မိသားစုကြီးပမာ
Vol. 6 Ch. 78
အရာရှိများ လူဖြန့်၍ နေရာယူကြသည်။ အရာရှိဝေ ချဲ့ကားပြောခဲ့ခြင်းမဟုတ်။ အမှန်တကယ် လူအတော်များများ ရောက်လာသည်။ ဆိုင်ထဲမှ စားပွဲအားလုံး ပြည့်လုနီးပါးဖြစ်သွားသည်။
သခင်ချူး၏စားပွဲက ဆိုင်အလယ်တည့်တည့်တွင်ရှိသည်။ အရာရှိစစ်သည်များ ဝန်းရံထားသည်။ အနေအထားက အံ့ဩစရာကောင်းလောက်အောင် အံဝင်ကွင်ကျဖြစ်သွားသည်။ တော်ဝင်လမ်းစဉ်သမားနှင့် နတ်ဆိုးလမ်းစဉ်သမားများ မိသားစုကြီးတစ်ခုလို ဖြစ်နေသည်။
ချီရှုလုံ ထိတ်လန့်သွားပြီး ချက်ချင်းခေါင်းငုံ့လိုက်သည်။ သူ့နာမည်ဂုဏ်သတင်းက သူ့ဘာသာဖန်တီးထားသည့် အလိမ်အညာများသာဖြစ်သည်။ ဒုစရိုက်မှုများ ကျူးလွန်ချိန်တွင် သူရုပ်ဖျက်ထားလေ့ရှိသည်။ သို့မဟုတ် မျက်နှာဖုံးတပ်ထားသည်။ အရာရှိများကို တတ်နိုင်သမျှအမြဲရှောင်သည်။
ယခု ထွက်ပြေး၍လည်းမရသဖြင့် ခေါင်းငုံ့၍ မမြင်ချင်ယောင်ဆောင်ရုံသာ ရှိတော့သည်။
“ကျုပ်ဒီမှာပါ အရာရှိဝေ”
လုယန် ထရပ်၍ ပြုံးပြနှုတ်ဆက်လိုက်သည်။
ချီရှုလုံ မျက်လုံးပြူးသွားသည်။ အသားကင်ဆိုင်ပိုင်ရှင်က လုယန်ဖြစ်နေသည်။
“ခင်ဗျားတို့က စားတောင်စားနေကြပြီလား”
အရာရှိဝေက နည်းနည်းအားနာသည့်လေသံဖြင့်ပြောသည်။
“ကိစ္စမရှိပါဘူး။ ခင်ဗျားတို့ဘာအကင်စားချင်လဲပြောပါ”
“လူတွေကအများကြီးဆိုတော့ သီးခြားအကင်ရယ်လို့ မှာမနေတော့ပါဘူး။ ခင်ဗျားတို့မှာရှိတာသာ ယူခဲ့ပါ”
“ကောင်းပါပြီ”
လုယန် ခေါင်းငြိမ့်သည်။ အရာရှိဝေ ထိုသို့ပြောလိမ့်မည်ဟု သူကြိုတွေးထားပြီးဖြစ်သည်။
အရာရှိများကလည်း သခင်ချူး၏စားပွဲမှ အသားကင်နံ့ကြောင့် တံတွေးမျိုနေကြသည်။
ညစာစားချိန်ရောက်ပြီဖြစ်၍ အားလုံး ဗိုက်ဆာနေသည်။ အသားကင်နံ့ရသဖြင် ပို၍ဆာလောင်လာသည်။
လုယန်ကြိုတင်ပြင်ဆင်ထား၍ တော်သေးသည်။ အရာရှိဝေတို့ ရောက်မလာမီကတည်းက အသင့်ဖြစ်စေရန် သရဲကျွန်နှစ်ယောက်ကို အသားများ ကြို၍ကင်ခိုင်းထားသည်။
မကြာမီ အရိုးရိုင်းနှင့် မုန်ကျင်းကျိုးတို့ အသားကင်ဗန်းများ သယ်ထုတ်လာသည်။ အရာရှိများ ဆာလောင်မှုကို ဖြေဖျောက်ခွင့်ရကြသည်။
အရာရှိဝေ ဘာမှသိပ်မပြော။ အနံ့ရှူပြီးစောင့်မနေရသည့်အတွက် လုယန်ကို ကျေးဇူးတင်နေသည်။ သူ့လုပ်ဖော်ကိုင်ဖက်များ၏ ညည်းညူဝေဖန်သံကို မကြားရတော့။
