အကျိုးဆက်များ ... ။
Vol. 15 Ch. 174
ကျိုးကျစ်လီ တစ်ယောက် တုန်လှုပ်နေလျက်မှ လေးနက်စွာ ဦးညွှတ်တော့ လေသည်။
“ ဒီနေ့ ... ငါ့ကို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာစု ... ငါကျိုးကျစ်လီ ဒီကြင်နာမှုကို ဘယ်တော့မှ မမေ့ပါဘူး။ ”
မုကျန်းတုံသည်လည်း သတိဝင်လာပြီး ဦးညွှတ်ကာ၊
“ ဆရာစု ... အခုချိန်ကစပြီး ... မင်းတောင်းဆိုစရာရှိရင် ငါ့အသက်ကိုတောင် ငြင်းပယ်မှာ မဟုတ်ပါဘူး။ ”
“ ဟမ့် ... မင်းအသက်ကို ... ငါဘာလုပ်ရမှာလဲ အခု အကျိုးဆက်အတွက် မင်းတို့ စိုးရိမ်နေသင့်တယ်။ ”
“ အောင်နိုင်သူဟာ ဘုရင်ဖြစ်ပြီး ... ရှုံးနိမ့်သူက ဓားပြပါပဲ ... သူတို့ဘယ်လောက်ပဲ တန်ခိုးကြီးပါစေ သေရင် အလောင်းပါ။ ”
ကျိုးကျစ်လီမှ ပြန်ဖြေ၏။ ဤတစ်ကြိမ် အဖြစ်အပျက်များသည် အလွန် ကြီးမားသဖြင့် နောင်လာမည့် ရက်များတွင် ရုတ်ရုတ်သဲသဲ ဖြစ်မည်ကို နားလည်ထားသည်။
သို့သော် ရင်ဆိုင်ရန်မှတပါး အခြား ရွေးချယ်စရာ မရှိချေ။ ထိုအတွေးဖြင့် စုရီကို စိုးရိမ်စွာ ပြန်ကြည့်မိ၏။
“ အစ်ကိုစု ဒီတစ်ခါ ငါ့ကြောင့် ... မင်းစုမိသားစုနဲ့ ရန်သူဖြစ်သွားပြီး ... မင်းကို ပစ်မှတ်ထားခံရမှာ ကြောက်မိတယ်။ ”
“ ကမ္ဘာကြီးရဲ့ အရှုပ်အထွေးတွေက ငါ့အတွက်တော့ လွင့်မျောနေတဲ့ တိမ်တွေလိုပါပဲ ဒါကြောင့် ဒီလိုပျင်းစရာ အကြောင်းတွေ မပြောနဲ့တော့။ ”
စကားဆုံးသည်နှင့် စုရီက ကောင်းကင်ပေါ် ပြန်မော့ကြည့်ကာ၊
“ မင်းတို့ ကြည့်လို့ မပြီးသေးဘူးလား။ ”
-ဟု မေးမြန်းလိုက်သည်။
လူတိုင်းက အံ့အားသင့်စွာဖြင့် စုရီ မော့ကြည့်နေသည့် လမ်းကြောင်းထံသို့ လိုက်ပါ ကြည့်ရှုလိုက်မိသည်။ ငြိမ်သက်နေသော တိမ်ပင်လယ်မှတပါး အခြားမရှိချေ။
များမကြာခင် လင်းယုန်တစ်ကောင်သည် စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ တိမ်ပင်လယ်မှ ပျံသန်းထွက်ပေါ်လာသည်။ သူ့နောက်တွင် လူနှစ်ယောက် တင်ဆောင်လျက် တောင်ထိပ်ပေါ် ဆင်းသက်လာ၏။
“ ဝှစ် ... ။ ”
