← Chapters

ဓား၏ ကျက်သရေ။

Vol. 15 Ch. 173

ဓား၏ ကျက်သရေ။

Vol. 15 Ch. 173

မလှမ်းမကမ်းတွင် စုရီက ခေါင်းခါသည်။

“ ဒီဓားသုံးလက်ဟာ အဆင့်တစ်ခုအထိ ရောက်နေပြီ ... ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ချို့ယွင်းချက်တွေ အများကြီး ရှိနေတယ် ...

... မင်းက သူတို့ရဲ့ စွမ်းအားတွေကို မြှင့်တင်ရမဲ့အစား ကြီးကျယ်ခမ်းနားအောင် အာရုံစိုက်နေတယ်။ ”

ထိုသုံးသပ်ချက်က ချင်းချန်ရှန်ကို မျက်နှာပြောင်းသွားစေသည်။ ခဏအကြာတွင် အသက်ပြင်းပြင်းရှူလျက်၊

“ ငါမင်းအပေါ် အရင်က ... လျှော့တွက်မိခဲ့တာ ဝန်ခံပါတယ် ဒါပေမယ့် ဓားတာအိုနဲ့ ပတ်သက်လာရင် မင်းငါ့ကို ဒီလို အရှက်ခွဲလို့မရဘူး။ ”

“ ဟမ့် ... ငါက အရှက်ခွဲတာလား ... ကောင်းပြီ ဒါဆို ဓားသမား တစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းဆိုတာ ဘာလဲ ငါပြမယ်။ ”

စကားဆုံးသည်နှင့် စုရီ၏ ရောင်ဝါများ ပြောင်းလဲသွားကာ သတ်ဖြတ်ခြင်း နတ်ဘုရား ကဲ့သို့ ရက်စက်ကြမ်းကြုတ်လာ၏။

၀မ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ရှင်သန်ခြင်း၊ သေခြင်းစသည့် အရာများ ပျောက်ကွယ်သွားပြီး လူသတ်လိုသော ရည်ရွယ်သာကျန်ရှိသည်။

ထိုရည်ရွယ်ချက်သည် သိပ်သည်းသဖြင့် ချင်းချန်ရှန်၏ စိတ်ဝိညာဉ်အတွင်း ကြောက်ရွံ့မှု အရိပ်အယောင်များ ရုတ်တရက် ခံစားလိုက် ရ၏။

“ သတ် ... ။ ”

အံကြိတ်လျက် နောက်ဆုံးသော ဓားကိုထုတ်ဖော်လိုက်သည်။ မုတ်ဆိတ်များ လွင့်ပျံသွားကာ မျက်လုံးများ ပြူးကျယ်လျက် သူ့တစ်ကိုယ်လုံး ပူလောင်လာ၏။

ဤသည်မှာ ပဉ္စမအဆင့် မဟာသခင် တစ်ပါး၏ အထွတ်အထိပ် စွမ်းအား ဖြစ်ချေပြီ။ ဘဝအတွက် အတောက်ပဆုံးသော ဓားဟုပင် သတ်မှတ်နိုင်၏။

ဤအခိုက်တွင် သူသည် စုရီကို အထူး ကျေးဇူးတင်မိ၏။ အကယ်၍ အတင်းအကြပ် တွန်းပို့ခြင်းမခံရသော် သည်ဓားကို ထုတ်ရန် အောင်မြင်ဦးမည် မဟုတ်ချေ။

ဆိုလိုသည်မှာ အကြပ်အတည်းသည် အခွင့်အရေးဖြစ်ပြီး ခမ်းနားသော တောင်တန်း ဓားရေး၏ နောက်ဆုံးဓားကို ထိုးထွင်း သိမြင်လာခြင်းဖြစ်သည်။

သို့သော် ကံမကောင်းလှချေ။ ဓားအလင်းတစ်ချက်သည် ခန္ဓာကိုယ်အတွင်း ဖြတ်သန်းသွား၏။ မြန်းလွန်းချေပြီ။

နီမြန်းသောသွေးများ ပန်းထွက်လာပြီး သူနားလည်လိုက်သော ဓားကို ပြသခွင့်သည်ပင် မရလိုက်ချေ။ အဆုံးတွင် ခက်ခက်ခဲခဲ ခေါင်း မော့လျက် စုရီထံ ပြုံးပြလိုက်မိ၏။

“ နောက်ဆုံးတော့ ဓားသမားရဲ့ ကျက်သရေကို ငါသိလိုက်ရပြီ ဒီဓားအောက်မှာ ငါချင်းချန်ရှန့် သေခွင့်ရတာ ... စိတ်သက်သာရာ ရစေပါတယ် ကျေးဇူးတင်ပါတယ်။ ”

