ မင်းသဘောကျတဲ့ မုန်ကျင်းကျိုးနှင့် အရိုးရိုင်းကိုလည်း လျှော့မတွက်နဲ့။ လုံလောက်တဲ့အချိန်သာရရင် ဒုတိယနဲ့ တတိယနေရာကို သေချာပေါက်ချိတ်မှာပဲ”

ဒုဂိုဏ်းချုပ် နားလည်လက်ခံသွားသည်။ ဂိုဏ်းချုပ်သည် တကယ်ဂိုဏ်းချုပ်ပီသသည်။ လှုပ်ရှားရာတွင် သတိထားသလို အမြင်လည်း စူးရှသည်။ ထိုပုဂ္ဂိုလ် ဂိုဏ်းချုပ်နေရာရပြီး သူကဒုဂိုဏ်းချုပ်နေရာသာရသည်မှာ အံ့ဩစရာမရှိတော့။

“လုယန်ကို ဘယ်လိုမြင်လဲ”

ဂိုဏ်းချုပ်ကို သူမေးလိုက်သည်။

ခဏစဉ်းစားနေပြီးနောက် ဂိုဏ်းချုပ်က တွေးတွေးဆဆပြောသည်။

“ပထမစမ်းသပ်ချက်မှာ လုယန်က သမရိုးမဟုတ်တဲ့နည်းလမ်းနဲ့ ဖြေရှင်းတယ်။ သူ့သိုင်းပါရမီကို ပြတယ်။ သိုင်းပညာနဲ့ ကျင့်စဉ်လမ်းကိုဝင်နိုင်တာ လောကမှာ အတော်ရှားတယ်။ ဒုတိယစမ်းသပ်ချက်မှာ သူသေချာအကဲခတ်တယ်။ စည်းမျဉ်းတွေကို သုံးသပ်တယ်။ အာလူးတွေအားလုံးဝယ်ပြီး နောက်လူတွေ လူတွေ့ဖြေခွင့်မရအောင်လုပ်တယ်။ တစ်ခြားလူကိုဖျက်ဆီးတဲ့နေရာမှာ မယုံနိုင်လောက်အောင် စွမ်းရည်ထူးတယ်။ ဒီစရိုက်က တတိယစမ်းသပ်ချက်မှာ ပိုပြီးပေါ်လွင်လာတယ်။ သူ့ကို “မွေးရာပါနတ်ဆိုး”လို့ပြောရင်တောင် လွန်မယ်မထင်ဘူး”

ဒုဂိုဏ်းချုပ် မင်သက်မိသွားသည်။ ဂိုဏ်းချုပ်နှင့်သူ သိကျွမ်းခဲ့သည့်နှစ်ပေါင်း မနည်းတော့။ ဘယ်သူ့ကိုမှ ထိုမျှအတိုင်းအတာထိ မချီးကျူးဖူး။

“ဒါဆို မုန်ကျင်းကျိုးကရော”

“မုန်ကျင်းကျိုးက ပထမစမ်းသပ်ချက်မျာ ပင့်ကူကိုက်ခံရတယ်။ ထူးခြားတဲ့ကံကြမ္မာကို ပြတာပါ။ မဟာကပ်အတွင်းမှာ သူဟာ ကောင်းချီးခံလူသားမျိုးပဲ။ ဒုတိယစမ်းသပ်ချက်မှာ စစ်ဆေးတဲ့မေးခွန်းကို ရှုထောင့်မျိုးစုံကနေ သူသေချာသုံးသပ်တယ်။ မောက်မာပြီး ဝင့်ကြွားတတ်ပေမယ့် ခြေတစ်လှမ်းချင်း သေချာအစီအစဉ်ချတယ်။ နောက်ဆုံးမှာ စစ်ဆေးသူရဲ့ စိတ်ဓာတ်ကိုရိုက်ချိုးပြီး စမ်းသပ်ချက်ကို အောင်သွားတယ်။ တတိယစမ်းသပ်ချက်က သူ့စွမ်းအားကို ထုတ်မပြနိုင်ခင် အဆုံးသတ်သွားတာ ကံဆိုးတာပဲ။ လုယန်ထက် နည်းနည်းအဆင့်နိမ့်သွားတယ်။ သူ့ကို “ကောင်းကင်ကျနတ်ဆိုး”လို့ သတ်မှတ်ရင်ရတယ်။ အတော်ရှားပါးတဲ့ပါရမီမျိုးပဲ။ ဒီလိုလူငယ်မျိုး များများစားစာမရှိနိုင်ဘူး။ မုန်ကျင်းကျိုးရဲ့အနာဂတ်ဟာ အကန့်အသတ်မရှိဘူး”