ထိုလူနှစ်ယောက်သည် နင်စစ်ဟွာနှင့် ငွေနဂါးဝတ်ရုံကို ၀တ်ဆင်ထားသော အမျိုးသား တစ်ယောက် ဖြစ်သည်။
“ ရှန့်ကျိစုန်က ... သခင်လေးစုကို နှုတ်ဆက်ပါတယ်။ ”
၎င်းတို့က လင်းယုန်စိမ်းပေါ်မှ ခုန်ချကာ စုရီကို နှုတ်ဆက်သည်။ ဤသည်မှာ အနီရောင် သံချပ်ကာတပ်ရင်း၏ စစ်သူကြီး တိမ်လွှာ သူရဲကောင်း ဖြစ်ချေပြီ။
တောင်ထိပ်ပေါ်ရှိ လေထုသည် အလွန်ပြင်းထန်သော သွေးညှီရနံ့များဖြင့် ထုံမွှန်းပျော်ဝင်နေ၏။ နင်စစ်ဟွာမှ၊
“ ချီစုစည်းခြင်းအဆင့်ရဲ့ တစ်စုံတစ်ယောက်က ကောင်းကင်နဲ့မြေကြီး စွမ်းအားကို ဆင့်ခေါ်နိုင်တယ် တကယ့်ကို မယုံနိုင်စရာပါပဲ ။ ”
-ဟု ရေရွတ်လိုက်သည်။
“ တိုက်ပွဲကြည့်ဖို့ လာတာလား။ ”
စုရီမှ မေးမြန်း၏။
“ ဘယ်ဟုတ်မလဲ။ ”
နင်စစ်ဟွာက ငြင်းဆန်လျက်၊
“ တိမ်လွှာ သူရဲကောင်းနဲ့ ငါက တာအိုမိတ်ဆွေနဲ့ ကိစ္စတစ်ခု ဆွေးနွေးဖို့လာတာ အချိန်ရရင် ငါတို့ သောက်ရအောင်။ ”
“ မနက်ဖြန်မှ ပြန်လာခဲ့ ... ။ ”
“ ဟမ့် ... ဘာလို့ မနက်ဖြန်လဲ။ ”
“ ငါ မနက်စာ မစားရသေးဘူး။ ”
စုရီမှ ပြန်ဖြေသည်။ ထိုအဖြေကြောင့် နင်စစ်ဟွာက မျက်ခုံးပင့်မိ၏။ ကျိုးကျစ်လီက ချောင်းဟန့်သံပေးလျက်၊
“ အဟွတ် ... အဟွတ် ... ဒီနေ့ အစ်ကိုစုအတွက် ငါကောင်းကောင်း ပြင်ဆင် ထားပါတယ် ... ငါတို့ သွားကြမလား။ ”
-ဟု ပြောကြားလာ၏။
“ လူမိုက် ... ။ ”
စုရီက ကျိုးကျစ်လီကို လှည့်ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။
“ ငါ အကြောင်းပြချက်အဖြစ် ... သုံးလိုက်တာ မင်းနားမလည်ဘူးလား ... ဒီနေ့ ဘယ်သူနဲ့မှ ငါစကားမပြောချင်သေးဘူး။ ”
သို့မှသာ နင်စစ်ဟွာက ပြုံးလိုက်ပြီး၊
“ ကောင်းပြီ ... ဒါဆို ငါတို့ မနက်ဖြန်မှ ပြန်လာမယ်။ ”
“ ဒီသားရဲ့ ငါ့ကို ခဏငှားပါ ... လမ်းမလျှောက်ချင်တော့ဘူး။ ”
စုရီမှ လင်းယုန်စိမ်းထံ ကြည့်ကာ တောင်းဆိုလိုက်သည်။ လင်းယုန်စိမ်းခမျာ ခင်မင်မှုအရ သားရဲဟူသော နာမ်စားကို ဆက်မသုံးစေချင်တော့ချေ။
