← Chapters

နတ်ဆိုးသားရဲ ကပ်ဘေးပြီးဆုံးခြင်း (၂)

Vol. 16 Ch. 302

နတ်ဆိုးသားရဲ ကပ်ဘေးပြီးဆုံးခြင်း (၂)

Vol. 16 Ch. 302

“စိတ်ဝင်စားစရာပဲ”

နတ်ဆိုးဧကရာဇ်က ရွှမ်းယန်ကောင်လေး၏ စကားကို သရော်တော်တော်ဟန်နှင့် တုံပြန်လိုက်သည်။

“ဒါဖြင့် မင်းစောင့်ကြည့်နေလိုက်”

ထို့နောက်တွင် နတ်ဆိုးဧကရာဇ်သည် ကောင်လေးနှင့် ဆက်လက်ပြောဆိုခြင်းမရှိတော့ဘဲ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ လာရာလမ်းအတိုင်း လှည့်ပြန်သွားသည်။ ရွှမ်းယန်ကောင်လေးသည် ဝံပုလွေနတ်ဆိုးဧကရာဇ် ပျံသန်းသွားသည်ကို မထီတရီ အမူအရာမျိုးနှင့် ငေးမျှော်ကြည့်လျက် ကျန်ရစ်ခဲ့သည်။ ထို့နောက်တွင် ကောင်လေးသည် မျက်လွှာကိုပင့်လျက် လျန်နိုင်ငံနှင့် ကန်းနန်ဒေသရှိသည့် အရပ်မျက်နှာကို စိုက်ကြည့်လိုက်သည်။ မကြာမီ ကောင်လေး၏ သေးကွေးပိန်လှီသော ခန္ဓာကိုယ်သည် ခရမ်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲပြီး အဝေးတစ်နေရာသို့ ပျံသန်းသွားတော့သည်။

တစ်ပတ်အကြာတွင် ကုယွဲ့ဖန်းသည် ကျန်းချန်ရွှမ်နှင့်တကွ ကျီဖုအဆင့် ကျင့်ကြံသူအားလုံးကို စုဝေးစေပြီး ရှေးဟောင်းမူလမြို့တော်မှ ထွက်ခွာတော့မည့်အကြောင်းကို ကြေညာသည်။ သူက ဝံပုလွေဘုရင် သေဆုံးမှုနှင့် ပတ်သက်သည့် နောက်ဆက်တွဲပြဿနာများကို ဖြေရှင်းပြီးပြီ ဖြစ်သည်ဟု အသိပေးသည်။ ထိုအခါ လူအားလုံးလည်း စိတ်သက်သာရာရဟန်နှင့် သက်ပြင်းချမိလိုက်ကြသည်။ လက်ရှိအနေအထားတွင် ဝံပုလွေဘုရင်အတွက် လက်စားချေရန် နတ်ဆိုးသားရဲများအနေ နှင့် စိုင်းပြင်းနေသော်လည်း အဆင့် ၄ နှင့်အထက် နတ်ဆိုးဘုရင်များကို စေလွှတ်နိုင်တော့မည် မဟုတ်ကြောင်း၊ ထို့ကြောင့် သူ့အနေနှင့်လည်း ရှေးဟောင်းမူလမြို့တော်တွင် ဆက်ရှိနေစရာ မလိုတော့ကြောင်း ကုယွဲ့ဖန်းက ရှင်းပြသည်။

ထို့ပြင် ကုယွဲ့ဖန်းလို ရွှေအမြုတေနှောင်းပိုင်း ကျင့်ကြံသူတစ်ဦးအတွက် ဆောင်ရွက်စရာ တာဝန်၊ ဝတ္တရားများစွာ ရှိနေပါသေးသည်။ ရှေးဟောင်းမူလမြို့တော်ကို ထွက်ခွာလာစဉ် ပစ်ထားခဲ့ရသည့် ဒေသများတွင် အရေးပေါ်အခြေအနေများ ကျရောက်နေကြောင်း သတင်းပေးပို့လာသည့် အတွက် ကုယွဲ့ဖန်းအနေနှင့် အမြန်ဆုံးပြန်ရန် လိုအပ်နေပါသည်။ ကုယွဲ့ဖန်းက ထိုအခြေအနေ များကို ရှင်းပြပြီးနောက် အချိန်မဆွဲတော့ဘဲ ဓားအလင်းတန်းအဖြစ် ပြောင်းလဲကာ အဝေးတစ်နေရာသို့ ပျံသန်းသွားတော့သည်။ ကုယွဲ့ဖန်းမရှိတော့သည့် နောက်ပိုင်းတွင် ရှေးဟောင်းမူလမြို့ တော်ကို တိုက်ခိုက်နေကြသည့် နတ်ဆိုးသားရဲအင်အားသည် တစ်စတစ်စ လျော့နည်းလာသည်။

