← Chapters

သားကိုသတ်မည့် ဖခင်။

Vol. 15 Ch. 177

သားကိုသတ်မည့် ဖခင်။

Vol. 15 Ch. 177

“ ကြည့်ရတာ စုမိသားစုက အဲဒီနေ့ကတိုက်ပွဲအကြောင်း အသေးစိတ် မသိခဲ့ဘူး ထင်တယ်။ ”

ရှန့်ကျိစုန်မှ ၎င်းအပေါ် ခေတ္တမျှ တွေးတောပြီးနောက် ဖြစ်ပျက်နေသည်ကို သဘောပေါက်သည်။

“ ဒါက သဘာဝပါပဲ တာအိုမိတ်ဆွေက ချီစုစည်းခြင်း အဆင့်ပဲ ရှိသေးတယ် ကိုယ်တိုင် မမြင်ရရင် ဘယ်သူများ ယုံနိုင်မှာလဲ ... ဒါနဲ့ မင်းတကယ်ပဲ စုမိသားစုနဲ့ လမ်းခွဲဖို့ သေချာလား။ ”

နင်စစ်ဟွာက စုရီကို ကြည့်ကာမေးသည်။

“ ငါ့နှလုံးသားထဲမှာ ... ကြိုးထုံးတစ်ခု ရှိတယ် ... အဲဒါကို မဖြေရှင်း မရမခြင်း ... ငါ မပျော်နိုင်ဘူး။ ”

စုရီမှ ပြန်ဖြေသည်။

“ ငါသိသလောက် ... မဟာကျိုးရဲ့ ရှန်ရှင်းအဆင့် ကျွမ်းကျင်သူတွေထဲမှာ ဧကရာဇ် ဥသျှောင်ဟုန်ရှန့်ရှန်နဲ့ ... စုဟုန်လီက အသန်မာဆုံးပဲ ...

... စုဟုန်လီက အမှောင်နတ်ဆိုး တောင်တန်းကနေ အခွင့်အရေးတစ်ခုရခဲ့တယ် ကြားမိတယ် အဲဒီအချိန်ကစပြီး ကောင်းကင်ကို ပျံတက်သွားသလို အသက်သုံးဆယ်နဲ့ ရှန်ရှင်း အဆင့်ကို ဝင်ရောက်နိုင်ခဲ့တယ် ...

... ဒါပေမယ့် အခု လောကီအရေးကို သူစိတ်မဝင်စားတော့တာ နှစ်ပေါင်း နှစ်ဆယ် ရှိနေပြီ။ ”

နင်စစ်ဟွာ စကားကို ရှန့်ကျိစုန်မှ ခေါင်းညိတ်ပြပြီး၊

“ ဒါက ... ပိုကြောက်စရာကောင်းတယ် သူငြိမ်နေတဲ့ နှစ်တွေအတွင်းမှာ စုမိသားစုကနေ ဘုရင်သုံးပါးနဲ့ ... သူရဲကောင်း ငါးယောက် ထွက်ပေါ်လာတယ် ...

... တော်ဝင်မင်းသား တချို့တောင် စုဟုန်လီရဲ့ လမ်းညွှန်မှုကို ခံယူကြတယ်လို့ ကောလဟာလတွေရှိတယ် ...

... ဒါကြောင့် ပေ့ဝမ်ရှန်ပြောတာ ... မှန်ပါတယ် သူတကယ်စိတ်ဆိုးရင် ဧကရာဇ်က ဆဋ္ဌမင်းသားကိုတောင် စွန့်ပစ်လိုက်နိုင်တယ် ...

... ဘယ်သူမဆို မဟာကျိုးရဲ့ မဏ္ဍိုင်ကြီးနှစ်ခုထဲက တစ်ခုကို ဆုံးရှုံးခံမှာ မဟုတ်ဘူး။ ”

သို့သော် စုရီက စိတ်မဝင်စားချေ။ ယင်းအစား နင်စစ်ဟွာထံ လှည့်ကြည့်ကာ၊

“ မင်းလည်း အမှောင်နတ်ဆိုး တောင်တန်းမှာ ကံကောင်းမှုတွေ ရခဲ့တယ်လို့ ပြောခဲ့တာ ငါမှတ်မိတယ် အခုမင်းရဲ့ ကျင့်ကြံမှု အရှိန်အဟုန်နဲ့ တိုးတက်နေပြီလား။ ”

-ဟု မေးလိုက်သည်။

“ ဒါက သဘာဝပါပဲ ... ဒါပေမယ့် စုဟုန်လီတစ်ယောက် ဘာတွေကြုံတွေ့ခဲ့ရလဲ ဘယ်သူမှ မသိနိုင်ပါဘူး။ ”

“ အမှောင် နတ်ဆိုးတောင်တန်းနဲ့ ပတ်သက်ပြီး ထူးခြားတာရှိလား။ ”

“ အမှောင်နတ်ဆိုးတောင်တန်းက အရှေ့မြောက်ဘက် မိုးပြာမြစ်ပြင်ကြီးမှာရှိတယ် မိုင်ပေါင်းတစ်ထောင်ကျော် ရှည်လျားပြီး တစ်နှစ်လုံး ရေခဲတွေ ဖုံးလွှမ်းနေတယ် ...