သို့သော် ဤသို့သော လူထူးလူဆန်း တစ်ယောက်နှင့် ဘက်ပြိုင်ဆွေးနွေးလိုခြင်း မရှိသဖြင့် လျစ်လျူရှုထားလိုက်ရသည်။
“ ကျီး ... ။ ”
များမကြာမီ လူတိုင်း၏ အကြည့်များအောက်၌ စုရီနှင့် ချာကျင်သည် လင်းယုန်စိမ်းပေါ် ခုန်တက်လျက် ထွက်ခွာ သွားတော့သည်။
“ သခင်လေးစုရီက တကယ့်ကို ထူးထူးခြားခြား လူတစ်ယောက်ပါပဲ။ ”
တိုက်ပွဲအစအဆုံးကို ကြည့်ရှုခဲ့ရသဖြင့် တိမ်လွှာသူရဲကောင်းက စုရီကို သဘောကျစွာ မှတ်ချက်ပေးလေသည်။
နင်စစ်ဟွာမှ တုန့်ပြန်ခြင်း မပြုချေ။ တိမ်ပင်လယ်ကို စိုက်ကြည့်ကာ ချောက်ကမ်းပါး အစွန်းသို့ လျှောက်သွား ရပ်နေလိုက်သည်။
တိမ်လွှာသူရဲကောင်းက သူမကို လျစ်လျူရှုလျက် ကျိုးကျစ်လီထံ ပြုံးကြည့်ကာ၊
“ အရှင်မင်းသား၊ ဒီအရှုပ်အထွေးကို ဘယ်လိုရှင်းပစ်ဖို့ ဘယ်လို စီစဉ်ထားလဲ။ ”
-ဟု မေးမြန်းလိုက်၏။
သေဆုံးသူများ နောက်ကွယ်တွင် မဟာကျိုး၏ ထိပ်တန်းအင်အားစု သုံးခုရှိသည်။ သတင်းများ ပျံ့သွားသောအခါ ကြီးစွာသော ဒုက္ခဖြစ်ပေလိမ့်မည်။ ပါဝင်ပတ်သက်သူ မည်သူမဆို ဘေးဥပဒ် ကျနိုင်၏။
“ ရိုးရိုးသားသား ပြောရရင် ဒီအကျပ်အတည်းကို ဘယ်လို ဖြေရှင်းရမလဲ ငါ မသိသေးဘူး ... အဆုံးမဲ့ အကျိုးဆက်တွေကို ငါခံရမှာပါပဲ။ ”
ကျိုးကျစ်လီမှ သက်ပြင်းချကာ ဝန်ခံလိုက်တော့သည်။ တိမ်လွှာသူရဲကောင်းမှ ခေါင်းညိတ်လိုက်၏။
“ အရှင်မင်းသား ဒီကိစ္စနဲ့ ပတ်သက်ပြီး ... ငါ့ရဲ့ထင်မြင်ချက်ကို မင်းကြားချင်လား။ ”
“ ဟမ့် ... ဒါသဘာဝပါပဲ။ ”
ကျိုးကျစ်လီတစ်ယောက် စိတ်ဝင်စားလာပြီး တိမ်လွှာသူရဲကောင်းကို လက်သီးနှင့် လက်ဖဝါး ဖိကပ်ကာ အရိုအသေပေးလိုက်သည်။
“ ဒီနေ့ဟာ ပြည်နယ်သခင် ရွေးချယ်ပွဲ လေးပဲ ဒါက အရေးမကြီးဘူး၊ ပြည်နယ်သခင် ခန့်အပ်တဲ့ တာဝန်ကို အရှင်မင်းသားဆီ ဧကရာဇ် ဘာလို့ပေးအပ်လဲ သိလား။ ”
“ ခမည်းတော်ရဲ့ စမ်းသပ်မှုပါ။ ”
“ မှန်တယ်၊ ဒါကြောင့် အရှင်မင်းသားက ဒုတိယမင်းသားကို အနိုင်ယူနိုင်လိုက်တဲ့ အခါမှာ ဒီစမ်းသပ်မှုကို အောင်မြင်သွားပြီ ...
