ရေဓာတ်ဆီးပင်ကို နေရာရွှေ့ခြင်း
Vol. 16 Ch. 303
ချီအန်းစီရင်စု၊ မှော်တိုင်တောင် ကျန်းမိသားစုဌာနချုပ်တွင်ဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဦးဆောင်သည့် ကျန်းမိသားစုဝင်များ ရတနာလှေများဖြင့် ပြန်လည်ရောက်ရှိလာသည့်သတင်းက လူအားလုံးကို အုပ်အုပ်ကျက်ကျက်ဖြစ်သွားစေသည်။ အဓိအပတိအကြီးအကဲ လျူလင်းလုံနှင့်တကွ ဌာနအကြီးအကဲများလည်း အပြေးအလွှားထွက်ကာ အောင်ပွဲနှင့်အတူ ပြန်လာကြသူ ကျန်းမိသားစုဝင်များကို ဆီးကြိုနှုတ်ဆက်လိုက်ကြသည်။ ကျန်းမိသားစု၏ ဘိုးဘေးများဖြစ်ကြသည့် ကျန်းချန်ရွှမ်၊ ကျန်းရန်တောက်နှင့် ရှန်းရူယန်တို့ တာဝန်ယူ ကာကွယ်ခဲ့သည့် ရှေးဟောင်း မူလမြို့တော်သည် သားရဲကပ်ဘေးအတွင်း ထိခိုက်ယိုယွင်းခြင်း တစ်စုံတစ်ရာမရှိသည့် သတင်းကို လျူလင်းလုံတို့အားလုံး ကြားသိပြီးဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ကျန်းမိသားစုဝင်များသည် အခြားမိသားစုများနှင့် လက်တွဲကာ နတ်ဆိုးသားရဲတို့၏ ထိုးစစ်ကို အကြိမ်ကြိမ်တွန်းလှန်နိုင်ခဲ့သည့်အပြင် လူသားတို့၏ နယ်မြေတစ်စိတ်တစ်ဒေသကိုမှ သားရဲတို့လက်ထဲ ကျရောက်ခြင်းမရှိရန် ကာကွယ်နိုင်ခဲ့၍ သည်တစ်ခေါက်စစ်ဆင်ရေးသည် မဟာအောင်ပွဲ ဟုသမုတ်၍ပင် ရနိုင်ပါသည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်ဦးဆောင်သည့် ကျန်းမိသားစုပိုင် ရတနာလှေများသည် ကောင်းကင်ထက်မှ မှော်တိုင်တောင် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆိုက်ကပ်ရန် ကြိုးစားနေကြသည်။ လျူလင်းလုံသည် အခြေတည်ဆောက်ခြင်းအဆင့် အကြီးအကဲများ ခြံရံလျက် ကျန်းချန်ရွှမ်တို့ကို ဦးညွတ်ဂါရဝပြုလိုက်ကြသည်။
“ကြိုဆိုပါတယ် ဘိုးဘေးတို့”
“ကြိုဆိုပါတယ် ဘိုးဘေးတို့”
“ကြိုဆိုပါတယ် ဘိုးဘေးတို့”
သောင်းသောင်းဖျဖျ ကြိုဆိုသံများက ဌာနချုပ်တည်ရှိရာ တောင်တစ်ခုလုံးတွင် ညံစီလျက်ရှိသလို မှော်တိုင်တောင်နှင့် အနီးတဝိုက်ရှိ ကျင့်ကြံသူများပင် အဆိုပါဟစ်ကြွေးသံများကို ပီသကြည်မြစွာ ကြားမိကြသည်။ ရှေ့ဆုံးလှေမှ ချီတက်လာသော ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မြေပြင်ရှိ ကျန်းမိသားစုဝင်များ တစ်ခဲနက် ကြိုဆိုနေကြသည့် မြင်ကွင်းကိုကြည့်ရင်း ရင်ထဲတွင် ကြည်နူးမှုကိုယ်စီ ခံစားမိလိုက်ကြသည်။ နတ်ဆိုးသားရဲကပ်သည် အချိန်အားဖြင့် တိုတောင်းလှသော်လည်း လူသားမျိုးနွယ်အားလုံးအတွက် သက်ရောက်မှုကြီးမားခဲ့သည်။ ကျန်းချန်ရွှမ်တို့အနေနှင့် အဆင့် ၄ နတ်ဆိုးဘုရင်နှင့် ရင်ဆိုင်ခဲ့ရသလို လူသားမျိုးနွယ်တစ်ဦး၏ သစ္စာဖောက်လုပ်ကြံခြင်းကိုလည်း တွေ့ကြုံခဲ့ရသည်။
