ထာဝရအရှင်
Vol. 6 Ch. 79
သို့သော် ကံကောင်းသည်ဆိုရမည်။ ချီရှုလုံတို့သည် ဝါရင့်သည်။ အဖမ်းခံရရုံဖြင့် နတ်ဆိုးဂိုဏ်း၏လျှို့ဝှက်ချက်များကို ထုတ်ပြောမည်မဟုတ်။ ထိုသို့သာမဟုတ်လျှင် သခင်ချူးအနေဖြင့် သူတို့ကို ထာဝရနှုတ်ပိတ်ပစ်ဖို့ စဉ်းစားရလိမ့်မည်။
တရားဝင်ဂိုဏ်းသားသစ်သတ်မှတ်ပွဲအတွက် လုယန်တို့ဆီ သခင်ချူး သတင်းပို့ပြီး ယန်ကျန်းဂိုဏ်းခွဲသို့ခေါ်သည်။ ဆင်ခြင်ဉာဏ်နည်းသည့် အရူးအုပ်စုကတော့ ထောင်ထဲတွင် ဆယ်ရက်နေပြီး ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြလိမ့်မည်။
သခင်ချူး ကျောက်စိမ်းထိုင်ခုံတွင် အေးအေးလူလူထိုင်၍ သူ့ရှေ့တွင်ရပ်နေသည့် လူသုံးယောက်ကို ချီးကျူးစကားဆိုသည်။
“မင်းတို့အသားကင်ဆိုင်စိတ်ကူးက ကောင်းပါတယ်။ ဆက်လုပ်ပါ။ ဒါက ငါတို့အတွက် အရာရှိတွေနဲ့ ဆက်သွယ်နိုင်မယ့် လမ်းကြောင်းတစ်ခုပဲ”
စိတ်ဓာတ်မစမ်းသပ်ရသေးသည့်၊ ဂိုဏ်းလျှို့ဝှက်ချက်များကိုသိဖို့ အရည်အသွေးမမီသေးသည့် အခြေခံအဆင့် ဂိုဏ်းဝင်များကို သခင်ချူး ပ,ထုတ်ထားသည်။
“သွားစို့၊ ထာဝရအရှင်ကို ဂါရဝပြုဖို့ မင်းတို့ကို ငါခေါ်သွားမယ်”
သခင်ချူး သူတို့သုံးယောက်ကို နောက်ထပ်ကျောက်တုံးပျံတစ်ခုပေါ်သို့ ဦးဆောင်ခေါ်သွားသည်။ ဘယ်ခေတ်ကာလက တည်ဆောက်ခဲ့မှန်းမသိသည့် အဆောက်အဦးများရှိသည်။။ အချိန်ကာလတိုက်စားမှုကြောင့် ယိုယွင်းပျက်စီးနေသည်။ အထောက်အပံ့မရှိတော့သည့် စွမ်းအင်အလင်းက အတော်လေးမှုန်မှိုင်းနေသည်။ ထိုအပျက်အစီးများကြား ဖြတ်လျှောက်ရသည်မှာ ရှေးခေတ်သို့ နောက်ပြန်သွားနေရသလိုပင်ဖြစ်သည်။
အသိဗဟုသုတစုံသည့် မုန်ကျင်းကျိုးပင် ထိုအဆောက်အဦးများ၏ ခေတ်ကာလကို မခွဲခြားနိုင်ပေ။
ရှားနိုင်ငံ၏ နှစ်တစ်သောင်းသက်တမ်းအတွင်း တည်ဆောက်ခဲ့ခြင်းမဟုတ်သည်မှာ သေချာနေသည်။
သူကျိတ်၍ အံ့ဩမိသည်။ ထိုအဆောက်အဦးများ၏ သက်တမ်းက အနည်းဆုံး နှစ်တစ်သိန်းရှိမည်။
“ယုမင်းဆက်ခေတ်ကများလား”
