← Chapters

ကိုယ်ပျောက်မှော်အဆောင်

Vol. 6 Ch. 87

ကိုယ်ပျောက်မှော်အဆောင်

Vol. 6 Ch. 87

ယန်ကျန်းသို့ သူတို့စရောက်ချိန်တွင် နယ်ခံအာဏာပိုင်များကို အသိပေး၍ ချင်ယွမ်ကို ပူးပေါင်းရှာဖွေဖို့ အရိုးရိုင်း အကြံပြုခဲ့သည်။ သို့သော် လုယန်နှင့်မုန်ကျင်းကျိုးတို့ ငြင်းပယ်ခဲ့သည်။ နယ်ခံအရာရှိများကို မယုံသောကြောင့်ဖြစ်သည်။

ယခု သူတို့စိုးရိမ်သည့်ကိစ္စက တကယ်မှန်နေပုံရသည်။

သခင်ချူးက အစိုးရအဖွဲ့တွင် သူလျှိုတစ်ယောက်ထည့်ထားသည်။ အဆင့်နိမ့်ထဲက မဟုတ်။

သခင်ချူး ဖြေးဖြေးချင်းရှင်းပြသည်။

“လုယန်၊ ယန်ကျန်းဂိုဏ်းခွဲရဲ့ အဆင့်မြင့်ဂိုဏ်းဝင်တွေထဲမှာ ငါအမျှော်လင့်ထားဆုံးက မင်းပဲ။ နွေဦးကောက်သစ်စားပွဲတော် ပြီးတာနဲ့ ထာဝရဂိုဏ်းရဲ့ အဆင့်မြင်ပုဂ္ဂိုလ်တွေ ယန်ကျန်းဂိုဏ်းခွဲကို လာစစ်ဆေးလိမ့်မယ်။ ဒီစစ်ဆေးမှုဟာ အရင်ကနဲ့မတူဘူး။ မင်းရယ် မုန်ကျင်းကျိုးရယ် အရိုးရိုင်းရယ်ဟာ ငါတို့ထဲက နတ်ဆိုးမျိုးစေ့သုံးခုပဲ။ ဒါကြောင့် အထက်ကလူတွေ ငါ့ကိုအတော်သဘောကျသွားလိမ့်မယ်။ ငါရာထူးတိုးနိုင်ခြေ အတော်များတယ်။ ဒီယန်ကျန်းဂိုဏ်းသခင်နေရာက လွတ်သွားမယ်။

ထုံးစံအရဆိုရင် ဂိုဏ်းသခင်အသက်ကို ငါတို့ဂိုဏ်းခွဲရဲ့ အဆင့်မြင့်ဂိုဏ်းဝင်တွေထဲက ရွေးရမှာ။ မင်းက သူတို့ထက်ဝင်တာနောက်ကျပေမယ့် ဂိုဏ်းချုပ်ကြီးက မင်းကိုအတော်သဘောကျတော့ အထက်ကလူတွေမင်းကို ဂိုဏ်းသခင်သစ်အဖြစ် ခန့်ချင်ခန့်ကြလိမ့်မယ်။

မင်းရဲ့ပြိုင်ဘက်တွေက အခု ထောင်ထဲမှာ နေရတုန်းပဲလေ။ နောက်သုံးရက်ကြာမှ လွတ်လာမှာ။ ဒီလိုရူးရူးမိုက်မိုက်လုပ်တဲ့ကောင်တွေကို အထက်လူကြီးတွေက သဘောကျမှာမဟုတ်ဘူး။

နွေဦးကောက်သစ်စားပွဲဟာ ဒီအနီးအနားက ကောင်တီတွေကြားမှာ ထင်ရားတဲ့ပွဲတော်ကြီးပါ။ ဒီပွဲတော်တွင်းမှာ မင်းပြဿနာနည်းနည်းရှာနိုင်ရင် အထက်ကလူတွေ မင်းကိုအထင်ကြီးလာလိမ့်မယ်”

သခင်ချူးက လုယန်ကို မသိမသာအရိပ်အမြွက်ပြ၍ အကြံပြုသည်။

................

