ကြယ်တာရာနှင့်တိုက်နယ်
Vol. 6 Ch. 80
အထူးသဖြင့် လုယန်အတွေးများက ပို၍ရှုပ်ထွေးနေသည်။
တာအိုလမ်းစဉ်ဂိုဏ်းသို့ စဝင်သည့်အချိန်က ဂိုဏ်း၏မြေပုံကြမ်းတစ်ခု သူရခဲ့သည်။ လီတစ်သိန်းပတ်လည်ကို အမှတ်အသားရေးဆွဲထားခြင်းဖြစ်သည်။ လီတစ်သိန်းဆိုသည်မှာ ကမ္ဘာမြေဆယ်ခုဆက်၍ ဖြန့်ခင်းထားသည်ထက် ပိုကျယ်ပြန့်သည်။ ကျမ်းစာထဲတွင် ဖော်ပြထားသည့် မဟာယာနနှင့် ပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်များ၏ အရည်အချင်းအရ ထိုနေရာအကျယ်အဝန်းလောက်ရှိမှသာ စွမ်းအားပြည့်ထုတ်သုံး၍ရသည်။
(**၁ လီသည် ၀.၅ ကီလိုဖြစ်သည်။ ကမ္ဘာမျက်နှာပြင်သည် ၅၁၀.၁ သန်းကီလိုကျယ်သည်။ လီတစ်သိန်းသည် စတုရန်းကီလို ၂.၅ ဘီလီယံဖြစ်သည်။ ထို့ကြောင့် ငါးဆလောက်ပိုကျယ်ပြန့်သည်။ ဝတ္ထုသဘောအရ “ကမ္ဘာဆယ်ခု” ဟု ပိုပိုသာသာသုံးထားခြင်းဖြစ်မည်ထင်သည်)
(**မဟာယာနအဆင့်သည် ကူးဖြတ်ခြင်းအဆင့်လွန်၍ မသေမျိုးအဆင့်သို့ တက်ခါနီးအချိန်ကို ရည်ညွှန်းလေ့ရှိပါသည်။ ဤဝတ္ထုတွင် ယခုထိ ရှင်းလင်းချက်ပါမလာသေးပါ)
ဂိုဏ်းတွင် တားမြစ်နေရာ အတော်များများရှိသည်။ အများစုကို စွမ်းအားရှင်များ၏ လေ့ကျင့်ကွင်းအဖြစ်အသုံးပြုသည်။ ကျင့်စဉ်စွမ်းအားနိမ့်သူများ ထိုနေရာအနီးသို့ ကပ်လျှောက်မိရုံဖြင့် သေသွားနိုင်သည်။
သူတို့ဂိုဏ်းဝင်စက “ဂိုဏ်းအကြောင်းကို စကားလုံးနည်းနည်းနဲ့ ပြည့်စုံအောင် ရှင်းပြလို့မရဘူး။ ကိုယ်ဘာသာ တဖြေးဖြေး လေ့လာကြပါ”ဟု ယွမ်ကျိပြောခဲ့သည်။
ရှင်းပြရန် ပျင်းရိသဖြင့် ထိုသို့ပြောခြင်းမဟုတ်။ တာအိုလမ်းစဉ်ဂိုဏ်းနယ်မြေသည် အမှန်တကယ် ကျယ်ပြန့်လွန်းသည်။ ဖြေးဖြေးချင်းသာ လေ့လာရမည်။
တာအိုလမ်းစဉ်ဂိုဏ်းသည် အလယ်ပိုင်းတိုက်နယ်၏ အစွန်းအနားလောက်သာရှိသည်။ တိုက်နယ်အကျယ်အဝန်းကို စိတ်ကူးကြည့်ဖို့ပင် အတော်ခဲယဉ်းလှသည်။
သခင်ချူးဆက်ပြောသည်။
“ရှေးခတ်တုန်းက သက်ရှိတွေနေတဲ့ ကြယ်(ဂြိုလ်)တွေ သိန်းချီရှိတယ်။ အရေအတွက် အတိအကျကို အခုထိ အတည်မပြုနိုင်ဘူး။ ရှေးခေတ်ကျင့်ကြံသူတွေက မဟာယာနအဆင့်ကိုရောက်တာနဲ့ ကြယ်တစ်ခုကနေတစ်ခုကိုသွားဖို့ မှော်ရတနာတွေ မလိုတော့ဘူး။ စကြာဝဠာက ပျက်စီးနေတဲ့ကြယ်တွေ ပြည့်နေတယ်။ ကျင့်ကြံသူတွေရဲ့ တိုက်ပွဲအကျိုးဆက်ပေါ့။ အဲဒီ့ခေတ်က တိုးတက်မှုက တကယ်အံ့ဩစရာကောင်းတယ်။ ဒဏ္ဍာရီဇာတ်လမ်းတွေ စွမ်းအားမြင့်ကျင့်ကြံသူတွေ အများကြီး ပေါ်ထွက်ခဲ့တယ်။
