နတ်ဆိုးကျင့်ကြံသူများ အသားကင်ဆိုင်တွင်မစားသင့်
Vol. 6 Ch. 89
လန်ထင် စီးပွားရေးဂွင်တစ်ခု သဘောတူညီချက်ယူလိုက်သည်ကို လုယန်မသိ။ ကိုယ်ပျောက်မှော်အဆောင်နှင့် စွမ်းအင်ရောင်ဖုံးကွယ်နည်းများသုံး၍ အရာရှိများနောက်သို့လိုက်သွားပြီး အသက်စုပ်ယူမှော်အဆောင်များ ရှာသည်။
သူတို့သုံးယောက် လူခွဲ၍ မှော်အဆောင်များ ရနိုင်သမျှရှာဖွေသည်။
ထိုမှော်အဆောင်များကိစ္စကို အစိုးရအဖွဲ့က များစွာအလေးထားကြောင်းသိသာသည်။ ယန်ကျန်းကောင်တီတစ်ခုလုံး တပ်ဖြန့်ထားသည်။
ပထမဆုံးအနေဖြင့် လူအများစု အားအင်ကုန်းခန်း၍ အိပ်ချင်စိတ်ပေါ်သည့် နေရာများကို ခွဲခြားအတည်ပြုသည်။ နေရာကိုအကန့်လိုက်ခွဲ၍ ရှာဖွေသည်။
အရာရှိချုပ်ဖန်ချင်းယွမ်ပင် ကိုယ်ပွားနှစ်ခု ဖန်တီးထားသည်။ ခန္ဓာကိုယ်အစစ်နှင့် ကိုယ်ပွားများက ဝိညာဉ်အာရုံဖြန့်ကျက်၍ မှော်အဆောင်ရှာဖွေသည့် တပ်ဖွဲ့ကြီးကို ဦးစီးကွပ်ကဲသည်။
ဖန်ချင်းယွမ်၏ကျင့်စဉ်အဆင့်က မြင့်မားလွန်းသည်။ ထို့ကြောင့် လုယန်တို့ သူ့နောက်သို့ ကပ်မလိုက်ရဲ။
သိပ်မကြာမီ အရာရှိတစ်ယောက်က အသက်စုပ်ယူမှော်အဆောင်တစ်ခုတွေ့သည်။ လုယန်က အရိပ်ထဲတွင် ပုန်းခို၍ တည်နေရာကို တိတ်တဆိတ်မှတ်သားသည်။
ညနေပိုင်းတွင် လုယန်တို့သုံးယောက် ပြန်စုစည်းသည်။ ယန်ကျန်းကောင်တီမြေပုံကိုထုတ်၍ မှော်အဆောင်တွေ့သည့်နေရာများကို အမှတ်အသားလုပ်သည်။
“ကျောက်တံတားအောက်မှာတစ်ခု၊ ချင်မန်လမ်းက ဆိုင်မှာတစ်ခု၊ အပေါင်ဆိုင်မှာတစ်ခု...။ ငါတို့ အခုထိတွေ့ထားတာ မှော်အဆောင်ခြောက်ခုရှိပြီ”
“ဒီအမှတ်အသားလောက်နဲ့ မှော်စက်ဝန်းအတိုင်း သူတို့နေရာချမချဆိုတာ သေချာမသိနိုင်ဘူး။ မနက်ဖြန် ထပ်ရှာကြစို့”
အသားကင်ဆိုင်သို့ သူတို့ပြန်လာချိန်တွင် လန်ထင် တို့ဟူးမျက်နှာဖုံးဝတ်၍ အသားကင်မှော်စက်ဝန်း စမ်းသပ်တည်ဆောက်နေသည်ကို တွေ့ရသည်။
အသားချောင်းများ စားပွဲအထက်တွင် ဝဲပျံနေပြီး မြင့်မားသည့်အပူချိန်ဖြင့် ကင်ထားသည်။
သရဲကျွန်နှစ်ယောက်က ကြမ်းပြင်တွင်ဒူးထောက်၍ မျက်ရည်စက်လက်ဖြင့် လန်ထင်ကို ကျေးဇူးတင်စကားဆိုနေသည်။ သူတို့ကို မရပ်မနားအသားကင်ရသည့် ဒုက္ခမှ ကယ်တင်လိုက်သောကြောင့်ဖြစ်သည်။
လုယန်စိတ်ထဲ မေးခွန်းများစွာရှိနေသည်။ သူတို့အပြင်ထွက်သွားသည် နေ့တစ်ပိုင်းအတွင်း ဘာတွေဖြစ်သွားသည်မသိ။