“အရိုးရိုင်းကရော”

“ပထမစမ်းသပ်ချက်မှာ ထိုးထွင်းဉာဏ်ရှိတယ်၊ ဇွဲကောင်းတယ်။ ဗျူဟာကျတယ်။ ဒုတိယစမ်းသပ်ချက်မှာ သူအဖြေရှာတာ အတော်စေ့စပ်သေချာတယ်။ တတိယစမ်းသပ်ချက်မှာတော့ နည်းနည်းဆုံးဖြတ်ချက်ဝေဝါးတယ်။ ပြီးခဲ့တဲ့ စမ်းသပ်ပွဲကလူတွေနဲ့ ယှဉ်ကြည့်ရင် စွမ်းဆောင်ရည်တကယ်ထူးခြားတဲ့အုပ်စုထဲမှာ တန်းဝင်ပါတယ်။ ဒါပေမယ့် ငါသူ့ကို “နတ်ဆိုးနှလုံးသား”ရှိတဲ့လူလို့ပဲ သတ်မှတ်ပေးနိုင်မယ်”

အတိတ်အတွေ့အကြုံများအရ နတ်ဆိုးနှလုံးရှိသူအားလုံးသည် မသေခဲ့လျှင် ထာဝရဂိုဏ်း၏ အဆင့်မြင့်ခေါင်းဆောင်များ ဖြစ်လာကြသည်။

“သူတို့ကို သေချာလေ့ကျင့်ပေးဖို့ ဌာနချုပ်ကို ခေါ်သွားတော့မလား”

ဒုဂိုဏ်းချုပ်က မေးသည်။

ဂိုဏ်းချုပ် ခေါင်းခါသည်။

“အလျင်မလိုနဲ့။ အောက်ခြေကစပါစေ။ အနည်းဆုံးတော့ အောက်ခြေဘဝမှာ နှစ်နှစ်လောက်အတွေ့အကြုံယူခိုင်းဖို့လိုတယ်။ ငါပြောတာယုံပါ။ ဒီအတွေ့အကြုံတွေက နောင်တစ်ချိန်အောင်မြင်တိုးတက်ဖို့ အများကြီးအထောက်အကူပြုတယ်။ ငါလည်း အဲလိုအောက်ခြေကနေ တက်လာတာပဲ။ ...

ပြီးတေ့ ငါ့မှာအစီအစဉ်တစ်ခုရှိတယ်။ လုယန်က စိတ်ကူးစိတ်သန်းကောင်းပြီး ကြီးမားတဲ့အဖျက်စွမ်းအားမျိုး ပိုင်ဆိုင်ထားတယ်။ သူ့ကို အတွေ့အကြုံရှာခိုင်းရင်း တာအိုလမ်းစဉ်ဂိုဏ်းလို လမ်းမှန်ဂိုဏ်းထဲ သူလျှိုအဖြစ်ခိုးဝင်ခိုင်းလို့ရမလား ကြည့်သေးတာပေါ့”

ဒုဂိုဏ်းချုပ် ခပ်ညှင်းညှင်းရယ်သည်။ ဂိုဏ်းချုပ်ကြီး ထိုသုံးယောက်ကို အထင်ကြီးလွန်းနေသည်ဟု သူယူဆသည်။ တစ်ခြားလမ်းမှန်ဂိုဏ်းများကို ခိုးဝင်ခိုင်းဖို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် တာအိုလမ်းစဉ်ဂိုဏ်းက ထိပ်တန်းဂိုဏ်းကြီးဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ၏ အတွေးအမြင်ကို အမီလိုက်နိုင်ဖို့ခက်သည်။ ထိုဂိုဏ်းထဲ ခိုးဝင်လျှင် သိပ်မကြာမီ သရုပ်မှန်ပေါ်သွားလိမ့်မည်။

တာအိုလမ်းစဉ်ဂိုဏ်းသို့ ခိုးဝင်ဖို့ဆိုသည်က အပြောလွယ်သလောက် အလုပ်ခက်သည်။

“ငါဒဏ်ရာသွားကုတော့မယ်”