အဲဒီတုန်းက ကျင့်ကြံသူတစ်ယောက်ရဲ့စွမ်းအားကို သူတို့တစ်ချက်တိုက်ခိုက်လို့ ကြယ်ဘယ်နှစ်လုံးဖျက်ဆီးနိုင်သလဲဆိုတဲ့စံနှုန်းနဲ့ တိုင်းတာတယ်။ သူတို့လက်အောက်မှာ သက်ရှိနေထိုင်တဲ့ကြယ်တွေ ဘယ်လောက်ပိုင်ဆိုင်ထားသလဲဆိုတာကိုကြည့်ပြီး ဆုံးဖြတ်တယ်။ ရှေးခေတ်ရဲ့ အတိုးတက်ဆုံးအချိန်မှာ စွမ်းအားရှင်တစ်ယောက်က ကြယ်တွေအများကြီးသန့်စင်ပြီး တိုက်နယ်တစ်ခုအဖြစ် ပေါင်းစည်းလိုက်တယ်။ သက်ရှိနေထိုင်တဲ့ကြယ်မျိုး ဟုတ်ဟုတ်မဟုတ်ဟုတ် သူ့လက်ထဲကလုံးဝမလွတ်ဘူး။
အလယ်ပိုင်းတိုက်နယ်ဟာ သက်ရှိတွေပြည့်နေတယ်။ ဒါဟာ တစ်ချိန်တုန်းက သက်ရှိနေထိုင်တဲ့ကြယ်တစ်ခုဖြစ်ခဲ့လို့ ကျင့်ကြံမှုလုပ်ဖို့ အသင့်တော်ဆုံးနေရာဖြစ်ခဲ့လို့ပဲ။ တိုက်နယ်အရှေ့ဘက်က ပင်လယ်တွေဟာ တစ်ချိန်က ရေပြင်ဖုံးလွှမ်းနေတဲ့ ကြယ်တွေပေါ့။ အနောက်ဘက်ရွှေဗုဒ္ဓနိုင်ငံဟာ တစ်ချိန်က လူမနေနိုင်တဲ့ ကြယ်ကမ္ဘာအရိုင်းတစ်ခုပေါ့။ တောင်ဘက်နတ်ဆိုးနယ်မြေနဲ့ မြောက်ဘက်အေးခဲနယ်မြေတွေလည်း ဒီအတိုင်းပါပဲ”
သခင်ချူးစကားကြောင့် သူတို့အသိအမြင်များ ပြောင်းလဲသွားသည်။ သူတို့ရပ်နေသည့် မြေပြင်သည် ကြယ်ကမ္ဘာများမှ သန့်စင်ထားသည်ဟု တစ်ခါမှမစဉ်းစားမိခဲ့။ သူတို့စိတ်ကူးနိုင်သည့် အတိုင်းအတာကို ကျော်လွန်နေသည်။
“ကြယ်တွေကို တိုက်နယ်အဖြစ် ဘယ်သူသန့်စင်ခဲ့တာလဲ”
လုယန် မေးလိုက်သည်။
သခင်ချူး ခေါင်းခါသည်။ လုယန်၏ ဂိုဏ်းဝင်အဆင့်အတန်း နိမ်သောကြောင့် မပြောခြင်းမဟုတ်။ သူကိုယ်တိုင် တကယ်မသိသောကြောင့်ဖြစ်သည်။
“ဒါကို ဘယ်သူမှအတည်မပြုနိုင်ဘူး။ ဒါပေမယ့် အဲဒီ့စွမ်းအားရှင်ဟာ မသေမျိုးတစ်ယောက်ဆိုတာတော့ သေချာတယ်”
ထိုစွမ်းအားမျိုးကို ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူများ ရနိုင်သည်မဟုတ်။
“ဘာလို့ အဲဒီ့မသေမျိုးက ကြယ်တွေကို တိုက်နယ်အဖြစ် သန့်စင်ခဲ့သလဲ ဘာနည်းလမ်းသုံးခဲ့သလဲဆိုတာက အခုထိ ပဟေဠိဖြစ်နေတုန်းပဲ”
သခင်ချူးဆက်ပြောသည်။