ဤသည်မှာ သဘာဝကျပါသည်။ ရှေးဟောင်းမူလမြို့တော်တွင် သေဆုံးသွားသည့် အဆင့် ၃ နတ်ဆိုးသားရဲ အရေအတွက်သည် အခြားနေရာများနှင့် နှိုင်းစာသော် အဆမတန်များပြားနေသည့်အပြင် အဆင့် ၄ နတ်ဆိုးဘုရင်ကိုယ်တိုင်ပင် ဤမြို့တော်ကို ထိုးစစ်ဆင်ရင်း ကျဆုံးခဲ့သည်ဖြစ်ရာ နတ်ဆိုးသားရဲများဖို့ ရှေးဟောင်းမူလမြို့တော်သည် အိပ်မက်ဆိုးသဖွယ် ဖြစ်နေမှာသေချာသည်။ ထို့ပြင် ဤသတင်းသာ ပျံ့နှံ့သွားပါက နိုင်ငံငါးနိုင်ငံနှင့် ကန်းယန်ဒေသတစ်ခုလုံး အုပ်အုပ်ကျက်ကျက်ဖြစ်သွားမှာ မလွဲပါ။ ဤသို့နှင့် နောက်ထပ်သုံးနှစ် ကုန်လွန်သွားခဲ့သည်။ နတ်ဆိုးသားရဲတို့၏ထိုးစစ်မှာ မရှိသလောက် နည်းပါးလာသည်။

လွန်ခဲ့သည့်တစ်နှစ်ခွဲအတွင်း၌ ဟွားမန်ရုံတို့သည် နတ်ဆိုးသားရဲ တစ်ကောင်တစ်လေကိုမျှ မြင်တွေ့ရခြင်းမရှိတော့ပေ။ နောက်ဆုံးတွင် နတ်ဆိုးသားရဲကပ်ဘေးကြီး အဆုံးသတ်သွားပါတော့သည်။ ကျန်းချန်ရွှမ်သည် တံတိုင်းထက်မှနေ၍ လူသူသားရဲ ကင်းစင်လျက်ရှိသည့် မြင်ကွင်းကို ငေးမောကြည့်ရှုနေမိသည်။ ထိုအချိန်တွင် စနစ်မှ အချက်ပေးသံကို ကြားလိုက်ရတော့သည်။

[ဂုဏ်ပြုပါသည် စနစ်ပိုင်ရှင်၊ သင့်မိတ်ဆွေရဲဘော်များကို အသက်ရှင်သန်နိုင်ရန် ကာကွယ်ပေးနိုင်ခဲ့ပါပြီ။ ဆုလာဘ်အဖြစ် လည်ပတ်ခြင်းကိုးပါး ခရမ်းရောင်ချီမျှင်တစ်ခု၊ အတိဒုက္ခရှောင်လွှဲခြင်းပု လဲလုံးနှင့်အတူ ဓမ္မရတနာ အဆင့်မြှင့်တင်ခြင်း အဆောင်တစ်ခုကို ရရှိပါမည်]