“ဒါက ကျုပ်တို့ ခေါင်းဆောင်ကြီး ဖန်ချင်းယွမ်ပါ”
အရာရှိဝေ မိတ်ဆက်ပေးသည်။ ဖန်ချင်းယွမ်က လုယန်နှင့် ယဉ်ယဉ်ကျေးကျေးလက်ဆွဲနှုတ်ဆက်သည်။ ရွှေသန္ဓေအဆင့်ရောက်နေသူဖြစ်၍ လုယန်ကို ကျင့်ကြံသူမှန်း ချက်ချင်းသိသည်။
လုယန်သာမဟုတ်။ အလယ်စားပွဲမှလူအားလုံးလည်း ကျင့်ကြံသူများဖြစ်ကြောင်းသိသည်။
သူဘာမှမပြော။ ကျင့်ကြံသူများလည်း စီးပွားရေးလုပ်ကြသည်သာဖြစ်သည်။ ဥပဒေမချိုးဖောက်လျှင် သူနှင့်ဘာမှမဆိုင်။
အသားကင်ဆိုင်ဖွင့်သည်ကလည်း ဥပဒေချိုးဖောက်သည့်အလုပ်မဟုတ်။
စားပွဲဝိုင်းမရလျှင်ပင် သူ့ရာထူးအားကိုးဖြင့် တစ်ခြားလူများကို အနိုင်ကျင့်၍မရ။ အပြင်သို့ သတင်းပေါက်သွားလျှင် သူ့ပုံရိပ်ထိခိုက်မည်။
လုယန်ပြန်ထိုင်ပြီးနောက် ချီရှုလုံက မကျေမနပ်လေသံဖြင့် ဂိုဏ်းသခင်ရှေ့တွင် ခပ်တိုးတိုးမာန်မဲသည်။
“ခွေးသူတောင်းစား။ အရာရှိတွေလာမယ်ဆိုတာ မင်းဘာလို့ငါတို့ကိုကြိုမပြောတာလဲ”
လုယန် မကျေမနပ်ဖြစ်သွားသည်။
“မင်းတို့ကို အရာရှိတွေနဲ့ ရင်းနှီးမှုယူစေချင်လို့ပါ။ ဒီအခွင့်အရေးမျိုးကို မင်းတို့အရယူသင့်တာလေ”
နံရံပေါ်မှစာတန်းကို သူလက်ညှိုးထိုးပြသည်။
“တွေ့လား။ အဲဒီဂုဏ်ပြုစာတန်းက ငါ့ကို အရာရှိဝေပေးထားတာ”
ထို့နောက် လိမ်ဆင်တစ်ခု လက်တန်းဖန်တီးသည်။
“အဖွဲ့ထဲကိုမဝင်ခင် နေရာကောင်းတစ်ခုသေချာရှာပြီး အရာရှိတွေနဲ့ ငါရင်းနှီးအောင်လုပ်ခဲ့တယ်။ ဒါမှ ငါဘာလုပ်လုပ် သူတို့ငါ့ကို သံသယမဝင်မှာပေါ့။ သူတို့ လာသောက်စားတဲ့အချိန် သူတို့ရထားတဲ့သတင်းတွေတောင် ခိုးနားထောင်လို့ရသေးတယ်”
သခင်ချူး ခေါင်းငြိမ့်သည်။ လုယန်၏စိတ်ကူးစိတ်သန်းက အတော်ကောင်းသည်။ ဂိုဏ်းချုပ် အကဲဖြတ်ခဲ့သည်နှင့် ထပ်တူကျသည်။
ထိုသုံးယောက်၏လုပ်ရပ်များသည် တဇွတ်ထိုးဆန်သည်ထင်ရသော်လည်း နောက်ကွယ်တွင် လေးနက်သည့်အကြောင်းရင်းများရှိသည်။ အပေါ်ယံကြည့်၍ အကဲဖြတ်မရ။
အရာရှိများနှင့် ရဲရဲတင်တင်း ရင်းနှီးမှုယူရဲသည်ကပင် နတ်ဆိုးဂိုဏ်းဝင်အများစုထက် သတ္တိနှင့်အတွေးအခေါ် ပိုသာလွန်ကြောင်း သက်သေခံနေသည်။
“ကဲ၊ သောက်ကြမယ်ဟေ့”
အကင်နည်းနည်းဗိုက်ထဲဝင်သွားပြီးနောက် အရာရှိဝေတို့လူစု စသောက်ကြသည်။ အကင်များ ပိုစားဖြစ်သလို ဝိုင်လည်းပိုကုန်လာသည်။ တစ်ကြိမ်ပြီးတစ်ကြိမ် ခွက်မြှောက်၍ သောက်နေကြသည်။ ပတ်ဝန်းကျင်က သက်ဝင်လှုပ်ရှားလာသည်။
