← Chapters

ဆိုင်ရှင် ထွက်ခဲ့ပါ

Vol. 6 Ch. 77

ဆိုင်ရှင် ထွက်ခဲ့ပါ

Vol. 6 Ch. 77

“ပင်ငပန်းလိုက်တာကွာ။ ဘာမှကိုမလုပ်ချင်တော့ဘူး”

သုံးယောက်လုံး ပြိုင်တူညည်းမိကြသည်။ မျက်ခွံများကို အလိုလိုလေးလံလာသည်။

ဂိုဏ်းသခင် ဘယ်လိုတွေးလိုက်သည်မသိ။ သူတို့ဆိုင်တွင် လာစားသောက်ဖို့ အကြံပြုခဲ့သည်။

တစ်နေကုန် ဉာဏ်ရည်နှင့်သတ္တိကိုသုံး၍ ရန်သူ့ဂိုဏ်းထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီးနောက် အသားကင်ဆိုင်သို့ သူတို့ပြန်လာကြသည်။ သုံးယောက်လုံး ကောင်းကောင်းစားသောက်၍ အိပ်စက်အနားယူချင်သည်။

ထာဝရဂိုဏ်းက အားလုံး၏ သိစိတ်ဝိညာဉ်ကို မှော်ကြေးအိုးထဲ စုစည်းခဲ့သည်။ ထိုအဖြစ်ကြောင့် သူတို့အတော် ပင်ပန်းခဲ့သည်။

“ငါတို့ထွက်မလာခင် သရဲကျွန်တွေကို အသားတွေကင်ခိုင်းထားခဲ့လို့ တော်သေးတာပေါ့။ ဆိုင်ပြန်ရောက်တာနဲ့ ချက်ချင်း အစားအသောက်ပြင်ပေးလို့ရတယ်”

အရိုးရိုင်း နည်းနည်းစိတ်သက်သာရာရနေသည်။

ဆိုင်းသို့ ပြန်ရောက်ချိန်တွင် ရင်းနှီးနေသည့်လူတစ်ယောက်ကို လုယန်မြင်ရသည်။

“အရာရှိဝေ၊ ဒီမှာဘာလုပ်နေတာလဲ။ ကိစ္စရှိလို့လား”

အရာရှိဝေ ဆိုင်တံခါးကို အတော်ကြာအောင်ခေါက်နေခဲ့သည်။ အထဲတွင်ဘယ်သူမှမရှိဟု တွေးခဲ့သည်။

တကယ်လည်း ဘယ်သူမှမရှိပါ။ အသားကင်ရင်း အလုပ်များနေသည့် သရဲကျွန်နှစ်ယောက်သာရှိသည်။ အရာရှိဝေတံခါးခေါက်သံကြောင့် သူတို့သေမတတ်ထိတ်လန့်နေသည်။ တံခါးဖွင့်မပေးရဲ။

အရာရှိဝေလှည့်ပြန်ရန် ပြင်နေချိန်တွင် လုယန်ယောက်လာသည်။ အရာရှိမျက်နှာ အရောင်လက်သွားသည်။

“ဆိုင်ရှင်လု၊ ပြန်လာကြပြီပေါ့”

လုယန် ခေါင်းငြိမ့်သည်။ လိမ်ဆင်တစ်ခု အလိုလိုထွက်လာသည်။

“ဒီမနက် ရာသီဥတုကကောင်းလို ကျုပ်တို့သုံးယောက် အပြင်ထွက်လမ်းလျှောက်ကြတာပါ။ အခုမှ ပြန်လာတာ”

“ဒီနေ့ ဆိုင်ဖွင့်မှာလား”

လုယန် ခဏစဉ်းစားသည်။ ဂိုဏ်းသခင်တို့အဖွဲ့ ရောက်လာမည်။ စုစုပေါင်း လူဆယ့်နှစ်ယောက်လောက်ရှိမည်။ ထိုသို့ဆိုလျှင် ဆိုင်ဖွင့်သည့်သဘောဖြစ်သည်။။

“ဟုတ်ကဲ့”

