အရာရှိထဲက သူလျှို
Vol. 6 Ch. 86
“အခု လူအတော်များများ အိပ်ရေးမဝတဲ့လက္ခဏာတွေ ပြနေတယ်။ အသက်စုပ်ယူမှော်အဆောင်က သာမန်လူတွေရဲ့သက်တမ်းကို စပြီးစုပ်ယူနေပြီများ ဖြစ်မလား”
လန်ထင် ခေါင်းခါသည်။
“အဲလိုလည်း မဟုတ်သေးဘူး။ သက်တမ်းဆိုတာ ရှင်သန်မှုရဲ့ အခြေခံပဲ။ အလွယ်တကူ ယူလို့မရဘူး။ ရှင်ပြောပုံအရဆို ပြီးခဲ့တဲ့ရက်ပိုင်းကမှ လူတွေ အိပ်ရေးမဝတဲ့လက္ခဏာတွေ စပေါ်လာတာ။ ဒါက အစပဲရှိသေးတယ်။ တကယ်သက်တမ်းစုပ်ယူမှုစဖု့ အနည်းဆုံး လဝက်လောက် လိုဦးမယ်။ သက်တမ်းစုပ်ယူရတာက အရမ်းကြာတယ်။ စုံစမ်းသိနိုင်ဖို့လည်း ခက်တယ်။ ဒါပေမယ့် အသက်စုပ်ယူမှော်အဆောင်ကို အတင်းအကြပ် အသက်သွင်းတဲ့ နည်းလမ်းတစ်ခုတော့ရှိတယ်”
“ဘာနည်းလမ်းလဲ”
လန်ထင် အလေးအနက်လေသံဖြင့် ရှင်းပြသည်။
“အသက်စုပ်ယူမှော်အဆောင်တွေကို အသက်စုပ်ယူမှော်စက်ဝန်းတည်ဆောက်ဖို့ ဆုံချက်နေရာတွေအဖြစ်သုံးမယ်။ လူ့သွေးကို လှုံ့ဆော်ပစ္စည်းအဖြစ်သုံးမယ်ဆိုရင် လဝက်လောက် စောင့်စရာမလိုတော့ဘူး။ မှော်စက်ဝန်းကို ချက်ချင်းအသက်သွင်းလို့ရတယ်။ သေမျိုးတွေရဲ့သက်တမ်းနဲ့ ကိုယ့်ရဲ့ကျင့်စဉ်စွမ်းအားကို တိုးမြှင့်လို့ရတယ်”
အမှန်တော့ အသက်စုပ်ယူမှော်အဆောင်နှင့် မှော်စက်ဝန်းပညာသည် အတော်လူသိနည်းသည်။ ကျမ်းစာတစ်ချို့တွင်သာ ဖော်ပြထားသည်။ အသက်စုပ်ယူမှော်အဆောင်ကို အောက်လမ်းပညာဟုသတ်မျတ်၍ တားမြစ်ထားသည်။ ထိုပညာရပ်ဖော်ပြသည့်စာအုပ်များကို တားမြစ်ထားသည်။ မှော်စက်ဝန်းပညာတွင် တစ်ဘက်ကမ်းခတ်ကျွမ်းကျင်သူများပင် ထိုမှော်အဆောင်နာမည်ကိုသာ ကြားဖူးကြလိမ့်မယ်။ မှော်အမှတ်အသားများကို သိမည်မဟုတ်။
လန်ထင်က လသံလွင်မသေမျိုးနန်းတော်ဂိုဏ်းဝင်ဖြစ်၍ ထိုတားမြစ်ကျမ်းများကို ထိတွေ့ခွင့်ရခြင်းဖြစ်သည်။
မှော်စက်ဝန်းပညာများကို နက်နက်နဲနဲသိပ်မသိကြောင်း သူပြောခဲ့သည်။ သို့သော် သူ့အသိကပင် သာမန်နားလည်မှုဆိုသည်ထက် များစွာကျော်လွန်နေသည်။
လန်ထင်ထပ်ပြောသည်။