... တစ်ခါတစ်ရံ အဲဒီတောင်ကြီးရဲ့ ကောင်းကင်မှာ ထူးဆန်းတဲ့ အနက်ရောင် အလင်းတွေ ထွက်ပေါ်လာပြီး မှောင်မိုက်တဲ့ ညလို ပြောင်းလဲသွားတဲ့အတွက် အမှောင် နတ်ဆိုးတောင်တန်းလို့ ခေါ်ကြတာ ...

... ဒါက တားမြစ်နယ်မြေတစ်ခုဖြစ်ပြီး မြေကြီးအဆင့်ကျွမ်းကျင်သူတောင် စူးစမ်းဖို့ သွားခဲ့ပေမယ့် ပြန်မလာနိုင်ခဲ့ဘူး ...

... လူတိုင်းကတော့ ... စုဟုန်လီက အဲဒီတားမြစ်နယ်မြေကနေ အခွင့်အရေးတစ်ခု ရသွားတယ်လို့ ယူဆလိုက်ကြတယ်။ ”

စုရီမှ ခေါင်းညိတ်လိုက်သည်။ ဝိညာဉ်စွမ်းအင်ရှားပါးသည့် မဟာကျိုးနယ်မြေ၌ စုဟုန်လီကဲ့သို့သော လူအများသည် ထိုအရပ်သို့ သေချာပေါက်သွားပေမည်။

သူကိုယ်တိုင်ပင် စုရွှမ်ကြွယ်ဘဝ၏ နှစ်ပေါင်း(၁၈၀၀၀၀)တိုင် အတွေ့အကြုံများနှင့် ငရဲဘုံကိုးပါးဓား ရှိသော်မှ ဝိညာဉ်စွမ်းအင် ပါးလျခြင်း ပြဿနာကို ရင်ဆိုင်နေခဲ့ရ၏။

ထို့ကြောင့်ပင် ဤခရီးကို သွားရောက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်လေသည်။ ကောင်းကင်မူလ အကယ်ဒမီမှ အဖြတ်တွင် စုရီက အောက်သို့ ငုံ့ကြည့်ကာ၊

“ လင်ရွယ် အဆင်ပြေလား။ ”

-ဟု မေးမြန်းလိုက်၏။

“ တာအိုမိတ်ဆွေ ... မင်းလွမ်းနေသလား ... ။ ”

စုရီမေးခွန်းကို နင်စစ်ဟွာမှ တိုက်ရိုက် ပြန်မဖြေဘဲ ပြုံးပြီး မေးခွန်းထုတ်လာတော့၏။

“ ဟုတ်တယ် ... ဒီကမ္ဘာမှာ ငါစုရီ ဂရုအစိုက်ဆုံး လူကို ပြရရင် ... လင်ရွယ်ပဲ။ ”

နင်စစ်ဟွာမှ ပြုံးသည်။ သူမ၏ နှလုံးသားထဲတွင် သိမ်မွေ့သော ခံစားချက် ပေါ်လာ၏။ ဤလူသည် နှလုံးသားမဲ့သူ မဟုတ်ချေ။

ချက်ခြင်း အစိမ်းရောင်စက္ကူ ကြိုးကြာတစ်ကောင်ကို ထုတ်ပေးလိုက်သည်။

“ ဒီမှာ လင်ရွယ် ... မင်းကိုပေးလိုက်တယ်။ ”

“ ဟမ့် ... ဘာလို့ အရင်က မပေးတာလဲ။ ”

“ ဟား ဟား ဟား ... မင်းမေ့နေရင် ... ငါမပေးတော့ဘဲ နေမလို့ပါ အခုလို မင်းသတိရ လိမ့်မယ်လို့ မထင်မိဘူး။ ”

“ ဟမ့် ... မိန်းမတွေက တကယ်ကို နားမလည်နိုင်အောင်ပါပဲ ... ဒီအပြုအမူတွေက စိတ်အနှောင့်အယှက် ဖြစ်စေတယ် ဆိုတာ မသိကြဘူး။ ”

စုရီက ညည်းတွားလျက် စာရွက်ကို ဖြည်ချလိုက်၏။ စာရွက်ပေါ်တွင် မြေပြင်၌ အဖော်မဲ့စွာထိုင်နေသည့် လူတစ်ယောက်ပုံ ရေးဆွဲထားသည်။