“ဒီမျက်နှာဖုံးကို မင်းဘယ်ကရတာလဲ”
လန်ထင်က နည်းနည်းကြွားလုံးထုတ်သည့်လေသံဖြင့် ပြောသည်။
“ဪ..ဒါက ရှင်မနေ့က ကယ်ခဲ့တဲ့ တို့ဟူးဆိုင်ရှင်ပေးသွားတာပါ။ နွေဦးကောက်သစ်စားပွဲမှာ သူကလည်း ကျွန်မတို့အသားကင်ဆိုင်နဲ့ ပူးပေါင်းပြီး ဈေးပွဲတော်တစ်ခုလုပ်ကြဖို့ အကြံပြုတယ်။ ..ဒါ ကျွန်မတို့ဆွေးနွေးခဲ့တဲ့ ဈေးပွဲတော်အစီအစဉ်ပါ။
မနေ့က အလုပ်လုပ်ရင်း ကျွန်မကြည့်နေတာ။ ဒီသရဲကျွန်နှစ်ယောက်တည်း အသားကင်နေတာ အရမ်းနှေးတယ်။ တစ်ချို့ဖောက်သည်တွေက စိတ်မရှည်ဖြစ်လာကြတယ်။ ဒါကြောင် အလိုအလျောက်အသားကင်နိုင်တဲ့ မှော်စက်ဝန်းကို ဒီဇိုင်းထွင်နေတာ။ အများကြီးတိုးတက်မှုရှိလာတယ်။
ဒီမှော်စက်ဝန်းက ကျွန်မတီထွင်ဆန်းသစ်ထားတာပါ။ အရင်က တစ်ခါမှမမြင်ဖူးဘူး။ လသံလွင်နန်းတော်ကို ကျွန်မပြန်ရောက်ရင် ဒါကို ကျိုးဆောင်မှတ်တွေနဲ့တောင် လဲလို့ရနိုင်တယ်။ ပြီးတော့ မှော်စက်ဝန်းကလည်း ရိုးရှင်းတယ်။ နောင်တစ်ချိန်ကျရင် ဈေးကွက်ဖြန့်ရောင်းလို့ ရနိုင်တယ်”
လသံလွင်နန်းတော်လည်း တာအိုလမ်းစဉ်ဂိုဏ်းလိုပင် ရေရှည်မစ်ရှင်များရှိနေသည်။
လုယန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
အသားကင်ဆိုင် တစ်ရှိန်ထိုးဖွံ့ဖြိုးတိုးတက်လာမည့်အဖြစ်ကို ရပ်တန့်နိုင်မည်မထင်တော့။
မုန်ကျင်းကျိုးက သွားဖြဲရယ်လျက် တို့ဟူးမျက်နှာဖုံးတစ်ခု ယူလိုက်သည်။
“ဒီမျက်နှာဖုံးက အတော်ကောင်းမယ့်ပုံပဲ။ ရော့..တစ်ယောက်တစ်ခုစီယူပါ။ လုယန်၊ ဒါကမင်းနဲ့ အတော်လိုက်ဖက်မှာကွ။ မင်းအတွက် သီးသန့်လုပ်ထားသလိုပဲ”
လုယန် လေးထောင့်ပုံ တို့ဟူးမျက်နှာဖုံးကိုကြည့်၍ စိတ်ပျက်သွားသည်။ သို့သော် ထိုအရူးနှင့် ပြိုင်မငြင်းလိုသဖြင့် လက်ခံထားလိုက်သည်။
“ကျင့်ကြံဖို့အဆင်ပြေအောင် ဝိညာဉ်စုမှော်စက်ဝန်းတွေ၊ အသံကာမှော်စက်ဝန်းတွေ စိတ်ငြိမ်မှော်စက်ဝန်းတွေလည်း ဒုတိယထပ်မှာ ကျွန်မဖန်တီးပေးထားတယ်”
လုယန် ဆိုင်ထဲဝင်လာကတည်းက သတင်းကောင်းဟူ၍ ထိုတစ်ခုသာရှိသည်။
“ကုန်ကျစရိတ် အတော်များမှာပဲ။ ဝိညာဉ်ကျောက်တွေ ဒီလောက်အများကြီး သုံးထားတယ်ပေါ့။ မင်းဘယ်လောက်သုံးထားသလဲ တွက်ကြည့်ပါဦး။ ငါတို့သုံးယောက် ပြန်ပေးပါ့မယ်။
လန်ထင် လက်ဝှေ့ယမ်းပြသည်။