သို့သော် အလယ်စားပွဲက သူတို့နှင့် ဆန့်ကျင်ဖက်ဖြစ်သည်။ အမူးမလွန်အောင် သတိထား၍ သောက်ကြသည်။ တစ်ခုခု စကားမှားပြောမိမည်ကို စိုးရိမ်သည်။
နောက်ဆုံးတွင် ဝိုင်ဆက်မသောက်တော့ဘဲ လက်ဖက်ရည်ကို ပြောင်းသောက်သည်။
လုယန်တို့စားပွဲ အသံတိတ်နေသဖြင့် အရာရှိဝေ နည်းနည်းအားနာသွားသည်။ သူတို့ရောက်လာ၍ အနှောက်အယှက်ဖြစ်နေသည်ဟု တွေးလိုက်သည်။ ထို့ကြောင့် သူ့ဝိုင်ခွက်ကို ကောက်ကိုင်၍ အလယ်စားပွဲဆီ လျှောက်လာသည်။
“လုပ်ကြပါ။ ကျုပ်တို့ကို စိတ်ထဲမထားပါနဲ့။ တာဝန်ချိန်မဟုတ်ရင် ကျုပ်တို့လည်း ဒီကိုစားဖို့သောက်ဖို့လာတဲ့ သာမန်လူတွေပါပဲ။ ကဲ..လာထား ကမ်းပေ့”
အရာရှိဝေ ချီရှုလုံကို ပြောသည်။
ချီရှုလုံ သူ့လက်ဖက်ရည်ခွက်ကို ဂရုတစိုက် ကောက်ကိုင်သည်။ သို့သော် အရာရှိဝေက အလိုမကျသည့်မျက်နှာဖြင့် ခပ်တင်းတင်းပြောသည်။
“ဘာလို့ လက်ဖက်ရည်သောက်မှာလဲ။ ကျုပ်ကို မျက်နှာသာမပေးတော့ဘူးလား။ ဝိုင်ပဲထည့်စမ်းပါ”
မတတ်သာတော့သဖြင့် ချီရှုလုံ နှစ်သုံးဆယ်ဝိညာဉ်ဝိုင်ကိုငှဲ့ပြီး တစ်ချီတည်းမော့သောက်လိုက်ရသည်။
အရာရှိဝေ ခွက်တိုက်နေသည်ကိုကြည့်၍ မူးနေသည့်တစ်ခြားအရာရှိများလည်း သခင်ချူး၏စားပွဲနှင့် ကမ်းပေ့လုပ်လာကြသည်။ စိတ်ရှိလက်ရှိ သောက်ကြစားကြသည်။
ဘယ်သူမှ လုယန်တို့သုံးယောက်ကို သောက်ဖို့မပြော။ ဆိုင်ရှင်က မူးနေလျှင်မသင့်တော်။
နှစ်သုံးဆယ်ဝိညာဉ်ဝိုင်၏ပြင်းအားကို အခြေတည်အဆင့်များ မခံနိုင်။ ထို့ကြောင့် ချီရှုလုံတို့ မူးလာသည်။
သူတို့မူးလာသည်ကိုကြည့်၍ သခင်ချူး အကြောင်းတစ်ခုပြပြီး ပြန်သွားသည်။ ခေါင်းဆောင်လည်း ပြန်သွားပြီး အရှိန်ကလည်း တက်လာသဖြင့် အထိန်းအကွပ် လွတ်လာကြသည်။ ချီရှုလုံနှင့် ရှန်ကျင်းယိတို့က သူတို့နှစ်ယောက်အတူလက်တွဲ၍ ထာဝရဂိုဏ်းတွင် နေရာတစ်ခုရအောင် ကြိုးစားရန် တိုင်ပင်နေကြသည်။
“ချီရှုလုံ၊ မင်းရဲ့အကြီးဆုံးချို့ယွင်းချက်က စိတ်မရှည်ပဲ ဟိတ်ကြီးဟန်ကြီးလုပ်တတ်တဲ့အကျင့်ပဲ။ မင်းဒီထက်ပိုပြီး ထိန်းထိန်းသိမ်းသိမ်းနေသင့်တယ်ကွ”
ရှန်ကျင်းယိက ချီရှုလုံကောင်းကျိုးအတွက် အကြံပြုသည်။