“အသက်စုပ်ယူမှော်အဆောင်ကို ရေးတဲ့လူက မှော်စက်ဝန်းကို ဘယ်လိုတည်ဆောက်ရမှန်းသိပုံမရဘူး။ အမှန်ဆိုရင် မှော်စက်ဝန်းအသက်မသွင်းခင် အိပ်ချင်တဲ့လက္ခဏာတွေတောင် ပေါ်မလာသင့်ဘူး။ ဒီထက်ပိုပြီး လျှို့ဝှက်နိုင်ရမှာ။ ဒါပေမယ့် အသက်စုပ်ယူမှော်စက်ဝန်းကို တည်ဆောက်နေတုန်းမို့ မပြည့်စုံသေးတာလည်း ဖြစ်နိုင်တယ်”
ဘေးမှနားထောင်နေသည့် မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ အခြေအနေအရေးကြီးကြောင်း နားလည်လာသည်။ ယန်ကျန်းကောင်တီမှလူအားလုံး အိပ်ရေးမဝသည့်လက္ခဏာပေါ်နေသည်ဆိုလျှင် အသက်စုပ်ယူမှော်အဆောင်များ ယန်ကျန်းကောင်တီတစ်ခုလုံးတွင် ဘယ်သူမှမသိအောင် ဖြန့်ကျက်ထားသည့်သဘောပင်ဖြစ်သည်
နောက်ကွယ်မှ လှုပ်ရှားနေသူသည် ကြီးမားသည့်အစီအစဉ်တစ်ခု ရှိနေလိမ့်မည်။
“အသက်စုပ်ယူမှော်စက်ဝန်း အသက်သွင်းလိုက်ရင် ကျင့်စဉ်စွမ်းအားကို ဘယ်အဆင့်ထိ တိုးမြှင့်နိုင်လဲ”
လန်ထင် ခေါင်းခါသည်။
“ပြောဖို့ခက်တယ်။ မှော်စက်ဝန်းက အသက်ဓာတ်ဘယ်လောက်စုပ်ယူသလဲဆိုတဲ့အပေါ် မူတည်တယ်။ လောလောဆယ် ကျွန်မတို့ မသိနိုင်သေးဘူး”
“ကျောက်တံတားဆီ သွားကြည့်ရအောင်။ အဲဒီမှာ မှော်အဆောင်တွေ ထပ်ရှိနိုင်သေးတယ်”
လုယန် သူ့အဖော်သုံးယောက်ကို ခေါ်သည်။
ယန်ကျန်းကောင်တီ အနောက်ဘက်တွင် နဂါးပုန်းမြစ်ဟုခေါ်သည့် မြစ်ကြီးတစ်စင်း စီးဆင်းနေသည်။ ယန်ကျန်းနယ်ကို ဖြတ်စီးလာသည့် မြစ်ပိုင်းက တည်ငြိမ်သည်။ ယန်ကျန်း၏ စိတ်ဝင်စားစရာနေရာတစ်ခုဖြစ်သည်။ ခရီးသည်များ မကြာခဏလာရောက်လည်ပတ်ကြသည်။ “ယန်ကျန်း”ဟူသည့်နာမည်ကလည်း ထိုမြစ်ကြောင့် ပေါ်လာခြင်းဖြစ်သည်။
လုကျစ်ပြောသည့် ကျောက်တံတားက ထိုနေရာတွင် ရှိနေသည်။
ညာဉ့်နက်ပိုင်းဖြစ်၍ နဂါးပုန်းမြစ်ပြင်တွင် လူတစ်ယောက်မှမရှိ။ ကျောက်တံတားဆီ သူတို့သွား၍ လှည့်ပတ်ရှာကြသည်။ သို့သော် နောက်ထပ်မှော်အဆောင် လုံးဝမတွေ့။
“ဟုတ်တာပေါ့လေ။ ငါတို့ရန်သူက တစ်နေရာတည်းမှာ မှော်အဆောင်နှစ်ခုထားရလောက်အောင် ဘယ်ဦးနှောက်နည်းပါ့မလဲ”
.........