“အများကြီးမသုံးပါဘူး။ မုန့်ဖိုးလောက်ပဲ ရှိတာပါ”
မုန်ကျင်းကျိုး ချက်ချင်းခေါင်းမော့၍ လန်ထင်ကို သတိဖြင့် စိုက်ကြည့်လိုက်သည်။ ချမ်းသာကြွယ်ဝမှု နယ်ပယ်တွင် သူ့ပြိုင်ဖက်တစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
လန်ထင်ရောက်လာသဖြင့် သူတို့ဘဝက ပို၍သက်သာဖြစ်သွားသည်။ နေ့ခင်းပိုင်းတွင် မှော်အဆောင်များကို ရှာဖွေဖို့ အာရုံစိုက်နိုင်လာသည်။
ဆယ်ရက်အတွင်း သူတို့သုံးယောက် မှော်အဆောင်နှစ်ရာကျော်၏ တည်နေရာများကို ရှာဖွေနိုင်ခဲ့သည်။ အသက်စုပ်ယူမှော်စက်ဝန်း၏ ဆုံချက်အမှတ်အသားများနှင့် အတိအကျကိုက်ညီသည်။
မှော်စက်ဝန်းပုံစံကို သိရပြီးနောက် တစ်ခြားဆုံချက်နေရာများကို ထပ်ရှာဖွေသည်။ နောက်ထပ် မှော်အဆောင်များ တွေ့ရပြန်သည်။
“ငါတို့ဘယ်လိုလုပ်မလဲ။ အရာရှိဝေကို ပြောသင့်လား”
မုန်ကျင်းကျိုးက မေးသည်။
လုယန်စိတ်ထဲ လွန်ဆွဲနေသည်။ အရာရှိဝေအား မှော်အဆောင်များ၏တည်နေရာကို အသိပေးလိုက်လျှင် နောက်ကွယ်မှ ကူညီနေသူများရှိကြောင်း သူ့အထက်အရာရှိများ သိသွားမည်။ ထိုသတင်းကို သခင်ချူးကြားလျှင် သူတို့ကို သံသယဝင်လာနိုင်သည်.
သို့သော် မပြောလျှင်လည်း ယန်ကျန်းကောင်တီထဲတွင် ရှိနေသည့် အသက်စုပ်ယူမှော်အဆောင်များက အန္တရာယ်များလှသည်။
“စားပွဲထိုး၊ သိုးသားကင်နှစ်ရာ၊ အမဲသားကင်နှစ်ရာယူခဲ့ပါ”
ကျယ်လောင်သည့် စကားသံတစ်ခု ပေါ်လာသည်။ ကျယ်လွန်းသဖြင့် နောက်ဖေးမှ သရဲကျွန်များပင် ပီပီသသကြားရသည်။
ပုံမှန်အားဖြင့် ထိုအရေအတွက်မျိုး မှာယူသံကြားလျှင် သူတို့ လန့်ဖျတ်သွားပေလိမ့်မည်။
သို့သော်ယခု အော်တိုအသားကင်မှော်စက်ဝန်းကြောင့် လုပ်ရကိုင်ရ အတော်သက်သာသွားသည်။ အမဲသား သိုးသားကင်နှစ်ရာစီမက နောက်ထပ် ဝက်သားကင်နှစ်ရာထပ်တိုးလျှင်ပင် ကိစ္စမရှိ။
“နောက်ထပ် ဝက်သားကင်နှစ်ရာထပ်တိုးမယ်ဟေ့”
ကျယ်လောင်သည့်စကားသံ ထပ်ပေါ်လာသည်။ လူချမ်းသာလေသံမျိုးဖြစ်သည်။
လုယန် မျက်မှောင်ကျုံ့သွားသည်။ ထိုစကားသံကို ရင်းနှီးနေသလို ခံစားရသည်။
“ဂိုဏ်းရဲ့လူသစ်ရွေးပွဲကို ဝင်ခဲ့တဲ့ ယိကျန်ဟုန်ပဲ။ သူ့နဲ့အတူ တစ်ခြားလူနှစ်ယောက်လည်းပါတယ်။ အားလုံးက အခြေတည်အဆင့်တွေပဲ”
ထိုသုံးယောက် လူရွေးပွဲမအောင်ကြ။
“ငါတို့ကို မှတ်မိသွားနိုင်လား”
