← Chapters

စစ်ကြောရေးမှတ်တမ်း

Vol. 6 Ch. 90

စစ်ကြောရေးမှတ်တမ်း

Vol. 6 Ch. 90

“နာမည်”

“ယိကျန်ဟုန်”

“အမှန်အတိုင်းပြော။ မင်းနာမည်အစစ်ကဘာလဲ”

“ကျန်းရှောင်ဟုန်ပါ”

တဖျတ်ဖျတ်တောက်နေသည့် ရေနံဆီမီးအိမ်အလင်းမှိန်မှိန်ဖြင့် စစ်ကြောရေးခန်းက မှုန်မှိုင်းနေသည်။ ဖန်ချင်းယွမ် လက်ပိုက်ရပ်လျက် အသစ်ဖမ်းမိသည့်တရားခံအသစ်ကို လှောင်ပြုံးပြုံး၍ ကြည့်နေသည်။ အရာရှိဝေက ယိကျန်ဟုန်မျက်လုံးကို တည့်တည့်စိုက်ကြည့်ပြီး မေးခွန်းများ တစ်ခုပြီးတစ်ခုမေးသည်။ အရာရှိငယ်တစ်ယောက်က သူတို့ဘေးမှစားပွဲတစ်လုံးတွင် စစ်မေးသည့်အချက်အလက်များ အမြန်ရေးမှတ်နေသည်။

“လိင်အမျိုးအစား”

“ယောက်ျားပါ”

“ကျင့်စဉ်အဆင့်”

“အခြေတည်နောက်ဆုံးအဆင့်”

အရာရှိဝေ အေးစက်စက်နှာခေါင်းရှုံ့သည်။

“အဲဒါကို မှတ်တမ်းယူထား။ အခြေတည်နောက်ဆုံးအဆင့်တဲ့။ ကျန်တာတွေကျော်လိုက်။ ...ကျန်းရှောင်ဟုန်၊ အခုငါပြောမယ်။ ငါတို့ဒီအမှုစစ်ဆေးတာ တရားမမျှတဘူးလို့ထင်ရင် မင်းဘက်က လျှောက်လဲခွင့်ရှိတယ်။ ဆိုလိုတာက တစ်ခြားအရာရှိတစ်ယောက် ဒီအမှုကို လက်လွှဲယူလိမ့်မယ်။ မင်းလျှောက်လဲချက်တင်ချင်လား”

“ကျုပ်တင်...”

“ဟမ်...”

အရာရှိဝေ အသံကိုတမင်ဆွဲ၍ အရှိန်မြှင့်လိုက်သည်။

ကျန်းရှောင်ဟုန် အမြန်စကားပြင်ပြောသည်။

“မလုပ်ဘူး။ မလုပ်ဘူး။ မတင်ချင်ပါဘူး”

“ပြောပါ။ မင်းဒီကိုဘာကြောင့်ရောက်နေတာလဲ”

“အသားကင်ဖိုး ပိုက်ဆံမရှင်းလို့ပါ”

ဖန်ချင်းယွမ် စိတ်မရှည်တော့။

“မေးမနေနဲ့တော့။ သူ့ကို အခုချက်ချင်းသတ်လိုက်။ ဖမ်းတဲ့အချိန်အပြင်းအထန် ခုခံတယ်။ အညံ့မခံဘဲ အသေခံဖို့ရွေးချယ်ပြီး အဆိပ်သောက်သေသွားတယ်လို့ ပြောလိုက်ရုံပဲ”

ဖန်ချင်းယွမ် ထိုသို့တကယ်လုပ်မည်ဖြစ်သည်။ ယိကျန်းဟုန် သံကြိုးတန်းလန်းဖြင့် အမြန်ပြန်ပြောသည်။

