စုရီဟူသည် ... ။
Vol. 15 Ch. 170
ချာကျင်မှ မျက်မှောင်ကြုတ်လိုက်သည်။ အင်ပါယာပြည်နယ်၏ ထိပ်တန်းမိသားစုငါးစုမှ လေးစုသည် တစ်ဖက်တည်း ပူးပေါင်း သွားချေပြီ။
စုရီ မှန်ချက်ပေးထား သကဲ့သို့ပင် ဤဆဋ္ဌမမင်းသားသည် ငယ်လွန်းနေသေး၏။ မြေခွေးအိုကြီးများ၏ အမြင်တွင် သူ့ဒေါသသည် ကလေးတစ်ယောက်နှင့် တူနေချေပြီ။
“ အရှင်မင်းသား ... ငါအကြံတစ်ခု ပေးပါရစေ၊ မင်း ဒီလိုမောက်မာလွန်းတဲ့ လူငယ် တစ်ယောက်နဲ့ တွဲနေတာကိုက မင်းအတွက် မကြာခင်မှာ ဘေးဥပဒ်ဖြစ်စေလိမ့်မယ်။ ”
ယခုအချိန်ထိ သူ့ကို လှည့်မကြည့်သော စုရီအသွင်ကြောင့် ရွယ်နင်ယွမ်မှ အေးစက်စွာ မှတ်ချက်ပေးလိုက်၏။
“ လုံလောက်ပြီ ... ။ ”
ကျိုးကျစ်လီမှ စားပွဲခုံကို ပုတ်လိုက်ပြီး၊
“ ဟမ့် ... သစ္စာဖောက်တစ်ယောက်က ငါ့ဝေဖန်နေရအောင် အရည်အချင်း ပြည့်မီတယ် ထင်နေတာလား။ ”
ရှန့်တျန်းချွယ်မှ ပြုံး၏။ ဤမင်းသားသည် ဒေါသပင် မထိန်းနိုင်ဘဲ မဟာကျိုးပလ္လင်အပေါ် စိတ်ကူးယဉ်နေသည်မှာ ရယ်စရာပေပင်။
“ ကောင်းပြီ ... ခေါင်းဆောင်ရွယ်က သူ့ရွေးချယ်မှုကို ပြတ်ပြတ်သားသား ပြလိုက်ပြီ ဆိုတော့ ဘာဆက်လုပ်မလဲ အရှင်မင်းသား။ ”
ဆဋ္ဌမမင်းသားမှ တုန့်ပြန်မှု မရှိချေ။ ရှန့်တျန်းချွယ်က ချန်ကွာခယ်နှင့် ချင်ကျင်းထံ အကြည့်ရွေ့ပြီးနောက် ဆံပင်ဖြူ အဖိုးအိုထံ၊
“ အစ်ကိုခုံ၊ မင်းမှာ အစ်ကိုချန်အတွက် စာတစ်စောင်ရှိတယ် မဟုတ်လား အားလုံးပဲ မြင်အောင်ပြလိုက်ပါဦး။ ”
-ဟု ပြောကြားလိုက်သည်။
ခေါင်းဖြူအဖိုးအို ခုံရှန့်ကျင်းက ခေါင်းညိတ်ပြီး ချန်ကွာခယ်နှင့် ချင်ကျင်းထံ လှမ်းကြည့်ကာ၊
“ ဂျူနီယာ ညီလေးချန်နဲ့ ချင်ကျင်း ဂိုဏ်းချုပ်က မင်းတို့ကို လောကီအငြင်းပွားမှုမှာ ပါဝင်ခွင့်မပြုဘူးလို့ အမိန့်ထုတ်ခဲ့တယ်။ ”
-ဟု ပြောကြားလိုက်သည်။
ဤမြင်ကွင်းက ကျိုးကျစ်လီကို မျက်နှာ မည်းမှောင်သွားစေ၏။ ချန်ကွာခယ်ဟူသည် သူ့အတွက် အားထားရာ ဖြစ်သည်။
“ မင်းမှာ ကောက်ကျစ်တဲ့ ကစားကွက်တွေရှိသေးရင် ဆက်လုပ်ပါ။ ”