သခင်ချူးစကားကို မုန်ကျင်းကျိုးတို့ထံ ပြန်ပြောပြလိုက်သည်။ ချင်ဟော်ရန်ကိုရှာဖို့ နယ်ခံအာဏာပိုင်များထံ အကူအညီမတောင်းခဲ့မိသည်ကို သူတို့ဝမ်းသာနေကြသည်။

မဟုတ်လျှင် အောင်မြင်သည့် ဤအသားကင်ဆိုင်မျိုး ပေါ်လာမည်မဟုတ်။

သူတို့အာရုံစိုက်မှု နည်းနည်းနေရာလွဲနေသလို လုယန်ခံစားရသည်။

“အဓိကမေးခွန်းက သခင်ချူးထည့်ထားတဲ့သူလျှို ဘယ်သူလဲဆိုတာပဲ”

လေးယောက်လုံး စဉ်းစားရကြပ်သွားသည်။ အစိုးရအရာရှိပိုင်းတွင် မှော်အဆောင်အကြောင်း ဘယ်သူသိခွင့်ရှိသည်ကို သူတို့မသိကြ။

“စိတ်မပူပါနဲ့။ မင်း ဂိုဏ်းသခင်ဖြစ်လာရင် အဲဒီ့သူလျှိုကို သိလာမှာပဲ။ သခင်ချူးက မင်းကိုအတော်သဘောကျတယ်ဆိုတော့ သူထွက်မသွားခင် မင်းကိုသေချာပေါက်ပြောသွားမှာပါ”

မုန်ကျင်းကျိုး တဟားဟားရယ်နေသည်။ လုယန် ရာထူးတိုးမြန်လွန်းသည့်အဖြစ်ကို သူအံ့ဩနေသည်။

လုယန် ရာထူးတိုးလျှင် ယန်ကျန်းတွင် သူနှင့်အရိုးရိုင်း စိတ်ကြိုက်ပြဿနာရှာ၍ရသည်။ သူတို့အတွက် ဖုံးကွယ်ပေးမည့်လူတစ်ယောက်ရှိသည်မှာ တကယ်အကျိုးများသည်။

သူတို့လေးယောက် အားတက်သရောတွေးနွေးနေစဉ် အရာရှိဝေ တံခါးခေါက်လာသည်။

“ဆိုင်ရှင်လု၊ ခင်ဗျားအတွက် နောက်ထပ်ဂုဏ်ပြုစာတန်းတစ်ခု ယူလာခဲ့ပြီ”

အရာရှိဝေကို လုယန် ဆိုင်ထဲသို့ ကြိုဆိုသည်။

“ဪ..အားလုံးရှိနေတာလား။ အတော်စည်ကားနေတာပဲ”

အရာရှိဝေ ရင်းရင်းနှီးနှီးပြောသည်။

“မနေ့ကအမှုအကြောင်း ကျုပ်တို့ဆွေးနွေးနေတာပါ”

လုယန်စကားကြောင့် အရာရှိဝေ အလေးအနက်မျက်နှာဖြင့် သတိပေးသည်။

“ဆိုင်ရှင်လု၊ မနေ့ကကိစ္စကို လျှို့ဝှက်ထားမှဖြစ်မယ်။ တစ်ခြားလူတွေနဲ့ မဆွေးနွေးပါနဲ့။ ခင်ဗျားတို့အားလုံး သာမန်လူတွေမဟုတ်မှန်း ကျုပ်သိတယ်။ ဒီမှာ ဘဝအတွေ့အကြုံလာယူရင်း တစ်ခါတစ်လေ ရဲရဲဝံ့ဝံ့လုပ်ဆောင်တတ်တဲ့ ကျင့်ကြံသူတွေမှန်း သိတယ်။ ဒါပေမယ့် ဒီတစ်ခါက မတူဘူး။ ဒီကိစ္စမှာ ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးကျင့်ကြံသူတစ်ယောက် ပါနေတယ်။ နည်းနည်းပေါ့ဆမိတာနဲ့ အသက်အန္တရာယ်ရှိနိုင်တယ်။ ဒီမှော်အဆောင်ပိုင်ရှင်ကို ခင်ဗျားတို့ မရှာရဘူး”

လုယန် ရယ်လိုက်မိသည်။ နတ်ဆိုးဂိုဏ်းက ဤကိစ္စတွင် ဝင်မပါဖို့ သူ့ကိုသတိပေးသည်။ ယခု အစိုးရပိုင်းကလည်း ထိုသို့ပြောလာပြန်သည်။

