← Chapters

လျှို့ဝှက်လက်နက်များ

Vol. 6 Ch. 81

လျှို့ဝှက်လက်နက်များ

Vol. 6 Ch. 81

“ဒါနဲ့ သခင်ချူး၊ ပြီးခဲ့တဲ့တစ်ခေါက် ကျုပ်တို့စားသောက်တုန်းက သခင်ချူး ငွေမရှင်းပဲ ပြန်သွားတယ်နော်။ ကျုပ်တို့ အကြွေးမှတ်ထားရမှာလား ဒါမှမဟုတ် အခုရှင်းပေးမှာလား”

ထွက်မသွားမီ အရိုးရိုင်းကမေးသည်။

လုယန် အမြန်တားလိုက်သည်။

“မင်းပါးစပ်ပိတ်ထားစမ်းပါ။ စားသောက်ပြီးငွေမရှင်းဘဲထွက်သွားတယ်ဆိုတာ နတ်ဆိုးလမ်းစဉ်သမားတွေရဲ့ မဟာအခွင့်ထူးဘဲကွ။ စားသောက်တာအတွက် ငွေပေးရအောင် သခင်ချူးက လူကောင်းမို့လို့လား”

“ဟုတ်တယ်။ သခင်ချူးက ငါတို့ကိုကျွေးမယ်လို့ပဲပြောတာ။ ငွေရှင်းမယ်လို့မပြောဘူးလေ။ ဒါလေးတောင် မင်းက ခွဲခြားပြီး နားမလည်ဘူးလား”

မုန်ကျင်းကျိုးလည်း အလိုက်သင့်ဝင်ပြောသည်။

သခင်ချူး - “...”

သူဝန်ခံရမည်။ လူတစ်ယောက်ကို အကြပ်ရိုက်အောင်လုပ်သည့်နေရာတွင် ထိုသုံးယောက်ကို သူမယှဉ်နိုင်။

လူသတ်ချင်စိတ်ကိုထိန်း၍ ရွှေတုံးတစ်တုံး အရိုးရိုင်းလက်ထဲသို့ ထည့်ပေးလိုက်သည်။

“ပြန်မအမ်းနဲ့။ မင်းတို့သုံးယောက်လုံး သွားကြတော့”

အရိုးရိုင်း အံ့ဩသွားသည်။ သူက ငွေကို ရိုးရိုးသာတောင်းခဲ့သည်။ သို့သော် လုယန်နှင့်မုန်ကျင်းကျိုးတို့ပြောသည့်ပုံစံက ပို၍ထိရောက်ဟန်ရှိသည်။ သူ့အတွက်ရော ဂိုဏ်းသခင်ချူးအတွက်ပါ ပြောပေးသလိုဖြစ်နေသည်။

သူတို့သုံးယောက် ပြန်ထွက်လာချိန်တွင် ညာဉ့်နက်နေပြီဖြစ်သည်။ လုယန်က တောက်ပသည့်ကြယ်ကောင်းကင်ကိုကြည့်၍ သက်ပြင်းချသည်။

“ငါတို့ခေါင်းပေါ်က ကြယ်တွေဟာ ပုံရိပ်ယောင်တွေလို့ ဘယ်သူတွေးမိမှာလဲ။ မယုံနိုင်စရာပဲ။ တကယ်မယုံနိုင်စရာပါပဲ”

မုန်ကျင်းကျိုးက ခေါင်းကိုကုတ်လျက်

“အဲလောက်လည်းအံ့ဩစရာမရှိပါဘူး။ ငါလိုချင်တာမှန်သမျှပေးမယ်လို့ ငါ့အဘိုးကအမြဲပြောတယ်။ ကောင်းကင်ကကြယ်တွေကိုတောင် ယူပေးမယ်တဲ့။ ငါရှစ်နှစ်သားလောက်ရောက်တော့ ကြယ်တစ်လုံးကိုလက်ညှိုးထိုးပြပြီး အဲဒီ့ကြယ်ကိုလိုချင်တယ်လို့ ပြောလိုက်တယ်။