အတိဒုက္ခရှောင်လွှဲခြင်းပုလဲမှာ နောက်ဆုံးတစ်ခေါက် ချီးမြှင့်သည့် ဆုလာဘ်တွင် ပါဝင်ပြီးဖြစ်၍ အထွေအထူး ရှင်းပြရန်မလိုပါ။ ဓမ္မရတနာမြှင့်တင်ခြင်း အဆောင်ဆိုသည်မှာ နာမည်အတိုင်းပင် ဓမ္မရတနာတစ်ခုကို နောက်တစ်ဆင့်သို့ အဆင့်မြှင့်တင်ပေးနိုင်သည့် ရတနာတစ်ခုဖြစ်သည်။ အထူးခြားဆုံးနှင့် တန်ဖိုးအကြီးဆုံးမှာ လည်ပတ်ခြင်းကိုးပါး ခရမ်းရောင်ချီမျှင် ပင်ဖြစ်သည်။ ရွှေအမြုတေအဆင့်ကို တက်လှမ်းခြင်းဖြစ်စဉ်တွင် အဆိုပါရတနာသည် အခြားသော ဝိညာဉ်ရတနာများဖြင့် အစားမထိုးနိုင်သည့် အာနိသင်စွမ်းအားတစ်ခုကို ပေးစွမ်းနိုင်သည်။ ရွှေအမြုတေနယ်ပယ်ကို တက်လှမ်းနေခိုက်တွင် ကျန်းချန်ရွှမ်၏ အလားအလာကို အမြင့်ဆုံးအထိ မြှင့်တင်ပေးနိုင် ခြင်းပင်ဖြစ်သည်။ ထူးကဲကောင်းကင်ရေစင်နှင့် အမြုတေဖွဲ့စည်းခြင်း ဆေးပြားများသည်ပင် ထိုအရာမျိုးကို ပေးစွမ်းနိုင်ခြင်းမရှိပါ။

ကျန်းချန်ရွှမ်တစ်ယောက် ထိုအကြောင်းများကို စဉ်းစားနေချိန်တွင် ရှန်းရူယန်၊ ကျန်းရန်တောက်၊ ကျန်းရန်ယီနှင့် ကျန်လူများ ရောက်ရှိလာကြသည်။ ရှန်းရူယန်က

“ယောက်ျား ကျွန်မတို့ပြန်လို့ရပြီ”

ထိုအခါ ကျန်းမိသားစုဝင်များ၏မျက်နှာများမှာ စိတ်လှုပ်ရှားဟန်နှင့် ဝင်းပကုန်ကြသည်။ ထိုအခါ ကျန်းချန်ရွှမ်သည် နောက်သို့လှည့်ပြီး မိသားစုဝင်များအားလုံးကို တစ်ဦးချင်းစီ ကြည့်ရှုမိသည်။ လွန်ခဲ့သည့် ခုနစ်နီးပါး ကာလပတ်လုံးတွင် အချိန်အားလုံး၏ တစ်ဝက်ကို စစ်မြေပြင်တွင်သာ ကုန်ဆုံးခဲ့ကြရသည်။ ထိုကာလအတွင်း၌ သေခြင်းနှင့် လက်တစ်လုံးသာ လိုတော့သည့် အခြေအနေများကို သူတို့အားလုံး အကြိမ်ရေမနည်း ရင်ဆိုင်ခဲ့ဖူးပါပြီ။ ကျန်းရန်ယီအပါအဝင် ကျန်းမိသား စုဝင်များတွင် ကျန်းချန်ရွှမ်ပေးအပ်ခဲ့သည့် ပဲစေ့စစ်သည် ဆေးပြားများသာ မရှိခဲ့လျှင် သူတို့ထဲမှ အချို့တဝက်သည် အသက်ရှင်နေလိမ့်မည် မဟုတ်ပါ။

ကျန်းချန်ရွှမ်သည် မိသားစုဝင်များကို တစ်ဦးချင်းစီ ကြည့်ရှုနေရင်း သူနှင့်ရင်းနှီးကျွမ်းဝင်ခဲ့သည့် မျက်နှာအချို့ မရှိတော့ကြောင်း သတိပြုမိလိုက်သည်။ ထိုသူများသည် စစ်မြေပြင်တွင် အသက်ပေးရင်း ထာဝရကျန်ရစ်ခဲ့ပြီဖြစ်သည်။ သို့သော် ချီသန့်စင်ခြင်းအဆင့်မှ အခြေတည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းလာကြသည့် မျက်နှာသစ်အချို့ကိုလည်း တွေ့ရသည်။ ကျန်းရန်တောက်၊ ကျန်းရန်ယီနှင့် ကျန်းရန်ချွမ်းတို့လည်း ကျင့်ကြံခြင်းအဆင့်များ ကိုယ်စီတိုးတက်လာကြသည်။ ကျန်းရန်တောက်သည် ယခုအခါ ကျီဖုနယ်ပယ် စတုတ္ထအဆင့်ကို ရောက်ရှိနေပြီး စစ်မှန်သည့် ကျီ ဖုအလယ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။