“ကျုပ်ပြောပါ့မယ်။ လွန်ခဲ့တဲ့ဆယ်ရက်လောက်က ကျောက်ကမ်းပါးတစ်ခုအောက်ခြေမှာ ကျုပ်သတိရလာတယ်။ ယန်ကျန်းအနောက်ဘက်က တောင်တန်းပေါ်ဖြတ်သွားရင်း အမှတ်မထင် ခြေချော်ကျခဲ့တာ ဖြစ်မှာပါ။ ကျုပ်သတိရလာတော့ ကျင့်ကြံသူတစ်ယောက်နေခဲ့တယ်လို့ထင်ရတဲ့ လှိုဏ်ဂူတစ်ခုတွေ့တယ်။ လူမနေတာတော့ အတော်ကြာပြီထင်တယ်။ လှိုဏ်ဂူထဲကို သတိထားပြီး ကျုပ်ဝင်သွားတယ်။ စာအုပ်တစ်အုပ်ကလွဲလို့ အဖိုးတန်ပစ္စည်း ဘာမျှမတွေ့ပါဘူး။ ကျုပ်ကို ရှာဖွေစစ်ဆေးတုန်းက သိမ်းသွားတဲ့ စာအုပ်ပါပဲ။

အဲဒီထဲမှာ ရှားပါးတဲ့ မှော်အဆောင် မှော်စက်ဝန်းပညာတစ်ချို့ပါတယ်။ အသက်စုပ်ယူမှော်အဆောင်၊ အသက်စုပ်ယူမှော်စက်ဝန်းတွေပေါ့။ အသက်စုပ်ယူမှော်အဆောင်က အသက်ဓာတ်ကို ကျင့်စဉ်စွမ်းအားအဖြင့် ပြောင်းလဲနိုင်တယ်လို့ စာအုပ်ထဲမှာပြောထားတယ်။ ကျုပ်က အခြေတည်နောက်ဆုံးအဆင့်ကို ရောက်နေတော့ လွတ်လွတ်လပ်လပ်နေနိုင်အောင် ရွှေသန္ဓေအဆင့်ကို တစ်ခါတည်းခုန်ကူးဖို တွေးမိတယ်။ ပြီးတော့ ဒီအဆင့်တက်နည်းက သက်တမ်းကိုလည်းမြှင့်ပေးနိုင်တယ်တဲ့။ အတော်မက်လောက်စရာဖြစ်နေတယ်လေ”

ဖန်ချင်းယွမ်က ဒေါသတကြီးပြောသည်။

“ကောင်တီနယ်စားနဲ့ ငါဆွေးနွေးပြီးပြီ။ မင်းတည်ဆောက်ထားတဲ့ အတိုင်းအတာက အခြေတည်အဆင့်ကနေ ရွှေသန္ဓေအဆင့်ကို ကူးရုံလောက်မဟုတ်ဘူး။ ရွှေသန္ဓေအဆင့်ကနေ နတ်ဝိညာဉ်အဆင့်ကူးဖို့ လိုအပ်တဲ့ပမာဏထက်အောင် အများကြီးပိုနေဦးမှာကွ”

အလဟဿဖြုန်းတီးရာကျမှန်း ယိကျန်းဟုန်လည်းသိသည်။ သို့သော် တစ်ခြားနည်းလမ်း သူစဉ်းစားမရ။

သို့သော် သူထုတ်တော့မပြော။ ဖန်ချင်းယွမ်စကားကို မကြားချင်ယောင်ဆောင်၍ ဆက်ပြောသည်။

“ကျုပ်ကိုယ်တိုင်ကလည်း မှော်အဆောင်ကျင့်ကြံသူဆိုတော့ အသက်စုပ်ယူမှော်အဆော်ပညာကို လွယ်လွယ်ပဲ တတ်သွားတယ်။ အသက်စုပ်ယူမှော်စက်ဝန်းတည်ဆောက်တာက မခက်ပါဘူး။ မှော်အဆောင်တွေကို မှော်စက်ဝန်းပုံစံ နေရာချလိုက်ရုံနဲ့ အဆင်ပြေတယ်။