သမိုင်းမှတ်တမ်းအရ မဟာယုနိုင်ငံ၏ နောက်ဆုံးအင်ပါယာသည် အကျင့်စာရိတ္တမကောင်းသဖြင့် နိုင်ငံတစ်ကွဲတစ်ပြားဖြစ်ပြီး ကပ်ဆိုးသင့်ခဲ့သည်။ မုန်ကျင်းကျိုး၏ ဘိုးဘေးများနှင့် ရှားအင်ပါယာဘိုးဘေးများ ပုန်ကန်ကြသည်။ အလယ်ပိုင်းလွင်ပြင်များကို လွှမ်းမိုးကြသည်။
တာအိုလမ်းစဉ်ဂိုဏ်းကို လွန်ခဲ့သည့်နှစ်ပေါင်း ဆယ့်နှစ်သိန်း၊ ယုနိုင်ငံဘုန်းမီးနေလတောက်ပစဉ်အချိန်က တည်ထောင်ခဲ့သည်။ ယနေ့အထိ အခိုင်အမာ ရပ်တည်နေဆဲဖြစ်သည်။
အဆောက်အဦးများ၏အဆုံးတွင် လေးမီတာမြင့်သည့် ရုပ်ထုတစ်ခုရှိသည်။ ချင်ယွမ်ဟောင်အိမ်တွင် မြင်ခဲ့ရသည့် ရုပ်ထုမျိုးဖြစ်သည်။ မျက်နှာက မသဲကွဲ။ ဝတ်ရုံတစ်ခု ဝတ်ထားသည်။ ကျားမခွဲခြားမရသည့် ထာဝရအရှင်၏ ရုပ်ထုအစစ်ဖြစ်သည်။
သခင်ချူးက မွှေးတိုင်သုံးခု မီးညှိ၍ ရုပ်ထုကို အလေးအနက်ဦးညွှတ်အရိုအသေပြုသည်။ ထို့နောက် လုယန်တို့သုံးယောက်ကို လှည့်ကြည့်သည်။
“နာရီဝက် ကျင့်ကြံကြ။ မင်းတို့စိတ်အာရုံကို ရှင်းလင်းထားပါ”
မွှေးတိုင်များက သာမန်မဟုတ်။ အနံ့ရှူရုံဖြင့် လှုပ်ရှားနေသည့်စိတ်အတွေးများ တဖြေးဖြေးငြိမ်သွားသည်။
စိတ်အာရုံကို ရှင်းလင်းခြင်းသည် သူတို့သုံးယောက်အတွက် အခြေခံလေ့ကျင့်မှုဖြစ်သည်။ သူတို့မြန်မြန်ဆန်ဆန် စိတ်တည်ငြိမ်သွားသည်ကိုကြည့်၍ သခင်ချူး ခေါင်းတစ်ချက်ငြိမ့်သည်။
အဖိုးတန်မွှေးတိုင်အစွမ်း သုံးထားသည်ဆိုသော်လည်း အမြန်နှုန်းက ချီးကျူးလောက်သည်။ နတ်ဆိုးကျင့်ကြံသူအများစုက စိတ်ထားခက်ထန်သည်။ စိတ်ကျင့်ကြံမှုကို အရေးမစိုက်ကြ။ ထိုသုံးယောက်က တကယ်ထူးခြားသည်။
တစ်နေရာရာတွင် အခွင့်ထူးတစ်ချို့ ကြုံခဲ့ပုံရသည်။
ပုံမှန်ဆိုလျှင် ဂိုဏ်းဝင်သစ်တို့တွင် ရှားပါးကျင့်စဉ်တစ်ခု ပိုင်ဆိုင်ထားမှန်းသိသည်နှင့် သခင်ချူး အတင်းသိမ်းယူလိုက်မည်သာဖြစ်သည်။ သို့သော် ဤသုံးယောက်ကို ဂိုဏ်းချုပ်ကြီးက အထူးတလည်စိတ်ဝင်စားနေသဖြင့် သူမလှုပ်ရှားရဲ။