စကားဆုံးသည်နှင့် မြေပြင်ပေါ် လဲကျငြိမ်သက်သွားတော့၏။ နောင်တမရှိ။ နာကျင်မှုမရှိ။ မုန်းတီးမှုမရှိ။ ပီဘိ ကျေနပ်မှုသာ ရှိနေခဲ့ချေပြီ။

ဤဓားသည် အရမ်းလှချေ၏။ ထိုအတွေးသည်သာလျှင် ချင်းချန်ရှန့်အတွက် နောက်ဆုံးအသိဖြစ်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် သွားချေပြီ။ ရှန့်တျန်းချွယ်နှင့် အဖွဲ့သားများခမျာ ရေခဲလှိုဏ်ဂူထဲ ပြုတ်ကျသွားသကဲ့သို့ တောင့်တင်းကုန်၏။

ထိုဓားသည် ၎င်းတို့နှလုံးသားထဲတွင် အနည်းငယ် ကျန်ရှိနေသော ယုံကြည်မှုများနှင့် မောက်မာမှုများကို ဖြိုခွဲပစ်လိုက်၏။

ခဏအကြာတွင် ရှန့်တျန်းချွယ်မှ ဦးစွာအသိပြန်ဝင်လာပြီး၊

“ ဂုဏ်ယူပါတယ် ... ပြည်နယ်သခင်မု ဒီနေ့ကစပြီး ... မင်းက အင်ပါယာပြည်နယ်ရဲ့ သခင်အသစ်ပါ။ ”

-ဟု မုကျန်းတုံထံ လှမ်းကြည့်ကာ ပြောကြားလိုက်သည်။

“ ဟမ့်၊ မင်းရဲ့ ဂုဏ်ပြုစကားတွေကို ငါတို့မလိုအပ်ဘူး သုံးရက်အတွင်း ကိစ္စအားလုံး လွှဲပြောင်းပေးပါ။ ”

ကျိုးကျစ်လီက သတိဝင်လာပြီး မုကျန်းတုံအစား အေးစက်စွာ တုန့်ပြန်လိုက်၏။ လူတစ်ယောက်နှင့် ဓားတစ်လက်သည် ကစားပွဲ အဖြေကို ပြောင်းလဲနိုင်ခဲ့ချေပြီ။ ယနေ့နိုင်ပွဲကို မယုံကြည်နိုင်သေးချေ။

ရှန့်တျန်းချွယ်က လက်ဝှေ့ယမ်းလိုက်ပြီး၊

“ အားလုံးပဲ‌ ရေနွေးကြမ်းသောက်ပွဲ ပြီးဆုံးသွားပါပြီ ငါတို့သွားရအောင်။ ”

-ဟု အံကြိတ်ကာ ပြောကြားသည်။

ဤအရပ်၌ တစ်စက္ကန့်ပင် သူ မနေလိုတော့ချေ။ ချင်းချန်ရှန် သေဆုံးမှုကြောင့် ယုံကြည်ချက် လုံးဝ ပြိုလဲသွားပြီဖြစ်သည်။

“ ဘယ်သူက ထွက်သွားခိုင်းလို့လဲ။ ”

သို့သော် စုရီမှ ခွင့်မပြုချေ။ ရွယ်နင်ယွမ်က ဒေါသထွက်လာပြီး၊

“ စုရီ၊ ငါတို့ ရှုံးနိမ့်တာကို ဝန်ခံပြီးပြီ ... ဒါဆို မင်းကဘာလုပ်ချင်နေတာလဲ။ ”

-ဟု အော်ဟစ်လိုက်သည်။

“ ဒါဆို ... မင်းနဲ့ အရင်စလိုက်မယ်။ ”

“ ရွှပ် ... ။ ”

စကားဆုံးသည်နှင့် ကောင်းကင် လမ်းညွှန်ဓားကို မြှောက်ကာ ခုတ်ချလိုက်၏။ ရွယ်နင်ယွမ်သည် တတိယအဆင့် မဟာသခင်ဖြစ်သည်။

“ ဘန်း ... ။ ”

အန္တရာယ်ကို ခံစားနိုင်သဖြင့် ဓားမရောက်ခင်ကပင် ရွှေရောင်ဒိုင်းငယ်ကို ထုတ်ပြီးဖြစ်သည်။

ဒိုင်းငယ်မှ ရွှေရောင်အလင်းများ ဖြာထွက်လာပြီး တားမြစ်အမိန့်အချို့ တောက်ပ လာသည်။ ယင်းသည် ရှန်ရှင်းအဆင့် ကျွမ်းကျင်သူကို ခုခံနိုင်စွမ်းရှိ၏။

သို့သော် ကောင်းကင် လမ်းညွှန်ဓား အောက်တွင် တစ်ချက်တည်းဖြင့် ထက်ခြမ်းကွဲ သွားတော့သည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