ငါ့အဖိုးက စကြာဝဠာထဲကို ခရီးထွက်သွားပြီး လက်သည်းခွံလောက်ရှိတဲ့ အလင်းစက်လေးတစ်ခုနဲ့ ပြန်ရောက်လာတယ်။ အဲဒါ ငါပြောတဲ့ကြယ်ပဲတဲ့။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီညမှာ ကောင်းကင်ကနေ ကြယ်တစ်လုံးပျောက်သွားတယ်။

ငါ့အဖိုးကို ငါငြင်းတယ်။ ကြယ်ဆိုတာ အကြီးကြီးဖြစ်ရမှာ။ ငါတို့ခြံဝန်းထက်ကြီးရမှာ။ ဒီလောက်သေးသေးမဟုတ်နိုင်ဘူးလို့။ သူက ထူးထူးဆန်းဆန်းပြုံးကြည့်ပြီး ပြောတယ်။ အဲဒါကြယ်အစစ်က အရွယ်အစားပါတဲ့”

“ပြီးတော့ရော”

လုယန် စိတ်ဝင်တစားမေးသည်။

“ပြီးတော့ တရားရေးဝန်ကြီး ရောက်လာတယ်။ အ‌တော်ရာထူးမြင့်တယ်ထင်တယ်။ ငါ့အဘိုးကို သဘာဝရင်းမြစ်တွေခိုးတဲ့လူလို့ စွပ်စွဲပြီး ကြယ်ကိုပြန်တောင်းတယ်။ ငါ့အဖိုးက အဲဒီအလင်းစက်လေးကို ပြန်ပေးလိုက်တယ်။ ကောင်းကင်မှာပျောက်သွားတဲ့ကြယ်လည်း ပြန်ပေါ်လာတယ်။

အဲဒီတုန်းက တစ်ခုခုမူမမှန်ဘူးလို့ ငါခံစားမိပါတယ်။ ဒါပေမယ့် မစဉ်းစားတတ်ဘူးလေ။ ကြာတော့ တဖြေးဖြေးမေ့သွားတယ်။ ဒီနေ့ပြောတာတွေကြားမှ အဲဒီတုန်းက ငါရခဲ့တာ တကယ့်ကြယ်အစစ်ပဲလို့ နားလည်လာတာ”

“မုန်မိသားစုပီသပါတယ်။ မင်းရဲ့ ကလေးဘဝအတွေအကြုံတွေကတောင် ငါတို့နဲ့ အတော်ကွာနေတာပဲ”

သူငယ်ဘဝက လုပ်ခဲ့သည့်အလုပ်များကို ပြန်တွေးရင်း လုယန် ခေါင်းခါနေသည်။

ကလေးဘဝကအကြောင်းများ သူမှတ်မိသည်။ လူဝင်စားဘဝမရောက်မီက အတွေ့အကြုံများ ပြန်စဉ်းစားသည်။ ရှေးဟောင်းကဗျာတစ်ချို့ကို သူအလွတ်ရနေသည်။

“ပေတစ်ရာမြင့်တဲ့မျှော်စင်မှာ

ကြယ်တွေလက်နဲ့ဆွတ်နိုင်တာ၊

စကားကျယ်ကျယ်မပြောရဲပါ

သူတို့လန့်သွားမှာ စိုးထိတ်စရာ”

သူကလေးဘဝက ကဗျာထဲမှာသာ ကြယ်ကိုဆွတ်နိုင်ခဲ့သည်။ သို့‌သော် မုန်ကျင်းကျိုးက တကယ်လက်တွေ့လုပ်နိုင်သည်။ ကွာခြားသည်က ထိုအချက်ဖြစ်သည်။

သိပ်မကြာသေးမီက လုယန် ဝင်ငွေရဖို့ “ရွှေ့လျားကမ္ဘာ”လို ဝတ္ထုတစ်ပုဒ်ရေးရန်ပင် စဉ်းစားခဲ့သည်။ သို့သော် ဤလောကတွင် ဂြိုလ်အင်ဂျင်များက ကမ္ဘာကိုမောင်းနှင်မည်မဟုတ်။ ကျင့်ကြံသူများကသာ တွန်းကြပေလိမ့်မည်။