အသက်စုပ်ယူမှော်အ‌ဆောင်ရဲ့ သက်ရောက်မှုကို ကျင့်ကြံသူတွေ အာရုံခံလို့မရဘူး။ သေမျိုးတွေအပေါ်မှာလည်း အိပ်ချင်တဲ့လက္ခဏာမျိုးပဲပြတော့ အလွယ်တကူ မျက်စိရှမ်းသွားနိုင်တယ်။ မှော်စက်ဝန်းတည်ဆောက်ပြီးတာနဲ့ အဲဒီလက္ခဏတာတောင် ပျောက်သွားမှာပါ။

ဒါပေမယ့် မှော်စက်ဝန်းက မှော်အဆောင်တွေအများကြီး နေရာချဖို့လိုတယ်။ လူတစ်ယောက်တည်းဆို အချိန်တိုအတွင်း ပြီးအောင်လုပ်ဖို့ မဖြစ်နိုင်ဘူး။ အဲဒီ့အချိန်မှာ အဖော်နှစ်ယောက်နဲ့ ကျုပ်တွေ့တယ်။ ခင်ဗျားတို့ဖမ်းခဲ့တဲ့နှစ်ယောက်ပေါ့။

ထူးဆန်းတာက အဲဒီ့နှစ်ယောက်ဟာ ယန်ကျန်းကောင်တီကမဟုတ်ဘူး။ ယန်ကျန်းကို ဘယ်လိုရောက်လာတယ်ဆိုတာလည်း သူတို့မမှတ်မိဘူး။

ကျုပ်တို့ ဒီမှော်ပညာကို အသုံးချပြီး အခြေတည်အဆင့်ကို အတူချိုးဖျက်ဖို့ ဆုံးဖြတ်ကြတယ်။

ခြေရာလက်ရာမကျန်အောင် သေသေသပ်သပ်လှုပ်ရှားတယ်။ ခင်ဗျားတို့ အသက်စုမှော်အဆောင်တွေ အသည်းအသန် ရှာတဲ့အချိန်မှာ ကျုပ်တို့လုံးဝမလှုပ်ရှားဘူး။ ဒီနယ်မြေကလည်း တဖြေးဖြေး မလုံခြုံတော့ဘူးလို့ ခံစားရတယ်။ ယန်ကျန်းကောင်တီကနေ ထွက်သွားဖို့ ကျုပ်ကြိုးစားတယ်။ ဒါပေမယ့် ဒီမှာ နာမည်ကြီးအသားကင်ဆိုင်တစ်ဆိုင်ရှိတယ်လို့ကြာတော့ ဒီနယ်ထွက်မသွားခင် သွားစားကြည့်ဖို့ တွေးမိတယ်။ အကင်တွေတောင် ရောက်မလာသေးဘူး။ ခင်ဗျားတို့ ပေါ်လာတာပဲ”

ဘယ်နေရာတွင် အမှားလုပ်မိသည်ကို သူစဉ်းစားမရ။ စိတ်အားထက်သန်သည့်ဆိုင်ရှင်က သတင်းပေးခဲ့သည်ကိုလည်း အရာရှိဝေက ထုတ်ပြောမည်မဟုတ်။

စစ်ကြောရေးပြီးဆုံးသွားချိန်တွင် အရာရှိဝေက သူ့ကိုလက်မှတ်ထိုးခိုင်းသည်။

“မင်းနာမည်ကို စာမျက်နှာတိုင်းရဲ့အောက်ခြေမှာရေးပါ။ နောက်ဆုံးစာမျက်နှာမှာ “အထက်ပါမှတ်တမ်းများကို ကျုပ်ဖတ်ပြီးပါပြီ။ ကျုပ်ထွက်ဆိုတာနဲ့ ကိုက်ညီပါတယ်”လို့ ရေးပါ။ လက်မှတ်ထိုးပြီးတိုင်း မင်းရဲ့လက်ဗွေကို နှိပ်ပါ”

.............