အရာရှိဝေက စကားကိုအချိုသာဆုံးဖြစ်အောင်ပြောသည်။

“ဆိုင်ရှင်လု၊ ခင်ဗျားတို့အကင်ဆိုင်က ဒီနားတစ်ဝိုက်မှာ နည်းနည်းနာမည်ရလာပြီ။ ကျုပ်လည်း ကျုပ်ညီအကိုတွေနဲ့ မကြာခဏလာစားဖြစ်တယ်။ ခင်ဗျားတို့က အကင်ဆိုင်ကို ဝါသနာကြောင့် ဖွင့်ထားကြတယ်ဆိုတာ ကျုပ်သိပါတယ်။ စီးပွားရေးချဲ့ဖို့ စိတ်ကူးမရှိဘူး။ တစ်ခြားလူတွေ ခင်ဗျားတို့ကို ပိုစီးပွားတက်အောင် ကြော်ငြာပေးတာလည်း မကြိုက်ဘူးလေ”

လုယန် ခေါင်းငြိမ့်သည်။

အရာရှိဝေက စိတ်မကောင်းသည့်လေသံဖြင့်

“ဒါပေမယ့် ကျုပ်ညီအကိုတွေက နှုတ်မလုံကြဘူး။ စားသောက်ပြီး ပြန်ရောက်တာနဲ့ ခင်ဗျားဆိုင်ကအကင်တွေ ဘယ်လောက်ကောင်းကြောင်း ချီးမွှမ်းခန်းထုတ်ကြတယ်။ အခုဆို တစ်ခြားအရာရှိတွေပါ စိတ်ဝင်စားလာကြပြီ။ ဒီည ညဆိုင်းတာဝန်ပြီးတာနဲ့ အားလုံး ဒီမှာလာစားကြမယ်လို့ပြောတယ်။ နယ်စားမင်းရဲ့ ရုံးတော်မှာ ညဆိုင်းကျမယ့်ညီအကိုတွေကလည်း သူတို့အတွက် အကင်နည်းနည်းယူလာဖို့ မှာလိုက်တယ်”

“ဟုတ်လား”

လုယန် အရာရှိဝေအမူအရာကို အကဲခတ်နေသည်။ နှုတ်မလုံသည်က သူ့ညီအကိုများသာဟုတ်မည်မထင်။ အရာရှိဝေကိုယ်တိုင်လည်း နှုတ်ဖွာခဲ့၍သာဖြစ်မည်။

“ယန်ကျန်းမှာ ကျုပ်တို့လိုအရာရှိတွေ အတော်များတယ်။ စားပွဲအားလုံး ပြည့်လောက်ပါတယ်။ ကျုပ်တို့ရဲ့တပ်ဖွဲ့ခေါင်းဆောင်လည်း လာမယ်တဲ့။ ဒီညအတွက် ကျုပ်တို့ကိုပဲ ဝန်ဆောင်မှုပေးဖို့ ဒီနေရာကို ကြိုငှားလို့ရမလား လာမေးတာပေါ”

လုယန်သဘောပေါက်သွားသည်။ ထို့နောက် အခက်တွေ့နေသည့်မျက်နှာမျိုးဖြင့်

“ဒါပေမယ့် ကျုပ်မိတ်ဆွေတစ်ချို့လည်း ဒီညလာကြလိမ့်မယ်။ အဲတော့...”

“ကိစ္စမရှိဘူး။ ကိစ္စမရှိဘူး။ လူများလေ ပျော်စရာကောင်းလေပါပဲ။ ကျုပ်တို့အားလုံး အတူစားလို့ရပါတယ်”

အရာရှိဝေက ချက်ချင်းပြန်ပြောသည်။ သူ့မိတ်ဆွေများကို အကင်စားစေရမည်ဟု သူအာမခံခဲ့သည်။ ပြောသည့်အတိုင်းမလုပ်နိုင်လျှင် ရှက်စရာကောင်းသည်။

လုယန် ခေါင်းငြိမ့်လိုက်သည်။

“ဒါဆိုလည်း ကောင်းပြီလေ။ ကျုပ်တို့ကို နာရီဝက် ပြင်ဆင်ချိန်ပေးပါ။ စီးပွားရေးအတွက် ဆိုင်ဖွင့်ရမှာပေါ့”

အရာရှိဝေ ပျော်ရွှင်စွာထွက်သွားသည်။

......................

