← Chapters

နတ်ဆိုးသားရဲကပ်ဘေး ပြီးဆုံးခြင်း

Vol. 16 Ch. 301

နတ်ဆိုးသားရဲကပ်ဘေး ပြီးဆုံးခြင်း

Vol. 16 Ch. 301

ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။

“ကျွန်မမှာ အစီအစဉ်ရှိထားပါတယ်။ ဒါပေမဲ့ ဒီကပ်ဘေးပြီးတဲ့အထိ စောင့်မှဖြစ်မယ်”

အမှန်တကယ်တွင်လည်း လက်ရှိအချိန်သည် ရွှေအမြုတေအဆင့်ကို တက်လှမ်းရန် သင့်တော်သည့်အချိန်မျိုး မဟုတ်ပါ။ ပထမတစ်ချက်မှာ အန္တရာယ်ကင်း၊ စိတ်ချရသည့် ပတ်ဝန်းကျင်အနေအထားမျိုး ရှိမနေခြင်းဖြစ်ပြီး ဒုတိယတစ်ချက်မှာ လိုအပ်သည့်ရင်းမြစ်များ ကင်းမဲ့နေခြင်းပင်ဖြစ်သည်။ အရေးကြီးဆုံးနှင့် မရှိမဖြစ်လိုအပ်သည့်ရင်းမြစ်မှာ အဆင့် ၄ ဝိညာဉ်သွေးကြောဖြစ်သည်။ ရွှေအမြုတေနယ်ပယ်ကို တက်လှမ်းရန်အတွက် ကျင့်ကြံသူများအနေနှင့် ဝိညာဉ်ချီစွမ်းအင် များစွာလိုအပ်ပြီး ထိုစွမ်းအင်အတွက် အဆင့် ၃ သွေးကြော သို့မဟုတ် ဝိညာဉ်ကျောက်တုံးများကို မှီ ခိုအားထားနေ၍ မဖြစ်ပါ။

ထို့ကြောင့် ရွှေအမြုတေသိပ်သည်းရန် အခြေခံအကျဆုံး လိုအပ်ချက်နှစ်ခုမှာ ဘေးကင်းစိတ်ချရသည့် ပတ်ဝန်းကျင်တစ်ခုနှင့် ဝိညာဉ်ချီပမာဏ အမြောက်အများ ဖြည့်တင်းပေးနိုင်သည့် ရင်းမြစ်တစ်ခုတို့ဖြစ်သည်။ ထို့နောက် ရှန်းရူယန်သည် တစ်စုံတစ်ရာကို စဉ်းစားနေပြီးမှ ကျန်းချန်ရွှမ်ကို စိုက်ကြည့်လျက်ပြောသည်။

“ရှင့်ကို တစ်ခုတော့ ကြိုပြောပြလို့ရတယ်။ ကျွန်မရဲ့ဘဝဟောင်းက မှတ်ဉာဏ်တချို့ကို ပြန်ရထားပြီ။ အဲဒီမှတ်ဉာဏ်တွေထဲမှာ ရွှေအမြုတေနယ်ပယ်ကို တက်လှမ်းဖို့ လုံလောက်တဲ့ရင်းမြစ်တွေရှိတဲ့ လျှို့ဝှက်နေရာတစ်ခုကို တွေ့ထားတယ်။ အဲဒီနေရာက ကျင်းနိုင်ငံရဲ့ အစွန်အဖျားတစ်နေရာမှာ ရှိနေတယ်။ ကပ်ဘေးပြီးရင် ကျွန်မတို့နှစ်ယောက် အတူသွားရှာကြမယ်။ ရှာဖို့မခဲယဉ်းလောက်ပါဘူး။ ရှင့်အတွက် အကျိုးအမြတ်ရှိမဲ့ အရာတစ်ချို့လည်း အဲဒီမှာရှိနေတယ်”

“ဟုတ်လား”

ကျန်းချန်ရွှမ်လည်း အနည်းငယ် စိတ်ဝင်စားသွားသည်။ သို့သော် ရှန်းရူယန်က စကားစဖြတ်ကာ အခြားအကြောင်းအရာများကိုသာ ပြောဆိုနေသည့်အတွက် ကျန်းချန်ရွှမ်လည်း ထိုအကြောင်းအ ရာကို နောင်တစ်ချိန်မှ ဆွေးနွေးတော့မည်ဟု တေးမှတ်လိုက်သည်။ ထို့နောက် ဇနီးမောင်နှံနှစ်ဦးလည်း စကားစဖြတ်ကာ ကိုယ်စီကျင့်ကြံမှုများကို စတင်လိုက်ကြပြန်သည်။