နောက်တစ်ရက်တွင် အရာရှိဝေက ထုံးစံအတိုင်း ဂုဏ်ပြုစာတန်းတစ်ခု ပို့သည်။

အသားကင်ဆိုင်သို့ ရုံးခန်းရွှေ့ပြီး ရုံးထိုင်ရမလားဟုပင် သူစဉ်းစားမိသည်။ ထိုသို့နေထိုင်၍ လူဖမ်းခြင်းက တစ်နေကုန်ကင်းပတ်နေရသည်ထက် ပိုအကျိုးရှိနိုင်သည်။

ထိုအတိုင်း ဆက်သွားလျှင် အရာရှိချုပ်ဖြစ်လာဖို့ အချိန်သိပ်မကြာလောက်။

“ဆိုင်ရှင်လု၊ ခင်ဗျားတို့ အသားကင်ဆိုင်က ဖုန်းရွှေဓာတ်အတော်ကောင်းတာပဲ။ ထူးချွန်တဲ့လူတွေ ဝိညာဉ်စွမ်းအင်တွေပြည့်နေတယ်”

လုယန် ပြုံးလိုက်သည်။

“ဝိညာဉ်စွမ်းအင်ပေါမပေါဆိုတာက နောက်မှပါ။ အဓိကအချက်က ထူချွန်တဲ့လူတွေကို ဆွဲဆောင်နိုင်တယ်လေ”

“အခုရက်ပိုင်း တရားရုံးတော်မှာ အရမ်းအလုပ်များတယ်။ အလုပ်ပါးတဲ့အချိန်ကျရင် ခင်ဗျားတို့ဆိုင်အတွက် ထူးချွန်အဖွဲ့အစည်းကမ္ဗည်းမော်ကွန်းတစ်ခု ရနိုင်မလား အထက်ကိုလျှောက်လွာတင်ကြည့်ဦးမယ်”

“ကောင်းတာပေါ့ဗျာ။...လက်ဖက်ရည်လေး ပူတုန်းသောက်လိုက်ပါဦး”

လုယန် စိတ်အားထက်သန်သည့်အမူအရာဖြင့် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးသည်။

“သူတို့ကို ဖမ်းမိပြီးတာတောင် အလုပ်များတုန်းပဲလား”

“အာ..အင်း..လူတွေဖမ်းမိပြီးတော့ သူတို့ပြောတဲ့နေရာကို ကျုပ်တို့ရှာတယ်။ စွန့်ပစ်ဂူတစ်ခု တွေ့တယ်။ နတ်ဆိုးကျင့်ကြံသူ အလိုရှိရာဇဝတ်သားတစ်ယောက် ပုန်းခိုတဲ့နေရာဟောင်း ဖြစ်မယ်ထင်တယ်။ သူတို့ပြောတဲ့ လမ်းကြောင်းတွေအတိုင်း အသက်စုပ်ယူမှော်အဆောင်တွေကို ရှင်းလင်းပြီးတာနဲ့ ဒီအမှုပြီးပြီလို့ သတ်မှတ်နိုင်ပါတယ်။

ပြဿနာက နွေဦးကောက်သစ်စားပွဲ နီးလာတဲ့ကိစ္စပဲ။ မနှစ်ကထက် လာလည်ပတ်တဲ့လူ ၂၀ ရာနှုန်းကျော်တိုးလာမယ်ပုံရှိတယ်။ အရာရှိချုပ်က ခွင့်ရက်မပေးဘူး။ ကျုပ်ကို ပွဲတော်တွင်းမှာ ကင်းပတ်ဖို့ ပြောနေတယ်”