ကျန်းချန်ရွှမ်၏ ဦးဆောင်မှုနှင့် ကြိုတင်စီမံနိုင်မှုသာ မရှိခဲ့လျှင် သူတို့အားလုံး၏ ကံကြမ္မာသည် တစ်နည်းတစ်ဖုံ ပြောင်းလဲသွားမှာ သေချာပါသည်။ သို့သော် ထိုဖြစ်အင်များအားလုံးသည် အတိတ်တွင် ကျန်ရစ်ခဲ့ပါပြီ။ လက်ရှိအချိန်တွင် သူတို့ရှေ့တွင် စောင့်ကြိုနေသည်က သူတို့အားလုံးနှင့်ထိုက်တန်သည့် အောင်မြင်မှုအသီးအပွင့်များသာ ဖြစ်သည်။ ကျန်းချန်ရွှမ်က လျူလင်းလုံနှင့် ဌာနေအကြီးအကဲများ၊ မိသားစုဝင်များ၏ နှုတ်ဆက်ဂါရဝပြုခြင်းကို ခေါင်းညိတ် အသိအမှတ်ပြုလိုက်သည်။ ထို့နောက်တွင်တော့ ပြည်တော်ပြန် ကျန်းမျိုးနွယ်စုဝင်များကို မှော်တိုင်တောင်တွင် နေရာအသီးသီး ချပေးလိုက်တော့သည်။
နာရီအနည်းငယ်ကြာပြီးနောက် ကျန်းမိသားစု၏ အစည်းအဝေးခန်းမအတွင်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်မှ ဦးဆောင်ပြီး မိသားစုဝင် အကြီးအကဲများအားလုံး စုစည်းမိကြသည်။ လျူလင်းလုံတို့က ကျန်းချန်ရွှမ်တို့ အဝေးရောက်နေသည့် ကာလအတွင်း၌ မိသားစုအတွင်း ပြောင်းလဲမှုများ ကို အစီရင်ခံသည်။ ကျန်းချန်ရွှမ်တို့လည်း အာရုံစိုက်နားထောင်နေရင်း ကျေနပ်စွာ ခေါင်းညိတ်မိကြသည်။ ကျန်းချန်ရွှမ်တို့ မရှိစဉ်ကာလအတွင်း ကျန်းမိသားစုတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများအပြား ထွက်ပေါ်လာခဲ့သည် ဟုသိရသည်။ ကျန်းချန်ရွှမ်တို့နှင့် အတူပါသွားသည့် ကျန်းမိသားစုဝင်များထဲမှ အဆင့်တက်လှမ်းသူများပါ ထည့်ပေါင်းလျှင် ကျန်းမျိုးနွယ်စု တစ်ခုလုံးတွင် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ ၃၁ ဦးအထိ ရှိလာပြီး ထိုအရေအတွက်မှ မကြာခင် တိုးတက်လာမည့် လက္ခဏာများလည်း တွေ့ရသည်။
ထို့ပြင် အဆိုပါနှစ်ကာလများအတွင်း ဝိညာဉ်ကျောက်တုံးသတ္တုတွင်း အသေးဆုံးနှင့် အငယ်စား နှစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး ထိုသတ္တုတွင်းနှစ်ခု၏ ထွက်ရှိနှုန်းမှာ မဆိုးလှကြောင်းလည်း သိရပြန်သည်။ လျူလင်းလုံနှင့် အခြားအကြီးအကဲများ၏ တင်ပြချက်များကို ကြားသိပြီးနောက်တွင် ကျန်းချန်ရွှမ်က စကားစလိုက်သည်။