ဂိုဏ်းသခင်ချိန်းဆိုထားသည့်အချိန် နီးကပ်လာသည်။ အသားကင်ဆိုင်တံခါးသို့ အရပ်ရှစ်မျက်နှာမှလူများ စုဝေးရောက်ရှိလာသည်။ ဂိုဏ်းသခင်၊ ဂိုဏ်းထိန်းများနှင့် ဂိုဏ်းဝင်သစ်ခုနစ်ယောက် ဖြစ်သည်။

ချီရှုလုန်နှင့် ရှန်ကျင်းယီက ဝိုင်အိုးတစ်ချို့ပင် ပါလာသေးသည်။

“ဒီကဝိုင်တွေ မပြင်းမှာစိုးလို့ “ပန်းသွေးနီ”နှစ်သုံးဆယ်ဝိညာဉ်ဝိုင်အိုးတစ်ချို့ ဝယ်လာတယ်”

ထိုဝိညာဉ်ဝိုင်မျိုးက အတော်ပြင်းသည်။ အခြေတည်အဆင့်များကိုပင် မူးစေနိုင်သည့်အာနိသင်မျိုးရှိသည်။

တစ်ခြားဂိုဏ်းဝင်သစ်ငါးယောက်လည်း ဝိုင်လက်ဆောင်များပါလာသည်။ သို့သော် သူတို့က ချီသန့်စင်ခြင်းအဆင့်သာဖြစ်၍ ထူးခြားသည့်လက်‌ဆောင်မျိုး ယူမလာနိုင်ကြ။

ဂိုဏ်းသခင်ကလည်း စားသောက်ဖို့အတွက် နှာခေါင်းအောက်ပိုင်းဖော်ထားသည့် မျက်နှာဖုံးကို ပြောင်းဝတ်လာသည်။

လုယန်တို့သုံးယောက် ဆိုင်ထဲမှထွက်၍ အားလုံးကို ဖိတ်ခေါ်သည်။

“ဝင်ကြပါခင်ဗျာ။ အားလုံး အသင့်ပါပဲ။ အစက ဒီဆိုင်ကို ဒီညအတွက် ကြိုငှားထားပြီးသားပါ။ ဒါပေမယ့် ငှားတဲ့လူတွေနဲ့ နည်းနည်းညှိနှိုင်းလိုက်တယ်။ သူတို့ကလည်း ကျုပ်တို့ကို စားပွဲတစ်ဝိုင်းပေးဖို့ သဘောတူပါတယ်”

ဂိုဏ်းသခင် ခေါင်းငြိမ့်သည်။ အစက လုယန်တို့သုံးယောက် သူ့စကားကိုအရေးမစိုက်ဘဲ ပြဿနာရှာမည်ကို စိုးရိမ်ခဲ့သည်။ သင်ခန်းစာပေးဖို့ စဉ်းစားထားသည်။ ယခု ထိုသုံးယောက်က အတော်လေး အလိုက်သိသည့်ပုံမျိုးဖြစ်နေသည်။ သူတို့အတွက် နေရာကြိုဦးပေးထားသည်။

“ရပ်မနေကြနဲ့။ အထဲဝင်ကြမယ်”

ဂိုဏ်းသခင် အားလုံးကို လက်ယပ်ခေါ်သည်။

ဆိုင်ထဲတွင် ဘယ်သူမှမရှိသေး။ ထို့ကြောင့် ဂိုဏ်းသခင်က သူ့အဆင့်အတန်းနှင့်လိုက်ဖက်သည့် အလယ်တည့်တည့်မှ အကြီးဆုံး နေရာအကျဆုံးစားပွဲကို ရွေးလိုက်သည်။

လုယန်က စေတနာဖြင့် သတိပေးသည်။

“ဂိုဏ်းသခင်၊ ဒီစားပွဲက တစ်ခြားလူတွေ ကြိုမှာထားပြီးသားပါ”

ဂိုဏ်းသခင် ပြန်မဖြေနိုင်မီ ချီရှုလုံက ဖြတ်ပြောသည်။

“သူတို့ကို တစ်ခြားဝိုင်းမှာ ထိုင်ခိုင်းလိုက်ပေါ့ကွာ။ ငါတို့နဲ့ ဘယ်သူလာပြီး နေရာလုရဲသလဲ”

ဂိုဏ်းသခင်ကလည်း သူ့စကားကို မငြင်းသဖြင့် လုယန် ဘာမှဆက်မပြောတော့။

အားလုံးနေရာယူပြီးနောက် အရိုးရိုင်းက အသားကင်မီနူးကိုထုတ်ပေးသည်။

“ကျုပ်တို့ဘာစားကြမလဲ”

ရှန်ကျင်းယိက မီနူးကို ဂိုဏ်းသခင်ဆီ လှမ်းပေးသည်။

“ဂိုဏ်းသခင်ပဲ မှာလိုက်ပါ”

ဂိုဏ်းသခင် လက်ဝှေ့ယမ်းပြသည်။

“မင်းတို့ကြိုက်တာမှာပါ”