... ဒီအတွက် အကျိုးဆက်ဆိုတာ ... အရှင်မင်းသားအတွက် ရှိလာမှာ မဟုတ်ပါဘူး၊ အဲဒီအစား ဧကရာဇ်ရဲ့ ကွာပြားတဲ့ အမြင်သာ ရှိလာပါလိမ့်မယ်။ ”
“ ဒါက ... ။ ”
ကျိုးကျစ်လီခမျာ စကားမပြောနိုင် ဖြစ်သွား၏။
“ ဟား ဟား ဟား ... ဧကရာဇ်တစ်ပါးရဲ့ အမြင်မှာ စမ်းသပ်မှုကို အောင်နိုင်တဲ့မင်းသားက အရေးကြီးဆုံးပဲ ...
... လျှို့ဝှက်နဂါးဓားဂိုဏ်း၊ စုမိသားစုနဲ့ ဘယ်လိုအင်အားစုမျိုးမဆို .. အရှင်မင်းသားဟာ ယခင်လို မဟုတ်တော့ကြောင်း သူတို့သိရမယ် ...
... သူတို့ လက်စားချေချင်ရင် အရင်ဆုံး ဧကရာဇ်မင်းမြတ်ကို ... ထည့်စဉ်းစားဖို့လိုလာ လိမ့်မယ်။ ”
“ အမှန်ပဲ ... ငါဒါကို တကယ် မစဉ်းစားမိဘူး ... ။ ”
ကျိုးကျစ်လီမှ ရွှင်မြူးသွား၏။
“ ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ခဲ့ရင် ... ကျောက်စိမ်းမြို့တော်ကို ဒီတစ်ကြိမ်ပြန်တဲ့အခါ ဧကရာဇ်ရဲ့ အသိအမှတ်ပြုမှုကို ...
... အရှင်မင်းသား ခံစားရပါလိမ့်မယ် ... ဒီအတွက်ကြိုပြီး ဂုဏ်ယူမိပါတယ် ဒါပေမယ့် ဒါက မပြီးသေးတာမို့ အရမ်းကြီး ပျော်နေစရာ မလိုပါဘူး။ ”
“ သူရဲကောင်းရှန့် ... ငါ့ရဲ့ အားသာချက် အားနည်းချက်တွေကို ဒီနေ့ကောင်းကောင်းကြီး ငါသိပါပြီ၊ ငါ့အဖေက ငါ့ကို အပြစ်မပေးသရွေ့ သူ့ကိုကျေးဇူးတင်နေမှာပါ။ ”
“ ဟားဟားဟား ... အပြစ်ပေးခံရမှာ ကြောက်နေတာလား ... ဧကရာဇ်မင်းမြတ်က ဒီလိုလောကီရေးရာတွေကို စိတ်မဝင်စား တော့တာ ကြာနေပါပြီ၊ ...
... ဒါကြောင့် ဒီစမ်းသပ်မှုဟာ အိမ်ရှေ့မင်းခန့်အပ်ဖို့အတွက် ရည်ရွယ်တာလို့ ငါပြောဝံ့တယ်။ ”
“ မင်းရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် သူရဲကောင်းရှန့် ။ ”
ကျိုးကျစ်လီက လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ ဤမျှ ကိစ္စလေးတစ်ခုသည် ထိုသို့ သက်ရောက်မှု ရှိနိုင်ကြောင်း သူ မသိခဲ့ချေ။
“ အရင်တုန်းကတော့ ဖခမည်းတော်က ငါ့အပေါ်တန်ဖိုးမထားခဲ့ဘူး၊ တော်ဝင်မိသားစု အရေးမှာ ငါ့အဆင့်အတန်းက အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုထက် ...
