အသက်ဓာတ်စုပ်ယူသည့် မှော်အဆောင်
Vol. 6 Ch. 85
“တံခါးဖွင့်လိုက်”
ဝမ်ရှန်ယုနောက်ကျောကို ဓားဖြင့်ထောက်၍ ကျန်းရှိုဟဲ အမိန့်ပေးသည်။
ဘာမှမတတ်နိုင်ဘဲ ဝမ်ရှန်ယု တ့ခါးဖွင့်လိုက်ရသည်။ ချောမောခံ့ညားသည့် မျက်နှာတစ်ခု မြင်လိုက်ရသည်။
လုယန်ဖြစ်သည်။
လုယန်ကို မြန်မြန်ထွက်ပြေးရန် ဝမ်ရှန်ယု အတင်းမျက်ရိပ်ပြနေသည်။ သို့သော် လုယန်က ရိပ်မိပုံမရဘဲ ကျွမ်းကျင်သည့်အပြုံးတုမျိုး ပြုံးနေသည်။
“ဒီမှာ ခင်ဗျားမှာထားတဲ့ အကင်တွေပါ”
ကျန်းရှိုဟဲကလည်း ကျွမ်းကျင်သည့်အပြုတုဖြင့် နုံနုံအအပုံစံဖြစ်သည့် လုယန်ကို လှည့်စားသည်။
“လာပါကောင်လေး၊ ထိုင်ပါဦး။ မင်းကိုငါ အကင်ဖိုးရှင်းပေးပါ့မယ်”
လုယန် အထဲဝင်လာသည်။ မှောင်မဲနေသည့်အခန်းကိုကြည့်၍ မှတ်ချက်ပြုသည်။
“မီးတောင်တစ်ခုမှမထွန်းဘဲ အစောကြီးအိပ်နေတာလား”
လုယန် အရိုးခံပုံစံဖြင့် ဝင်လာသည်။ ဝမ်ရှန်ယု စိတ်ပူသွားသည်။ အရဲစွန့်ပြီး လုယန်ကို အပြင်သို့တွန်းထုတ်ဖို့ ကြိုးစားသည်။
သို့သော် မူမမှန်သည့် သူ့အမူအရာကို သတိထားမိသဖြင့် ကျန်းရှိုဟဲ အေးစက်စက်ရယ်လျက် နောက်ဆိုဆွဲလွှင့်လိုက်သည်။ အမှောင်ထဲတွင် လုယန်ကို ဓားဖြင့်ထိုးသည်။
ကျန်းရှိုဟဲက အမှောင်ထဲတွင်ရှိနေသူဖြစ်သည်။ လုယန်လို အလင်းရောင်ရှိသည့်လမ်းပေါ်မှ ဝင်လာသူသည် အမှောင်ထုနှင့် မျက်စိအသားကျဖို့ အချိန်နည်းနည်းယူရလိမ့်မည်။ ထိုအနေအထားသည် သူ့အတွက်အခွင့်အရေးဖြစ်သည်။
သို့သော် သွေးသံရဲရဲမြင်ကွင်းမျိုးပေါ်မလာဘဲ လုယန်က ကျန်းရှိုဟဲကို လေးငါးမီတာခန့်လွင့်သွားအောင် ကန်ထုတ်လိုက်သည်။
ကျင့်ကြံသူတစ်ယောက်နှင့် ထိုမျှလောက် အကျိုးအကြောင်းပြောနေဖို့မလို။
လုယန်ကန်ချက်က ပြင်းထန်လွန်းသည်။ ကျောက်ဆောင်တစ်ခုရိုက်ခတ်သလို ကျန်းရှိုဟဲ ခံစားရသည်။ မျက်လုံးထဲ ကြယ်ရောင်လရောင်ဖွေးလက်သွားသည်။ နံရိုးသုံးလေးချောင်းကျိုးသည်။ သွေးအများအပြား အန်ထွက်လာသည်။
အခြေအနေမကောင်းတော့။ သူအသက်ရှင်ဖို့ ဓားစားခံတစ်ယောက်လိုသည်။ ရင်ဘတ်မှဝေဒနာကိုထိန်း၍ ဝမ်ရှန်ယုလက်ကို လှမ်းဆွဲသည်။
