← Chapters

လန်ထင်၏မစ်ရှင်

Vol. 6 Ch. 83

လန်ထင်၏မစ်ရှင်

Vol. 6 Ch. 83

အတူယှဉ်ရပ်နေရင်း လုယန်က ရှင်းပြသည်။

“ဒီမမြင်နိုင်တဲ့စွမ်းအားဆိုတာ နေရာတိုင်းမှာရှိတယ်လေ။ ဒြပ်ဆွဲအားလို့ ခေါ်ကြမလား”

သူ့အသံကို မှတ်မိသွားသဖြင့် လန်ထင်မော့ကြည့်လာသည်။

“ဪ...ရှင်ကိုး”

“အထဲမှာ ပြောရအောင်”

လန်ထင် သူ့သရုပ်မှန်ကို ဖော်ထုတ်လိုက်မှာ စိုးရိမ်သည်။

ထူးခြားသည့် အလှပိုင်ရှင်ဖြစ်၍ ဆိုင်တံခါးဝတွင် သူရပ်နေလျှင် အများအာရုံစိုက်စရာဖြစ်လာမည်။ သူတို့ပြောသည့်စကားကို ခိုးနားထောင်ဖို့လည်း ပိုလွယ်ကူသွားမည်။

အထဲရောက်ပြီးနောက် အသားကင်တုတ်ထိုးရင်းအလုပ်များနေသည့် သရဲကျွန်များကို လန်ထင်သတိထားမိသည်။ ကျားနတ်ဆိုးရှင်းလင်းရာမှ ကျန်နေသည့် ဝိညာဉ်များဖြစ်ကြောင်းသိသည်။

သူတို့နှစ်ယောက်ဝင်လာသည်ကိုမြင်သဖြင့် သရဲကျွန်များက အသားဗန်းများ အသာမ,ယူ၍ ဆိုင်ထောင့်တစ်နေရာသို့ထသွားပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြသည်။

သရဲကျွန်များ၏ လုပ်ပုံကိုင်ပုံက အတော်ကျွမ်းကျင်သည်။ သူတို့မသေမီက အသားကင်ဆိုင်ဖွင့်ခဲ့သလားဟုပင် လန်ထင်တွေးမိနေသည်။

စကားပြောသံများကြားသဖြင့် ဆိုင်နောက်ဖေးကွင်းပြမှအရိုးရိုင်းက လေ့ကျင့်မှုရပ်ပြီး ခန်းမထဲသို့ ဝင်လာသည်။

တစ်နေကုန်လျှောက်သွားနေသည့် မုန်ကျင်းကျိုးလည်း ဆိုင်တံခါးသို့ ရောက်လာပြီး အံ့ဩနေသည့်လေသံဖြင့် လှမ်းပြောသည်။

“မင်းတို့ကြားပြီးပြီလား။ ယန်ကျန်းကောင်တီမှာ နွေဦးကောက်သစ်စားပွဲတော်လို့ခေါ်တဲ့ ရိုးရာပွဲတစ်ခုရှိတယ်။ ဆယ့်ငါးရက်ပဲလိုတော့တယ်။ ဒီပွဲတော်မှာ နွေဦးအပန်းဖြေခရီးထွက်တာရှိတယ်။ တောင်တန်းတွေပေါ်လေ့လာရေးထွက်တယ်။ ရေကစားတယ်။ ညဘက်မှာ ကဗျာရွတ်တာတွေ ဂီတဖျော်ဖြေပွဲတွေရှိတယ်။ အတော်စည်ကားတယ်တဲ့။ အနီးအနားကောင်တီကလူတွေအားလုံး ဒီပွဲတော်ကိုလာကြတယ်။ ယန်ကျန်းဒေသခံတွေတောင် အားလပ်ရက်သုံးရက်ရတယ်။ ပြီးတော့ ပွဲတော်ရက်တွေမှာ ဆောင်ကြာမြိုင်တွေက ဈေးနှုန်းမြှင့်ပြီး ငွေအများကြီးရတယ်လို့ကြားတယ်။ ဒီပွဲတော်ရက်ကို အသုံးချပြီး ငါတို့ဆိုင်ဖွင့်တဲ့ နှစ်လပြည့်အထိန်းအမှတ်အနေနဲ့ ရောင်းအားမြှင့်ကြမလား”