နာရီဝက်ကြာပြီးနောက် လုယန်တို့သုံးယောက် နိုးထလာပြီး သခင်ချူးညွှန်ကြားချက်အတိုင်း ထာဝရအရှင်ကို ထူးဆန်းရှုပ်ထွေးသည့် ဓလေ့မျိုးဖြင့် ဂါရဝပြုကြသည်။
ဂါရဝပြုပြီ’နောက် သုံးယောက်လုံး ထာဝရဂိုဏ်း၏ နောက်လိုက်အဖြစ်သို့ တရားဝင်ရောက်လာသည်။
သခင်ချူးက လက်နှစ်ဘက်နောက်ပစ်၍ ပြောသည်။
“ဂိုဏ်းကိုမဝင်ခင်မှာ ငါတို့ထာဝရဂိုဏ်းသားတွေဟာ သက်တမ်းဆွဲဆန့်နိုင်ဖို့အတွက် ထာဝရအရှင်ကို ကိုးကွယ်တယ်ဆိုတာလောက်ပဲ မင်းတို့သိထားလိမ့်မယ်။ ထာဝရအရှင်ဘယ်သူလဲဆိုတာ မင်းတို့သိကြမှာမဟုတ်ဘူး”
သုံးယောက်လုံး ခေါင်းငြိမ့်သည်။ ထာဝရအရှင်သည် နတ်တစ်ပါးဟူသည့်အချက်မှလွဲ၍ တစ်ခြားဘာမှမသိ။
သခင်ချူးက ရိုသေလေးစားသည့်လေသံဖြင့်
“ထာဝရအရှင်ရဲ့ ဖြစ်တည်မှုကို ထုတ်မပြောဖို့ တားမြစ်ထားတယ်။ သူဟ မိုးမြေနဲ့အတူ သက်တမ်းရှိတယ်။ လောကကြီးရဲ့ အနိမ့်အမြင့်တွေကို လက်တွေ့မြင်ခဲ့တယ်။ သူ့ရှုပ်ခန္ဓာ ဆွေးမြေ့ပြီး သူ့ဝိညာဉ် ပျက်စီးသွားပေမယ့် သေမျိုးလောကမှာ သူ့ဝိညာဉ်တစ်စွန်းတစ်စ ကျန်နေတုန်းပဲ။ သူ့ကို သတိရတဲ့လူတစ်ယောက်ရှိရင် ချက်ချင်းပြန်နိုးထပြီး ထာဝရဘဝကို သူရနိုင်တယ်”
လုယန်တို့ အံ့ဩသွားကြသည်။ သခင်ချူးစကား အမှန်ဟုတ်မဟုတ် သေချာမခန့်မှန်းနိုင်ကြ။
ထာဝရအရှင်ကို မှတ်မိသူတစ်ယောက်ရှိရုံဖြင့် မသေမျိုးအဖြစ်ကို ရနိုင်သည်ဟု ပြောနေသည်။ သမိုင်းဒဏ္ဍာရီတို့တွင် ထိုအဖြစ်မျိုး တစ်ခါမှမကြားဖူး။
ထူးဆန်းလွန်းသည့် ထိုစွမ်းအားရှင်ကို “နတ်မသေမျိုး”ဟုသာ သတ်မှတ်သင့်သည်။
သခင်ချူး ဆက်ပြောသည်။
“ရှေးခေတ်က တိုက်ပွဲတွေကို ဖြတ်ကျော်ပြီး မသေမျိုးအဖြစ်ကို သူတက်လှမ်းခဲ့တယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ရတာကို သူနှစ်ခြိုက်တယ်။ ထာဝရအရှင် စိတ်ကျေနပ်စေဖို့ ကမ္ဘာလောကို ကပ်ဆိုးတွေ စစ်ပွဲတွေကြားကို ပစ်ချရမယ်။ လူသန်းပေါင်းဆယ်ချီသေမှ သူစိတ်ကျေနပ်လိမ့်မယ်။ ဒါက ပထမအဆင့်ပေါ့။ နောက်ဆက်လုပ်ရမယ့်အရာတွေကတော့ အခုမင်းတို့အဆင့်အတန်းနဲ့ သိဖို့မလိုသေးဘူး”
