← Chapters

အမှန်အတိုင်းအစီရင်ခံသည်။

Vol. 6 Ch. 82

အမှန်အတိုင်းအစီရင်ခံသည်။

Vol. 6 Ch. 82

“မတွေ့ရတာ ကြာသွားပြီနော်။ ငါ အစားအသောက်လာပို့တာပါ”

လုယန် နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။ အသားကင်ဆိုင်တွင် အလုပ်လုပ်ရင်း တိုးတက်လာသည့် အရည်အချင်းတစ်ခုဖြစ်သည်။

တစ်လကျော်လေ့ကျင့်ပြီးနောက် သူ့မျက်နှာမှအပြုံးတုက ပီပြင်လွန်းသဖြင့် မုန်ကျင်းကျိုးပင် အပြုံးစစ်ဟု တွေးမိလောက်သည့်အဆင့်ထိ တိုးတက်လာသည်။

နှုတ်ခမ်းစူနေသည့် ချီရှုလုန်က လုယန်စကားသံကြောင့် ခပ်တင်းတင်းလှည့်ကြည့်သည်။ သူ့အကြည့်က ရန်လိုသည့်အရိပ်များ ပြည့်နေသည်။ လုယန်သာ အရာရှိများကို အကင်စားဖို့မဖိတ်ခဲ့လျှင် သူတို့ဤနေရာတွင် ရှိနေမည်မဟုတ်။

“မင်းဘာလာလုပ်တာလဲ”

ချီရှုလုံ ဒေါသသံဖြင့်မေးသည်။ စတွေ့ကတည်းက လုယန်သည် အကဲဖြတ်ဒိုင်ဟန်ဆောင်၍ သူ့ကိုလှည့်စားခဲ့သည်။ အကင်ဆိုင်တွင် ထောင်ချောက်ဆင်သည်။ ဘယ်တုန်းကမှ ကောင်းဖူးသည်မရှိ။ ရက်စက်သည့် သူ့ပြစ်မှုမှတ်တမ်းများနှင့်ယှဉ်ကြည့်လျှင်ပင် လုယန်က ပို၍စက်ဆုပ်ရွံရှာစရာကောင်းသည်။

ထောင်ထဲတွင် ချီရှုလုံကို စနောက်ဖို့ လုယန်ရည်ရွယ်မထားပါ။ နောင်တစ်ချိန် တစ်ယောက်ကိုတစ်ယောက် အထောက်အကူပြုဖို့လိုသည်။ ဆက်ဆံရေးဆိုးဝါးအောင်လုပ်လျှင် အကျိုးမရှိ။ ဂိုဏ်းထိန်းများကြား လက်ခံထားသည့် အမြင်ဖြစ်သည်။

သို့သော် ချီရှုလုံမေးသည့်စကားကို “မင်းဘာလို့ ကြီးကြပ်(ဂိုဏ်းထိန်း)ဖြစ်သွားတာလဲ”ဟု သူနားကြားမှားသွားသည်။

“ဘယ်လို၊ ငါကြီးကြပ်သူရာထူးတိုးသွားတာ မင်းဘယ်လိုသိတာလဲ။ ဒါပေမယ့် အရမ်းလည်း စိတ်မလှုပ်ရှားပါနဲ့လေ။ ကောင်းကောင်းမွန်မွန်နေမယ်ဆိုရင် မင်းလည်း ဂိုဏ်းထိန်းဖြစ်လာနိုင်ပါတယ်”

ချီရှုလုံ၏ သတင်းအနံ့ခံကောင်းပုံကို သူအံ့ဩသည်။ ခါးတွင်ချိတ်ထားသည့် ဂိုဏ်းထိန်းတံဆိပ်ကို သူထုတ်ကြွားလိုက်သည်။

ချီရှုလုံ ဒေါသအကြီးအကျယ်ထွက်သွားသည်။

“ကောင်းကင်က မျက်လုံးကန်းနေတာဖြစ်မယ်”

လုယန် သူ့ကိုနှစ်သိမ့်ရန် ကြိုးစားသည်။

“ဒေါသမထွက်ပါနဲ့ကွာ။ သခင်ချူးက မင်းအတွက်လည်း သတင်းပါးလိုက်တယ်”