ဂိုဏ်းချုပ် လျှို့ဝှက်ခန်းတစ်ခုထဲသို့ ဒဏ်ရာကုစားရန် ဝင်သွားသည်။

ဒုဂိုဏ်းချုပ် အစမှအဆုံးထိ ဂိုဏ်းချုပ်နေရာကိုလုယူဖို့ စိတ်ကူးမရှိပါ။ ယနေ့ သင်ခန်းစားရလိုက်သည်။ ယခုလိုချိန် ဂိုဏ်းချုပ်ကိုသတ်လိုက်လျှင် သူတစ်ဆင့်တက်နိုင်မည်။ သို့သော် ပြီးလျှင် ဘာဆက်လုပ်မည်နည်း။ လမ်းမှန်ဂိုဏ်းက နောက်တစ်ကြိမ်တိုက်ခိုက်လာလျှင် ဘယ်လိုလုပ်မည်နည်း။ မှန်ကန်သည့် ဆုံးဖြတ်ချက်များ သူချမှတ်နိုင်ဖို့ မသေချာလှ။

တစ်ကြိမ်ဆုံးဖြတ်ချက်မှားသည်နှင့် လမ်းမှန်ဂိုဏ်းလက်ချက်ကြောင့် သေသွားနိုင်သည်။ ထိုအချိန်ရောက်မှ နေရာလုမိသည့်အဖြစ်ကို နောင်တရလျှင် နောက်ကျသွားမည်။

............

ယန်ကျန်း ဂိုဏ်းစခန်း။

“လူဆယ်ယောက် စမ်းသပ်ချက်အောင်မြင်ပြီး သုံးယောက်က “မွေးရာပါနတ်ဆိုး” “ကောင်းကင်ကျနတ်ဆိုး” နဲ့ “နတ်ဆိုးနှလုံး” လို့ သတ်မှတ်ခံရတယ်‌ပေါ့”

ဂိုဏ်းချုပ်ပို့လိုက်သည့်သတင်းကြောင့် ယန်ကျန်းဂိုဏ်းခွဲသခင် ပျော်သွားသည်။

သူမျှော်လင့်ထားသည်ထက်ပင် ပိုကောင်းနေသည်။ ရာထူးတိုးမည့်အခွင့်အရေး သူ့မျက်စိရှေ့သို့ ရောက်လာသည်။

ပထမနှင့်ဒုတိယစမ်းသပ်ချက် ကျရှုံးခဲ့သည့် နတ်ဆိုးကျင့်ကြံသူများကို သိစိတ်ပြန်မဝင်မီ ဂိုဏ်းထိန်းဆယ့်တစ်ယောက်က လူခွဲ၍ နေရာစုံသို့ ပြန်ပို့ကြသည်။ ထိုကျင့်ကြံသူများ နိုးလာချိန်တွင် ယန်ကျန်းဂိုဏ်းခွဲ၏ တည်နေရာကို မေ့သွားလိမ့်မည်။ ကြုံခဲ့သမျှအဖြစ်အပျက်ကို အိပ်မက်ဟုသာ ထင်ကြလိမ့်မည်။

သတ်လိုက်လျှင်တော့ စိတ်အချရဆုံးဖြစ်သည်။ ယန်ကျန်းဂိုဏ်းခွဲနေရာကို လုံးဝမသိနိုင်တော့။ သို့သော် ထာဝရဂိုဏ်းက ရေရှည်ကိုတွေးသဖြင့် ထိုသို့မလုပ်။

နတ်ဆိုးကျင့်ကြံသူများက ရောက်လေရာတွင် ပြဿနာရှာတတ်ကြသည်။ လမ်းမှန်ဂိုဏ်းများ သူတို့ကို အာရုံစိုက်ရသည်။ ရှုပ်ယှက်ခတ်နေသည့် သတင်းအချက်အလက်များကြားတွင် ဘယ်လုပ်ရပ်က ဂိုဏ်းမဲ့နတ်ဆိုးကျင့်ကြံသူလက်ချက်၊ ဘယ်လုပ်ရပ်က နတ်ဆိုးဂိုဏ်းများလက်ချက်ဟု ခွဲခြားနိုင်မည်မဟုတ်။ မျက်စိလည်ကြမည်။

လုယန်တို့အဖွဲ့ ပြန်သတိရလာသည်။ အဖြစ်အပျက်များ၏ လွှမ်းမိုးမှုကြောင့် အတွေးအာရုံများ နည်းနည်းနောက်ကျိရှုပ်ထွေးနေသည်။

