← Chapters

လန်ထင်၏တိုးတက်မှု

Vol. 6 Ch. 88

လန်ထင်၏တိုးတက်မှု

Vol. 6 Ch. 88

လန်ထင် ကိုယ့်သင်ကြားမှုစွမ်းရည်အပေါ် သံသယဝင်လာသည်။ လုယန်သည် တာအိုလမ်းစဉ်ဂိုဏ်းသို့ ထိပ်ဆုံးဂိုဏ်းသားအဖြစ်ဝင်ခဲ့ပြီး မှော်ပညာပါရမီက ပထမတန်းစားဖြစ်ကြောင်း သူကြားဖူးသည်။ ထိုအချက်ကို အရိပ်တုလက်သီးပညာဖြင့် သက်သေပြခဲ့သည်။ အခြေခံသိုင်းပညာကို အသွင်ပြောင်းပညာအဖြစ် လေ့ကျင့်နိုင်ခဲ့သည်။ အံ့ဩစရာ မှော်ပညာပါရမီဖြစ်သည်။

ဘာကြောင့် သူသင်မှ ထိုသို့ဖြစ်လာသည်မသိ။

သင်နည်းမှားခြင်းလားမသိတော့။

ထိုသို့လည်း မဖြစ်နိုင်။ သူ့ဂိုဏ်းတူအမများက သူ့ကို ထိုနည်းအတိုင်းသာသင်ခဲ့သည်။ မုန်ကျင်းကျိုးနှင့် အရိုးရိုင်းကိုလည်း ထိုနည်းအတိုင်းသင်ခဲ့သည်။ ဘာမှပြဿနာမရှိ။

လုယန်၏ မှော်ပါရမီကို လျှော့တွက်မိခြင်းဖြစ်နိုင်သည်။ သာမန်ပါရမီရှင်များထက် ထူးချွန်သည့် ပါရမီရှင်တစ်ယောက်သည် ထူးခြားသည့်လမ်းညွှန်မှုမျိုး လိုပေလိမ့်မည်။

ကိုယ့်ကိုယ်ကို သံသယဝင်မိသလို အပြစ်မကင်းသလိုလည်း ခံစားရသည်။

လုယန်က လန်ထင်၏ စိတ်အတွေးကို မရိပ်မိဘဲ သူ့မှော်အဆောင်ကိုသာ စိတ်ဝင်တစားလေ့လာနေသည်။

“တစ်ခြားမှော်အဆောင်တွေကို မမြင်အောင်လုပ်နဲ့တဲ့ မှော်အဆောင်မျိုးရှိမယ်ထင်လား။ အဲလိုဆိုရင် ငါ့မှော်အဆောင်ကို ပျောက်အောင်လုပ်လို့ရနိုင်တယ်”

မုန်ကျင်းကျိုး အတော်ကြာအောင်စဉ်းစားပြီးနောက် ပြန်ပြောသည်။

“မင်းပြောတဲ့မှော်အဆောင်မျိုးကို ဘယ်လိုလူကဘာကြောင့်ဖန်တီးမှာလဲဆိုတာ အတော်စဉ်းစားရခက်တာပဲ”

လုယန်စိတ်ဓာတ်ကျသွားသဖြင့် အဝတ်အစားပြန်ဝတ်ပြီး ကိုယ်ပျောက်မှော်အဆောင်ကို ဆက်လေ့ကျင့်သည်။ သို့သော် ရလာဒ်ကပြောင်းလဲမသွား။ သူ့ခန္ဓာကိုယ် ပျောက်သည်။ အဝတ်အစားများက မပျောက်။

တစ်ဘက်တွင် အရိုးရိုင်း၏ မှော်အဆောင်စုတ်ချက်များက ပို၍ပို၍ အရည်အသွေးမီလာသည်။ လန်ထင် ကျေနပ်ပီတိဖြစ်ရသည်။

မုန်ကျင်းကျိုးက လုယန်ကိုကြည့်၍ လှောင်ပြောင်သည်။

“ဟားဟား၊လက်လျှော့လိုက်ပါတော့ကွာ။ ကိုယ်ပျောက်မှော်အဆောင်အစစ်ကို မင်းဘယ်တော့မှဆွဲတတ်မှာမဟုတ်ဘူး”