သခင်ချူးထံမှဟုကြားသည်နှင့် ချီရှုလုံ နည်းနည်းစိတ်ငြိမ်သွားသည်။ ဂိုဏ်းသခင်က သူ့ကို ယခုထိတန်ဖိုးထားနေဆဲ ဖြစ်လိမ့်မည်။

“သခင်ချူးက ဘာပြောလဲ”

“ငါနဲ့အတူပူးပေါင်းတာ မင်းအတွက်အကောင်းဆုံးဖြစ်မယ်လို့ ပြောလိုက်တယ်”

ချီရှုလုံ ဒေါသအိုးပေါက်ကွဲသွားသည်။ လုယန်ကို မျက်နှာသာပေးသည့် သခင်ချူးကို သူမယုံနိုင်အောင်ဖြစ်မိသည်။

“မင်းနဲ့လက်တွဲတာထက် သေတာကပိုကောင်းတယ်ကွ”

သခင်ချူးဆန္ဒကို ပေါ်ပေါ်ထင်ထင်ဆန့်ကျင်နေသည့် ချီရှုလုံကိုကြည့်၍ လုယန် သက်ပြင်းချလိုက်သည်။ နေ့လည်စာထမင်းဘူးကို “ချန်ထား”ပြီး ထွက်သွားသည်။

ထောင်သားများ အစားအသောက်နံ့ကြောင့် သွားရေယိုနေသည်။ ထောင်ထဲတွင် အရသာရှိသည့် ထိုအစားအသောက်မျိုး စားခွင့်မရ။

လုယန်က တစ်ခြားဂိုဏ်းဝင်များအပေါ် ပိုစေတနာထားသည်။ ထောင်ထဲတွင် ကိုယ့်ကိုယ်ကိုပြုပြင်ပြီး ထောင်မှလွတ်လာလျှင် အလယ်ပိုင်းတိုက်နယ်ကို အကျိုးပြုကြရန် တိုက်တွန်းသည်။ တကယ်စေတနာအစစ်ကိုပြသည်။

သူ့စကားကို အပြင်လူများကြားလျှင် ထိုဂိုဏ်းဝင်များသည် နှစ်ရှည်ထောင်ဒဏ်ကျနေသူများဟု ထင်မိကြပေလိမ့်မည်။

ထောင်မှ ပြန်ခဲ့ပြီးနောက် သခင်ချူးကို သတင်းသွားပို့သည်။

“ချီရှုလုံဆီ အစားအသောက်တွေဝယ်ပြီး ကျုပ်သွားတွေ့ပါတယ်။ နားလည်မှုလွဲနေတာတွေ ဖြေရှင်းဖို့ကြိုးစားတယ်။ ကျုပ်တို့က တစ်ဂိုဏ်းတည်းသားချင်းတွေပဲလေ။ အနာဂတ်ကြိုးပမ်းမှုတွေအတွက် အတူလက်တွဲကြရမှာပေါ့။ သခင်ချူးက ဒီလိုဆန္ဒရှိတယ်လို့ ကျုပ်အလေးအနက်ပြောပါတယ်။ ကောင်းကောင်းမွန်မွန်နေရင် သူလည်းကျုပ်လို ဂိုဏ်းထိန်းရာထူးရနိုင်ပါတယ်လို့ပြောတယ်။

ဒါပေမယ့် ချီရှုလုံက ဒေါသပေါက်ကွဲပြီး ဆဲတယ်။ ကျုပ်ကို ဂိုဏ်းထိန်းခွင့်ပြုတဲ့သူဟာ မျက်လုံးကန်းနေတာပဲလို့ပြောတယ်။ ကျုပ်နဲ့ပူးပေါင်းမယ့်အစား အသေပဲခံမယ်တဲ့။ သူပြောတဲ့ စကားလုံးအတိအကျကိုတော့ ကျုပ်မမှတ်မိတော့ဘူး။ ဒါပေမယ့် အကြမ်းဖျင်းအဓိပ္ပါယ်ကတော့ ဒါပါပဲ”