... အဆပေါင်းများစွာ နိမ့်ကျပါတယ် ... အခုလို ဖခမည်းတော်ဆီက အသိအမှတ်ပြုမှုကို ရနိုင်ရင် ငါအရမ်းပျော်မိမှာပါ။ ”
ထိုစကားကြောင့် တိမ်လွှာသူရဲကောင်းက ပြုံးလေသည်။
“ ဧကရာဇ်မင်းမြတ် ငယ်ငယ်တုန်းက အရှင်မင်းသားလို ပြဿနာတွေ ကြုံခဲ့ဖူးပါတယ် နောက်ဆုံးမှာတော့ ပင်လယ်ဘုရင်နဲ့ စုမိသားစု ခေါင်းဆောင်ရဲ့ အကူအညီကြောင့် ထီးနန်းကို ဆက်ခံခွင့်ရသွားတယ်။ ”
ဤတစ်ကြိမ်၌ ကျိုးကျစ်လီခမျာ နှလုံးသားတစ်ခုလုံး ကမောက်ကမ ဖြစ်သွား ခဲ့လေသည်။
ရှန့်ကျိစုန်မှ ဆက်မပြောတော့ဘဲ အဖြူရောင် ကျောက်စိမ်းဆွဲသီးကို ထုတ်ယူကာ မုကျန်းတုံထံ ပေးအပ်လိုက်၏။
“ ပြည်နယ်သခင် ရာထူးက မဟာကျိုးရဲ့ ဘုန်းအာနုဘော်ကို ကိုယ်စားပြုတယ် နောင်မှာ ပြဿနာတစ်ခုခု ကြုံရင် ဒီတံဆိပ်နဲ့ အနီရောင် သံချပ်ကာ တပ်ရင်းကို အသုံးပြုပါ။ ”
မုကျန်းတုံက စိတ်လှုပ်ရှားလာပြီး ချက်ချင်း ဦးညွှတ်ကာ၊
“ ကျေးဇူးတင်ပါတယ် သူရဲကောင်းရှန့် .. ။ ”
-ဟု တုန့်ပြန်လိုက်ရ၏။
ယနေ့ သွေးထွက်သံယို အဖြစ်အပျက်များသည် ပြည်နယ်သခင်ရာထူး အပေါ် သက်ရောက်မှု များစွာရှိ၏။ မည်ကဲ့သို့ ထိန်းထားရမည်ကို စိုးရိမ်နေခဲ့သည်။
ယခုမူ ရှန့်ကျိစုန်၏ ပံ့ပိုးမှုဖြင့် အရာများစွာကွဲပြားသွားချေမည်။ ဆိုလိုသည်မှာ ဒေသခံအင်အားစုဖြစ်သော ယွီမိသားစု၊ ကျောက်မိသားစု၊ ပိုင်မိသားစုနှင့် ရွယ်မိသားစု တို့ပင် ကန့်လန့်တိုက်ဝံတော့မည် မဟုတ်ချေ။
တစ်ဆက်တည်းမှာပင် တိမ်လွှာ သူရဲကောင်းသည် စုရီကြောင့် ဆဋ္ဌမင်းသားကို ကူညီခြင်းဖြစ်ကြောင်း နားလည်လိုက်၏။
“ ကျီး ... ။ ”
ထိုစဉ်အဝေးမှ လင်းယုန်ငှက်အော်သံကို ကြားလိုက်ရသည်။
“ သွားကြရအောင်။ ”
နင်စစ်ဟွာက ပျင်းရိနေသောအသွင်မှ ချက်ချင်းပြောင်းလဲလာပြီး တိမ်ပင်လယ်အတွင်း ခုန်ဝင်သွားတော့သည်။
သူမသည် အစမှ အဆုံးတိုင် မည်သူ့ကိုမျှ လှည့်မကြည့်ခဲ့သည်။ ကျိုးကျစ်လီသည်ပင် သူမ အာရုံစိုက်ရန် မထိုက်တန်။
***