“ဒါဆိုရင် ကျုပ်တို့ကျန်းမိသားစုအတွက် လတ်တလော ဆောင်ရွက်စရာ နှစ်ခုပဲကျန်တယ်၊ ပထမ တစ်ခုက ကျောက်စိမ်းရေဓားစင်မြင့်ကိုသွားပြီး ကပ်ဘေးအပြီး ဝေစုခွဲပွဲကို တက်ရောက်ဖို့ပဲ။ ဒုတိယတစ်ခုက ကျုပ်တို့ရဲ့ ရှိနှင့်ပြီး ဝိညာဉ်သွေးကြောကို အဆင့် ၄ အထိ မြှင့်တင်ဖို့ပဲ။ ပထမတစ်ခုက လတ်တလောအတွင်း ဆောင်ရွက်နိုင်တဲ့ ကိစ္စမဟုတ်ပေမဲ့ ဒုတိယတစ်ခုကို အခုချက်ချင်း ဆောင်ရွက်နိုင်တယ်”
“အဆင့် ၃ ဝိညာဉ်သွေးကြောကို အဆင့် ၄ မြှင့်မယ် ဟုတ်လား”
ကျန်းချန်ရွှမ်၏ မမျှော်လင့်သောစကားကြောင့် ကျန်းမိသားစုဝင်အားလုံး စိတ်လှုပ်ရှားသွားကြသလို ပဟေဠိလည်း ဖြစ်ကုန်ကြသည်။ သူတို့အားလုံး နားလည်ထားသည်က ဝိညာဉ်သွေးကြော တစ်ခုလို သဘာဝရင်းမြစ်တစ်ခုကို အဆင့်မြှင့်တင်ရန်မှာ မလွယ်ကူလှကြောင်းဖြစ်သည်။
“ခင်ဗျားတို့အားလုံး အဆင့် ၃ ရေဓာတ်ဆီးပင်ကို မှတ်မိဦးမယ်ထင်ပါတယ်”
“ရေဓာတ်ဆီးပင် ဟုတ်လား”
ကျန်းမိသားစုဝင်အားလုံး ထိုအပင်အကြောင်းကို အမှတ်ရလိုက်ပြီး စိတ်ဝင်စားစွာ နားစွင့်နေကြသည်။ ထိုစဉ် ကျန်းရန်တောက်က ကြားဖြတ်ဝင်ရောက်ပြီး
“စီနီယာဦးလေးဆိုလိုတာက…”
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်ပြီး
“ဟုတ်တယ်၊ ဒီရေဓာတ်ဆီးပင်ကို ကျုပ်တို့ရဲ့ မှော်တိုင်တောင်ကို ရွှေ့ဖို့စီစဉ်ထားတယ်။ ဒီအပင်က နဂိုကတည်းက အဆင့် ၃ အထွတ်အထိပ်ကို ရောက်နှင့်ပြီးဖြစ်လို့ လိုအပ်တဲ့ ဝိညာဉ်ရတနာတွေနဲ့ ပျိုးထောင်ပြုစုလိုက်ရင် အဆင့် ၄ ကို အချိန်တိုအတွင်း ရောက်လာလိမ့်မယ်။ မှော်တိုင်တောင်မှာရှိတဲ့ အဆင့် ၃ ဝိညာဉ်သွေးကြောကို ဒီရေဓာတ်ဆီးပင် အကူအညီနဲ့ ပျိုးထောင်လိုက်ရင် အဆင့် ၄ ဝိညာဉ်သွေးကြောအဖြစ် အဆင့်မြှင့်တင်နိုင်လိမ့်မယ်”
ကျန်းချန်ရွှမ်၏ အစီအစဉ်မှာ ဖြစ်နိုင်ချေ အလွန်များကြောင်း ကျန်းမိသားစုဝင်အားလုံး မှတ်ချက်ချမိကြသည်။ ရေဓာတ်ဆီးပင်ကိုသာ မှော်တိုင်တောင်ရှိရာသို့ ရွှေ့ပြောင်းနိုင်ခဲ့လျှင် သူတို့အားလုံး၏ အဆင့် ၃ ဝိညာဉ်သွေးကြောသည် အဆင့် ၄ အဖြစ်သို့ ရောက်ရှိလာမည်မှာ သေချာလုနီးပါးပင်ဖြစ်သည်။ သို့သော် ထိုနေရာတွင် ပြဿနာတစ်ခုရှိနေပြန်သည်။ အဆိုပါ ရေဓာတ်ဆီးပင်ကို ကျန်းမိသားစုဌာနချုပ်ရှိရာ မှော်တိုင်တောင်အထိ မည်သို့မည်ပုံ ရွှေ့ပြောင်းမည်နည်းဟူသော ပြဿနာဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးဓာတ် ဝိညာဉ်အမြစ်များ၏ ကြီးထွားပုံတွင် တိကျသည့် ဥပဒေသများ ရှိနေသည်။
***