“သခင်ကျွေးတာဆိုတော့ သခင်ပဲ မှာသင့်ပါတယ်”

“မလိုပါဘူး။ မင်းတို့ကြိုက်ရာရွေးပါ”

စားပွဲတစ်ပတ်ပြည့်ပြီး‌နောက် မီနူးစာရွက်က အရိုးရိုင်းလက်ထဲ ပြန်ရောက်လာသည်။ အကင်မှာဖို့ကိစ္စကို မလိုအပ်ဘဲ ဇီဇာကြောင်နေသည်ဟု ခံစားရသဖြင့် အရိုးရိုင်း ဘာမှမပြောတော့ဘဲ ဆိုင်နောက်ဖေးသို့ ဝင်သွားပြီး သရဲကျွန်များကို အသားကင်များပြင်ဆင်ခိုင်းသည်။

မကြာမီ မွှေးပျံသည့်အသားကင်ဗန်းများ ယူလာသည်။ အနံ့ရှူမိရုံဖြင့် အရသာထူးခြားလိမ့်မည်ဟု အားလုံး နားလည်လိုက်ကြသည်။

“ကဲ လာကြ။ အသားကင်တွေရောက်ပြီဆိုတော့ ဝိုင်ငှဲ့ကြတော့”

ဂိုဏ်းသခင်က ရယ်မော၍ အားလုံးကို ဝိုင်သောက်ရန် အချက်ပြသည်။

မုန်ကျင်းကျိုးလည်း လိုက်ရယ်၍ ပြန်ပြောသည်။

“ဝိုင်မသောက်လို့မရဘူးလား။ ကျုပ်က လက်ဖက်ရည်သောက်နေကျမို့ပါ။ ဝိုင်ကို သိပ်မကြိုက်ဘူး”

ဂိုဏ်းသခင်က ပြုံး၍

“ရှောင်မုန်၊ သိုင်းလောကမှာ ကျင်လည်ရင် သောက်စားတတ်အောင် သင်ယူရတယ်။ နောက်တစ်ချိန် ပွဲလမ်းတွေအများကြီး ကြုံရလိမ့်ဦးမယ်။ သုံးခွက်လောက်စသောက်ပြီး အကျင့်ရအောင်လုပ်လိုက်ပါ”

သို့သော် မုန်ကျင်းကျိုးက ငြင်းသည်။

သိက္ခာမကျလိုသဖြင့် ဂိုဏ်းသခင် မျက်မှောင်နည်းနည်းကျုံ့လိုက်သည်။ ချီရှုလုံက ထိုအခြေအနေကို အခွင့်ကောင်းယူ၍ အပြစ်တင်သည်။

“မင်းဘာဖြစ်နေတာလဲကွ။ ဂိုဏ်းသခင်ကသောက်ခိုင်းတာကို မင်းဘာလို့ငြင်းနေတာလဲ။ ဂိုဏ်းသခင်ကို မလေးစားတာလား”

“သောက်တာက သောက်တာပဲလေ။ လေးစားတာမလေးစားတာနဲ့ ဘာဆိုင်လဲ။ ဂိုဏ်းသခင်က ငါ့ကိုအတင်းသောက်ခိုင်းတယ်ဆိုရင် ဒါငါ့ကို မလေးစားတဲ့သဘောမဟုတ်ဘူးလား”

လေးစားဖို့အကြောင်း ဂိုဏ်းသခင်ရှေ့တွင် ပြောခွင့်မရှိဟု ချီရှုလုံ ပြန်ချေပရန်ပြင်သည်။ သို့သော် ဂိုဏ်းသခင်က လက်ပြတားလိုက်သည်။

မုန်ကျင်းကျိုး၏အလားအလာကို သူသိသည်။ ထိုလူငယ်နှင့် ပြဿနာမဖြစ်ချင်။

လုယန်တို့သုံးယောက်အပေါ် ဂိုဏ်းချုပ်၏အကဲဖြတ်သတ်မှတ်ချက်ကို သူတစ်ယောက်သာသိသည်။ လုယန်တို့ကိုယ်တိုင်ပင်မသိကြ။

“ကြိုဆိုတဲ့စားသောက်ပွဲမှာ ပြဿနာဖြစ်အောင်မလုပ်ကြပါနဲ့။..ငါ့ကိုယ်ငါ စပြီးမိတ်ဆက်မယ်။ ငါ့မျိုးရိုးက ချူးပါ။ မင်းတို့ငါ့ကို သခင်ချူးလို့ခေါ်လို့ရတယ်”