“မင်းနောက်ထပ် တစ်ချက်လှုပ်တာနဲ့ ငါသူ့ကိုသတ်ပစ်မယ်”
ကျန်းရှိုဟဲ ခပ်တင်းတင်းချိန်းခြောက်လိုက်သည်။
သို့သော် သူလှမ်းဆွဲထားသည့်လူက အေးစက်စက်ရယ်နေသည်။
“မင်းကဘယ်သူ့ကို သတ်ချင်တာလဲ”
ကျန်းရှိုဟဲ ထိတ်လန့်တကြား ငုံ့ကြည့်သည်။ သူဆွဲထားသူက ဝမ်ရှန်ယုမဟုတ်။ လုယန်ဖြစ်နေသည်။
လုယန် လက်တစ်ဘက်ဖြင့် ကျန်းရှိုဟဲလည်ပင်းကိုချုပ်၍ ကျန်တစ်ဘက်ဖြင့် ဓားမြှောင်ကို အလွယ်တကူ လုယူလိုက်သည်။
“ဆိုးလိုက်တဲ့ကံကွာ၊ အသားကင်တစ်ခေါက်လာပို့ရတာ အတော်ဒုက္ခများတာပဲ”
လုယန် သက်ပြင်းချသည်။ ဖယောင်တိုင်ထွန်းသည်။ အခန်းထဲ အလင်းမှိန်မှိန်ပေါ်လာသည်။
ရုတ်တရက် ပြောင်းလဲသွားသည့်အခြေအနေကြောင့် ဝမ်ရှန်ယု မယုံနိုင်အောင်ဖြစ်နေသည်။ အသားကင်လာပို့သည့်ကောင်လေးက ကမ္ဘာမြေသို့ဆင်းလာသည့် နတ်ဘုရားလို ကြမ်းတမ်းသည့်ရာဇဝတ်သားကို ချက်ချင်းအနိုင်ယူလိုက်သည်။
“ခင်ဗျားအဆင်ပြေရဲ့လား”
လုယန် ကြမ်းပြင်ပေါ်တွင် မင်သက်မိလျက်ထိုင်နေသည့် ဝမ်ရှန်ယုကို ဆွဲထူသည်။
“ပြေ...ပြေပါတယ်”
“ဒါဆို ကောင်းတာပေါ့။ အသားကင်ဖိုး ပေးပါ”
လုယန် ယဉ်ယဉ်ကျေးကျေး တောင်းဆိုသည်။
“အာ...အဲ...ဟုတ်ကဲ့ပါ”
လုယန်အသားကင်လာပို့ရင်း သူ့ကိုကယ်တင်လိုက်ခြင်းဖြစ်ကြောင်း ဝမ်ရှန်ယု ပြန်သတိရလာသည်။
ငွေပေးပြီးနောက် ကြောက်လန့်စိတ်ပြေလျော့စေရန် သူတစ်ခုခုပြောဖို့ ကြိုးစားသည်။
“ရှင်...ရှင်က ကျင့်ကြံသူလား”
“ဟုတ်ပါတယ်”
“ကျင့်ကြံသူတွေလည်း ဆိုင်ရောင်းတယ်ပေါ့”
“ဘဝရပ်တည်ဖို့အတွက်လေ”
ကြမ်းပြင်ပေါ်လဲကျလျက် နာကျင်စွာညည်းညူနေသည့် ကျန်းရှိုဟဲစိတ်ထဲ နောင်တအကြီးအကျယ်ရနေသည်။ သူကံဆိုးလွန်း၍ ကျင့်ကြံသူတစ်ယောက်နှင့် လာတိုးရသည်။ ယခုခေတ် ကျင့်ကြံသူများသည် ဘဝရပ်တည်ဖို့ အကင်ရောင်းရလောက်သည်အထိ အဆင့်လျောကျနေပုံရသည်။
အသက်ဘေးလွတ်လာသည့် ဝမ်ရှန်ယုကိုကြည့်၍ လုယန် ခပ်ညှင်းညှင်းရယ်ရင်း ခေါင်းခါနေသည်။
“ဒီကိစ္စကို သွားတိုင်ဖို့ ခင်ဗျားနဲ့အတူ အဖော်လိုက်ခဲ့ပေးပါ့မယ်”