ရက်အနည်းငယ်အကြာတွင် ကျန်းချန်ရွှမ် နေထိုင်ရာလှိုဏ်ဂူအတွင်းမှ ရောင်စဉ်ငါးသွယ် ဝိညာဉ်အလင်းများ ဖြာထွက်လျက်ရှိသည်။ တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်၏ ကိုယ်ခန္ဓာပတ်လည်တွင် ဝိညာဉ်ဖိအားတစ်ရပ်သည် တဖြည်းဖြည်းချင်း ထိုးတက်နေသည်ကို ထင်ရှားစွာ တွေ့မြင်ရသည်။ နာရီအနည်းငယ်အကြာတွင် တစ်စုံတစ်ခု ကျိုးကြေသွားသည့်အသံ ထွက်ပေါ်လာပြီး ကျန်းချန်ရွှမ်၏ ဝိညာဉ်ဖိအားသည် အတစ်အဆို့တစ်ခုကို ကျော်ဖြတ်သွားသည့် အရိပ်အယောင်နှင့်အတူ ရှေးကထက် ပိုမိုဆန်းကြယ်ခမ်းနားသည့် ဓမ္မစွမ်းအင်အသစ်များသည် ကျန်းချန်ရွှမ်၏ကိုယ်တွင်း၌ လည်ပတ်နေတော့သည်။

ကျန်းချန်ရွှမ်၏မျက်နှာတွင် ကျေနပ်အားရသည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။ ကျီဖုနဝမအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ ကိုယ်တွင်းရှိ ဓမ္မစွမ်းအင်သည် ၄၀ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး လက်ရှိအချိန်တွင် ပန်ပိုင်ယန်နှင့် နောက်တစ်ကြိမ် ရင်ဆိုင်ရမည်ဆိုပါက အခက်အခဲများစွာ ရှိတော့မည်မဟုတ်ဟု သူတွေးမိသည်။ ထိုအချိန်တွင် ချောက်နက်ကျယ် ဟုခေါ်တွင်သည့် နေရာတစ်ခုတွင်ဖြစ်သည်။ ရွှေရောင်သားမွေးများ ပိုင်ဆိုင်ထားပြီး နဖူးတည့်တည့်တွင် ဒေါင်လိုက်သူငယ်အိမ်တစ်ခု ရှိသည့် ဝံပုလွေကြီးတစ်ကောင်သည် ကျယ်ပြောလှသည့် အော်ရာလှိုင်းများကို ထုတ်လွှတ်လျက် ကန်းနန်ဒေသ နယ်နိမိတ်အတွင်းသို့ ဦးတည်ခရီးနှင်လျက်ရှိသည်၊ ထိုဝံပုလွေကြီး ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ အပင်များ၊ မြေစိုင်ကျောက်ဆောင်များနှင့် နတ်ဆိုးသားရဲများသည် တစ်စစီ ကျေပျက်ပြုန်းတီးကုန်သည်။

၎င်းနှင့် မိုင်တစ်ထောင်ပတ်လည် အကွာအတွင်းရှိ သက်ရှိသတ္တဝါမှန်သမျှသည် မြေတွင်ဝပ်တွားလျက် တုန်လှုပ်ခြောက်ချားနေကြသည်။ သူတို့အားလုံး၏ မျက်ဝန်းများအတွင်း၌ ဖော်မပြနိုင်အောင် ကြီးမားလှသည့် အကြောက်တရားများ ကိန်းအောင်းနေကြတော့သည်။ ထိုအချိန်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခြေဗလာနှင့် လူပုံရိပ်တစ်ခုသည် ဝံပုလွေကြီး၏ ရှေ့တည့်တည့်တွင် ပိတ်ဆို့ကာဆီးလိုက်သည်။ ထိုသူမှာ အသက်အားဖြင့် အလွန်ဆုံး ရှစ်နှစ်လောက်သာရှိမည့် ကလေးငယ်တစ်ဦးဖြစ်သည်။ သူတို့နှစ်ဦးသည် ပေငါးရာအကွာမှ တစ်ဦးကိုတစ်ဦး စိုက် ကြည့်လျက်ရှိသည်။ ထို့နောက် ဝံပုလွေကြီးက လူတစ်ဦးကဲ့သို့ စကားစတင်ပြောဆိုလိုက်သည်။