သခင်ချူး မျက်နှာတင်းသွားသည်။

“သူကဘယ်သူ့ကို မျက်လုံးကန်းတယ်လို့ပြောတာလဲ”

လုယန် မျက်မှောင်သေချာကျုံ့လျက် ခေါင်းမော့လာပြီး ကြောက်ရွံ့နေသည့်မျက်နှာဖြင့် ပြန်ဖြေသည်။

“သူပြောတဲ့လူက အဆင့်အတန်းအရမ်းမြင့်လွန်းပါတယ်။ မလေးမစားလုပ်ရာကျပါလိမ့်မယ်။ ကျုပ်ပြန်မပြောပြရဲပါဘူး”

ချူးဇီထောက် ထပ်ရှင်းပြစရာမလိုဘဲ သဘောပေါက်သွားပုံရသည်။

“ကောင်းပါပြီ။ ငါနားလည်ပြီ။ မင်းသွားတော့”

လုယန်ကျိတ်၍ သက်ပြင်းချသည်။ ချီရှုလုံ အတော်ဆင်ခြင်ဉာဏ်မဲ့သည်ဟု တွေးနေဟန်ဖြင့် သူ့စိတ်ထဲရှိသည့်အတိုင်း ထပ်ပြောသည်။

“ဒီကိစ္စကို ကျုပ်ပြောပြတယ်လို့ မပြောစေချင်ပါဘူး သခင်။ ကျုပ်နားကြားလွဲတာလည်း ဖြစ်နိုင်ပါတယ်”

ဖြစ်လာနိုင်သည့် အကျိုးဆက်ကို လျော့ပါးစေရန် သူသတိပေးသည်။

သခင်ချူး လက်ဝှေ့ယမ်းပြသည်။ အန္တရာယ်များသည့် အခြေအနေကို သူနားလည်သည်။

လုယန်ထွက်သွားပြီးနောက် ချီရှုလုံပြောသည့် မျက်ကန်းကိစ္စကို သခင်ချူး မကျေမနပ် ပြန်တွေးနေသည်။

..........

တစ်နေ့တာကို ပုံမှန်အတိုင်း ဖြတ်သန်းနေကြသည်။ မုန်ကျင်းကျိုး ဈေးသွားသည်။ အရိုးရိုင်းက ဆိုင်နောက်ဖေးတွင် လေ့ကျင့်သည်။ သရဲကျွန်များ အသားကင်ပြင်ဆင်သည်။ လုယန်က အဝတ်အစား လျှော်ဖွတ်သည်။

မည်မျှကြိုးစားသည်ဖြစ်စေ လုယန်၏ အဝတ်အစားများက အညစ်အကြေးများ စွန်းထင်းနေဆဲဖြစ်သည်။

“သောက်လခွမ်းကွာ။ အဝတ်အစားဖုန်မကပ်တဲ့ မှော်ပညာမျိုး ငါဘာလို့မသင်နိုင်ရတာလဲ”

အဝတ်အစားများ ကြိုးစားလျှောက်ဖွပ်ရင်း သူမကျေမနပ်ညည်းသည်။ သူ့အဖော်များ အဝတ်လျှော်စရာမလိုသည့်အဖြစ်ကို သူအားကျသည်။ ငွေများများရလာလျှင် သူ့ဘာသာသန့်စင်နိုင်စွမ်းရှိသည့် အဝတ်အစားများဝယ်မည်ဟု တွေးလိုက်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက သူ့အဝတ်များသန့်စင်နိုင်သည့် မှော်ပညာတစ်ခုသင်ပေးဖို့ မုန်ကျင်းကျိုးကို အကူအညီတောင်းသည်။ မုန်ကျင်းကျိုးလည်း ထိုပညာမျိုးမတတ်။ သို့သော် “နေ့စဉ်ဘဝအတွက် အသေးစားမှော်ပညာများ”ဟူသည့်စာအုပ်ရှိသည်။ သူထွက်မလာမီ သူ့အမက တိတ်တဆိတ်ပေးခဲ့ခြင်းဖြစ်သည်။