“ကြယ်တွေကိုသန့်စင်ဖို့ သူသုံးခဲ့တဲ့နည်းလမ်းဟာ အရမ်းရက်စက်တယ်ဆိုတာတော့ သေချာတယ်။ သနားငဲ့ညှာမှု လုံးဝမှမရှိဘူး။ ကြယ်တွေကိုသန့်စင်ပစ်တယ်ဆိုရင် အဲဒီ့ကြယ်ပေါ်မှာနေထိုင်တဲ့လူတွေ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ။ သာမန်ကျင့်ကြံသူတွေတောင် အသက်ရှင်ဖို့မလွယ်ဘူး။ အသက်ရှင်ကျန်ခဲ့တဲ့လူတွေဟာ ကျင့်စဉ်စွမ်းအားမြင့်လို့မဟုတ်ဘူး။ ကံကောင်းလို့ပဲ”
သန့်စင်မှုကို တားဆီးရန်ကြိုးစားသည့် ပါရမီရှင်များ စွမ်းအားရှင်များသည် ထိုမသေမျိုးလက်ချက်ဖြင့် ကျဆုံး၍ လူဝင်စားသံသရာထဲသို့ ရောက်သွားသည်။
“ဘာလို့ကံကောင်းသလဲဆိုတော့ အဲဒီ့အချိန်မှာ ထာဝရအရှင်က တားဆီးခဲ့တယ်။ လူသားမျိုးနွယ်အများစုကို ကယ်တင်နိုင်ခဲ့တယ်။ လူသားတွေ မျိုးမတုံးအောင် ကာကွယ်ပေးခဲ့တယ်။ အမြင့်ဆုံးအခြေအနေကိုရောက်နေတဲ့ အဲဒီ့ရှေးဟောင်းခေတ် ပျက်စီးပြိုလဲသွားတယ်။ ပါရမီရှင်တစ်ယောက်မှ မပေါ်ဘဲ အချိန်အကြာကြီး ဖြတ်သန်းခဲ့ရတယ်။
အခု အဲဒီ့မသေမျိုး ဘယ်ရောက်နေမှန်း ဘယ်သူမှမသိဘူး။ ဒါပေမယ့် သေချာတာကတော့ သူမသေသေးဘူး။ တကယ်လို့ အခုလာမဲ့ မဟာကပ်မှာ အဲဒီ့မသေမျိုးက အစုလိုက်အပြုံလိုက် စသတ်တော့မယ်ဆိုရင် သူ့ကို ဘယ်သူတားနိုင်မှာလဲ။
ထာဝရအရှင်ပဲ တားနိုင်မှာ။ ငါတို့အကျိုးအတွက်ရော အများအကျိုးအတွက်ရော ထာဝရအရှင်ကို ငါတို့ပြန်အသက်သွင်းရမယ်။ အသက်သွင်းဖို့အတွက် လူအနည်းအကျဉ်း စတေးရမယ်။ အဲလိုအသက်မသွင်းရင် လူသားမျိုးနွယ်တစ်ခုလုံး ချက်ချင်းအဆုံးသတ်သွားနိုင်တယ်။
လမ်းမှန်ဂိုဏ်းကလူတွေဟာ သူတို့ကိုယ်သူတို့ မြင့်မြတ်တယ်လို့ ယုံကြည်ထားပြီး လူသားမျိုးနွယ်အတွက် ငါတို့ထာဝရအရှင် အနစ်နာခံခဲ့တာကို မမြင်နိုင်ကြတာ တကယ်ဝမ်းနည်းစရာပဲ”
သခင်ချူးလေသံက တည်ငြိမ်သည်။ မျက်လုံးတွင် ပြတ်သားသည့်အရိပ်များ ပေါ်လွင်နေသည်။
ကျင့်ဝတ်သိက္ခာအမြင်အရ သူတို့လူသတ်ခြင်းသည် လူကယ်ဖို့ဖြစ်သည်။ ပုဂ္ဂိုလ်ရေးခံယူချက်အရ သူတို့လူသတ်ရသည့် ခိုင်မာသည့်အကြောင်းရင်းရှိသည်။ တရားမျှတသည်။
ထိုခံယူချက်က နတ်ဆိုးကျင့်ကြံသူများ၏အမြင်နှင့် ကိုက်ညီနေသဖြင့် ထာဝရဂိုဏ်းက နတ်ဆိုးလမ်းစဉ်သမားများကို အဓိကစုစည်းခြင်းဖြစ်သည်။