ကျိုးကျစ်လီမှ အံကြိတ်လျက် ရှန့်တျန်းချွယ်ထံ စိုက်ကြည့်ကာ ပြောကြား၏။ ရှန့်တျန်းချွယ်က လှောင်ပြောင်ရိပ်များ ထင်ဟပ်လာပြီး၊
“ ဟား ဟား ဟား ... မကျန်တော့ပါဘူး အရှင်မင်းသား ... တစ်ခုပဲ မိသားစုခေါင်းဆောင် ကျန်းအတွက် ဒုတိယမင်းသားရဲ့ စကားတစ်ခွန်း လူကြုံပါးထားတာ ရှိပါတော့တယ်။ ”
-ဟု ဆိုကာ အကြည့်များကို ကျန်းတျန်းဟီထံသို့ ရွေ့လိုက်တော့သည်။
ကျန်းတျန်းဟီတစ်ယောက် ရင်တဒိတ်ဒိတ်ခုန်လာတော့၏။ တစ်စုံတစ်ရာ မှားယွင်းနေချေပြီ။
“ ဧကရာဇ်ကျိုးက ... တော်ဝင်မိသားစု အရေးတွေမှာ ပြင်ပမိသားစုကို ဝင်စွက်ဖက်ခွင့် မပြုဘူးလို့ အမိန့်ချခဲ့တာ ခေါင်းဆောင်ကျန်း မှတ်မိသေးတယ် မဟုတ်လား။ ”
“ ဒါ ... ။ ”
ကျန်းတျန်းဟီတစ်ယောက် စိုးရွံ့မှုသည် အမှန်တကယ် ဖြစ်လာခဲ့သဖြင့် တစ်ကိုယ်လုံး တုန်ယင်လျက် ချွေးများစီးကျ လာတော့၏။
သူသည် ဆဋ္ဌမမင်းသား၏ ဦးလေး ဝမ်းကွဲမျှသာ တော်စပ်ပြီး တော်ဝင်မိသားစုဝင် မဟုတ်ချေ။
မဟာကျိုးတွင် ထိုသို့သော ဆွေမျိုးများ လျှို့ဝှက်စွာ ဝင်ရောက်စွက်ဖက်မှု အများအပြား ရှိသည်။ ဧကရာဇ်မှ ဤအချက်ကို ကောင်းစွာ သိရှိသော်လည်း အမြဲမျက်ကွယ်ပြု၏။
ကံဆိုးစွာဖြင့် ယနေ့တွင် ၎င်းကို ဂရုစိုက်လာချေပြီ။ အဆုံးတွင် စိတ်ဓါတ်ကျကာ ကျိုးကျစ်လီထံ တောင်းပန်သည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်တော့၏။
ရှန့်တျန်းချွယ်မှ ပြုံးပြီး၊
“ အရှင်မင်းသား ... မင်းကြောင့် ကျန်းမျိုးနွယ်စုခေါင်းဆောင်ကို မငြိတွယ် စေချင်ဘူး မဟုတ်လား။ ”
-ဟု မေးမြန်းလိုက်သည်။
ကျိုးကျစ်လီခမျာ ရှက်စိတ်ဖြင့် ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့သည်။ သူ့တွင် ချန်ကွာခယ်နှင့် ကျန်းတျန်းဟီသည်သာ အားကိုးဖွယ်ဖြစ်၏။ ယခုမူ။
“ အရှင်မင်းသား ငါအကြံတစ်ခု ပြုချင်ပါတယ် တကယ်တော့ ရွယ်မိသားစု ခေါင်းဆောင်ပြောသလိုပဲ အရှင်မင်းသားက အာဏာနဲ့ မသင့်လျော်ပါဘူး ...