လုယန်ဒေါသထွက်သွားသဖြင့် မှော်အဆောင်တစ်ခုယူပြီး မုန်ကျင်းကျိုးနဖူးတွင် ကပ်လိုက်သည်။

“မကောင်းဆိုးဝါးကောင်၊ ဒီမှော်အဆောင်ကို ယူလိုက်စမ်း”

မုန်ကျင်းကျိုး ကိုယ်ပျောက်သွားသည်။ အဝတ်အစားများ ကျန်နေသည်။

သူလည်း အညံ့မခံဘဲ ကိုယ်ပျောက်မှော်အဆောင်တစ်ခုဆွဲထုတ်၍ လုယန်ဆီ ပစ်လွှတ်သည်။

“မင်းတစ်ယောက်ပဲ မှော်အဆောင်ဆွဲတတ်တယ်မထင်နဲ့ကွ”

ကိုယ်ပျောက်မှော်အဆာင် လုယန်နဖူးတွင် ကပ်သွားသည်။ သူ့ခန္ဓာကိုယ်ရော အဝတ်အစားများပါ အားလုံးပျောက်သွားသည်။

သူတို့နှစ်ယောက် ကိုယ်ပျောက်‌မှော်အဆောင်ကိုယ်စီသုံး၍ ဒေါသစိတ်မပါဘဲ အပြန်အလှန်တိုက်ခိုက်ကြသည်။

အရိုးရိုင်းက သူတို့ကြားတွင်ညပ်နေသည်။ မှော်အဆောင်များကိုသာ အာရုံစိုက်၍ ရေးဆွဲနေသည်။ ထိုနှစ်ယောက် စနောက်နေသည်ကို အရေးမစိုက်။

“ပြီးသွားပြီ”

အရိုးရိုင်း အောင်မြင်စွာရေးဆွဲထားသည့် ကိုယ်ပျောက်မှော်အဆောင်တစ်ထပကို ကောက်ကိုင်သည်။ အဆက်မပြတ်လေ့ကျင့်ပြီးနောက် သူ့ကျွမ်းကျင်မှုက ပြည့်စုံသလောက်နီးပါးဖြစ်သွားသည်။

မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ ကျွမ်းကျင်တတ်မြောက်သွားသည်။

လုယန်က လန်ထင်ရေးဆွဲထားသည့် ကိုယ်ပျောက်မှော်အဆောင်တစ်ခုကိုယူ၍ “အောင်မြင်စွာကျွမ်းကျင်”သွားသည်။

“ဒါနဲ့ လန်ထင်၊ အသက်စုပ်ယူမှော်စက်ဝန်း ဘယ်လိုတည်ဆောက်ရလဲသိလား”

လုယန် မေးလိုက်သည်။ နောက်ကွယ်မှ ကြိုးကိုင်သူသည် အမှန်တကယ် အသက်စုပ်ယူမှော်အဆောင်များသုံး၍ အသက်စုပ်ယူမှော်စက်ဝန်းဖန်တီးနေသလား၊ မှော်စက်ဝန်းမပြည့်စုံသေးခြင်းလားဟု တွေးနေသည်။

ထိုအတိုင်းအမှန်ဖြစ်လျှင် မှော်အဆောင်တစ်ဒါဇင်လောက်ရှာနိုင်လျှင် ထိုအဆောင်များ၏တည်နေရာကို အခြေခံ၍ တစ်ခြားမှော်အဆောင်များကို အလွယ်တကူ ရှာတွေ့နိုင်လောက်သည်။

လန်ထင် ခေါင်းငြိမ့်သည်။ သူ့ဝိညာဉ်စွမ်းအင်ကိုသုံး၍ အလွန်တရာအနုစိပ်သည့် မှော်စက်ဝန်းတစ်ခု လေထဲတွင်ရေးဆွဲလိုက်သည်။ ဆုံမှတ်နေရာပေါင်းထောင်ချီရှိသည်။