“သန်းပေါင်းဆယ်ချီသေရမယ်ပေါ့”
မုန်ကျင်းကျိုး ထိတ်လန့်သွားသည်။ အလောင်းများနေရာတိုင်း ပြန့်ကျဲနေမည့်မြင်ကွင်းကို စိတ်ကူးကြည့်ရုံဖြင့်ပင် ကြက်သီးထမိသည်။
“အဲဒါ သိပ်မများပါဘူး”
သခင်ချူး ခေါင်းခါသည်။ ထိုပမာဏမျိုးကြားသည်နှင့် လူအများစု ထိုသို့ပင်ဖြစ်ကြမည်။ ကျယ်ပြန့်သည့် အလယ်ပိုင်းတိုက်နယ်တွင် လူသန်းပေါင်းဆယ်ချီဆိုသည်က အတော်များသယောင်ရှိသည်။ သို့သော် သေချာစဉ်းစားကြည့်လျှင် ပျမ်းမျှအားဖြင့် လူသုံးလေးထောင်တွင် တစ်ယောက်နှုန်းလောက်သာ သေခြင်းဖြစ်သည်။
“ဘဝဝန်ထုပ်ဝန်ပိုးတွေကြောင့် နှစ်တိုင်း လူဘယ်လောက်သေနေကြလဲ မင်းတို့သိလား။ ဖိအားဒဏ်မခံနိုင်လို့ ကိုယ့်ကိုယ့်ကို သတ်သေကြတယ်။ ရောဂါဖြစ်လို့ သေကြတယ်။ ဒါမှမဟုတ် ကျင့်စဉ်မှားလို့ သေကြတယ်။ နှစ်တိုင်း ဘယ်သူဘယ်ဝါမှန်းမသိတဲ့အလောင်းတွေ ရှားနိုင်ငံမှာ ဘယ်လောက်တွေ့လဲ မင်းတို့သိကြလား။ ...ဒါပေါ့...မင်းတို့ ဘယ်သိနိုင်မှာလဲ။ ရှားနိုင်ငံက အရေအတွက်အမှန်ကို ဘယ်တော့မှ မကြေငြာရဲဘူးလေ”
သခင်ချူး နှာခေါင်းတစ်ချက်ရှုံ့သည်။
“ထာဝရအရှင်ကိုသာ ပြန်အသက်မသွင်းနိုင်ရင် ကျယ်ပြန့်တဲ့အလယ်ပိုင်းတိုက်နယ်ကို ဘယ်သူကာကွယ်နိုင်မှာလဲ။ ရှေးခေတ်မကောင်းဆိုးဝါးတွေ နိုးထလာရင် သေဆုံးတဲ့အရေအတွက်က ဒီထက်တောင် အများကြီးပိုလာဦးမှာ”
“အဲဒီ့ရှေးခေတ်ဆိုတာ ဒီလောက်တောင် ကြောက်စရာကောင်းလား”
လုယန် ကျောရိုးထဲစိမ့်တက်လာသည်။
သခင်ချူး အသံတိတ်နေသည်။ သူ့နောက်ကို လိုက်ခဲ့ဖို့ လက်ယပ်ခေါ်သည်။
ထာဝရအရှင်ရုပ်ထုဘေးမှဖြတ်၍ ဦးဆောင်ခေါ်သွားသည်။ လွန်ခဲ့သည့်နှစ်တစ်သောင်းက ထာဝရဂိုဏ်းတည်ထောင်သူသည် ဤအပျက်အစီးနယ်မြေကို ရှာတွေ့ခဲ့သည်။ ဤနေရာတွင် ထာဝရအရှင်၏ဖြစ်တည်မှုကို သိခဲ့သည်။