“ကျေးဇူးတင်ပါတယ်”
ထို့နောက် အပေါ်ထပ်တွင်ရှိနေသည့်သူခိုးကို ဝမ်ရှန်ယု သတိရလာသည်။
“ဪ..ဟုတ်ပြီ။ အပေါ်ထပ်မှာ နောက်တစ်ယောက်ရှိသေးတယ်။ သူ့ရဲ့ ကြံရဦပါဖြစ်နိုင်တယ်။
သူနိုးလာချိန်တွင် ကျန်းရှိုဟဲနှင့်လုကျစ်ကို အတူတွဲမြင်ခဲ့သည်။ အစကအတူပူးပေါင်းပြီး သူ့အလှကိုမြင်မှ အချင်းများကြသည်ဟု သူယူဆသည်။
လုယန်အပေါ်ထပ်သို့တက်သွားသည်။ ကြိုးတုပ်ခံထားရသည့်လုကျစ်ကို တွေ့သည်။ ကျန်းရှိုဟဲ၏ကြံရာပါဟု တွေးလိုက်သည်။
“လက်စသပ်တော့ အဖွဲ့လိုက်ပြစ်မှုကျူးလွန်တာပဲ”
“ကျုပ်ကိုသူနဲ့အတူတူလို့ မထင်ပါနဲ့။ ကျုပ်က သူခိုးပါ။ သူက လူပြန်ပေးသမားပါ။ ကျုပ်တို့ပြစ်မှုနဲ့ ခံရမယ့်ပြစ်ဒဏ်ချင်း မတူဘူး”
လုကျစ် အကြောက်အကန်ငြင်းသည်။
လုယန် ရယ်လိုက်သည်။
“ခင်ဗျားက ဥပဒကို အတော်ကျမ်းကြေတဲ့ပုံပဲ”
“ကျုပ်တို့က မလှုပ်ရှားခင် ဥပဒေကို အရင်ကြည့်ပြီး ထောင်ကျနိုင်မယ့်နှစ်အကန့်အသတ်ကို အမြဲတမ်းထည့်တွက်တယ်”
လုကျစ်က ရှင်းပြသည်။ အတွေ့အကြုံရင့်နေမှန်း သိသာသည်။
“ဒါဆိုလည်း တရားသူကြီးရုံးကိုသွားပြီး ခင်ဗျား ဘယ်နှစ်နှစ်ပြစ်ဒဏ်ကျမလဲ ကြည့်ရအောင်”
တရားရုံးသွားမည်ကြားသည်နှင့် လုကျစ်က ချက်ချင်းအသနားခံသည်။
“နေပါဦး နေပါဦး အကို။ ကျုပ်တို့ဆွေးနွေးကြတာပေါ့။ ကျုပ်တို့အားလုံး တစ်ကမ္ဘာတည်းမှာ လှုပ်ရှားရုန်းကန်နေရတဲ့ လူတွေပါ။ ဒီလောက်ရက်စက်ဖို့ မလိုအပ်ပါဘူး။ ဒီလိုလုပ်ပါ၊ ကျုပ်ကိုလွှတ်ပေးရင် ခင်ဗျားကို တန်ဖိုးကြီးပစ္စည်းတစ်ခုပေးမယ်လေ။ ဘယ်လိုလဲ”
လုကျစ်သည် သာမန်သေမျိုးတစ်ယောက်သာဖြစ်ကြောင်း လုယန်ရိပ်မိသည်။
“ဘာအဖိုးတန်ပစ္စည်းလဲ”
“လူတွေကိုအိပ်ပျော်အောင်လုပ်နိုင်တဲ့ အဝါရောင်စက္ကူတစ်ခုပါ။ အဲဒီ့စက္ကူနဲ့ဆို ဘယ်သူ့ကိုမဆို အိပ်မောကျအောင်လုပ်နိုင်တယ်။ သူတို့ကို ခင်ဗျားဘာလုပ်လုပ် လုပ်လို့ရတယ်”
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထူးဆန်းသည့်ကိစ္စများနှင့် ဆက်စပ်တွေးမိသဖြင့် လုယန် မျက်မှောင်ကျုံ့သွားသည်။ ထိုကိစ္စက အတော်ရှုပ်ထွေးမှန်းသိသဖြင့် ခပ်တင်းတင်းပြန်မေးလိုက်သည်။