ထိုစာအုပ်တွင် အဝတ်အစားသန့်စင်နည်းမှော်ပညာတစ်ခုပါသည်။ လေ့လာရလွယ်ကူသည်။

သူတို့သုံးယောက်အတူစု၍ လေ့လာကြသည်။ မုန်ကျင်းကျိုးနှင့် အရိုးရိုင်းက အရင်တတ်သွားသည်။ မွှေးပျံ့သည့် စွမ်းအင်ရောင်တစ်ခု ကောင်းကင်မှကျလာသည်။ ညစ်ပေနေသည့်အဝတ်အစားများ အသစ်စက်စက်လို ချက်ချင်းဖြူဖွေးသွားသည်။

နှစ်ယောက်လုံး ဝမ်းသာသွားသည်။ အသားကင်ဆိုင်တွင် အလုပ်လုပ်ရသဖြင့် သူတို့အဝတ်အစားများက ညစ်ပေလွယ်သည်။ အတော်အဆင်မပြေဖြစ်သည်။

မုန်ကျင်းကျိုးက နောက်ခံအဆင့်အတန်းမြင့်သူဖြစ်၍ မှော်ရတနာအဖြစ်သန့်စင်ထားသည့် အဝတ်အစားများရှိသည်။ ထိုဝတ်စုံများက လျှော်ဖွတ်စရာမလိုဘဲ အမြဲတမ်းသန့်ရှင်းနေသည်။ မျိုးရိုးမြင့်၍ကြွယ်ဝသည့် မိသားစုမှလာသူဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ သို့သော် နတ်ဆိုးဂိုဏ်းထဲပုန်းအောင်းနေချိန်တွင် အဆင်မပြေ။

မှော်ပညာပါရမီထူးကြောင်း လုယန် ကိုယ့်ကိုယ်ကိုသိသည်။ အဝတ်အစားသန့်စင်သည့် မှော်ပညာကိုသူလည်း သင်ယူနိုင်သည်။ သို့သော် ရလာဒ်က မထင်မှတ်ဘဲ ကွဲပြားနေသည်။

ထိုမှော်ပညာကို အသက်သွင်းပြီးနောက် လေဟာနယ်ခန္ဓာတွန့်လိပ်သွားပြီး အဝတ်အစားသစ်များ ထွက်လာသည်။

သူအတော်ကြာအောင် အသံတိတ်သွားသည်။ ကျိန်ဆဲချင်စိတ်ပေါက်သည်။ သို့သော် ဘယ်လိုစဆဲရမည် သေချာမသိ။

အစီအစဉ်အရတွေးလျှင် သူပထမဆုံးကျွမ်းကျင်သည့် လေဟာနယ်မှော်ပညာဟု ဆိုနိုင်သည်။ သူ့အတွက် ထင်ရှားသည့် မှတ်ကျောက်တစ်ခုဖြစ်သည်။ ထူးခြားအောင်လည်း တီထွင်ဆန်းသစ်နိုင်ခဲ့သည်။ လေဟာနယ်မှော်ပညာအသစ်တစ်မျိုး တီထွင်နိုင်ခဲ့သည်။

ယုတ္တိအရတွေးလျှင်တော့ လုံးဝအဓိပ္ပါယ်မရှိ။

အင်္ကျီကော်လာပေါ်တွင် “(...)အတွက်”ဟူသည် ကတ်ပြားတစ်ခုရှိသည်။ ထိုဝတ်စုံကို အဝတ်ချုပ်သမားက ဖန်တီးထားပြီး အင်္ကျီပိုင်ရှင်လာမယူသေးမီ သူ့လေဟာနယ်မှော်ပညာ‌၏ဆင့်ခေါ်မှုကြောင့် ရောက်လာခြင်းဖြစ်မည်။

“ဘာလို့ ငါ့ရဲ့ အဝတ်အစားသန့်စင်မှော်ပညာက အဝတ်စားသစ်ကို တိုက်ရိုက်ဆင့်ခေါ်တာလဲ။ ခန္ဓာကိုယ်သန့်စင်မှော်ပညာမျိုးသာ ငါသုံးလိုက်ရင် ဘာဖြစ်လာမလဲ”