“မရယ်နဲ့။ ဒါဟာတကယ်အလေးအနက်ထားရမယ့်ကိစ္စပါ”

လုယန် ခပ်ပေါ့ပေါ့တွေးနေသည်ဟု ထင်သဖြင့် အရာရှိဝေ အလေးအနက်ထပ်ပြောသည်။

ထိုကိစ္စတွင် ဝင်မပါတော့ပါဘူး လုယန် ကတိပေးလိုက်သည်။ အရာရှိဝေ စိတ်အေးသွားပြီး ထွက်သွားရန်ပြင်သည်။

“မပြန်ခင် လက်ဖက်ရည်‌သောက်သွားပါဦး”

အရာရှိဝေ လက်ယမ်းပြသည်။

“မသောက်တာ့ဘူး။ ခေါင်းဆောင်တွေကကျုပ်ကို တွန်းအားပေးနေပြီ။ အဖွဲ့တစ်ခုကိုဦးဆောင်ပြီး တစ်ခြားမှော်အဆောင်တွေ ရှာရဦးမယ်”

အရာရှိဝေထွက်သွားပြီးနောက် အစိုးရတပ်ဖွဲ့များဖြင့် အမှောင်ထဲမှတရားခံကို ဖမ်းဆီးဖို့ မလုံလောက်မည်ကို လုယန်တို့ စိုးရိမ်လာသည်။

တစ်ခုခုလွဲချော်သွားလျှင် လူတို့၏သက်တမ်းများ မည်မျှခိုးယူခံရမည်မသိနိုင်ပေ။

လုယန် အလေးအနက် စဉ်းစားသည်။

“ငါတို့စွမ်းအင်ရောင်ကို ဖုံးကွယ်တဲ့နည်းလမ်းတော့ သင်ပြီးပြီ။ ဒါပေမယ့် အဲလောက်နဲ့ စိတ်မချရဘူး”

သရဲကျွန်များဆီမှ အသားကင်နည်းသင်ယူနေသည့် လန်ထင်ကိုလှမ်းကြည့်၍ သူစိတ်ကူးတစ်ခုရလာသည်။

“မိတ်ဆွေလန်ထင်၊ ကျုပ် အကူအညီတောင်းစရာတစ်ခုရှိတယ်”

လန်ထင် ရယ်လိုက်သည်။

“ကျွန်မတို့အားလုံး မသေမျိုးဂိုဏ်းတပည့်တွေပါ။ နတ်ဆိုးတွေသုတ်သင်ရှင်းလင်းဖို့ အတူလက်တွဲပြီးအလုပ်လုပ်နေကြတာလေ။ ကျွန်မကအခု ရှင့်ဦးဆောင်မှုအောက်မှာပါ။ ဒီတော့ လောကဝတ်တွေဘာတွေ မလိုပါဘူး။ ကျွန်မကို လန်ထင်လို့ပဲခေါ်ပါ”

လုယန် လက်ခံလိုက်သည်။

“လန်ထင်၊ ကိုယ်ပျောက်မှော်အဆောင်ပညာ ငါတို့ကို သင်ပေးနိုင်မလား”

လုယန်ရည်ရွယ်ချက်ကို လန်ထင်နားလည်သည်။

“ကိုယ်ပျောက်မှော်အဆောင်သုံးပြီး အရာရှိဝေကို လျှို့ဝှက်ကူညီချင်တာလား”

လုယန်ခေါင်းငြိမ့်သည်။

“ရပါတယ်၊ ပြဿနာမရှိပါဘူး။ ကိုယ်ပျောက်မှော်အဆောင်က ကျွမ်းကျင်ဖို့လည်း သိပ်မခက်ဘူး။ ပါရမီညံ့လွန်းတာမျိုးမဟုတ်ရင် နေ့တစ်ပိုင်းလောက်နဲ့ တတ်ပါတယ်”

ပညာအသစ်တစ်ခု လုယန်ဆီမှမဟုတ်ဘဲ သင်ယူနိုင်မည်ဟု ကြားရသဖြင့် မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ အတော်စိတ်လှုပ်ရှားလာကြသည်။