လုယန် မင်သက်မိနေသည်။ သခင်ချူးစကားကို နားထောင်ရုံဖြင့် ထာဝအရှင်ကိုရှိခိုးပြီး ဒုက္ခဆင်းရဲမှကယ်တင်ဖို့ ဆုတောင်းချင်စိတ်မျိုး တကယ်ပေါ်လာနိုင်သည်။
သို့သော် သခင်ချူးစကားများ အမှန်မဟုတ်လောက်ဟု သူသံသယဝင်နေသည်။ အနည်းဆုံးတော့ အမှန်တရားတစ်စိတ်တစ်ပိုင်းကိုသာပြောသည်ဟု သူယူဆသည်။ တာအိုလမ်းစဉ်ဂိုဏ်းသည် ရှေးခေတ်အဖြစ်အပျက်များကို လျစ်လျူရှုထားမည်မဟုတ်။ ယွမ်ကျိကလည်း ကြိုတင်မပြင်ဆင်ဘဲ နေမည်မဟုတ်။
“အဲလိုဆိုရင် လမ်းမှန်ဂိုဏ်းနဲ့ ဘာလို့မပူးပေါင်းတာလဲ။ အတူပူးပေါင်းပြီးလုပ်တော့ အောင်မြင်မှုရဖို့ ပိုမလွယ်ဘူးလား”
မုန်ကျင်းကျိုး မေးခွန်းထုတ်သည်။
သခင်ချူးက နှာခေါင်းရှုံ့သည်။
“ကြယ်တွေကိုသန့်စင်ခဲ့တဲ့ မသေမျိုးဟာ လမ်းမှန်းဂိုဏ်းတွေထဲမှာ ပုန်းအောင်းမနေဘူးလို့ ဘယ်သူအာမခံနိုင်လဲ။ သေချာစုံစမ်းကြည့်ပြီးတော့ အဲဒီမသေမျိုးဟာ လမ်းမှန်ဂိုဏ်းတွေထဲမှာ ရှိနေတယ်လို့ ငါတို့ဂိုဏ်းတည်ဘိုးဘေးက ယူဆခဲ့တယ်။ မသေမျိုးဂိုဏ်းငါးဂိုဏ်းထဲမှာမဟုတ်ရင် ရှားနိုင်ငံထဲမှာပဲ။
ဘာလို့ လမ်းမှန်ဂိုဏ်းတွေက စည်းမျဉ်းစဉ်းကမ်းတွေကို ထောက်ခံအားပေးတာလဲ။ လူတွေကိုသာ များများကျင့်ကြံခွင့်ပေးရန် အလယ်ပိုင်းတိုက်နယ် ပိုပြီးတိုးတက်လာမှာမဟုတ်လား”
“ဒါပေမယ့် တိုးတက်ပြီးရင် ဘာဆက်ဖြစ်လာနိုင်လဲ။ ရှေးခေတ်ရဲ့ ဝမ်းနည်းစရာအဆုံးသတ်ကို မေ့ထားလို့မဖြစ်ဘူးလေ”
မုန်ကျင်းကျိုး ထောက်ပြသည်။
“အဲဒီ့မသေမျိုးက အသက်တွေဖျက်ဆီးရတာကို သဘောကျတာဖြစ်နိုင်တယ်။ လူသားတွေပြန်ပြီး ဖွံ့ဖြိုးတိုးတက်လာတဲ့အချိန်မှာ လှုပ်ရှားဖို့စောင့်နေတာဖြစ်လိမ့်မယ်”
သခင်ချူးစကားက ထာဝရဂိုဏ်း၏ ယုံကြည်မှုဝါဒကို ကိုယ်စားပြုသည်။
“ငါတို့အထက်ကကြယ်တွေဟာ ကောင်းကင်မှာရှိနေသယောင် ထင်ရတယ်။ ဒါပေမယ့်မင်းတို့ ကျင့်စဉ်အဆင့်တစ်ခုရောက်လာပြီး စကြာဝဠာထဲ ပျံသန်းနိုင်တဲ့အချိန်ကျရင် ဒါတွေဟာ ရှေးခေတ်က ပုံရိပ်အကြွင်းအကျန်တွေပဲဆိုတာ သိလာလိမ့်မယ်။ တကယ့်ကြယ်အစစ်တစ်ချို့လည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် များများစားစားမရှိတာတော့ သေချာတယ်”