အရိုးရိုင်းကမေးသည်။ အကဲဖြတ်ဒိုင်အယောင်ဆောင်၍ ယိကျန်ဟုန်ကို သူတို့လှည့်စားခဲ့ဖူးသည်။
လုယန် ခေါင်းခါသည်။
“မမှတ်မိနိုင်ဘူး။ သခင်ချူးကပြောတယ်။ ဂိုဏ်းခွဲနေရာကို လျှို့ဝှက်ထားနိုင်ဖို့ လူရွေးပွဲမအောင်တဲ့လူတွေရဲ့ မှတ်ဉာဏ်ကို ဌာနချုပ်က ဖျက်ဆီးပစ်တယ်။ လူရွေးပွဲရဲ့ အသေးစိပ်အဖြစ်အပျက်တွေကို သူတို့မှတ်မိမှာမဟုတ်ဘူး”
ဘယ်သူမှ ထွက်မလာသဖြင့် ယိကျန်ဟုန် ခပ်တင်းတင်းအော်ဟစ်လိုက်သည်။
“ဟေ့၊ မင်းတို့နားကန်းနေလားကွ”
“လာပါပြီ၊ လာပါပြီ။ ဘာသုံးဆောင်မလဲခင်ဗျ”
လုယန် အမြန်ပြေးထွက်၍ နှုတ်ဆက်လိုက်သည်။
ယန်ကျန်ဟုန်လေသံက အထက်စီးဆန်သည်။
“ဝက်သား၊ အမဲသား၊ သိုးသား နှစ်ရာစီ။ ကျန်တာကို မင်းတို့အဆင်ပြေတာယူခဲ့။ မင်းတို့ဆိုင်က ကောင်းတယ်ကြားလို့လာတာ။ မကောင်းလို့ကတော့ ဆိုင်ကိုရိုခွဲပစ်မယ်”
လုယန်ကို သူမမှတ်မိသည်မှာ သေချာသည်။ မှတ်မိလျှင် ဆိုင်ကိုချက်ချင်းရိုက်ခွဲပြီးဖြစ်မည်။
လုယန်ပြုံး၍ ခေါင်းငြိမ့်ရင်း အရိုအသေပြုလိုက်သည်။
“စိတ်ချပါခင်ဗျာ။ ကျုပ်တို့အသားကင်တွေက ခင်ဗျားတို့တစ်သက်လုံးစားချင်လောက်အောင်ကို တကယ်အရသာရှိပါတယ်”
ယိကျန်ဟုန်က အေးစက်စက်နှာခေါင်းရှုံ့သည်။ လုယန်ကို အရေးမစိုက်။
ယိကျန်ဟုန်၏ အဖော်နှစ်ယောက်လည်း မျက်လုံးများမှေးစင်းနေသည်။ လုယန်ကို စကားပြောချင်စိတ် ရှိပုံမပေါ်။
လုယန် မုန်ကျင်းကျိုးဆီ သိစိတ်အာရုံမှ လှမ်းပြောသည်။
“အရာရှိဝေကို အကြောင်းကြားလိုက်။ အခြေတည်အဆင့်နတ်ဆိုးကျင့်ကြံသူသုံးယောက် ဒီမှာရှိတယ်လို့ပြောလိုက်။ သူတို့ကိုဖမ်းဖို့ လူတွေခေါ်လာဖို့လည်း ပြောပါ”
ဂိုဏ်းမဲ့နတ်ဆိုးကျင့်ကြံသူများသည် ရက်စက်သည့်လူသတ်သမားများဖြစ်သည်။ ဥပဒေအရ အကြိမ်ကြိမ်သေဒဏ်ပေးသင့်သူများဖြစ်သည်။ လုယန် လုံးဝမညှာနိုင်။
နတ်ဆိုးလမ်းစဉ်နည်းလမ်းတစ်ချို့ သူတို့သိအောင်ပြရမည်။
တိုင်ကြားမည်။
မုန်ကျင်းကျိုး ခဏမင်သက်မိနေပြီးနောက် ပြန်ပြောသည်။
“ဒါပေမယ့် ငါတို့မှာ သက်သေမှမရှိတာ။ သူတို့က အခြေတည်အဆင့်နတ်ဆိုးကျင့်ကြံသူတွေလို့ ဘယ်လိုသက်သေပြမှာလဲ။ အရာရှိဝေက ငါတို့ပြောတာကို ယုံပါ့မလား”
လုယန် လှောင်ပြုံးပြုံးသည်။
“ဘာမယုံစရာရှိလဲ။ အိပ်ပျော်စေတဲ့မှော်အဆောင်တွေ သူတို့ဆီမှာရှိတာမြင်တယ်လို့ ပြောလိုက်ရုံပဲပေါ့”