“ခင်ဗျား ကင်းပတ်လို့ ပင်ပန်းတဲ့အခါ ဒီကိုလာပြီး အနားယူလို့ရပါတယ်။ ပွဲတော်ရက်အတွင်းလည်း ကျုပ်တို့ဆိုင်က ခါတိုင်းလိုပဲ ဖွင့်မှာပါ”

အရာရှိဝေကို နှုတ်ဆက်ပြီးနောက် မုန်ကျင်းကျိုး သက်ပြင်းချသည်။

“နောက်ဆုံးတော့ ပြီးသွားပြီပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းက နေ့တိုင်း အသက်စုပ်ယူမှော်အဆောင်တွေ ရှာနေရလို့ အရမ်းပင်ပန်းခဲ့တာ။ ယိကျန်ဟုန်က ငါတို့ဘယ်လောက်အလုပ်ကြိုးစားတယ်ဆိုတာ မြင်သွားလို့ ထောင်ချောက်ထဲ သူ့ဘာသာတိုးဝင်လာဖို့ ဆုံးဖြတ်လိုက်တာဖြစ်လောက်တယ်”

အရိုးရိုင်း မျက်နှာတစ်ချက်တွန့်သွားသည်။ ယိကျန်ဟုန် ထိုသို့မတွေးခဲ့လောက်ဟု သူထင်မိသည်။

လန်ထင်က လက်နှစ်ဘက် အဆက်မပြတ်လှုပ်ရှားနေသည်ကို သတိထားမိသဖြင့် လုယန် စိတ်ဝင်တစားမေးသည်။

“မင်းဘာလုပ်နေတာလဲ”

လန်ထင် လှည့်မကြည့်ဘဲ ပြောသည်။

“အလိုလိုအသားကင်တဲ့မှော်စက်ဝန်းတစ်ခု စမ်းသပ်ကြည့်နေတာပါ။ ဝါးတုတ်ချောင်းတွေက အသားတုံးတွေကို အလိုလိုထိုးသီနိုင်မလားလို့”

လုယန် ဝါးတုတ်တစ်ခုကိုကောက်ကိုင်ပြီး လက်နှစ်ချောင်းကြားတွင်ညှပ်လျက် အလေးချိန်ကိုတွက်ဆရင်း အတွေးနက်သွားသည်။

ထို့နောက် ရုတ်တရက် အသားတုံးတစ်ချို့ကို လေထဲသို့မြှောက်ပြီး လက်ချောင်းများကိုလှုပ်ရှား၍ ဝါးသီတံကို ပစ်လွှတ်လိုက်သည်။

သို့သော် ဝါးတုတ်က အသားတုံးများကို ဖောက်ဝင်မသွားဘဲ ပွတ်ထိရုံသာထိသည်။

လုယန်ဘာလုပ်နေသည်ကို အရိုးရိုင်း နားမလည်။ ကစားနည်းအသစ် ကစားနေသည်ဟုတွေးနေသည်။ မုန်ကျင်းကျိုးမျက်လုံးများ အရောင်လက်လာပြီး သဘောပေါက်သွားသည်။

“ဝါးတံနဲ့ လက်နက်ပုန်းလိုသုံးပြီး အသားတုံးတွေသီဖို့ လေ့ကျင့်နေတာလား”

လုယန် ဘာမှပြန်မပြောဘဲ ပြုံးလိုက်သည်။ ဝန်ခံလိုက်သည့်သဘောဖြစ်သည်။

မကြာမီ မုန်ကျင်းကျိုးလည်း ဝင်လေ့ကျင့်သည်။ အားအရှိန်ကို ချိန်ဆ၍ လေထဲတွင်ဝဲပျံနေသည့် အသားတုံးများကို ထိုးသီနိုင်မည့်နည်းလမ်းကို လေ့လာသည်။

အရိုးရိုင်းက တုံ့ဆိုင်းနေသည်။

“ဒါ..ဒါက လမ်းမှန်ကျင့်ကြံသူတွေ လုပ်သင့်တာမျိုးမဟုတ်ဘူးမို့လား”