“အသက်စုပ်ယူမှော်စက်ဝန်းက အရမ်းကြီးတယ်။ ဆုံမှတ်နေရာတွေ အများကြီးရှိတယ်။ နောက်ကွယ်ကလူမှာ လူနည်းနည်းပဲရှိမယ်ဆိုရင် လျှို့ဝှက်နေရာတွေအများကြီးမှာ မှော်အဆောင်တွေနေရာချဖို့ဆို မြန်မြန်ဆန်ဆန်လုပ်နိုင်မှာမဟုတ်ဘူး”

“သဘောပေါက်ပါပြီ။ ဒါဆို ဆိုင်ကို မင်းကြည့်ပေးထားပါ။ ငါတို့အပြင်ထွက်ပြီး တစ်ခုခုကူညီနိုင်မလား သွားကြည့်လိုက်ဦးမယ်”

လုယန်ကပြောသည်။

“အဲ...ကျွန်မက ဆိုင်ကိုကြည့်ထားရမှာလား”

လန်ထင် စိတ်ထဲစနိုးစနောင်ဖြစ်သွားသည်။ လသံလွင်နန်းတော်တွင် သူ့အမများညွှန်ကြားချက်အတိုင်း အမြဲလိုက်နာခဲ့ရသည်။ ဦးဆောင်ရသည်ဟူ၍ သိပ်မရှိ။ ယခု ဆိုင်ကြီးတစ်ခုလုံးကိုစီမံဖို့ တောင်းဆိုလာသည်။ နည်းနည်းစိတ်ပူမိသည်။

“အဆင်ပြေပါတယ်။ ဘာမှမဖြစ်ပါဘူး။ ကိစ္စတစ်ခုခုပေါ်လာရင် မင်းဆုံးဖြတ်ချက်နဲ့မင်းလုပ်ပါ”

ဘာပြဿနာမှရှိနိုင်သဖြင့် လုယန် စိတ်ချလက်ချ ထွက်သွားသည်။

လုယန်တို့ထွက်သွားပြီးနောက် ကြီးမားသည့်ဆိုင်တစ်ခုကို ဦးစီးရင်း လန်ထင် ဂဏာမငြိမ်ဖြစ်နေသည်။

“ဝိညာဉ်စုမှော်စက်ဝန်းတစ်ခု တည်ဆောက်ရင်ကောင်းမယ်”

လန်ထင် သူ့ဘာသာရေရွတ်၍ လုပ်စရာတစ်ခုတွေးမိသည်။

ဝိညာဉ်စုမှော်စက်ဝန်းသည် ကျင့်ကြံသူများလေ့ကျင့်ရန်အတွက် အခြေခံမှော်စက်ဝန်းတစ်ခုဖြစ်သည်။ အသားကင်ဆိုင်တွင် ဝိညာည်စုမှော်စက်ဝန်းမရှိ။ လုယန်တို့ ဘယ်လိုကျင့်ကြံကြသည်ကို သူစဉ်းစားမရ။

“အားလုံး ဒုတိယထပ်မှာနေကြတယ်။ ဒီတော့ အဲဒီမှာပဲ ဖန်တီးလိုက်မယ်”

အခြေခံမှော်စက်ဝန်းဖြစ်၍ လန်ထင်အခက်အခဲမရှိ တည်ဆောက်နိုင်သည်။ သူ့ကျောက်စိမ်းတံဆိပ်ထဲမှ ဝိညာဉ်ကျောက်တုံးများထုတ်၍ သူသင်ယူထားသည့်အတိုင်း သေချာအစီအစဉ်ချသည်။

“စိတ်ငြိမ်မှော်စက်ဝန်းတစ်ခုလည်း တည်ဆောက်ရမယ်။ ဒါမှ မြန်မြန်စိတ်တည်ငြိမ်ပြီး ကျင့်ကြံနိုင်မှာ”

“အသံတိတ်တိတ်ဆိတ်ဆိတ်ဖြစ်အောင် အသံကာမှော်စက်ဝန်းတစ်ခုလည်း လုပ်ရမယ်”