“တစ်ချိန်က လောကရဲ့အုပ်ထိန်းသူဖြစ်ခဲ့တဲ့ ထာဝရအရှင်ကို ဒီလောကကြီးက မေ့နေကြတယ်။ ငါတို့ရဲ့ဂိုဏ်းတည်ဘိုးဘေးက သူ့ကို လောကထဲ ပြန်ခေါ်ထုတ်လာတာ။ ဘိုးဘေးက သူ့ရုပ်ထုတွေကို ပုံတူပွားပြီး နေရာစုံမှာ ထိန်းသိမ်းခဲ့တယ်။ နှစ်တစ်သောင်း သမိုင်းကြောင်းရှိတဲ့ ဒီနေရာလည်း အဲဒီထဲမှာ တစ်ခုအပါအဝင်ပေါ့”
မုန်ကျင်းကျိုး သူ့ဘာသာတွေးနေသည်။ ရှေးခေတ်ရုပ်ကြွင်း၏ ပုံတူများဖြစ်၍ သူမသိသည်မှာမဆန်း။ ရှေးခေတ်အဖြစ်အပျက်များကိုကို ဒဏ္ဍာရီပုံပြင်အဖြစ်သာ လက်ဆင့်ကမ်းခဲ့ကြသည်။ ရုပ်ဝတ္ထုသက်သေမျိုး ကျန်ခဲ့သည်က မရှိသလောက်ရှားသည်။
သခင်ချူး ကျောက်နံရံတစ်ခုရှေ့တွင် ရပ်လိုက်သည်။
“အဲဒါပဲ။ ရှေးခေတ်က ပူဇော်တဲ့ပုံစံပေါ့”
ကျောက်နံရံပေါ်တွင် လက်နှစ်ဘက်ဖြန့်၍ အရွယ်စုံ စက်လုံးများစွာ ကိုင်ထားသည့် ထာဝရအရှင်၏ ဆေးရေးပန်းချီပုံတစ်ခု မြင်ရသည်။ တစ်ချို့စက်လုံးများကို အမျိုးအမည်မသိအရာများက စက်ဝိုင်းအသွင် လှည့်ပတ်နေသည်။
စက်လုံးများပေါ်တွင် ထာဝရအရှင်ကို ဒူးထောက်အရိုအသေပြုနေသည့် သဏ္ဌာန်တစ်ခုစီရှိသည်။
“ဒီစက်လုံးတွေကဘာလဲ။ ဘာလို့ အဲဒါတွေပေါ်မှာ လူတွေရပ်နေတာလဲ”
မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ မှင်သက်မိသွားသည်။
လုယန်လည်း ပန်းချီပုံကိုကြည့်၍ မျက်မှောင်ကျုံ့သွားသည်။ ဤစက်လုံးများသည် သူ့အတိတ်ဘဝက မြင်ဖူးသည့် ဂြိုလ်များနှင့်တူသည်။ ဂြိုလ်သိမ်ဂြိလ်မွှားများ ဝန်းရံလှည့်ပတ်နေသည်။
သခင်ချူး ဖြေးဖြေးချင်းရှင်းပြသည်။
“ဒါတွေကို ဂြိုလ်လို့ခေါ်တယ်။ ရှေးခေတ်တုန်းက အလယ်ပိုင်းတိုက်နယ်ဆိုတာ မရှိဘူး။ သက်ရှိတွေအားလုံး ဂြိုလ်တွေပေါ်မှာနေကြတာ။ အဲဒီရှေးဟောင်းခေတ်အဆုံးသတ်ချိန်မှာ အမည်မသိစွမ်းအားရှင်တစ်ယောက်က ဂြိုလ်တွေအားလုံးကို စုပေါင်းသန့်စင်ပြီး ဒီနေ့ခေတ်ရဲ့ အလယ်ပိုင်းတိုက်နယ်ကို ဖန်တီးခဲ့တာ”
ထင်မှတ်မထားသည့် လျှို့ဝှက်ချက်ကို ကြားလိုက်ရသဖြင့် သုံးယောက်လုံး အံ့အားသင့်သွားကြသည်။
**********************************************