သူတို့သုံးယောက် ကြယ်နှင့်တိုက်နယ်များအကြောင်း ထပ်မတွေးတော့။ ထိုကိစ္စများက သူတို့နှင့် အလှမ်းဝေးလွန်းသည်။ လက်ရှိကျင့်စည်အဆင့်အရ ကြယ်များကို ရွှေ့ဖို့မပြောနှင့်။ ကျောက်ဆောင်လောက်ပင် မရွှေ့နိုင်သေး။

“စောစောနားရအောင်၊ မနက်ဖြန် ထောင်ကျနေတဲ့ ငါတို့ဂိုဏ်းသားတွေဆီ သွားလည်ကြတာပေါ့”

သုံးယောက်လုံး သမ်းဝေနေသည်။ အခြေတည်အဆင့်တွင် အိပ်ချိန်ကို ကျင့်ကြံမှုဖြင့် အစားထိုးနိုင်သော်လည်း အိပ်ရသည်ကိုသာ သူတို့ပိုသဘောကျသည်။

ကျင့်ကြံမှုကို ရွှေသန္ဓေအဆင့်ရောက်မှသာ လုပ်ကောင်းလုပ်ဖြစ်မည်။

.........

နောက်တစ်နေ့မနက်စောစောတွင် လုယန် အရာရှိဝေကိုသွားတွေ့ပြီး လာရင်းရည်ရွယ်ချက်ကို ပြောသည်။ အရာရှိဝေ ချက်ချင်းခွင့်ပြုမိန့်ပေးသည်။ လုယန်ကို ထောင်ထဲ လည်ပတ်ခွင့်ပြုသည်။

အကျဉ်းထောင်ထဲဝင်လိုက်သည်နှင့် သူ့ဝိညာဉ်စွမ်းအင်များ ဖိနှိပ်ခံလိုက်ရသလိုဖြစ်သွားသည်။ လှုပ်ရှားမှုများ နှေးကွေးလေးလံလာသည်။

“အရာရှိဝေပြောတဲ့ ဝိညာဉ်ချုပ်မှော်စက်ဝန်းဆိုတာ ဒါလား”

လုယန် အံ့အားသင့်နေသည်။ မှော်စက်ဝန်းက ထိုမျှအားကောင်းမည်ထင်မထား။

အရာရှိဝေ ခွင့်ပြုမိန့်ပေးစဉ်က ထိုမှော်စက်ဝန်းအကြောင်း လုယန်ကို အသိပေးခဲ့သည်။ ကျင့်ကြံသူများအတွက် အထူးတလည်စီစဉ်ထားခြင်းဖြစ်သည်။ မှော်စက်ဝန်းအောက်သို့ရောက်လျှင် ကျင်စဉ်စွမ်းအားများ ထိန်းချုပ်ခံရမည်။ မှော်စွမ်းအားလုံး သုံး၍မရ။ ကျင့်ကြံသူများ ထောင်ဖောက်မပြေးနိုင်အောင် စီစဉ်ထားခြင်းဖြစ်သည်။

မှော်စက်ဝန်းအဆင့်အတန်းက အတော်မြင့်သည်။ ရွှေသန္ဓေအဆင့်ကျင့်ကြံသူများကိုပင် ကောင်းကောင်းထိန်းချုပ်နိုင်စွမ်းရှိသည်။

ထောင်စောင့်များ တာဝန်လဲချိန်တွင် လုယန်ရောက်သွားသည်။ နေ့ဆိုင်းထောင်စောင့်က အဆက်မပြတ်သမ်းဝေနေသည်။ မျက်ရည်နှာတွင် မျက်ရည်များစီးကျနေသည်။ ကောင်းကောင်းအိပ်ရေးဝခဲ့ပုံမပေါ်။

ညပိုင်းအစောင့်က အနားယူရတော့မည်ဖြစ်၍ စိတ်ပျော်နေသည်။

“လောင်ကျိုး၊ ပုံမှန်ဆိုရင် မင်းကအတက်ကြွဆုံးလူပါ။ ဘာလို့ဒီနေ့မှ ဒီလောက်သမ်းဝေနေတာလဲ။ မနေညက မဟုတ်တာတွေတော့ မလုပ်ခဲ့ဘူးမဟုတ်လား”