မုန်ကျင်းကျိုး ယနေ့ထွက်လည်သည်က အပျော်သက်သက်မဟုတ်မှန်း သိသာသည်။ သူတို့သုံးယောက်အတွက် သိပ်တော့အသုံးမဝင်သော်လည်း သတင်းအချက်အလက်အများစုစည်းလာသည်။

အရိုးရိုင်းမျက်လုံးများ အရောင်လက်လာပြီး စကားပြောရန်ပြင်သည်။ သို့သော် လုယန်၏ အရယ်အပြုံးမရှိသည့် မျက်နှာကိုသတိထားမိသဖြင့် အသာပါးစပ်ပိတ်ထားလိုက်သည်။

လန်ထင်ကို မြင်ပြီးနောက် မုန်ကျင်းကျိုးလည်း အံ့အားသင့်သွားသည်။

“ငါမင်းကို မှတ်မိတယ်။ လသံလွင်မသေမျိုးနန်းတော်က လန်ထင်မဟုတ်လား”

တစ်လကျော်အတွင်း သူတို့ ဤနေရာတွင်ဆက်နေခဲ့ကြသည်။ မဟုတ်သေး။ နတ်ဆိုးဂိုဏ်းထဲ ခိုးဝင်နိုင်ရန်အတွက် သူတို့မပြန်သေးခြင်းဖြစ်သည်။ သို့သော် လန်ထင်ကဘာကြောင့် ဤယန်ကျန်းတွင် ဆက်ရှိနေသည်မသိ။

“ဟုတ်ပါတယ် “

လန်ထင် အလိုက်သင့်ပြန်ဖြေသည်။ လုယန်တို့သုံးယောက်ကို သူလည်းစိတ်ဝင်စားနေသည်။ ယန်ကျန်းတွင် တစ်လကျော် သူနေခဲ့သည်။ ဤအသားကင်ဆိုင်အကြောင်း ကြားသည်။ သို့သော် တိတ်တိတ်ဆိတ်ဆိတ်နေရသည်ကို သဘောကျသူဖြစ်၍ ဆူညံ့သည့်နေရာများသို့ သူမသွားခဲ့။ ယနေ့မှ ဤအသားကင်ဆိုင်ကို မသေမျိုးဂိုဏ်းတပည့်များဖြစ်သည့် လုယန်တို့ကဖွင့်ထားမှန်း သူသိရသည်။

ယန်ကျန်းတွင် ထိုသုံးယောက် လုပ်ငန်းကြီးတစ်ခု လုပ်နေပုံရသည်။

တာအိုလမ်းစဉ်ဂိုဏ်းက ပေးသည့်တာဝန်များသည် နတ်ဆိုးများသုတ်သင်ရုံသာမဟုတ်ဘဲ ငွေရှာဖို့ စီးပွားရေးလုပ်ငန်းတည်ထောင်ခိုင်းခြင်းလည်း ပါဝင်နေသယောင်ရှိသည်။ သို့သော် ထိုဂိုဏ်း၏အဆင့်အတန်းအရ ဖြစ်နိုင်စရာမရှိ။

တာအိုလမ်းစဉ်ဂိုဏ်း၏ ဆုပေးစနစ်တွင် တစ်ခြားမသေမျိုးဂိုဏ်းလေးဂိုဏ်း ပေးလေ့မရှိသည့် “တစ်နေ့တာဂိုဏ်းချုပ်လုပ်ခွင့်”လို ဆုကြေးမျိုးပင် ပါဝင်ကြောင်း သူ့ဂိုဏ်းတူအမများထံမှ လန်ထင်ကြားဖူးသည်။

“ယန်ကျန်းမှာ ဒီလောက်ကြာအောင်နေတယ်ဆိုတော့ မစ်ရှင်တစ်ခုခုရှိလို့လား။ မင်းအကူအညီလိုရင် ပြောသာပြောပါ။ ငါတို့ ဒီနယ်က အရာရှိတွေနဲ့ ကောင်းကောင်းရင်းနှီးတယ်။ ထောင်ထဲကလူတွေနဲ့လည်း သိတယ်”

လုယန် နွေးထွေးစွာကမ်းလှမ်းသည်။

မသေမျိုးငါးဂိုဏ်းမှ ဂိုဏ်းဝင်အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် အကူအညီပေးသင့်သည်။