လန်ထင် စေ့စပ်သေချာစွာ အလုပ်လုပ်သည်။ ဝိညာဉ်စုမှော်စက်ဝန်း၏ သက်ရောက်မှုကို တစ်ခြားကျင့်ကြံသူများ သတိထားမိနိုင်သဖြင့် ဝိညာဉ်စွမ်းအင်လှိုင်းကို တားဆီးနိုင်သည့် မှော်စက်ဝန်းတစ်ခုလည်း တည်ဆောက်သည်။

“အခု ပြည့်စုံသွားပြီ”

လန်ထင် အသေးစိပ်ပြင်ဆင်ပြီးနောက် စိတ်ကျေနပ်သွားသည်။

“ဒီမှာရှင်၊ အထဲမှာလူရှိလား”

အောက်ထပ်မှ စကားသံတစ်ခုကြားလိုက်ရသဖြင့် လန်ထင် လန့်ဖျတ်သွားသည်။ မိန်းမသံဖြစ်သည်။

လန်ထင် အောက်ထပ်သို့ဆင်းသွားသည်။ တံခါးဝတွင်ရပ်နေသည့် အသားဖြူဖြူမိန်းမတစ်ယောက်ကို မြင်ရသည်။ ဝင်သင့်မဝင်သင့် စဉ်းစားနေဟန်ရှိသည်။

“ဟုတ်ကဲ့၊ ဘယ်သူလဲရှင့်”

“ကျွန်မက ချင်မန်လမ်းမှာ တို့ဟူးဆိုင်ဖွင့်ပါတယ်။ ကျွန်မနာမည် ဝန်ရှန်ယုပါ။ ဆိုင်ရှင်လု ရှိလား”

ဝမ်ရှန်ယုစကားသံက ကြည်လင်ချိုသာသည်။

“သူအပြင်ထွက်သွားပါတယ်။ တစ်ခုခုလိုအပ်တာရှိလို့လား”

အသက်စုပ်ယူမှော်အဆောင်အကြောင်း ဆွေးနွေးစဉ်က ထိုအမျိုးသမီးအကြောင်း လုယန်ပြောဖူးသည်ကို လန်ထင်မှတ်မိသည်။

“အာ...ဒီလိုပါ။ နွေဦးကောက်သစ်စားပွဲ နီးလာပြီဆိုတော့။ ရှင်တို့အသားကင်ဆိုင်နဲ့ ပူးတွဲဈေးရောင်းပွဲလေး လုပ်မလားလို့ ကျွန်မစဉ်းစားနေတာပါ”

“ဘယ်လိုဈေး‌ရောင်းပွဲလဲ”

“ကြွားတာတော့မဟုတ်ပါဘူး။ ကျွန်မရဲ့တို့ဟူးဆိုင်လည်း ပုံမှန်ရက်တွေမှာ ဖောက်သည်အတော်များပါတယ်။ နွေဦးကောက်သစ်စားပွဲမှာဆို ပိုလိုများတယ်။ ...ဒါကြောင့် ကျွန်မစဉ်းစားနေတာ။ ကျွန်မဆိုင်က တို့ဟူးဝယ်တဲ့ဖောက်သည်တွေကို ရှင်တို့အသားကင်ဆိုင်က ဆယ်ရာနှုန်းလျှော့ဈေးရမယ်။ အဲလိုပဲ အပြန်အလှန်ပေါ့။ ပြီးတော့ ကံစမ်းမဲလှည့်တာတွေ၊ မျက်နှာဖုံးတွေ အဲလိုဟာတွေလည်း ထည့်မယ်‌”

“မျက်နှာဖုံးဆိုတာ ဘာလဲ”

ဝမ်ရှန်ယုက မျက်နှာဖုံးတစ်ချို့ထုတ်သည်။ တို့ဟူးတုံးလို အဖြူရောင်လေးထောင့်ပုံဖြစ်သည်။

“ဒါတွေက တို့ဟူးဆိုင်ရဲ့ လာယ်ကောင်ပုံကို အတုယူပြီးလုပ်ထားတဲ့ မျက်နှာဖုံးတွေပါ။ အတော်လေး ရောင်းကောင်းတယ်”