အကျိုးဆက်အရ ခြေလှမ်းများစွာ နောက်ပြန်ဆုတ်လိုက်မိပြီး သွေးအန်လုနီးပါး အောင့်မြက်နာကျင်သွားသည်။

“ မလုပ်နဲ့ ... ။ ”

ထိုစဉ် စုရီမှ ဒုတိယဓားကို ပိုင်းချလာ ပြန်သည်။ ထိတ်လန့်နေသော အကြည့်များဖြင့် ဦးခေါင်းကြီး လွင့်ဝဲသွားတော့၏။

ခန္ဓာကိုယ် တစ်ဆက်ဆက် တုန်ယင်လျက် သွေးများပန်းထွက်လာချေပြီ။ လူတိုင်းတစ်လှမ်း ပြန်ဆုတ်လိုက်မိ၏။

“ မင်း ... မင်း ရူးနေပြီ။ ”

လျှို့ဝှက်နဂါးဓားဂိုဏ်းမှ ခုံရှန်ကျင်းက အော်ဟစ်လိုက်သည်။ လက်ရှိ ကျန်ရစ်နေသော အဖွဲ့တွင် သူသည် အသန်မာဆုံးဖြစ်၏။

စုရီ၏ ကြီးစိုးမှုနှင့် ကြမ်းကြုတ်သော နည်းလမ်းများသည် သူ့ကို ထိတ်လန့်သွားစေ သော်လည်း မကြောက်သေးချေ။ သူ့နောက်ခံ အရ တစ်ဖက်လူသည် မသတ်ဝံ့ဟု ယုံကြည်ချေ၏။

“ ချွင် ... ။ ”

“ မင်း ... ။ ”

သို့သော် သက်တံတစ်စင်းကဲ့သို့ အေးစက်သောဓားအလင်း ကျဆင်းလာသဖြင့် ဓားဆွဲကာ ချက်ချင်း ခုခံလိုက်ရသည်။

ဓားကိုင်လက် တစ်လျှောက် တုန်ရင်သွားကာ မီးပွားများ ပွင့်ထွက်လျက် မြေပြင်၌ အက်ကွဲကြောင်း ပေါ်လာသည်။

တစ်ဖက်လူ၏ ချီစွမ်းအင်သည် ယုံနိုင်စရာမရှိချေ။ ကြောက်စရာ ကောင်းချေပြီ။ ထိတ်လန့်စွာဖြင့် ရှန့်တျန်းချွယ်တို့ထံ လှည့်ကြည့်ကာ၊

“ မင်းတို့ ဘာလုပ်နေကြတာလဲ။ ”

-ဟု အော်ငေါက် သတိပေးလိုက်သည်။

ရှန့်တျန်းချွယ်နှင့် အခြားသူများက ချက်ချင်းသတိဝင်လာပြီး လှုပ်ရှားတော့သည်။ သို့သော် မျှော်လင့်ထားသကဲ့သို့ သူနှင့်အတူ စုရီကို သတ်ရန်မဟုတ်ချေ။ ယင်းအစား၊

“ ပြေး ... ။”

-ဟု အော်ဟစ်ကာ၊ အရပ်မျက်နှာ အသီးသီးသို့ ဦးတည် လိုက်ခြင်းဖြစ်လေသည်။

“ တိရိစ္ဆာန်တွေ ... ။ ”

ခုံရှန့်ကျင်းတစ်ယောက် အော်ဟစ် ကျိန်ဆဲတော့သည်။ ဤမြေခွေးအိုကြီးများသည် ဤမျှ အရှက်မဲ့စွာဖြင့် အလုအယက် ထွက်ပြေး ကြလိမ့်မည်ဟု မထင်ခဲ့ချေ။

“ မင်းတို့ ... လွတ်မယ်ထင်လား။ ”

စုရီက အသက်ပြင်းပြင်း ရှူလိုက်ပြီး ကောင်းကင်လမ်းညွှန်ဓား၏ တားမြစ်အမိန့်ကို အသက်သွင်းလိုက်သည်။ မထင်မရှားနှင့် လျှို့ဝှက်ဆန်းကြယ်သော အခင်းအကျင်း ပုံစံတစ်ခု ပေါ်လာသည်။

“ ရွှပ် ... ။ ”

အဆုံးတွင် တိမ်ပင်လယ်သည် မမြင်နိုင်သောစွမ်းအားတစ်ခုမှ ဆွဲငင်လိုက် သကဲ့သို့ ရုတ်တရက် ရွေ့လျားလာ၏။

“ ဒါ … ။ ”

“ မြေကြီးအဆင့် ကျွမ်းကျင်သူ ... ။ ”

ထိုမြင်ကွင်းကို တောင်အောက်မှ စောင့်ကြည့်နေသော လူအများ မြင်ပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။