“ရှင်တို့ အရင်က မှောင်အဆောင်ပညာ သင်ဖူးလား”

သုံးယောက်လုံး ပြိုင်တူခေါင်းခါသည်။

လန်ထင် မအံ့ဩပါ။

“ဒါဆို အခြေခံကနေ ကျွန်မစသင်ပေးမယ်”

လန်ထင်လည်း စိတ်လှုပ်ရှားနေသည်။ တစ်ခြားလူများကို ပထမဆုံးအကြိမ် သင်ပေးဖူးခြင်းဖြစ်သည်။ လသံလွင်နန်းတော်တွင် သူ့အမများကသာ သူ့ကိုသင်ပေးသည်။ ယခုမှ သူဆရာပြန်လုပ်ခွင့် ရသည်။

“မှော်အဆောင်ရဲ့ သဘောက စက္ကူပေါ်မှာ အမှတ်အသားပုံစံနဲ့ မှော်စွမ်းအင်ကို တည်ဆောက်ရတာပါ။ ရှင်တို့သုံးယောက်လုံး တာအိုလမ်းစဉ်ဂိုဏ်းသားတွေဆိုတော့ ပါရမီက မဆိုးပါဘူး။ လွယ်လွယ်နဲ့တတ်မှာပါ။

မှော်အဆောင်မှာ အဓိကအရေးအကြီးဆုံးက မှော်သန္ဓေပဲ။ မှော်အဆောင်တစ်ခု အပြည့်အဝထိရောက်မှုရှိသလားဆိုတာ အဆောင်ထဲမှာ မြှုပ်ထားတဲ့ မှော်သန္ဓေရှိမရှိပေါ် မူတည်တယ်.....

အသုံးအများဆုံးက တိမ်တိုက်မှော်အဆောင်ပဲ။ ကောင်းကင်တိမ်တိုက်အပြောင်းအလဲတွေကို အတုယူပြီး တီထွင်ထားတာ။ သဘာဝကနေ ဆွဲယူထားတဲ့နည်းလမ်းပဲ...

အထူးသဖြင့် ကိုယ်ပျောက်မှော်အဆောင်ပေါ့။ ခုနစ်စင်ကြယ်ရဲ့အမြီးကို မှော်သန္ဓေအဖြစ်ထားတယ်။ သိမ်မွေ့တဲ့တိမ်တိုက်မှော်အဆောင်ကို မှော်လက္ခဏာအမှတ်အသားအဖြစ် ဝန်းရံတယ်..”

လန်ထင် လက်‌ချောင်းထိပ်ကို ကြည်လင်သည့်ရေထဲသို့ နှစ်၍ မြန်ဆန်သည့်စုတ်ချက်တစ်ချို့ဖြင့် စားပွဲပေါ်တွင် ကိုယ်ပျောက်မှော်အဆောင်တစ်ခု ရေးဆွဲလိုက်သည်။ သူ့လက်ဝါးမှ စုပ်အားတစ်ခု ပေါ်လာသည်။ မှော်အဆောင်ကစားပွဲပေါ်မှ ကြွတက်လာပြီး သူ့လက်တွင်ကပ်သွားသည်။

ထို့နောက် သူ့ကိုယ်သူ လက်ဝါးဖြင့်ရိုက်လိုက်သည်။ နေရာမှပျောက်သွားသည်။ လုယန်တို့သုံးယောက် စိတ်ဝင်တစားကြည့်နေကြသည်။

ခဏကြာပြီးနောက် လန်ထင်ပြန်ပေါ်လာပြီး ပြုံးပြသည်။

“ဒါ အခြေခံအကျဆုံး ကိုယ်ပျောက်မှော်အဆောင်ပဲ။ ခန္ဓာကိုယ်ကိုပဲ မြင်ကွင်းကဖျောက်နိုင်တယ်။ ကျွန်မရှိနေတယ်ဆိုတာကို အသက်ရှူသံတို့ နှလုံးခုန်သံတို့လို အသေးစိတ်လက္ခဏာတွေကနေ အာရုံခံနိုင်တယ်”

သုံးယောက်လုံး ခေါင်းငြိမ့်ကြသည်။ ထိုအနေအထားဆိုလျှင်ပင် အတော်အထင်ကြီးစရာကောင်းနေပြီဖြစ်သည်။