သခင်ချူးက လုယန်တို့ကို ထာဝရအရှင်အပေါ် ယုံကြည်လာစေချင်သည်။ ယခု အံ့အားသင့််နေသည့် သူတို့မျက်နှာအမူအရာအရ ပြဿနာရှိလောက်မည်မထင်။
“ကဲ၊ ဒီကိစ္စကို မင်းတို့လက်ခံနိုင်ဖို့ အချိန်အများကြီးယူရဦးမယ်ဆိုတာ ငါသိပါတယ်။ ကိုယ့်ဘာသာသုံးသပ်ကြည့်ကြပါ။ ပြီးတော့ စမ်းသပ်ချက်သုံးခုမှာ မင်းတို့ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တယ်။ ဒီဂိုဏ်းခွဲမှာ အခု လူအင်အားလိုနေတယ်။ ဟိုကောင်တွေက ထောင်ထဲမှာ “အနားယူ”နေကြတယ်လေ။ မင်းတို့ကျင့်စဉ်စွမ်းအားကလည်း အခြေတည်အဆင့်ကို ရောက်ပြီးပြီ။ ဂိုဏ်းထိန်းဖြစ်ဖို့ သတ်မှတ်စံနှုန်းနဲ့ကိုက်ညီတယ်။ ဒါကြောင့် မင်းတို့ကို ဂိုဏ်းထိန်းအဖြစ် ရာထူးတိုးပေးဖို့ ငါဆုံးဖြတ်ထားတယ်”
သခင်ချူး တံဆိပ်သုံးခုထုတ်ပေးသည်။ ထာဝရဂိုဏ်း၏ ဂိုဏ်းထိန်းတံဆိပ်ဖြစ်သည်။
အမှန်တော့ သခင်ချူး အစကတည်းက သူတို့ကို ဂိုဏ်းထိန်းအဖြစ်ခန့်အပ်ဖို့ စိတ်ကူးထားသည်။ ခုနက သူပြောပြသည့် အဖြစ်အပျက်များကို ဂိုဏ်းထိန်းများသာ သိခွင့်ရှိသည်။
“ဒါနဲ့စကားမစပ်၊ မင်းတို့အားတဲ့အချိန် ထောင်ထဲက မင်းတို့ဂိုဏ်းဝင်တွေဆီကို သွားလည်လိုက်ပါဦး။ ထောင်ထဲက အစားအသောက်တွေက အတော်ဆိုးဝါးတယ်လို့ကြားတယ်။ စားစရာတစ်ခုခုဝယ်သွားရန် သူတို့နဲ့ ရင်းနှီးမှုယူလို့ရနိုင်တယ်”
နတ်ဆိုးလမ်းစဉ်သည် ကိုယ်ကျိုးအတွက် အဓိကထားသည်။ သို့သော် ကျေးဇူးကြွေးနှင့် ရန်ကြွေးကလည်း ရှင်းလင်းပြတ်သားသည်။ သူ့လက်အောက်တွင် အားလုံးက အလိမ်အကောက် အလှည့်အပတ်များသာ ပြည့်နေသည်။ ဂိုဏ်းသခင်အဖြစ်တာဝန်ယူထားရသည်မှာ မလွယ်ကူလှ။
သို့သော် လုယန်တို့ကို သူ့လက်အောက်ခံများ အကောက်ကြံမည်ကို မစိုးရိမ်ပါ။ သူ့လက်အောက်ခံများကို လုယန်တို့က တစ်ပတ်ရိုက်သွားမည်ကိုသာ စိုးရိမ်သည်။
လုယန် ပြုံး၍ပြန်ပြောသည်။
“ကျုပ်တို့အားလုံး တစ်းဂိုဏ်းထဲက ညီအကိုတွေပဲလေ။ ထာဝရအရှင်ကို ပြန်အသက်သွင်းဖို့ စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းပြီးလုပ်ပါ့မယ်။ စိတ်ချပါ ဂိုဏ်းသခင်”
ဘာကြောင့်မှန်းတော့မသိ။ သူ့စကားကြားပြီးနောက် ပို၍စိတ်မချဖြစ်လာသလို သခင်ချူးခံစားရသည်။
**********************************************