မိသားစုအကြီးအကဲဖြစ်သူ ကျန်းရန်ယီသည်လည်း အခြေခံတည်ဆောက်ခြင်း နဝမအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး မဝေးတော့သည့် အနာဂတ်တွင် ကျီဖုအဆင့်ကို တက်လှမ်းနိုင်တော့မည် ဖြစ်သည်။ တိုးတက်မှုနှေးကွေးသည့် ကျန်းရန်ချွမ်းပင် အခြေခံတည်ဆောက်ခြင်း အဌမအဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။ ကျန်းယွင်ရုံ၊ ကျန်းယွင်ချန်းနှင့် လူငယ်ကျင့်ကြံသူများသည်လည်း အများစုမှာ အခြေခံတည်ဆောက်ခြင်း အလယ်အဆင့်ကို ကိုယ်စီတက်လှမ်းနိုင်ခဲ့ကြသည်။ မကြာမီ အချိန်အတွင်း၌ ကျန်းမိသားစု၏ လျန်နိုင်ငံအတွင်း တည်ရှိမှုအဆင့်အတန်းမှာ များစွာတိုးတက်လာရန် သေချာနေပါသည်။ ထိုအချိန်တွင် ဟွားမန်ရုံ၊ လီဖေး၊ ပိုင်မင်ရှန်း၊ ပိုင်ယွမ်ချန်းနှင့် ပိုင်ကျိရွမ်တို့လည်း အသီးသီး ရောက်ရှိလာကြသည်။

“တာအိုမိတ်ဆွေချန်ရွှမ်နဲ့ ရူယန်၊ နတ်ဆိုးသားရဲကပ်ပြီးသွားပေမဲ့ ကျွန်မတို့မှာ ဆောင်ရွက်စရာကိစ္စတွေရှိတဲ့အတွက် ကျွန်မနဲ့ မောင်လေးလီဖေးတို့နှစ်ယောက် စင်မြင့်ကိုပြန်မှဖြစ်မယ်။ တိုက် ပွဲအပြီး ဝေစုခွဲတဲ့ကိစ္စကိုတော့ စီစဉ်စရာရှိတာတွေကို စီမံပြီးရင် ကျွန်မအကြောင်းကြားလိုက်ပါ့ မယ်”

“ဒါဖြင့် တာအိုမိတ်ဆွေဟွားကိုပဲ ဒုက္ခပေးရတော့မှာပဲ”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လီဖေးနှင့် ဟွားမန်ရုံနှစ်ဦးကို ခေါင်းညိတ်နှုတ်ဆက်လိုက်ကြ သည်။ ဟွားမန်ရုံတို့လည်း လူအားလုံးကို နှုတ်ဆက်ပြီးနောက် ပျံသန်းထွက်ခွာသွားတော့သည်။

“တာအိုမိတ်ဆွေလေး ချန်ရွှမ်နဲ့ ရူယန်…”

ပိုင်မိသားစုဘိုးဘေး ပိုင်မင်ရှန်းက ကျန်းချန်ရွှမ်တို့နှစ်ဦးကို ဖော်ရွေစွာနှုတ်ဆက်လိုက်သည်။ လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း အတူလက်တွဲတိုက်ပွဲဝင်ခဲ့ပြီးနောက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်း ရူယန်တို့သည် ပိုင်မိသားစုနှင့် ရင်းနှီးသည့် ဆက်ဆံရေးတစ်ခုကို ထူထောင်ထားနိုင်ခဲ့ပြီဖြစ်သည်။