ချီရှုလုံကလည်း လွပ်လပ်မှုကို တန်ဖိုးထားသူဖြစ်၍ ဝေဖန်ခံရသည်ဟု မတွေးပါ။
“တော်စမ်းပါကွာ။ ငါက ဟိတ်ဟန်များတယ်ဆို မင်းကရောဘာထူးလဲ။ လိပ်လိုခေါင်းဝှက်နေပြီး ကိုယ်တိုင်လှုပ်ရှားရမှာကြောက်လို့ ကျောင်းသားတွေကိုသင်တန်းပေးပြီး ကိုယ်စားလုပ်ခိုင်းနေတာမဟုတ်လား”
“မိန်းမလို စကားနာထိုးမနေနဲ့ကွ။ ကျေးဇူးမကန်းနဲ့ ချီရှုလုံ။ ငါက မင်းအတွက်စဉ်းစားပေးတာ။ အစာကျွေးတဲ့လက်ကို ပြန်မကိုက်နဲ့”
ရှန်ကျင်းယိ ဒေါသထွက်သွားပြီး ပြန်ပက်သည်။
“မင်းကငါ့ကို ခွေးလို့ပြောနေတာလား”
ချီရှုလုံ ပို၍ဒေါသထွက်လာပြီး ရှန်ကျင်းယိမျက်နှာကို ထိုးသည်။
ရှန်ကျင်းယိ ထိုအတိုင်းငြိမ်ခံနေ၍မဖြစ်။ ချီရှုလုံစရိုက်အရ သူငြိမ်ခံနေလျှင် ပို၍ဆိုးလာမည်။
သူ့ဝိုင်ခွက်ဖြင့် ချီရှုလုံကို ပက်လိုက်သည်။ မူးနေသော်လည်း ချိရှုလုံက ချက်ချင်းရှောင်သည်။ ဝိုင်များက ရန်ပွဲကိုပြုံး၍ကြည့်နေသည့် ပိုင်ဇီဖန်းအပေါ်ကျသွားသည်။
ပိုင်ဇီဖန်းလည်း ငြိမ်ခံတတ်သူမဟုတ်။ ချက်ချင်းပြန်တုံ့ပြန်သည်။ ရှန်ကျင်းယိကို ဝိုင်ဖြင့်ပြန်ပက်ရုံသာမကဘဲ မျက်နှာကို ပန်းကန်တစ်လုံးဖြင့် ရိုက်ခွဲလိုက်သည်။
လူသုံးယောက် ထိုးကြိတ်သတ်ပုတ်ကြသည်။ ဝင်ဖြန်ဖြေရန်ကြိုးစားသူများပါ ဒဏ်ရာရကုန်သည်။ ထို့ကြောင့် သူတို့လည်း ဒေါသထွက်လာသည်။
သူတို့က ချီရှုလုံတို့ အရှက်မရစေရန် ဝင်တားပေးခြင်းဖြစ်သည်။ သို့သော် သူတို့စေတနာကို အလေးမထားဘဲ ပြန်တိုက်ခိုက်ခံရသည်။
သူတို့မကျေနပ်ကြ။
ဝိညာဉ်ဝိုင်အရှိန်ကြောင့် အားလုံးဆင်ခြင်ဉာဏ်လျော့ပါးနေသည်။ အရာရှိများကြားသို့ ရောက်နေသည်ကို အရေးမစိုက်တော့ဘဲ ရန်ပွဲထဲသို့ ဝင်ကြသည်။
“ဘုန်း”
တစ်ယောက်က စားပွဲကို ပြောင်းပြန်လှန်ပစ်သည်။ ပန်းကန်ခွက်ရောက်များ ဘေးစားပွဲပေါ် ကျသွားသည်။
ထိုမျှအတင့်ရဲသည့်လုပ်ရပ်မျိုး အရာရှိများ တစ်ခါမှမကြုံဖူးကြ။ ကျင့်ကြံသူများ အုပ်စုလိုက် ရန်ဖြစ်နေသည်။ သူတို့လိုအရာရှိများရှေ့တွင် ထိုးကြိတ်နေကြခြင်းဖြစ်သည်။ သူတို့သာမရှိလျှင် ဘယ်လောက်ဆိုးဝါးမည်မသိတော့။
ကျင့်ကြံသူများ အုပ်စုလိုက် တိုက်ခိုက်နေလျှင် ဘေးလူများ အမှတ်မထင် သေဆုံးသွားနိုင်သည်။ မဖြစ်မနေ အပြစ်ပေးရမည့် ကိစ္စမျိုးဖြစ်သည်။