“ရွှမ်းယန်ကောင်လေး မင်းငါ့ကိုတားချင်တာ သေချာလား”

ရွှမ်းယန်ကောင်လေးဆိုသူက မျက်မှောင်ကြုတ်သွားပြီး အသက်မဲ့သည့်လေသံနှင့် တုံ့ပြန်လိုက်သည်။

“ရွှေရောင်ဝံပုလွေ နတ်ဆိုးဧကရာဇ်၊ သဘောတူညီချက်ကို အရင်ချိုးဖျက်တာ ခင်ဗျားတို့ နတ်ဆိုးသားရဲတွေပဲ။ ခင်ဗျားကို သွားခွင့်မပေးနိုင်ဘူး။ နောက်ပြန်ဆုတ်လိုက်ပါ”

ထိုအခါ ဝံပုလွေနတ်ဆိုးဧကရာဇ်၏ မျက်လုံးအစုံသည် ကျောချမ်းဖွယ် မီးဝင်းဝင်းတောက်သွား ပြီး ၎င်း၏ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်မီးလျှံများ ပေါ်လာပြီးနောက် စက်ကွင်းတစ်ခုပမာ အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားကာ ကီလိုမီတာဒါဇင်ကျော် ကျယ်ပြောသည့် မီးပင်လယ်ကြီး တစ်ခု ဖြစ်ပေါ်လာတော့သည်။ သို့သော် ရွှမ်းယန်ကောင်လေးဆိုသူမှာ ရပ်မြဲတိုင်းရပ်လျက်ရှိပြီး တစ်စုံတစ်ရာ တုံ့ပြန်ခြင်း၊ ပြောဆိုခြင်းတို့ မပြုလုပ်ဘဲ ဝံပုလွေကြီးကို စိုက်ကြည့်နေသည်။ ဝံပုလွေဧကရာဇ်ကလည်း ထိုကောင်လေးအား အချိန်အတန်ကြာသည်အထိ တုံ့ပြန်စိုက်ကြည့်‌နေ သည်။

နောက်ဆုံးတွင် ဝံပုလွေနတ်ဆိုးဧကရာဇ်၏ အရောင်တလက်လက်တောက်နေသည့် မျက်ဝန်းများသည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး မျက်လွှာချလိုက်သည်။

“ဖူတောင်မှာနေတဲ့ ဝံပုလွေဘုရင်က ငါနဲ့သွေးချင်းနီးစပ်တဲ့ သားချင်းပဲ။ အခုမင်းတို့လူသားတွေ လက်ချက်နဲ့ သူသေသွားခဲ့ရပြီ။ မင်းငါ့ကိုတားလို့ရပါတယ်။ ဒါပေမဲ့ ငါ့လက်အောက်ငယ်သားတွေကိုတော့ တားလို့ရမှာမဟုတ်ဘူး။ သူတို့ ကျိန်းသေလက်တုံ့ပြန်လိမ့်မယ်”

ထိုအခါ ရွှမ်းယန်ကောင်လေးက နှာခေါင်းရှုံ့လိုက်ပြီး

“အဲဒါ ကျုပ်နဲ့ဘာပတ်သက်လို့လဲ။ ကျုပ်အလုပ်က ခင်ဗျားကိုတားဖို့ပဲ။ ဝံပုလွေဘုရင်ကို သတ်သွားတဲ့လူတွေက ခင်ဗျားတပည့်တွေလက်ချက်နဲ့ ကိစ္စတုံးသွားတယ်ဆိုလည်း ကျုပ်အရေးမှ မဟုတ်တာ။ သူတို့အရည်အချင်းမရှိလို့ပေါ့။ အရည်အသွေးနိမ့်တဲ့လူတွေကို ကျုပ်က အချိန်ကုန်ခံပြီး အရေးတယူလုပ်နေမှာမဟုတ်ဘူး”

ရွှမ်းယန်ကောင်လေး၏ စကားအဓိပ္ပာယ်အရ ထိုလူသားများသည် ဝံပုလွေနတ်ဆိုးဧကရာဇ်နှင့် နောက်လိုက်နောက်ပါများ၏ လက်စားချေမှုကို ခုခံနိုင်လျှင် အရည်အချင်းပြည့်မီသည်ဟု သတ်မှတ်ပြီး ထိုသူများကို အရေးတယူပြု၊ ကူညီမည်ဟု အဓိပ္ပာယ်သက်ရောက်နေသည်။

***

All Chapters