ဤကမ္ဘာကြီးတွင် မြေကြီးအဆင့် ကျွမ်းကျင်သူများသည် တောင်တန်းများကို ရွေ့ပြီး ပင်လယ်ကို မှောက်လှန်နိုင်၏။

လေ၊ မိုးကြိုး၊ မြေကြီးနှင့် မီးတို့သည် သူတို့ဆင့်ခေါ်တိုင်း လိုက်ပါရသည်။ လက်ရှိ မြင်ကွင်းသည် ထိုအဆင့်တွင်ရှိ၏။ ကြောက်စရာ ကောင်းချေပြီ။

ဦးစွာ လှည့်ထွက်ပြေးသွားသော ရှန့်တျန်းချွယ်ထံ တိမ်ပင်လယ်ကြီးက ရောက်ရှိ လာပြီး ဖိအားများ သက်ရောက်စေ၏။

တောင်ကြီးတစ်လုံး ပြိုကျသကဲ့သို့ အရိုးများကျိုးလျက် ဆက်ပြေး မရတော့ချေ။

“ သေစမ်း ... ။ ”

ထိတ်လန့် တုန်လှုပ်သွားပြီး ရုန်းကန်လိုက် သော်လည်း စူးရှသောခံစားချက်က လည်ပင်းသို့ ဝင်ရောက်လာသည်။ သွေးညှီရနံ့များ ပျို့တက်လာစဉ် လဲကျသွားတော့၏။

“ ငါ့အတွက် လမ်းဖွင့်ပေး ... ။ ”

သူနှင့် ဆန့်ကျင်ဘက် အရပ်ထံသို့ ပြေးသွားသော ယွီပိုင်တျန်က အော်ငေါက်လျက် လှံတစ်စင်းဖြင့် တိမ်ပင်လယ်အတွင်း ပစ်လွှတ်လိုက်သည်။

ထိုတိမ်ပင်လယ်သည် သာမာန်ဟု ထင်ရသော်လည်း များစွာ ထူထပ်၏။ ၎င်းတို့က သူ့လှံငယ်ကို ဝါး​မျိုလျက် ချက်ချင်းခေါင်းပေါ် ရောက်ရှိလာသည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ယွီပိုင်တျန်တစ်ယောက် ထိတ်လန့် တုန်လှုပ်သွားပြီးနောက် ဆက်မပြေးဝံ့တော့ဘဲ ခြေလှမ်းပေါင်းများစွာ အဆက်မပြတ် ပြန်ဆုတ်လိုက်ရသည်။

“ သားသမီး အကြွေးကို ... မိဘက ပေးဆပ်ရတယ် ... မင်းသေသွားရင် မင်းရဲ့သမီး အသက်ကို ငါမယူတော့ပါဘူး ... ဒါက ပိုကောင်းတယ် မဟုတ်လား။ ”

တိမ်ပင်လယ်အတွင်းမှ စုရီအသံက ပဲ့တင်ထပ်လာပြီး မြူများ ပြိုကျလာခဲ့သည်။

“ သခင်ငယ် ... ရှုံးနိမ့်တာဝန်ခံပါတယ်၊ မင်းကိုငါ့သခင်အဖြစ် ခံယူဖို့ ဆန္ဒရှိပါတယ် ငါ့ရဲ့ ယွီမိသားစုက ... မင်းရဲ့ ကျွန် ... ။ ”

“ မထိုက်တန်ဘူး ... ။ ”

“ စွပ် ... ။ ”

“ အား ... ။ ”

စကားသံနှင့်အတူ လည်ပင်း၌ စူးရှသော ခံစားချက် ဝင်ရောက်လာပြီး သွေးများ ရေတံခွန် တစ်ခုလို ပန်းထွက်လာတော့သည်။

ထို့နောက်တွင် မြူများလွင့်ပါးလာပြီး တိမ်ပင်လယ်ကြီး ပြန်၍ ပျောက်ကွယ်သွားကာ အလောင်းများ ပျံကျဲကျန်ရစ်ခဲ့၏။

ခုံရှန့်ကျင်း၏ ရှုပ်ထွေးနေသော အကြည့်များဖြင့် ဦးခေါင်းကြီးသည် စုရီခြေရင်း၌ ငြိမ်သက်နေ၏။ စုရီမှ မည်သို့သတ်ဝံ့သည်ကို သူ နားလည် မသွားနိုင်ချေ။

“ မြင်လား ... မင်းမှာ လုံလောက်တဲ့ ခွန်အားရှိနေရင် ... သူတို့ကို ဓားတစ်လက်နဲ့ ဖြေရှင်းနိုင်တယ်။ ”

ကောင်းကင်လမ်းညွှန် ဓားဖျားမှ သွေးစက်များကို ခါထုတ်လျက် ကျိုးကျစ်လီထံ လှည့်ကြည့်ပြီး စုရီမှ ပြောကြားလိုက်သည်။

***

All Chapters