နောက်တစ်နေ့မနက်တွင် အရာရှိဝေက အရာရှိခေါင်းဆောင် ဖန်ချင်းယွမ်နှင့် သွားတွေ့သည်။
“ဘာကိစ္စလဲ ရှောင်ဝေ”
“ဆရာ၊ အခုရက်ပိုင်း ယန်ကျန်းကလူတွေ စောစောအိပ်ချင်ပြီး မနက်ပိုင်းမထချင်သလို ဖြစ်နေကြတာ သတိထားမိလား”
ဖန်ချင်းယွမ် ခေါင်းငြိမ့်သည်။
“သိပါတယ်။ ယန်ကျန်းရဲ့ နေထိုင်မှုကုန်ကျစရိတ်တွေတက်ပြီး ဝင်ငွေတိုးမလာလို့ နေ့ခင်းပိုင်း ကြိုးစားရုန်းကန်နေရတဲ့လူတွေ စိတ်ဖိအားများလာတာဖြစ်မှာပါ”
အရာရှိဝေ စိတ်ပျက်လက်ပျက် နားထင်ကိုလက်ဖြင့်ပွတ်လျက် စကားလုံးကို သေချာရွေး၍ပြောသည်။
“ဆရာအခုတလော အနာဂတ်အလားအလာ ခိုင်မာအောင် လူမှုစီးပွားရေးစာအုပ်တွေဖတ်ပြီး ရာထူးတိုးဖို့ကြိုးစားနေတာ ကျုပ်သိပါတယ်။ ဒါပေမယ့် ဆရာအဲလိုလုပ်ဖို့ အရည်အချင်းမမီဘူးလို့ရော စဉ်းစားဖူးရဲ့လား”
“ပြောစရာရှိတာပြောပါ”
“အင်း...မနေ့ညက တာဝန်သိပြည်သူတစ်ယောက် အိမ်တစ်အိမ်ကို ခိုးဝင်ဖို့ကြိုးစားတဲ့ သူခိုးတစ်ယောက်ကို ဖမ်းမိတယ်။ အဲဒီ့သူခိုးက လူတွေကိုအိပ်မောကျစေတဲ့ အဝါရောင်စက္ကူတစ်ခု အမှတ်မထင် ရခဲ့တာတဲ့။ မီတာငါးဆယ်ပတ်လည်ကလူတွေ အိပ်ချင်လာအောင်လုပ်နိုင်တဲ့ အာနိသင်ရှိတယ်လို့ပြောတယ်”
သက်ရောက်မှုမရှိအောင် သေတ္တာငယ်တစ်လုံးဖြင့် ချိတ်ပိတ်ထားသည့် မှော်အဆောင်ကို အရာရှိဝေထုတ်ပြသည်။ ထိုအဆောင်သည့် သူ့အပေါ်အာနိသင်မရှိဘဲ သာမန်လူများအပေါ်သာ သက်ရောက်သည်။ ညဆိုင်းတာဝန်ကျသူအားလုံးကို အိပ်ပျော်ကုန်ကြသည်။
ထို့ကြောင့် မတတ်သာသဖြင့် သေတ္တာဖြင့် ချိတ်ပိတ်ထားခြင်းဖြစ်သည်။
“ဒီအဆောင်မျိုးကိုသိလား”
ဖန်ချင်းယွမ် ခဏစစ်ဆေးကြည့်ပြီးနောက် ခေါင်းခါသည်။
“နယ်စားလီက အတွေ့အကြုံဗဟုသုတများတယ်။ သူသိလောက်မယ်ထင်ပါတယ်”
နယ်စားလီက သူတို့သွားတွေ့သည့်အချိန်တွင် ရုံးတော်တာဝန်များ စိတ်နှစ်ကိုယ်နှစ် ကြိုးစားလုပ်နေသည်။
နယ်စားလီကို နှစ်ယောက်လုံး အတော်လေးစားကြသည်။ ရွှေသန္ဓေကျင့်ကြံသူတစ်ယောက်ဖြစသည်။ ယန်ကျင်းကို နှစ်နှစ်ဆယ်ကြာအောင် အုပ်ချုပ်ခဲ့သည်။ သူ့အုပ်ချုပ်မှုအောက်တွင် ယန်ကျန်းက ဘာမှမပြောင်းလဲခဲ့။ သို့သော် အထက်အရာရှိများ လာစစ်ဆေးတိုင်း နှစ်နှစ်ဆယ်အတွင်း အကြီးအကျယ်ပြောင်းလဲတိုးတက်ခဲ့သလိုလို ယန်ကျန်း၏ ကောင်းကွက်များကို အမြဲပြခဲ့သည်။