“စမ်းကြည့်ပါ”

နေ့တစ်ဝက် သင်ယူပြီးနောက် မှော်အဆောင်ပညာရပ်၏ အခြေခံအချက်အလက်ျားကို နားလည်သွားသည်။ စုတ်တံနှင့်စက္ကူကိုသုံး၍ ကိုယ်ပျောက်မှော်အဆောင် စတင်ရေးဆွဲကြည့်ကြသည်။

လက်ရေးပန်းချီပုံမှန်လေ့ကျင့်ခဲ့သည့် မုန်ကျင်းကျိုး စုတ်တံကိုင်ရာတွင် လက်အနေအထားမှန်ပြီး တည်ငြိမ်သည်။

စုတ်တံထိပ်ကို ဝိညာဉ်စွမ်းအင်ပို့လွှတ်ပြီး မှော်အဆောင်တစ်ခု အမြန်ရေးဆွဲသည်။ လန်ထင်၏လှုပ်ရှားမှုကို ရှစ်ဆယ်ရာနှုန်း တုပနိုင်သည။

နောက်ထပ်သုံးလေးကြိမ် ကြိုးစားပြီးနောက် လန်ထင်၏မှော်အဆောင်နှင့် ထပ်တူနီးပါးတူလာသည်။

မုန်ကျင်းကျိုး သွားဖြဲရယ်၍ သူ့ကိုယ်သူ မှော်အဆောင်ကပ်လိုက်သည်။ တကယ်ကိုယ်ပျောက်သွားသည်။

အရိုးရိုင်းက ထိုနယ်ပယ်တွင် ပါရမီနည်းသည်။ ဝိညာဉ်စွမ်းအားအချိန်အဆကို အတိအကျ မထိန်းချုပ်နိုင်။ ဆယ်ကြိမ်ကျော်ကြိုးစားပြီးမှ အောင်မြင်သည်။ သို့သော် သူဆက်ကြိုးစားနေသည်။ ကျွမ်းကျင်မှုနှုန်း တဖြေးဖြေးတိုးတက်လာသည်။

လန်ထင် သူတို့ကို ကျိတ်၍လေးစားမိသည်။ တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ တကယ်ပီသကြသည်။ မှော်အဆောင်ပညာတွင် ပင်ကိုယ်ပါရမီရှိသည်။

လုယန်။

လန်ထင် လုယန်ဆီ လှမ်းကြည့်သည်။

လုယန်လည်း မှော်အဆောင်တစ်ခု အမြန်ရေးဆွဲနိုင်ခဲ့သည်။ ပထမဆုံးရေးဆွဲသည့်အချိန်မှာပင် အောင်မြင်သွားသည်။ အံ့မခန်းပါရမီပင်ဖြစ်သည်။

ထို့နောက် မှော်အဆောင်ကို သူ့ကိုယ်သူ ကပ်လိုက်သည်။ တစ်ကိုယ်လုံးပျောက်သွားသည်။

သို့သော် လူသာပျောက်သွားသည်။ အဝတ်အစားများကျန်နေခဲ့သည်။

သရဲခြောက်သလို ဖြစ်နေသည်။

“ဟာ...သောက်လခွမ်း”

အံ့ဩစရာမြင်ကွင်း ပေါ်လာသည်။ အဝတ်အစားများက စကားပြောနေသည်။

ယခု ကိုယ်ပျောက်နေပြီဖြစ်၍ အဝတ်အစားများ ချွတ်လိုက်လျှင် အဆင်ပြေလောက်သည်ဟု လုယန်တွေးမိသည်။

သို့သော် စိတ်ပျက်စရာတစ်ခု ကြုံရပြန်သည်။ ကိုယ်ပျောက်မှော်အဆောင်စက္ကူက ပျောက်မသွားဘဲ ကျန်နေသည်။

ဘယ်လိုကိုယ်ပျောက်ပညာမျိုးမှန်း မသိတော့။

မှော်အဆောင်ကို ဆွဲဆုတ်ပစ်ချင်စိတ် ပေါ်လာသည်။

သို့သော် ဆင်ခြင်ဉာဏ်ဖြင့် ထိန်းလိုက်သည်။ ထိုသို့မလုပ်ဖြစ်တော့။

*********************************************

All Chapters