ယခု လုယန်တို့သည် ယန်ကျန်းကောင်းကင်ကို လက်တစ်ဘက်ဖြင့် ဖုံးနိုင်လောက်အောင် နာမည်ကြီးနေသည်။ အပြင်ပန်းတွင် အရာရှိများ ရာဇဝတ်သားဖမ်းနိုင်အောင် အကူအညီပေးသည့် အရပ်သားများဖြစ်သည်။ အရာရှိများ မကြာခဏ သူတို့ဆိုင်တွင် လာစားကြသည်။ နောက်ကွယ်တွင် သူတို့သည် နတ်ဆိုးဂိုဏ်း၊ ယန်ကျန်းဂိုဏ်းခွဲ၏ တန်ဖိုးထားခံရသည့် ဂိုဏ်းဝင်များဖြစ်သည်။ သူတို့၏သရုပ်မှန်အစစ်က တာအိုလမ်းစဉ်ဂိုဏ်း၏ တပည့်စစ်ဖြစ်သည်။

ထိုနောက်ခံမျိုးကို ဘယ်သူယှဉ်နိုင်မည်နည်း။

လန်ထင် အသံတိတ်သွားသည်။ လျှို့ဝှက်မစ်ရှင်တစ်ခု ထွက်လာခြင်းဖြစ်၍ အပြင်လူများနှင့် သူရောရောနှောနှောနေဖို့မဟုတ်။ ထိုသို့သာမဟုတ်ခဲ့လျှင် လုယန်တို့ကိုကူညီပြီးနောက် ကျားရေခွံနှစ်ခုကို လက်ဆောင်အဖြစ်ယူ၍ ဂိုဏ်းသို့ ပြန်သွားပြီးဖြစ်မည်။

ယခု အချိန်တစ်လကုန်သွားသည်အထိ ဘာမှတိုးတက်မှုမရှိသေး။ သူစိတ်ပူနေသည်။

သူ့ရှေ့မှလူသုံးယောက်က သူ့ကိုအကူအညီပေးနိုင်လောက်သည်။

လန်ထင်ခဏ အသံတိတ်နေပြီး အသက်နှစ်ကြိမ်အဝရှူသည်။ စိတ်ကိုတည်ငြိမ်အောင်ထိန်း၍ အလေးအနက်မျက်နှာဖြင့်ပြောသည်။

“ကျွန်မ လျှို့ဝှက်မစ်ရှင်တစ်ခု ထွက်လာတာပါ။ ဒီနေ့ကျွန်မပြောတဲ့စကားတွေ အပြင်ကိုပေါက်ကြားလို့မဖြစ်ဘူး။ ကျွန်မရဲ့လုံခြုံရေးနဲ့ ပတ်သက်နေလို့ပါ။ ကျွန်မပြောတာကြားပြီးရင် ရှင်တို့အံ့ဩမသွားကြနဲ့”

သူအလေးအနက်ပြောလာသဖြင့် လုယန်တို့သုံးယောက် ခါးမတ်လိုက်ကြသည်။

“ကျွန်မက ထာဝရဂိုဏ်းကို သူလျှိုအနေနဲ့ဝင်ဖို့လာတာပါ”

သုံးယောက်လုံး ပြိုင်တူ မျက်တောင်ခတ်မိကြသည်။ နားကြားမှားသလားဟု ထင်လိုက်သည်။

လန်ထင်ဆက်ပြောသည်။

“ကျွန်မတို့ လသံလွင်နန်းတော်ရဲ့ အထူးသတင်းလမ်းကြောင်းတွေကနေ ခိုင်မာတဲ့သတင်းတစ်ခုရတယ်။ အခုတလော နတ်ဆိုးဂိုဏ်းလေးဂိုဏ်းက နောက်လိုက်အင်အား အများကြီးစုဆောင်းဖို့ ပြင်ဆင်နေကြတယ်။ နေမင်းဂိုဏ်းက လူသစ်စုဆောင်းပြီးသွားပြီ။ တစ်ခြားသုံးဂိုဏ်းလည်း လုပ်နေတယ်။

ယန်ကျန်းမှာ ထာဝရဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုရှိတယ်။ ယန်ကျန်းဂိုဏ်းခွဲ့ခို့ခေါ်တယ်။ သူတို့ခေါင်းဆောင် ဘယ်သူဆိုတာ မသိရသေးဘူး။ သူ့မျိုးရိုးနာမည်ကိုတောင် ဘယ်သူမှမသိကြဘူး။