ထို့ကြောင့် အရာရှိခေါင်းဆောင် ဖန်ချင်းယွမ်က သူ့စွမ်းအင်ဖိအားကိုထုတ်လွှတ်၍ ဂိုဏ်းဝင်များကို ချက်ချင်းဖမ်းလိုက်သည်။
“သူတို့ကိုခေါ်သွား။ အမူးပြေတဲ့အထိ ထောင်ထဲမှာ ထည့်ထားလိုက်ပါ”
ဂိုဏ်းဝင်များ ချက်ချင်းအမူးပြေသွားသည်။ အခြေအနေကို နားလည်သွားပြီး ကြောက်ချွေးပြန်လာသည်။
လူအတော်များများ ဆိုင်သို့တစ်ပြိုင်တည်းရောက်လာသဖြင့် သရဲကျွန်နှစ်ယောက် အလုပ်များနေသည်။ အရိုးရိုင်းက ကြီးကြပ်စီမံသည်။ လုယန်နှင့် မုန်ကျင်းကျိုးက ဆိုင်နောက်ဖေးနှင့် ဆိုင်ခန်းမကြား ခေါက်တုံ့ခေါက်ပြန် ပြေးလွှား၍ အသားကင်များ အမြန်ချပေးနေရသည်။
လုယန် ဆိုင်ခန်းမသို့ဝင်သည့် ခန်းဆီးစကိုမ,၍ ထွက်လာပြီး တောင်းပန်စကားဆိုသည်။
“စောင့်နေကြရတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်ဗျာ။ အခု အသားတွေအားလုံး ကင်ပြီး...အဲ...ဒီမှာ ဘာတွေဖြစ်သွားတာလဲ”
မောက်မာသည့်နတ်ဆိုးဂိုဏ်းသားများ ခေါင်းငုံ့၍ထိုင်နေသည်။ အရာရှိများက သူတို့ကို လှောင်ပြုံးပြုံး၍ကြည့်နေကြသည်။
အရာရှိဝေက လုယန်ကို တိုးတိုးကပ်ပြောသည်။
“စိတ်မကောင်းပါဘူး ဆိုင်ရှင်လု၊ ခင်ဗျားမိတ်ဆွေတွေက စကားများပြီး ထိုးကြိတ်ကြတယ်။ ခေါင်းဆောင်ကြီးက ကျင့်ကြံသူတွေဒီလိုလုပ်တာမြင်ရန် သိပ်မုန်းတာ။ အသံတွေကလည်း အရမ်းဆူညံနေတော့ လမ်းပေါ်ကဖြတ်သွားတဲ့လူတွေ သတိထားမိကြတယ်လေ။ သူတို့ကို အပြစ်ပေးမှဖြစ်မယ်။ မဟုတ်ရင် ကျုပ်တို့က တရားမျှတမှုမရှိသလိုဖြစ်သွားမယ်”
လုယန် - “...”
ရှင်းရှင်းပြောရလျှင် ဂိုဏ်းဝင်များနှင့် အရာရှိများ အတူထိုင်ဖြစ်အောင် သူတမင်စီစဉ်ခဲ့ခြင်းဖြစ်သည်။ စနောက်လိုခြင်းလည်းပါသည်။ သို့သော် အရာရှိများရှေ့တွင် ရန်ဖြစ်ရလောက်အောင် ထိုအုပ်စု ရဲတင်းမည်ဟု သူတကယ်ထင်မထားခဲ့။
မုန်ကျင်းကျိုးက နှာခေါင်းရှုံ့၍ ပြောသည်။
“ဝိုင်ကို မသောက်သင့်ဘူးလို့ ငါမင်းတို့ကိုပြောခဲ့သားပဲ။ ဝိုင်ဆိုတာ နောက်ဆုံးကျရင် ဘယ်တော့မှ ကောင်းကျိုးမပေးဘူး”
........
ဂိုဏ်းဝင်သစ်ကြိုဆိုပွဲနေ့တွင် ချီရှုလုံတို့ကို အုပ်စုလိုက်ခိုက်ရန်ဖြစ်ပွားမှုအတွက် ထောင်ဆယ်ရက် ပြစ်ဒဏ်ချလိုက်သည်။
ထိုသတင်းကြားပြီးနောက် သခင်ချူး အတော်ကြာအောင် မင်သက်မိသွားသည်။
********************************************