“အဲဒီ့ပစ္စည်းဘယ်မှာလဲ”
လွယ်လွယ်ပြောပြရလောက်အောင် လုကျစ် ဉာဏ်မနည်းပါ။
“ကျုပ်ကို လွှတ်ပေးမယ်လို့ အရင်ဆုံးကတိပေးပါ”
လုယန်က လေးလေးနက်နက်ကျိန်ဆိုလိုက်သည်။
“ကျုပ် ချီရှုလုံ ကောင်းကင်ကိုတိုင်တည်ပြီး ကျိန်ဆိုတယ်။ ခင်ဗျားကို လွှတ်မပေးရင် မိုးကြိုးငါးချက်အပစ်ခံရပါစေ”
လုကျစ် ပျော်ရွှင်သွားသည်။
“အဝါရောင်စက္ကူက အိမ်အပြင်ဘက် ပထမတံခါးထောင့်မှာပါ”
ဤလုကျစ်သည် ထင်သလောက် ဉာဏ်မကောင်းမှန်း သိသာနေသည်။
လုယန် ဒုတိယထပ်မှ ခုန်ချသွားသည်။ အိမ်ကိုလှည့်ပတ်ကြည့်ပြီးနောက် အဝါရောင်စက္ကူကိုတွေ့သည်။
စက္ကူပေါ်တွင် သူနားမလည်သည့်အမှတ်အသားများ ရေးဆွဲထားသည်။ မှော်အဆောင်တစ်မျိုး ဖြစ်ပုံရသည်။
စက္ကူကိုသိမ်းပြီး အပေါ်ထပ်သို့ ပြန်တက်လာသည်။
“ဒါကိုခင်ဗျား ဘယ်ကရတာလဲ”
“ကျောက်တံတားကြီးအောက်ကပါ။ လှေတစ်စီနဲ့ထွက်ပြေးရင်း အပေါ်ကိုမော့ကြည့်မိလို့ အဲဒီ့အဝါရောင်စက္ကူကို တွေ့ခဲ့တာပါ”
လုယန်ခေါင်းငြိမ့်၍ အောက်ထပ်သို့ဆင်းသည်။ တရားခံ နှစ်ယောက်လုံးကိုခေါ်၍ တရားရုံးသို့သွားသည်။ ဝမ်ရှန်ယုလည်း နောက်မှကပ်လိုက်လာသည်။
“ဟေ့လူ ဟေ့လူ။ ခင်ဗျားက ကတိမတည်ဘူးပေါ့”
လုကျစ် အော်ဟစ်လိုက်သည်။
လုယန်က အေးစက်စက်လှောင်ပြုံးပြုံးလျက်
“မိုးကြိုးပစ်ခံရမယ့်လူက ချီရှုလုံလေ။ လုယန်ဆိုတဲ့ကျုပ်နဲ့ ဘာဆိုင်လို့လဲ”
တိုက်တိုက်ဆိုင်ဆိုင် ထိုညက အရာရှိဝေ ဂျူတီကျသည်။ ရာဇဝတ်သားနှစ်ယောက်ဆွဲခေါ်လာသည့် လုယန်ကိုမြင်သည်နှင့် နောက်တစ်ကြိမ်ကံထူးပြန်ပြီဟု သူတွေးနေသည်။
တရာခံများ၏ ဇာတ်လမ်းကိုကြားပြီးနောက် အရာရှိဝေမျက်နှာ လေးနက်တည်ကြည်လာသည်။ လူသတ်မှုကျူးလွန်ထထားသည့် ကျန်းရှိုဟဲသည် အန္တရာယ်များသည့် ရာဇဝတ်သားတစ်ယောက်ဖြစ်သည်။ လုယန် ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့သည်။
“ဒါက လုကျစ်ပြောတဲ့ အဝါရောင်စက္ကူပါ”
လုယန်က အရာရှိဝေကို စက္ကူလှမ်းပေးသည်။ ထူးခြားသည့်ပစ္စည်းဖြစ်ကြောင်း အရာရှိဝေလည်း နားလည်သည်။