“နယ်စားလီ၊ ကျုပ်အစီရင်ခံစရာတစ်ခုရှိပါတယ်”
ဖန်ချင်းယွမ်က ပြောသည်။
နယ်စားလီ စုတ်တံကိုချ၍ ထိုင်ပြောရန် လက်ဟန်ပြသည်။
မနေ့ညကအဖြစ်အပျက်ကို အရာရှိဝေ ပြန်ပြောသည်။ မှော်အဆောင်ကို ထုတ်ပြသည်။
နယ်စားလီ မျက်မှောင်ကျုံ့သွားသည်။ တစ်စုံတစ်ခုကို သတိရလာဟန်ဖြင့် အာမေဋိတ်သံတစ်ချက်ထွက်လာပြီး အတွေးနက်သွားသည်။ အတော်ကြာပြီးနောက် သူစပြောသည်။
“ငါအမှတ်မမှားရင်တော့ ဒါဟာ အသက်စုပ်ယူမှော်အဆောင်မဟုတ်လား။ လွန်ခဲ့တဲ့နှစ်သုံးဆယ်က နတ်ဆိုးလမ်းစဉ်ကို တွန်းလှန်ဖို့ ဖိုယန်ကောင်တီမှာ တစ်ခြားနယ်ကမိတ်ဆွေတွေနဲ့ အတွေ့အကြုံဖလှယ်ခဲ့တယ်။ အဲဒီတုန်းက ဒီမှော်အဆောင်မျိုး တစ်ယောက်က မိတ်ဆက်ပေးတယ်။ လူသက်တမ်းကိုစုပ်ယူပြီး ကျင့်စဉ်စွမ်းအားအဖြစ်ပြောင်းတဲ့ အသက်စုပ်ယူမှော်အဆောင်တဲ့။ နတ်ဆိုးလမ်းစဉ်ပညာဆိုတာ သေချာတယ်”
နယ်စားလီမျက်နှာ လေးနက်တည်ကြည်လာသည်။
“နွေဦးကောက်သစ်စားပွဲတော် နီးလာပြီ။ တစ်ခြားပြည်နယ်နဲ့ကောင်တီကလူတွေ အများကြီးလာလည်ကြလိမ့်မယ်။ သာမန်လူတွေရော ကျင့်ကြံသူတွေရော ပါလာမယ်။ ဒီပွဲတော်က ငါတို့ယန်ကျန်းရဲ့ အထင်ရှားဆုံးပွဲတောပဲ။ ပြဿနာအဖြစ်ခံလို့မရဘူး။ ပွဲတော်မစခင် ဒီမှော်အဆောင်တွေနောက်ကွယ်က တရားခံတွေကို မင်းတို့အမိဖမ်းရမယ်။ ဒီကောင်တွေက တကယ်ရမ်းကားတယ်။ ရုံးတော်ကို မျက်လုံးထဲ မထည့်ကြဘူး။ ခေါင်းဆောင်ဖန်၊ ခင်ဗျားဒီကိစ္စကို အလေးအနက်ထားပြီး ကိုင်တွယ်ပါ။ အသက်စုပ်ယူမှော်အဆောင်တွေ ပြန့်နှံ့လာတာနဲ့ အတော်မသတ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာလိမ့်မယ်”
ထို့နောက် နယ်စားလီ လေသံပြောင်းသွားသည်။
“ပြီးတော့ နောက်ကွယ်က ကြိုးကိုင်သူကို မင်းဖမ်းနိုင်ရင် ဒါဟာကြီးမားတဲ့ အောင်မြင်မှုပဲ။ အထက်ကိုငါ အစီရင်ခံပေးမယ်။ ဖြစ်နိုင်ရင် မင်းရဲ့ကျင့်စဉ်အဆင့်တက်နိုင်အောင် ကြိုးစားပါ။ အဲလိုဆိုရင် မင်းရာထူးတိုးဖို့ ငါအာမခံတယ်”
“ဟုတ်ကဲ့”
“တစ်ခြားကိစ္စမရှိရင် ပြန်ကျတော့။ ခဏနေရင် ငါအစည်းအဝေးတက်ရမှာ”
.............