မုန်ကျင်းကျိုး လုယန်၏အကြံကို သဘောပေါက်သွားသည်။ သူတို့လက်ထဲတွင် အသက်စုပ်ယူမှော်အဆောင် နည်းနည်းရှိနေသည်။ ချောက်ချဖို့အတွက် ကွက်တိဖြစ်နေသည်။
“ကောင်းပြီလေ၊ ငါချက်ချင်းပြန်လာခဲ့မယ်”
မုန်ကျင်းကျိုး အမြန်ထွက်သွားသည်။
အခြေတည်နတ်ဆိုးကျင့်ကြံသူသုံးယောက်ပေါ်လာပြီး အသက်စုပ်ယူမှော်အဆောင်ရှိနိုင်သည်ဟု ကြားသည်နှင့် အရာရှိဝေ ခပ်ပေါ့ပေါ့မတွေးဘဲ ဖန်ချင်းယွမ်ဆီ အမြန်သတင်းပို့သည်။
ဖန်ချင်းယွမ်ကလည်း တပ်ဖွဲ့တစ်ခုလုံးခေါ်လာပြီး ထိုသုံးယောက်ကို ဝိုင်းထားသည်။ အသက်စုပ်ယူမှော်အဆောင် ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အခြေတည်နတ်ဆိုးကျင့်ကြံသူများရှိနေသည်ဆိုရင်ဖြင့် တုံ့ပြန်လှုပ်ရှားဖို့ လုံလောက်သည်။
ဖန်ချင်းယွမ် အသားကင်ဆိုင်သို့ ရောက်လာသည်။ ရွှေသန္ဓေအဆင့်ကျင့်စဉ်ဖိအားကို ထုတ်လွှတ်သည်။ ယိကျန်ဟုန်တို့သုံးယောက် မလှုပ်နိုင်အောင်ဖြစ်သွားသည်။ ထို့နောက် လက်အောက်ငယ်သားများကို အမိန့်ပေးသည်။
“ဖမ်းကြ။ သူတို့ကိုယ်ပေါ်မှာ ရှာကြစမ်း”
ယိကျန်ဟုန်တို့ အခြေအနေကို နားမလည်သေးမီ အခြေတည်အဆင့်အရာရှိများက သူတို့ကို ဖမ်းဆီး၍ မြေပေါ်လှဲသိပ်ကြသည်။
ဘာဖြစ်ကုန်သည်မသိ။ ယန်ကျန်းကောင်တီတွင် အသားကင်စားခြင်းသည် ပြစ်မှုတစ်ခုဟု သတ်မှတ်ထားသည်ထင်သည်။
ထို့နောက် ယိကျန်ဟုန်ကိုယ်ပေါ်တွင် အသက်စုပ်ယူမှော်အဆောင်များစွာ အရာရှိဝေတွေ့သွားသည်။ လုယန်တို့ တမင်ချောက်ချခဲ့သည်ထက် များစွာပိုနေသည်။
“ဪ...အသက်စုပ်ယူမှော်စက်ဝန်းတည်ဆောက်ခဲ့တာ မင်းတို့ပေါ့”
ဖန်ချင်းယွမ် ယိကျန်ဟုန်ကို ဒေါသဖြင့်စိုက်ကြည့်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မနားမနေလှုပ်ရှားခဲ့ရသည့်အတွက် မကျေမနပ်ဖြစ်နေသည်။
လုယန် - “...”
မုန်ကျင်းကျိုး - “...”
ထိုမျှအလိုက်တသိ ပူးပေါင်းဆောင်ရွက်မည်ဟု ထင်မထား။
ယိကျန်ဟုန်တို့သုံးယောက်က ပို၍ပင်နားမလည်နိုင်အောင်ဖြစ်နေသည်။ သူတို့လှုပ်ရှားမှု ဟာကွက်မရှိ၊ သဲလွန်စလုံးဝမကျန်ဟု ထင်ခဲ့သည်။ ဘာကြောင့် အရာရှိများ သူတို့ကိုလာဖမ်းသနည်း။
ဘယ်နေရာတွင် မှားသွားသနည်း။
***********************************************