လုယန်က အလေးအနက်မျက်နှာဖြင့်

“မင်းမှားနေပြီ။ “မတ်စောက်တဲ့တောင်တန်းစိမ်းကြားမှာ ဝါးဟာ ဖြောင့်မတ်စွာရပ်နေတယ်။ သွားနဲ့တူတဲ့အမြစ်က ကျိုးပျက်နေတဲ့ကျောက်ဆောင်မှာ ထိုးစိုက်လို့။ တောင်လေလည်း မကြောက် မြောက်လေလည်းမကြောက်။ အရှေ့အနောက်လေကိုလည်း အရေးမစိုက်။ ဝါးဟာ ခိုင်ခံ့ပြီး ပျော့ပြောင်းတယ်။ မြင့်မြတ်သူတစ်ယောက်ရဲ့ သင်္ကေတပဲ”တဲ့။ ဝါးကို လက်နက်လိုသုံးတာကို လက်နက်ပုန်းလို့ ဘယ်လိုသတ်မှတ်လို့ရမှာလဲ။ ဒါက လူယဉ်ကျေးတွေပဲသုံးတဲ့ လက်နက်ပဲ

(**ကျန်းရှဲ့၏ “ကျောက်ဆောင်ထဲကဝါး” ကဗျာဟု ဆိုပါသည်။ စကားပြေအတိုင်းသာ ဘာသာပြန်လိုက်ပါသည်)

အရိုးရိုင်း ဉာဏ်အလင်းပွင့်သွားသလို ခံစားရသည်။

“အဲလိုလား။ ဒါဆိုငါလည်း စမ်းကြည့်မယ်”

လန်ထင်က သူ့မှော်စက်ဝန်းစမ်းသပ်မှုကို အာရုံစိုက်နေသည်။ လေထဲတွင် ဝါးတုတ်ချောင်းများစွာ လွင့်ပျံနေသည်။ ရုတ်တရက် ဝါးတုတ်တစ်ခုက ဝှီးခနဲပျံထွက်သွားပြီး နံရံထဲ စိုက်ဝင်သွားသည်။ အဖျားပိုင်းက တုန်ခါနေသည်

လူတစ်ယောက်သာဆိုလျှင် သေသွားပြီးဖြစ်မည်။

“အားက နည်းနည်းပြင်းလွန်းနေတယ်”

လန်ထင် ခေါင်းကုတ်၍ အကြပ်ရိုက်နေသည်။ အားကိုတတ်နိုင်သမျှနည်းအောင် လျှော့ချ၍ စမ်းကြည့်ခဲ့ခြင်းဖြစ်သည်။

“အလျိုအလျောက်အသားကင်မှော်စက်ဝန်းကို ထားလိုက်ပါတော့လေ။ မှော်စက်ဝန်းစွမ်းအင်ကို အမြင့်ဆုံးမြှင့်ပေးထားတာပဲကောင်းပါတယ်”

သရဲကျွန်နှစ်ယောက်က ပရမ်းပတာဖြစ်နေသည့်မြင်ကွင်းကိုကြည့်၍ တုန်လှုပ်နေကြသည်။

(**လန်ထင်၏ အော်တိုအသားကင်မှော်စက်ဝန်းသည် မပြည့်စုံသေးပါ။ အသားကိုကင်နိုင်သည်။ သို့သော် အချဉ်ရည်သုတ်မပေးနိုင်။ အသားတုံးများကို ဝါးတုတ်ဖြင့်ထိုးသီမပေးနိုင်။ နောက်ပိုင်းတွင် ထိုမှော်စက်ဝန်းကို အဆင့်မြှင့်ပေးမည့် အကြီးအကဲတစ်ယောက် ပေါ်လာပါမည်)

**********************************************

All Chapters