သူတို့သတိမလစ်မီ နောက်ဆုံးမှတ်မိသည်က ယွမ်ကျိ ကောင်းကင်မှဆင်းလာခြင်းဖြစ်သည်။

လုယန် ကြောက်ချွေးပြန်လာသည်။ သူအသွင်ပြောင်းခဲ့သည်ကို ယွမ်ကျိမမြင်ခဲ့ပါစေနှင့်ဟု ဆုတောင်းနေသည်။ မြင်ခဲ့လျှင် သူအရှင်လတ်လတ် အရေဆုတ်ခံရလိမ့်မည်။

မုန်ကျင်းကျိုးနျင့် အရိုးရိုင်းတို့လည်း အဖြစ်အပျက်ကို မှတ်မိကြသည်။ လုယန်က အရိပ်တုလက်သီးသုံး၍ ယွမ်ကျိအစစ်ကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

လုယန်က သူတို့ကို ပါးစပ်မှထုတ်မပြောရန် မျက်ရိပ်ပြ၍ သတိပေးသည်။ ထိုနှစ်ယောက်ကလည်း အကင်းပါးပါးဖြင့် ခေါင်းငြိမ့်ပြသည်။

ယန်ကျန်းဂိုဏ်းသခင် အပျော်စိတ်ကို ထိန်းချုပ်၍ တည်ငြိမ်သည့်လေသံဖြင့် ပြောသည်။

“ဒီနေ့ကစလို့ မင်းတို့ဆယ်ယောက်ဟာ ငါတို့ထာဝရဂိုဏ်းရဲ့ ဂိုဏ်းသားတွေဖြစ်သွားပြီ။ ပုံမှန်ဆိုရင် ပူဇော်ပွဲတစ်ခု လုပ်သင့်တာပါ။ ဒါပေမယ့် ဒီနေ့လုပ်ခဲ့တဲ့ စမ်းသပ်ပွဲသုံးခုကြောင့် ငါအပါဝင် လူအားလုံး စွမ်းအင်တွေ ကုန်ခမ်းနေပြီ။ ဒီလိုအခြေမှာ ထာဝရအရှင်ကို သွားပြီးဂါရဝပြုရင် မလေးစားရာကျမယ်။ တရားဝင်ပူဇော်ပွဲကို မနက်ဖြန်မှလုပ်ကြတာပေါ့”

ဂိုဏ်းသခင်၏လေသံနှင့် ဂိုဏ်းထိန်းဆယ့်တစ်ယောက်၏ အမူအရာအရ ထာဝရအရှင်အပေါ် သူတို့ယုံကြည်မှုက အတုအယောင်မဟုတ်ကြောင်း လုယန် ရိပ်စားမိသည်။ ထာဝရအရှင်ရှိသည်ဟု အစစ်အမှန်ယုံကြည်ခြင်းဖြစ်သည်။

“ဝါဒဂိုဏ်းလို့ခေါ်တာ မဆန်းတော့ပါဘူး” (**)

(**နတ်ဆိုးဂိုဏ်းများသည် ကိုးကွယ်ယုံကြည်မှုဝါဒဂိုဏ်းများဖြစ်သည်။ လမ်းမှန်ဂိုဏ်းများနှင့်မတူ။ ဥပမာ နောက်ထပ် နတ်ဆိုးဂိုဏ်းတစ်ခုဖြစ်သည် “ကိုးငရဲဂိုဏ်း” သည် ဖုန်ဒူ(ငရဲကိုးထပ်)ကို ယုံကြည်ကိုးကွယ်သည်။ သူတို့လူသတ်ခြင်းသည် ထိုဖုန်ဒူစည်ကားလာအောင် ယာဇ်ပူဇော်သည်ဟု ယုံကြည်ကြသည်)

ဂိုဏ်းသခင် ဆက်ပြောသည်။

“ဒါပေမယ့် ဒီနေ့ဂိုဏ်းဝင်သစ်တွေအတွက် ကြိုဆိုဂုဏ်ပြုပွဲမလုပ်ပေးလို့တော့ မသင့်တော်ဘူး။ အပြင်ထွက်ပြီး စားသောက်ကြစို့။ ဒီကောင်တီမှာ “နောက်တစ်ခေါက်” ဆိုတဲ့ အသားကင်ဆိုင်အသစ်တစ်ခုရှိတယ်လို့ ကြားတယ်။ လူကြိုက်လည်းများတယ်။ ခဏနေရင် အဲဒီ့ဆိုင်မှာ ဆုံကြစို့။ ငါကျွေးမှာပါ”

လုယန် - “....”

မုန်ကျင်းကျိုး - “...”

အရိုးရိုင်း - “...”

သူတို့နားရတော့မည်မထင်။

**********************************************

All Chapters