ထာဝရဂိုဏ်းရဲ့ ဂိုဏ်းခွဲတွေထဲမှာ ယန်ကျန်းဂိုဏ်းခွဲက အတော်လေးအဆင့်နိမ့်တယ်။ ကျွန်မလို အခြေတည်အဆင့်တွေ ခိုးဝင်ဖို့သင့်တော်တယ်လေ။ သေချာစီစဉ်နိုင်ရင် ယန်ကျန်းဂိုဏ်းခွဲရဲ့ အဆင့်မြင့်ရာထူးနေရာကို ရောဝင်လို့ရနိုင်တယ်။

ကျွန်မရဲ့အမတွေက ကျင့်စဉ်စွမ်းအားမြင့်ပြီး အပြင်လောကမှာ နာမည်ကြီးတယ်။ သူတို့ကိုယ်တိုင် သူလျိုလုပ်ဖို့ ခက်ခဲတယ်။ ဒါကြောင့် သူတို့ဆွေးနွေးတိုင်ပင်ပြီး ကျွန်မကို တာဝန်ပေးလိုက်တာပါ”

လန်ထင်၏အမများ “နာမည်ကြီး”သည်ဆိုခြင်းမှ အလှအပကို ရည်ညွှန်းခြင်းဖြစ်သည်။ ယောက်ျားတစ်ချို့၏ စိတ်ကူးဆန္ဒကို ကျေနပ်မှုစေသည့် တားမြစ်စာအုပ်တစ်ချို့ထဲမှ ရုပ်ရည်မျိုးဖြစ်သည်။

လန်ထင် သက်ပြင်းချသည်။

“ဒါပေမယ့် ကျွန်မ ယန်ကျန်းမှာရောက်နေတာ တစ်လကျော်ပြီး ယန်ကျန်းဂိုဏ်းခွဲ့ရဲ့ တည်နေရာကို ရှာမတွေ့သေးဘူး။ လူသစ်စုဆောင်းတား ပြီးသွားပြီလားဆိုတာလည်းမသိဘူး။ နောက်မကျသေးဖို့ဘြ ဆုတောင်းပါတယ်”

လန်ထင်က လုယန်တို့သုံးယောက်ကို မျှော်လင့်အားကိုးသည့်မျက်လုံးများဖြင့် ကြည့်နေသည်။ အထူးသဖြင့် လုယန်ကို သူပိုအားကိုးသည်။ အကူအညီပေးနိုင်လိမ့်မည်ဟု သူယူဆသည်။

လူသုံးယောက် ဘာမှမပြောဘဲ သခင်ချူးပေးထားသည့် တံဆိပ်များကို ဆွဲထုတ်ကြသည်။ “ဂိုဏ်းထိန်း”ဟူသည့်စာလုံးများက ပေါ်လွင်ထင်ရှားနေသည်။

“ငါတို့က ထာဝရဂိုဏ်းသားတွေ ဖြစ်နေပါပြီ”

လန်ထင် ထိတ်လန့်သွားသည်။

“ဪ...မလန့်ပါနဲ့။ ငါတို့ ထာဝရဂိုဏ်းထဲကို အောင်အောင်မြင်မြင် ခိုးဝင်နိုင်ခဲ့ပြီလို့ ပြောတာပါ”

လုယန် ထပ်ဖြည့်ပြောသည်။

လန်ထင် စိတ်အေးသွားသည်။ ထိုသုံးယောက်ကို သူမယှဉ်နိုင်ဟု တွေးမိသည်။ သို့သော် တစ်ခုခုမူမမှန်ကြောင်း နားလည်လာသည်။

“ရှင်တို့ ထာဝရဂိုဏ်းထဲကို ဘယ်လိုဝင်ခဲ့တာလဲ”

လုရန် ရှင်းပြရခက်သွားသည်။ သူတို့က ရိုးရိုးရှင်းရှင်းဖြင် စမ်းသပ်ပွဲများဝင်ပြိုင်ပြီး အောင်မြင်ခဲ့ခြင်းသာဖြစ်သည်။

မုန်ကျင်းကျိုးက ဝင့်ကြွားသည့်လေသံဖြင့် ပြောသည်။

“လူသစ်ရွေးပွဲမှာ ငါတို့က ထူးထူးခြားခြားစွမ်းဆောင်နိုင်ခဲ့တယ်လေ။ ငါတို့ဟာ ထာဝရဂိုဏ်းကိုဝင်ဖို့ အတော်သင့်တော်တဲ့လူတွေလို့ သူတို့မြင်ကြတယ်။ ဒါကြောင့် ငါတို့ကိုရွေးချယ်လိုက်တာ”