လောင်ကျိုးက နောက်ထပ်သမ်းဝေ၍ ပြန်ပြောသည်။

“အခုရက်ပိုင်း ဘာတွေဖြစ်နေလဲ မသိပါဘူးကွာ။ အိပ်ရေးမဝဘူး။ မနက်ပိုင်းထရတာ အတော်ပင်ပင်းတယ်။ ငါတင်မဟုတ်ဘူး။ ငါ့မိန်းမလည်း အဲလိုဖြစ်နေတာ။ ဒီကိုရောက်ပြီး မျက်နှာသစ်လိုက်တာတောင် လန်းမသွားဘူး”

ညပိုင်းအစောင့်ကရယ်သည်။

“မနေ့ညက တစ်ခုခုလုပ်ခဲ့လို့ဖြစ်မှာပေါ့။ ကြည့်လေ၊ ငါဆို လုံးဝမပင်ပန်းဘူး”

လောင်ကျိုးက မကျေမနပ်လေသံဖြင့်

“အဲဒါ မင်းက ကျင့်ကြံသူမို့လို့လေ။ ငါနဲ့မှမတူတာ”

ညစောင့်က ပုခုံးတွန့်ပြသည်။

“ငါက ချီကျင့်ကြံမှုပထမဆင့်ပဲ ရှိသေးတာပါ။ ဒီတစ်သက် ဒုတိယဆင့်ရောက်မလားတောင် သေချာမသိဘူး။ ကျင့်ကြံသူလို့တောင် ပြောလို့မရပါဘူး”

အကျဉ်းထောင် တာဝန်ကျဇယားအရ နေ့ဘက်အစောင့်ကို သာမန်လူများချထားသည်။ ညဘက်ကို ချီကျင့်ကြံမှုပထမအဆင့်များ ချထားသည်။ ညပိုင်းတွင် နိုးနိုးကြားကြား မအိပ်ဘဲ စောင့်နိုင်စေဖို့ဖြစ်သည်။

ဝိညာဉ်ချုပ်မှော်စက်ဝန်းဖြင့် ဖိနှိပ်ခံရသည်ကို ကျင့်ကြံသူများလည်း မကြိုက်ကြ။ သို့သော် အကျဉ်းထောင်တစ်ခုသည်ချီပထမဆင့်ကျင့်ကြံသူများချည်း စောင့်ကြပ်ရုံဖြင့် မလုံလောက်။ ထို့ကြောင့် ထောင်အပြင်ဘက်တွင်လည်း ကျင့်ကြံသူများကို အရံကင်းပုန်းချထားသည်။

တာဝန်ပြောင်းပြီးချိန်တွင် လုယန်က ခွင့်ပြုမိန့်ကိုကိုင်၍ လောင်ကျိုးဆီ ရောက်လာသည်။

လုယန်ကို စစ်ဆေးသည်။ နေ့လည်စာထမင်းဘူးမှလွဲ၍ တစ်ခြားဘာမှမတွေ့။ လောင်ကျိုး သူ့ကိုဝင်ခွင့်ပေးသည်။

...................

နယ်ခံနတ်ဆိုးကျင့်ကြံသူများကြားတွင် နာမည်ကြီးသူဖြစ်၍ နတ်ဆိုးဂိုဏ်းသို့ဝင်လျှင် အောင်မြင်မှုကြီးကြီးရပြီး နယ်မြေတစ်ခုလောက် ဗိုလ်ကျစိုးမိုးနိုင်မည်ဟု ယုံကြည်ထားသည်။

ထောင်ကျပြီးနောက်မှာပင် သူ့ရည်မှန်းချက်က ပြောင်းလဲမသွား။ ထောင်ထဲရောက်သည်နှင့် ထိပ်ဆုံးထောင်သားဖြစ်ဖို့ အရင်စဉ်စားသည်။