သူမိတ်ဆက်ပြီးနောက် ချင်ယွမ်ဟောင်နှင့် ဆောင်ကြာမြိုင်သို့သွားခဲ့သည့် လူပိန်ရှည်၏ အလှည့်ရောက်လာတယ်။

“ငါ့နာမည် ဝမ်ဟဲပါ။ ရင်းနှီးတဲ့လူတွေကတော့ အာကျယ်ဝမ်လို့ ခေါ်ကြတယ်”

“ပိုင်ဇီဖန်းပါ”

“ဖန်ရှို့ပါ”

ဂိုဏ်းထန်းဆယ့်တစ်ယောက် အလှည့်ကျမိတ်ဆက်သည်။ နာမည်ကိုသာ ပြောသည်။ ကျင့်စဉ်စွမ်းအားအဆင့်၊ ဝါသနာ၊ ထူးခြားစွမ်းရည်စသည့် တစ်ခြားအချက်အလက်များကို လုံးဝထုတ်မပြော။

နတ်ဆိုးဂိုဏ်းများကြားတွင် ယုံကြည်မှုဆိုသည့် စကားလုံးက အတော်ရှားပါးသည်။ လူအားလုံး ဝှက်ဖဲကိုယ်စီ ထိန်းသိမ်းထားလေ့ရှိသည်။

ဘာပြဿနာမှမဖြစ်ခဲ့သကဲ့သို့ပင် လူအားလုံး အဆင်ပြေပြေစားသောက်ကြသည်။

“ဒီအသားကင်တွေက တကယ်အရသာရှိတာပဲ”

အကင်နည်းနည်းစားကြည့်ပြီးနောက် ချီရှုလုံက အံ့ဩသွားသည်။ စားခဲ့ဖူးသမျှတွင် အကောင်းဆုံးအသားကင်များဖြစ်သည်။

ထို့နောက် ဂိုဏ်းသခင်ကို သူတိုးတိုးကပ်မေးသည်။

“ဒီဆိုင်ရှင်ကို ဖိအားပေးပြီး အသားကင်တဲ့နည်းလမ်းတောင်းကြမလား။ ဒီအသားကင်မျိုး ဝိညာဉ်ကျောက်နဲ့ရောင်းရင် ချက်ချင်းစီးပွားဖြစ်မှာ”

ဂိုဏ်းသခင်လည်း စိတ်ဝင်စားသွားသည်။ လူသတ်၊ ငွေညှစ်၊ အကြပ်ကိုင်သည့်ကိစ္စများက သူ့အတွက် အသစ်အဆန်းမဟုတ်။ မလုပ်ဖူးသည်မဟုတ်။

လုယန်က ဘေးမှဝင်မေးသည်။

“ဆိုင်ရှင်က နည်းလမ်းကိုမပေးဘူးဆိုရင်ရော”

ချီရှုလုံမျက်လုံးတွင် အေးစက်သည့်အရိပ်တစ်ခု ဖြတ်သွားပြီး လှောင်ပြုံးပြုံးလိုက်သည်။

“အဲလိုဆိုရင်တော့ သူ့အသက်နဲ့ အသားကင်နည်း ဘယ်ဟာကိုပိုတန်ဖိုးထားမလဲဆိုတာ သူ့အပေါ်ပဲ မူတည်တာပေါ့”

ထို့နောက် စားပွဲကို ဝုန်းခနဲရိုက်၍ အော်ခေါ်လိုက်သည်။

“ဆိုင်ရှင်၊ ထွက်ခဲ့စမ်း။ အသားကင်တွေချပေးပြီး မင်းက မျက်နှာထွက်မပြဘူးပေါ့။ တာဝန်ဝတ္တရားဆိုတာ နားမလည်ဘူးလားကွ”

ထိုစဉ် ဆိုင်အပြင်ဘက်မှ အရာရှိဝေ၏အသံ ပေါ်လာသည်။

“ဟားဟား၊ ဆိုင်ရှင်ဘယ်မှာလဲဗျို့။ ကျုပ်ရဲ့ညီအကိုတွေကို ခေါ်လာပြီနော်”

အရာရှိစစ်သည်များ ဝင်လာသည်။ ရွှေသန္ဓေအဆင့် ခေါင်းဆောင်အရာရှိလည်းပါသည်။ ဂိုဏ်းသခင်၏စားပွဲဝိုင်း ဘေးပတ်လည်တွင် လူဖြန့်ထိုင်ကြသည်။

**********************************************

All Chapters