ပန်းချီကားသည် ရိုးရှင်းပြီး သနားစရာကောင်းသော အသွင်အပြင်ကို ကွက်ကွက်ကွင်းကွင်း မြင်စေ၏။

“ ဘာတဲ့လဲ ... ။ ”

“ ကလေးတွေ မသိသင့်ဘူး ... ။ ”

စုရီက ပြန်ဖြေပြီး တိမ်ပင်လယ်ကို မျှော်ကြည့်ကာ တိတ်ဆိတ်သွား၏။ ဤအရာကို အဓိပ္ပါယ်ဖော်ရန် ပျင်းချေပြီ။ သေချာသည်မှာ ဝမ်လင်ရွယ် စိတ်မဆိုးချေ။

***

ကျောက်စိမ်းမြို့တော် စုမိသားစုစံအိမ်။ စုဟုန်လီက ရေကန်ဘေးတွင် ငါးမျှားနေရာမှ စာတစ်စောင်ကို လက်ခံရရှိလာသည်။

စာအတွင်း စုရီနှင့် တွေ့ဆုံမှုအပေါ် အသေးစိတ်ဖော်ပြထား၏။ ခဏအကြာ၌ စာကို ဖယ်လိုက်ပြီး သူ့ဘေးတွင် ငါးထိုင်မျှားနေသော အဘိုးအိုထံ လှည့်ကြည့်ကာ၊

“ တာအိုအစ်ကို ... ငါ့မိသားစုအတွက် ဒီလိုသားဆိုးကို သတ်လိုက်ရင် ... မင်းငါ့ကို ဘယ်လို မြင်မလဲ။ ”

အဖိုးအိုက ချက်ချင်း ပြန်မဖြေချေ။ အချိန်အတော်ကြာ ငြိမ်သက်နေပြီးနောက် သက်ပြင်းချကာ၊

“ ကျောက်စိမ်းတောင် သူရဲကောင်းက ... စုရီကို ခေါင်းငုံ့အောင် မလုပ်နိုင်ဘူး ထင်တယ်။ ”

-ဟု ညည်းတွားလိုက်၏။

“ မာနရှိတာ ကောင်းပါတယ် ဒါပေမယ့် ဖခင်တစ်ယောက်ကို ရန်သူအဖြစ် မြင်တဲ့အထိ မိုက်မဲနေဦးမယ်ဆိုရင် ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတွေက သည်းခံမှာ မဟုတ်ဘူး ...

... အခုချိန်ထိ သူ့အသက်ရှင်နေရတဲ့ အကြောင်းရင်းက ခန္ဓာကိုယ်ထဲမှာ ငါ့သွေးတွေ စီးဆင်းနေလို့ပဲ ...

... ဒါပေမယ့် ဒီသားဆိုးက အဝေးကနေ အမုန်းတရားတွေနဲ့ သူ့အမေအတွက် ငါ့အပေါ် လက်စားချေဖို့ ... ကြိုးစားနေခဲ့လိမ့်မယ်လို့ မထင်ထားမိဘူး ဘယ်လောက် ရယ်စရာ ကောင်းလိုက်လဲ။ ”

ဤစကားကို ပြောကြားပြီးနောက် အေးစက်သော လူသတ်ရန် ရည်ရွယ်ချက်များ ထွက်ပေါ်လာချေပြီ။

အဖိုးအိုက သက်ပြင်းချကာ၊

“ ငါ့အမြင်အရတော့ ... စုရီကို သတိပေးလိုက်တာ ပိုကောင်းပါတယ် ဒီနှစ် သူ့ အသက် ဆယ့်ခုနစ်နှစ်ရှိပြီ ... အရိုက်ခံရရင် နာကျင်မယ်ဆိုတာ သိမှာပါ ...

... ကိုယ့်သားကိုယ် သတ်ပစ်တာဟာ မင်းရဲ့ကံကြမ္မာကို ... ထိခိုက်စေတယ် တခြား ရွေးချယ်စရာရှိရင် မလုပ်သင့်ဘူး။ ”

ဤတစ်ကြိမ်၌ စုဟုန်လီတစ်ယောက် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီး အဆုံး၌ ခေါင်းညိတ်လိုက်တော့သည်။

“ ကောင်းပြီ ... ။ ”

ထိုစဉ် ငါးမျှားကြိုး ရုတ်တရက် တုန်ခါလာသဖြင့် မြှောက်တင်ကြည့်လိုက်ရာ ဆူဖြိုးသော ရွှေငါးကြင်းတစ်ကောင် ထွက်ပေါ်လာသည်။

“ ဟမ့် ... ဒီတစ်ကြိမ်တော့ ရွှေငါးကြင်း တစ်ကောင်ကို ငါးဖမ်းမိပြီ ဒါ ကောင်းတဲ့နိမိတ်ပဲ ဟား ဟား ဟား ... ။ ”

***

All Chapters