ပထမအခက်အခဲက တစ်ခြားလူများကို သူခြိမ်းခြောက်နိုင်စွမ်းမရှိ။ အခြေတည်အဆင့်များပင် ဘာမှမလုပ်နိုင်သည့် ထောင်ခန်းထဲ ထည့်ထားခံရခြင်းဖြစ်သည်။ ဘာလက်နက်မှမရှိ။ တစ်ဘက်ထောင်ခန်းမှ ထောင်သားများ သူ့ကို လှောင်ပြောင်ရယ်မောနေသည်။ ပြန်လည်တိုက်ခိုက်ချင်စိတ် တဖွားဖွားပေါ်နေသည်။

ထိုအချိန်တွင် သူအခန်းဖော် ရှန်ကျင်းယိက အကြံတစ်ခုပေးသည်။ ပါးစပ်ထဲသို့ ကျောက်စရစ်ခဲတစ်လုံးထည့်၍ ဖူးခနဲမှုတ်ထုတ်သည်။ ‌ကျောက်စရစ်ခဲက ကျည်ဆန်လိုမြန်သည့်အရှိန်ဖြင့် ထွက်သွားပြီး နံရံကိုပြင်းထန်စွာ ရီုက်ခတ်သည်။

ကြေးစားလုပ်ကြံရေးသမားဖြစ်သည့် ရှန်ကျင်းယိသည် ပစ္စည်းအတော်များများကို လက်နက်ပုန်းအဖြစ် ကောင်းစွာအသုံးပြုနိုင်သည်။

“ငါတို့က အတူဒုက္ခရောက်နေကြတဲ့ ညီအကိုတွေပဲ။ ဒီလိုချိန်မှာ ပုံမှန်ထက်ပိုစည်းလုံးပြီး လွတ်လမ်းရှာဖို့လိုတယ်။ ...ဒီပညာကို ကျွမ်းကျင်အောင် လေ့ကျင့်ပါ။ ထောင်ထဲမှာ ပြိုင်ဘက်ကင်းဖြစ်လာလိမ့်မယ်။ ဒီနေရာကို အတူလွှမ်းမိုးကြတာပေါ့”

ချီရှုလုံ စိတ်အားထက်သန်လာသည်။ မိုးလင်းမှမိုးချုပ်အထိ ကျောက်စရစ်မှုတ်ထုတ်၍ ကြိုးစားလေ့ကျင့်သည်။

သို့သော် ပင်ကိုယ်ပါရမီက မကောင်း။ အကြမ်းပတမ်းတိုက်ခိုက်နိုင်သော်လည်း ယခုလိုပညာမျိုးကို သူကျွမ်းကျင်အောင် မလေ့ကျင့်နိုင်။

“ဒီလိုလုပ်ရတယ်။ ပါးစပ်ထဲမှ လေကိုစုပြီး “ဖူး”ခနဲမြန်မြန်ထွေးထုတ်လိုက်”

ရှန်ကျင်းယိ သရုပ်ပြ၍ ချီရှုလုံကို သင်ပြသည်။

“ရပါပြီ။ ဖူးခနဲ မှုတ်လိုက်ရုံပဲမဟုတ်လား”

ချီရှုလုံ စိတ်မရှည်သည့်လေသံဖြင့် ပြောသည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး။ မင်းနှုတ်ခမ်းစုတာ နည်းနည်းလိုသေးတယ်။ ဒီလိုလုပ်ပါ”

“အဲလိုလား”

ထောင်ခန်းအပြင်ဘက်တွင်ရပ်နေသည့်် လုယန်က ချီရှုလုံနှင့် ရှန်ကျင်းယိတို့ တစ်ယောက်နှင့်တစ်ယောက် နှုတ်ခမ်းစူပြနေသည်ကိုကြည့်၍ ဝင်တားသင့်မတားသင့် စဉ်းစားနေသည်။ သူတို့အပြုအမူက ဘေးလူမြင်လျှင် အထင်မှားသွားနိုင်သည်။

ထို့ကြောင့် မှော်စက်လုံးနှင့် မှတ်တမ်းယူထားရန် ဆုံးဖြတ်လိုက်သည်။

*************************************************

All Chapters