... ဒုတိယမင်းသားရဲ့ ပြိုင်ဘက်အဖြစ် မရွေးချယ်ပါနဲ့ ကျောက်စိမ်းမြို့တော်ကို ပြန်ပြီ ပျော်ပျော်ပါးပါးနေပြီး ဘဝကို ဖြတ်သန်းပါ။ ”
“ ဟမ့် ... ပြည်နယ်သခင်လေး တစ်ယောက်က ဒီစကားမျိုး ငါ့ကိုပြောဝံ့သလား မင်းကိုယ်မင်း ဘာထင်နေလဲ ရှန့်တျန်းချွယ်။ ”
ကျိုးကျစ်လီမှ အော်ငေါက်လိုက်သော်လည်း ရှန့်တျန်းချွယ်မှ အပြုံးမပျက်ချေ။
“ အရှင်မင်းသား လက်ရှိအခြေအနေကို မင်းမျက်ကွယ်ပြုလို့မရဘူး မင်းမှာ ဝှက်ဖဲရှိရင် ထုတ်ပါ ... ငါတို့ အချိန်ကုန်တယ်။ ”
ကျိုးကျစ်လီမှ အံကြိတ်ကာ မသိစိတ်က စုရီထံလှည့်ကြည့်မိ၏။ ဤအရေးတွင် အစ်ကိုစု သည်ပင် ပြောင်းလဲရန် ခက်ခဲပေလိမ့်မည်။
“ ဟား ဟား ဟား ... ။ ”
ကျိုးကျစ်လီအကြည့်ကို သတိထား မိလိုက်သော ရှန့်တျန်းချွယ်မှ မျက်ခုံးပင့်လျက် ရယ်မောလိုက်၏။
ထို့နောက် ငှက်မွှေးယပ်တောင် ကိုင်ဆောင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားထံ လှမ်းကြည့်ကာ၊
“ ဆဋ္ဌမမင်းသား ငါမင်းကို ... မိတ်ဆက်ပေးဖို့ တစ်ယောက် ကျန်နေခဲ့တယ် ... ဒါက အစ်ကိုယွီချောင်ယွမ်ပါ သူက ...
... စုမိသားစုရဲ့ ဘဏ္ဍာစိုးတစ်ယောက်ပဲ ကျောက်စိမ်းမြို့တော်မှာ ကျောက်စိမ်းဓားသခင် အဖြစ် လူသိများပါတယ် ... ကျင့်ကြံမှုအရ ဒုတိယအဆင့် မဟာသခင်။ ”
“ ကျောက်စိမ်းမြို့တော် စုမိသားစု ... ။ ”
၎င်းသည် မဟာကျိုးမင်းဆက်၏ ပိရမစ်ထိပ်တွင် ထိုင်နေသည့် ဧရာမမိသားစု ဖြစ်၏။ ၎င်းတို့ခွန်အားသည် တော်ဝင် မိသားစုအပေါ် လွှမ်းမိုးနိုင်သည်။
ယွီချောင်ယွမ်သည် စုမိသားစု မျိုးဆက် မဟုတ်သော်လည်း ဘဏ္ဍာစိုးအဖြစ် တာဝန်ယူ ရသဖြင့် ထူးခြားသော အာဏာရှိသည်မှာ ပြောစရာမလိုချေ။
ထိုအချိန်တွင် ကျိုးကျစ်လီမှ သူ့ကိုယ်သူ ဒေါသဖြင့် ပါးရိုက်ချင်သွား၏။ အစ်ကိုစုကဲ့သို့ တစ်စုံတစ်ယောက်သည် ဤစုမိသားစုဝင် ဖြစ်နိုင်ကြောင်း လုံးလုံး မတွေးမိခဲ့ချေ။
လူတိုင်းသည်လည်း စုရီထံ လှမ်းကြည့် လိုက်ကြသည်။ ဤလူငယ်သည် စုမိသားဝင် တစ်ယောက် ဖြစ်နိုင်သည်လော။
ချာကျင်က အနည်းငယ် အံ့ဩသွား၏။ တစ်ချိန်လုံး စုရီအနား နေနေခဲ့သော သူမသည် ထိုအရာကို မတွေးမိခဲ့ချေ။ နုံအလွန်းချေ၏။
အဆုံးတွင် ကြိမ်ကုလားထိုင်ပေါ်၌ အိပ်ပျော်နေသော စုရီတစ်ယောက် မျက်လုံးများ ဖွင့်လာခဲ့သည်။
ပြီးနောက် ငှက်မွှေးယပ်တောင်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားထံ လှည့်ကြည့် လိုက်ကာ၊
“ မင်း ... ငါ့အတွက်လာတာလား။ ”