“ကျုပ်တို့လည်းပြန်တော့မယ်။ နောင်များ အချိန်အားလပ်ခဲ့ရင် ကျုပ်တို့မိသားစုဆီကို အလည်တစ်ခေါက် ကြွခဲ့ကြပါဦး”

“လာရမှာပေါ့ဗျာ”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ပိုင်မင်ရှန်းကို လက်သီးဆုပ်၍ ဂါရဝပြုနှုတ်ဆက်လိုက်ပြီး ပိုင် ယွမ်ချန်းနှင့် ပိုင်ကျိရွမ်တို့ကိုလည်း ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။ ပိုင်မိသားစုထွက်ခွာသွားပြီးနောက် ကျန်းချန်ရွှမ်တို့လည်း ကျန်ရစ်ခဲ့သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို နှုတ်ဆက်လိုက်ပြန်သည်။ ထိုနှစ်ဦးသည် ကျောက်စိမ်းရေဓားစင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းတို့မှ စေလွှတ်ထားသည့် ကျင့်ကြံသူများဖြစ်ပြီး ရှေးဟောင်းမူလမြို့တော်ကို ကျန်းချန်ရွှမ်တို့ကိုယ်စား ကာကွယ်ပေးသွားမည်ဖြစ်သည်။ ထို့နောက်တွင် ကျန်းမိသားစုဝင်အားလုံး ရှေးဟောင်းမူလမြို့ တော်မှ အပြီးအပိုင် ထွက်ခွာလာခဲ့ကြတော့သည်။

ကျန်းချန်ရွှမ်တို့ ပျံသန်းသွားသည်ကို တံတိုင်းထက်မှ ငေးမျှော်ကြည့်ရင်း ကျန်ရစ်ခဲ့သည့် ထိုနှစ်ဦးအနက် ကောင်းကင်ယွဲ့ဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူက စကားစလိုက်သည်။

“တစ်ခုခု အလွဲအချော်မဖြစ်ရင် အဲဒီနှစ်ယောက်က မကြာခင် ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်တော့မှာပဲ၊ နောင်တစ်ကြိမ် ကျွန်မတို့နဲ့ပြန်တွေ့ရင် သူတို့ကို စီနီယာလို့ခေါ်ရလိမ့်မယ် ထင်တယ်နော်”

ထိုအခါ၌ ကျောက်စိမ်းရေဓားစင်မြင့်မှ အမျိုးသားကျင့်ကြံသူက အမျိုးသမီးဖြစ်သူကို စောင်းငဲ့ကြည့်လိုက်ပြီး

“ဟုတ်တယ်၊ ဒါပေမဲ့ ခင်ဗျားတို့ဂိုဏ်းက ဟွားဖေးရဲ့ တာအိုကျင့်ကြံဖော်က သူတို့နှစ်ယောက်ကို ရန်ငြိုးထားနေတယ်လို့ ကြားမိတယ်”

ထိုစကားကိုကြားလျှင် အမျိုးသမီးကျင့်ကြံသူ၏ မျက်နှာတွင် ကြေကွဲရိပ်များသမ်းသွားပြီး ခေတ္တတိတ်ဆိတ်သွားသည်။ ထို့နောက်တွင် အမျိုးသားကျင့်ကြံသူကို မကြည့်ဘဲ ပြောလိုက်သည်။

“အမုန်းတရားတွေ မရှိတော့ပါဘူး။ နတ်ဆိုးသားရဲကပ်အတွင်းမှာ သူတို့ဇနီးမောင်နှံနှစ်ဦးစလုံး ဆုံးပါးသွားရှာပါပြီ။ ကျွန်မရဲ့ဆရာကလည်း ရွှေအမြုတေအဆင့်ကို ရောက်တော့မဲ့ သူတို့နှစ်ဦးကို လက်စားချေတော့မှာ မဟုတ်ပါဘူး။ လက်စားချေဖို့လည်း မလိုအပ်တော့ဘူးလေ”

ထိုစကားကိုကြားလျှင် အမျိုးသားကျင့်ကြံသူက သဘောတူဟန်နှင့် ခေါင်းညိတ်လိုက်သည်။

***

All Chapters