လန်ထင်စဉ်းစားကြည့်သည်။ ဝမ်ရှန်ယုစိတ်ကူးက မဆိုးလှဟုထင်သည်။ အသားကင်ဆိုင်အတွက်လည်း အကျိုးရှိသည်။ ဆိုင်ကိစ္စများကို သူ့သဘောအတိုင်း ဆုံးဖြတ်နိုင်သည်ဟု လုဘန်က ပြောသွားသဖြင့် သူသဘောတူလိုက်သည်။

ဝမ်ရှန်ယု ဝမ်းသာသွားပြီး ဈေးရောင်းပွဲအတွက် အသေးစိပ်တိုင်ပင်ဆွေးနွေးကြသည်။ ကံစမ်းမဲ စက်ဝိုင်းလှည့်သည်ကိစ္စမှစ၍ ဒြပ်ဆွဲအားဟူသည့် အယူအဆအထိ ရောက်သွားသည်။

“ဒီလောကမှာ အရာဝတ္ထုအားလုံးကို ဆွဲယူတဲ့ မမြင်နိုင်တဲ့ စွမ်းအားတစ်ခုရှိတယ်။ လုယန်ကလည်း ကျွန်မအမြင်ကို လက်ခံတယ်။ အဲဒီစွမ်းအားကို “ဒြပ်ဆွဲအား”လို့ သူကနာမည်ပေးတယ်။

ဒါပေမယ့် လုယန်က ဒါကို သဘာဝဖြစ်စဉ်လို့တွေးတယ်။ ကျွန်မကတော့ တစ်ယောက်ယောက်က ကျွန်မတို့ကိုဆွဲထားဖို့ မှော်စက်ဝန်းအကြီးကြီးတစ်ခု တည်ဆောက်ထားတာလို့ ယူဆတယ်။

ဪ...ဟုတ်သားပဲ။ ရှင်က မှော်စက်ဝန်းတွေအကြောင်း မသိဘူး။ ကျွန်မပြောပြမယ်။ မှော်စက်ဝန်းတွေက အတော်စိတ်ဝင်စားစရာကောင်းတယ်။ “မှော်စက်ဝန်းအနှစ်သာရ”ဆိုတဲ့ ဒီစာအုပ်မှာ မှော်စက်ဝန်းတွေအကြောင်း လွယ်လွယ်နားလည်ပြီး အသုံးချလို့ရအောင် ရှင်းပြထားတယ်....”

ဝမ်ရှန်ယု ရောက်လာစဉ်က လုယန်ကို ကျေးဇူးတင်စကားပြောဖို့ ဖြစ်သည်။ သို့သော် သူပြန်သွားချိန်တွင် သူ့ခေါင်းထဲ၌ မှော်စက်ဝန်းသဘောတရားများ အပြည့်ပါသွားသည်။

ဝမ်ရှန်ယု ထွက်သွားပြီးနောက် ဆိုင်ထောင့်တွင် အသားတုံးများတုတ်ထိုးနေသည့် သရဲကျွန်များကိုကြည့်၍ လန်ထင်ခေါင်းထဲတွင် စိတ်ကူးတစ်ခုပေါ်လာသည်။

လုယန်၏ စိတ်ကူးစိတ်သန်းများက မယုံနိုင်လောက်အောင် ထူးဆန်းလွန်းသည်။ သူ့ကို ကောင်းကောင်းသင်ပြနိုင်ဖို့ သူတွေးခေါ်သည့်နည်းလမ်းကို သင်ယူသင့်သည်ဟု လန်ထင် စဉ်းစားမိသည်။

ဥပမာ ပျံသန်းမှော်စက်ဝန်း၊ မီးစုမှော်စက်ဝန်းနှင့် တစ်ခြားမှော်စက်ဝန်းများကို အခြေခံ၍ အော်တိုအသားကင်မှော်စက်ဝန်းတစ်ခု သူတည်ဆောက်ကြည့်ရမည်။

ဟား...။ စိတ်ကူးက အတော်လန်းသည်။

***********************************************

All Chapters