-ဟု မေးမြန်းတော့၏။
လူလတ်ပိုင်းအရွယ်ယ် အမျိုးသား ယွီချောင်ယွမ်က ငှက်မွေးယပ်တောင်ကို တဖျပ်ဖျပ်ခပ်လျက် သက်ပြင်းချကာ၊
“ တတိယသခင်လေး ... ဒုတိယမင်းသား သတင်းကြောင့်သာ မဟုတ်ရင် မင်းဒီလောက် ပြောင်းလဲသွားတယ်ဆိုတာ ... ငါတို့ သိလိုက်မှာတောင် မဟုတ်ဘူး။ ”
-ဟု တုန့်ပြန်လာ၏။
‘တတိယ သခင်လေး’ ဟူသော အသုံးအနှုန်းကြောင့် လူတိုင်း မှင်သပ်ကုန်၏။ ဤလူပျင်းလေးသည် စုမိသားစုမှ သခင်လေး တစ်ပါးဖြစ်သည်လော။
ယုံနိုင်စရာ မရှိချေ။ ယွီပိုင်တျန်ခမျာ မျက်နှာပြောင်းသွား၏။ စုရီသည်သာ စုမိသားစု သခင်လေး ဖြစ်ပါက သူ့အတွက် မကောင်းနိုင်ချေ။
လူအုပ်ကြီး၏ အံ့ဩမင်တတ်နေသည့် အမူအရာများအပေါ် သတိထားမိလိုက်သော ရှန့်တျန်းချွယ်မှ ခေါင်းယမ်းကာ၊
“ အားလုံးပဲ ... ဒီစုရီက ကျောက်စိမ်း မြို့တော် စုမိသားစုရဲ့ ... တတိယသခင်လေး ဖြစ်ပေမယ့် ... သူက နှင်ထုတ်ခံထားရတဲ့ ကလေးတစ်ယောက်ပါ။ ”
-ဟု အသိပေးလိုက်တော့၏။
သို့မှသာ လူတိုင်း ပို၍ ရှုပ်ထွေးလာပြီး အံသြသွားကြသည်။ ငှက်မွေး ယပ်တောင်နှင့် အမျိုးသား ယွီချောင်ယွမ်က၊
“ မှန်ပါတယ် ရိုးရိုးသားသား ပြောရရင် ... တတိယသခင်လေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ငါတို့မိသားစုက ရှက်စရာလို့ မှတ်ယူပြီး ...
... အပြင်လူတွေ မသိအောင် လျှို့ဝှက်ထားခဲ့တာပါ ဘယ်သူမှ သူ့အကြောင်း မသိကြတာ သဘာဝပါပဲ။ ”
-ဟု ရှင်းပြလိုက်၏။
စုရီမှ စကားတစ်ခွန်းမျှ ဝင်မပြောချေ။ နှစ်ပေါင်းများစွာ ကြာပြီးနောက် စုမိသားစု၏ သူ့အပေါ် အမြင်များကို သိလိုသေး၏။ ယွီချောင်ယွမ်က သက်ပြင်းသည်။
“ ဒီအကြောင်းကို ပြောဖို့ ... ငါ့မှာ အရည်အချင်းမရှိပါဘူး ဒါပေမယ့် ဒီအချိန်မှာ စကားပြောဖို့ လာခဲ့တာမို့ ... နည်းနည်းတောက် ရှင်းပြပါမယ်။ ”
လူတိုင်းက တိတ်ဆိတ်စွာ နားစွင့်နေ၏။ အထူးသဖြင့် စုရီသည်လည်း အနှောက်အယှက် မပေးဘဲ နားထောင်နေခဲ့သည်။
“ ငါတို့ စုမိသားစုမှာ ဒီစုရီရဲ့နာမည်က တားမြစ်ချက်တစ်ခုပဲ ဘယ်သူမှ ထုတ်ပြောခွင့် မရှိကြဘူး၊ ...
... သူက သစ္စာဖောက်တစ်ယောက်ပဲ မိသားစုခေါင်းဆောင်က သူ့သွေးနှောနေလို့သာ မဟုတ်ရင် သတ်ပစ်ခဲ့တာ ကြာပါပြီ ...
... ဒါကြောင့် စုရီက ငါတို့ရဲ့ တတိယသခင်လေး ဖြစ်ပေမယ့် သူသေသွား ခဲ့ရင်တောင် ဘယ်သူမှ အပြစ်မရှိပါဘူး။ ”
စကားအဆုံးတွင် ယွီချောင်ယွမ်ထံမှ အေးစက်သောရောင်ဝါနှင့် သတ်ဖြတ်လိုသည့် ဆန္ဒများ ထွက်ပေါ်လာတော့သည်။
***