မုန်ကျင်းကျိုး ဘာကိုဂုဏ်ယူနေမှန်း အရိုင်းရိုင်း တွေးမရ။

လုယန်က လန်ထင်နားလည်နိုင်မည့်စကားဖြင့် ရှင်းပြသည်။ ကျားနတ်ဆိုးဂူထဲတွင် ချင်ယွမ်ဟောင်၏စာကို တွေ့ခဲ့ပုံ၊ ချင်ယွမ်ဟောင်ကို ခြေရာခံခဲ့ပုံ၊ လူသစ်ရွေးပွဲအကြောင်း သတင်းရခဲ့ပုံ၊ ယန်ကျန်းဂိုဏ်းခွဲ့နေရာကို ရှာတွေ့ခဲ့ပုံများ ပြန်ပြောပြသည်။

အစကတည်းက လုယန်တို့နှင့် အတူမလှုပ်ရားခဲ့သည်ကို လန်ထင်နောက်တရမိသည်။ တစ်လလောက် အချိန်ပုပ်သွားသည်။ ယန်ကျန်းဂိုဏ်းခွဲကိုဝင်ဖို့လမ်းစ မတွေ့ခဲ့။ ယခု လုယန်တို့က ဂိုဏ်းထိန်းရာထူးကိုပင် ရထားကြသည်။

“ချင်ယွမ်ဟောင်လို့ သာမန်ကျင့်ကြံသူတွေကို ဂိုဏ်းဝင်ခွင့်ပေးလို့ရနိုင်ပါတယ်။ ကျွန်မကို ဆွဲခေါ်ပေးနိုင်မလား”

လန်ထင်မေးသည်။

လုယန် ခေါင်းခါသည်။

“သာမန်နောက်လိုက်တွေက ထာဝရအရှင်ရဲ့ လျှို့ဝှက်ချက်တွေကို သိခွင့်မရှိဘူး။ အရိုးသားဆုံးပြောရရင် သူတို့စမ်းသပ်ချက်တွေကို မင်းဖြတ်ကျော်နိုင်မယ်လို့ ငါမထင်ဘူး။ မင်းသရုပ်မှန် ပေါ်သွားနိုင်ခြေများတယ်”

လန်ထင် စိတ်ပျက်လက်ပျက် မျက်လွှာချသွားသည်။ ထို့နောက် လုယန်က အကြံပြုသည်။

“ဒါပေမယ့် မင်းအတွက် ဟန်ပြနေရာတစ်ခု စီစဉ်ပေးနိုင်ပါတယ်။ မင်းကို ရပ်ဝေးကလာမှီခိုတဲ့ ဆွေမျိုးတစ်ယောက်လို့ ပြောလိုက်မယ်။ မင်းက ငါတို့ကိုဘေးကနေကူညီရင်း အသားကင်ဆိုင်မှာ အလုပ်လုပ်နေသလို ဟန်ဆောင်ပေါ့။ မင်းရဲ့မစ်ရှင်လည်း တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းရာရောက်တယ်”

“တကယ်လား”

လန်ထင် ထိုအကူအညီမျိုးရမည်ဟု ထင်မထားခဲ့။

အသားကင်ဆိုင်တွင် အလုပ်သမားသစ်ခန့်လိုက်သဖြင့် အရိုးရိုင်း အံ့အားသင့်နေသည်။

လုယန် ခေါင်းငြိမ့်သည်။

“တကယ်ပေါ့။ မင်းရဲ့အခြေတည်အဆင့်စွမ်းအားက ငါတို့ကို အများကြီး အကူအညီပေးနိုင်ပါတယ်။ ဒါပေမယ့် မင်းရုပ်ရည်က ထင်ပေါ်လွန်းတယ်။ ကိုယ့်ဘာသာ ရုပ်ဖျက်ဖို့တော့ လိုမယ်ထင်တယ်။ ရုပ်ပြောင်းရုပ်လွှဲပညာကို မင်းတတ်လား။ မတတ်ရင်လည်း ငါသင်ပေးလို့ရပါတယ်”

*************************************************

All Chapters