နောက်တစ်နေ့တွင် လုယန်တိုအဖွဲ့ ရထားသည့်သဲလွန်စများကို အခြေခံ၍ အသက်စုပ်ယူမှော်စက်ဝန်းများကို ဆက်ရှာဖွေရန် ပြင်ဆင်ကြသည်။ သို့သော် ဆိုင်မှမထွက်မီ သခင်ချူးက လုယန်ကို လူလွှတ်၍ ဆင့်ခေါ်သည်။
ဘာကြောင့် သူ့တစ်ယောက်တည်းခေါ်သည်ကို လုယန်နားမလည်။ တစ်ခုခုမူမမှန်ဟု ခံစားရသဖြင့် သူသတိမပြတ်ထားသည်။
သခင်ချူးက ကျောက်စိမ်းကုလားထိုင်တွင်ရင်း မျက်နှာကိုလက်ဖြင့်ထိန်း၍ မျက်နှာဖုံးကိုဝတ်သည်။ အက်ကွဲရှတသည့်လေသံဖြင့် လုယန်ကိုပြောသည်။
“မနေ့ညကမင်း သူခိုးတစ်ယောက်မိပြီး အိပ်ပျော်စေတဲ့ အဝါရောင်မှော်အဆောင်တစ်ခုတွေ့တယ်လို့ကြားတယ်”
လုယန် လေးလေးစားစား ပြန်ဖြေသည်။
“ဟုတ်ပါတယ်။ ဒီမှော်အဆောင်ဟာ ကျုပ်တို့နတ်ဆိုးလမ်းစဉ်ပညာတစ်ခုလို့ ကျုပ်ယူဆတယ်။ မှော်အဆောင်ရေးတဲ့လူကို ကျုပ်ရှာချင်တယ်။ သူ့ဆီကပညာကို သိမ်းယူပြီး အပြတ်ရှင်းလိုက်ချင်တယ်။ ပြီးတော့ ဒီလိုမှော်အဆောင်ပညာမျိုးကို ကျုပ်သင်ချင်ပါတယ်”
သခင်ချူး လက်ဝှေ့ယမ်းပြသည်။
“အရာရှိတွေနဲ့ အလျဉ်းသင့်အောင် ပေါင်းဖို့လိုပေမယ် ဒီတစ်ခါက မတူဘူးကွ။ ဒီကိစ္စကို အစိုးရပိုင်းက သေချာစုံစမ်းစစ်ဆေးကြလိမ့်မယ်။ ရွှေသန္ဓေအဆင့်ကျင့်ကြံသူတွေ ပါလာမယ်။ အမှန်တရားက မကြာခင်ပေါ်လာမှာပါ။ ဒီကိစ္စထဲ မင်းနောက်ထပ်ဝင်မပတ်သက်နဲ့တော့။ မင်းရဲ့သရုပ်မှန်ပေါ်ပြီး ကြားညပ်သွားလိမ့်မယ်။ ဒါက အိပ်ပျော်စေတဲ့ မှော်အဆောင်လေးတစ်ခုပါပဲ။ စွန့်စားရတာနဲ့ မထိုက်တန်ဘူး”
လုယန် အံ့အားသင့်သွားသည်။ မနေ့ညကအဖြစ်အပျက်ကို ယနေ့မနက်တွင် သခင်ချူးသိနေသည်။ ရွှေသန္ဓေအဆင့်ကျင့်ကြံသူ ပါဝင်ပတ်သက်လာမည်ကိုပင် ကြိုသိနေသည်။ လုယန်ပင် ထိုအကြောင်း သေချာမသိ။
သခင်ချူးက အစိုးရအဖွဲ့ထဲတွင် သူလျိုတစ်ယောက်ထည့်ထားခြင်းသာဖြစ်ရမည်။
************************************************