သူဒေါသထွက်သည်။ ပုံမှန်ထက်ထူးခြားလွန်းသည့် သူ့မှော်ပညာပါရမီကို ကောင်းကင်က တမင်တကာ ကန့်သတ်ချုပ်ချယ်နေသလို ခံစားရသည်။

တစ်ခြားလူ၏ဝတ်စုံကို သူဝတ်၍မဖြစ်။ ပိုင်ရှင်ဘယ်သူမှန်းလည်းမသိသဖြင့် ပြန်ပေး၍လည်းမရ။

သူ့အဝတ်အစားများကို သန့်စင်ဖို့ မုန်ကျင်းကျိုးက အဝတ်အစားသန့်စင်မှော်ပညာအစစ်တစ်ခုကိုပင် ပေးခဲ့သည်။ သို့သော် လေးငါးကြိမ်ကြိုးစားကြည့်သောလည်း မအောင်မြင်ခဲ့။

အဝတ်အစားသန့်စင်မှော်ပညာသည် မှော်ပညာအသုံးပြုသူ၏ဝတ်စုံများကိုသာ သန့်စင်ပေးနိုင်သည်။ လုယန်က မုန်ကျင်းကျိုးကို သူ့အဝတ်အစားများဝတ်၍ သန့်စင်ခိုင်းပြီးမှ ပြန်ချွတ်ပေးရန်ပြောဖို့လည်း မဖြစ်နိုင်။

တစ်ခြားရွေးစရာမရှိသဖြင့် လုယန်လက်လျှော့ပြီး ကိုယ့်အဝတ်ကို လျှော်ဖွတ်ရသည်။

လျှော်ဖွတ်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်ကြိုးတန်းတွင် လှန်းသည်။ သို့သော် ကြိုးတန်းက သူ့လက်ထဲမှ အမှတ်မထင် ချော်ထွက်သွားပြီး အောက်ဘက်မှ လမ်းသွားလမ်းလာတစ်ယောက်ကို ရိုက်မိမတတ်ဖြစ်သွားသည်။

“သတိထား”

သို့သော် ထိုလူက အတော်လေး ပေါ့ပါးလျှင်မြန်သည်။ ကျလာသည့် အင်္ကျီကြိုးတန်းကို ကျွမ်းကျင်စွာ ရှောင်တိမ်းသည်။

အောက်ထပ်သို့ ပြေးဆင်းလာပြီးနောက် ထိုလူကို သူမှတ်မိသွားသည်။ လသံလွင်မသေမျိုးနန်းတော်မှ လန်ထင်ဖြစ်သည်။ လွန်ခဲ့သည့်တစ်လကျော် စုန့်တောင်တန်းတွင် ကျားနတ်ဆိုးကို ကူညီတိုက်ခိုက်ပေးဖူးသူဖြစ်သည်။ ဘာကြောင့် ထိုမိန်းကလေး ဤနေရာတွင် ယခုထိရှိနေမှန်းမသိ။

မြေပေါ်ကျနေသည့် အဝတ်ကြိုးတန်းကို ငုံ့ကြည့်၍ လန်ထင် မျက်မှောင်ကျုံ့၍ အတွေးနက်နေသည်။

“မင်းဘာတွေစဉ်းစားနေတာလဲ”

လုယန် စပ်စုလိုက်သည်။

“ဒီကြိုးတန်း ဘာလို့အပေါ်ကို ပျံမတက်ဘဲ အောက်ကိုကျလာသလဲဆိုတာ စဉ်းစားနေတာပါ။ လောကမှာ အားလုံးကိုဆွဲချနေတဲ့ မမြင်နိုင်တဲ့စွမ်းအားတစ်မျိုး ရှိနေတာများလား”

လန်ထင် ချက်ချင်းပြန်ဖြေသည်။

လုယန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

(**နယူတန်နိယာမကို ကျင့်ကြံသူကမ္ဘာမှလန်ထင်က မသိသည့်သဘောဖြစ်သည်)

*********************************************

All Chapters