နေ့ခင်းပိုင်းတာဝန်ကျသူများ အိပ်ရေးမဝသလို ခံစားရကြောင်း သူကြားခဲ့သည်။ သို့သော် သိပ်အာရုံမစိုက်မိခဲ့။ ယခုကြည့်ရသည်မှာ တစ်ယောက်ယောက်က တမင်တကာ ဒုက္ခပေးနေပုံရသည်။
ဤနယ်မြေတွင် ထိုစက္ကူမျိုး မရေမတွက်နိုင်အောင် ပုန်းကွယ်နေနိုင်သည်။
သို့သော် စာရွက်ပေါ်မှ သင်္ကေတများကို အရာရှိဝေနားမလည်။ မနက်ပိုင်း အရာရှိခေါင်းဆောင် တာဝန်ကျချိန်ကိုစောင့်၍ အကြံဉာဏ်တောင်းကြည့်ဖို့ သူဆုံးဖြတ်လိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်။ မနက်ဖြန်ကျရင် နောက်ထပ်ဂုဏ်ပြုစာတန်းတစ်ခု ခင်ဗျားဆီ ပို့ပေးပါ့မယ်”
တရားခံများ သက်သေထွက်ချက်ယူပြီးနောက် အရာရှိဝေက လုယန်နှင့်ဝမ်ရှန်ယုကို နှုတ်ဆက်ပို့ဆောင်သည်။
ရုံးတော်မှ ထွက်လာပြီးနောက် လုယန် အကျဉ်းထောင်သို့သွား၍ ချီရှုလုံနှင့် စကားပြောသည်။
“ကျန်းရှိုဟဲဆိုတဲ့ ငါ့ညီအကိုတစ်ယောက် ခဏနေရင် ရောက်လာလိမ့်မယ်။ သူ့ကို ဂရုစိုက်ပေးပါဦး”
ချီရှုလုံ လှောင်ပြုံးပြုံးလိုက်သည်။ ကျောက်စရစ်ထွေးထုတ်သည့် သူ့စွမ်းရည်ကို ပြသရန် အသင့်ပြင်ထားသည်။
လုယန် ဝမ်ရှန်ယု တို့ဟူးဆိုင်သို့ ပြန်ပို့သည်။ တို့ဟူးကျွေးမည်ဟုပြောသည်ကို သူငြင်းလိုက်သည်။
သူပြန်ရောက်ချိန်တွင် အသားကင်ဆိုင်က ပိတ်နေပြီဖြစ်သည်။ သရဲကျွန်နှစ်ယောက် ပန်းကန်ခွက်ယောက်များ ဆေးကြောနေသည်။
စက္ကူဝါပေါ်မှ အမှတ်အသားများကို လန်ထင်အား ထုတ်ပြသည်။
“ဒီမှော်အဆောင်ကို စစ်ဆေးကြည့်ပါဦး။ ဒါနဲ့ လူတွေအိပ်မောကျအောင် လုပ်လို့ရလား”
သေချာစစ်ဆေးကြည့်ပြီးနောက် လန်ထင် အံ့အားသင့်သွားသည်။
“ရှင်ဒါကို ဘယ်ကရှာတွေ့တာလဲ။ အဲဒါ အသက်စုပ်ယူမှော်အဆောင်ပါ။ လူတွေရဲ့ အသက်ဓာတ်ကို စုပ်ယူတယ်။ စုပ်ယူခံရတဲ့လူတွေက အားအင်ကုန်ခမ်းတာမျိုး အရမ်းအိပ်ချင်တာမျိုး ဖြစ်လာတယ်။ ဒီမှော်အဆောင်က သေမျိုးတွေအပေါ်မှာပဲ သက်ရောက်မှုရှိတာပါ။ ကျင့်ကြံသူတွေကို မထိခိုက်နိုင်ဘူး”
******************************************