ရေဓာတ်ဆီးပင်ကို နေရာရွှေ့ခြင်း (၂)
Vol. 16 Ch. 304
ထိုဥပဒေသများကို ချိုးဖျက်မိလျှင် ဝိညာဉ်အမြစ်များသည် တစ်ခဏချင်း ညှိုးနွမ်းခြောက်သွေ့ ကာ ထာဝရသေဆုံးသွားနိုင်သည်။ အဆင့် ၃ ရေဓာတ်ဆီးပင်သည် တန်ဖိုးကြီး ဝိညာဉ်ရတနာ တစ်ပါးဖြစ်သလို ကျန်းမိသားစုအတွက် ရေဓာတ်ဆီးသီးများ ပုံမှန်ထောက်ပံ့နေသည့်အတွက် ထိုအပင်ကို တစ်ခုခုချွတ်ချော်၍ အပြီးတိုင်ဆုံးရှုံးလိုက်ရပါက ကျန်းမိသားစုအတွက် ကြီးမားသည့် နစ်နာမှုတစ်ရပ် ဖြစ်လာပါလိမ့်မည်။ ထို့ပြင် ထိုဆီးပင်ကို မှော်တိုင်တောင်အထိ အောင်မြင်စွာ ရွှေ့ပြောင်းနိုင်သည်ထား၊ အဆင့် ၄ အဖြစ် မည်သို့မည်ပုံ မြှင့်တင်ရပါမည်နည်း။ ထိုအတွေးများက ကျန်းမိသားစုဝင်အားလုံး၏ စိတ်ထဲတွင် အစီအရီပေါ်လာကြသည်။ ကျန်းချန်ရွှမ်က မိသားစုဝင်များ၏ စိုးရိမ်ပူပန်မှုကို နားလည်ဟန်နှင့် ခေါင်းညိတ်လိုက်ပြီး
“ခင်ဗျားတို့အားလုံး ကျုပ်ကိုယုံကြည်ပေးကြပါ။ ခင်ဗျားတို့ဖက်က ပြင်ဆင်မှုအချို့ပဲ ဆောင်ရွက်ဖို့လိုပါတယ်”
ထိုအခါ ကျန်းရန်ယီတို့ ညီအစ်ကိုသုံးဦး၊ လျူလင်းလုံနှင့် ကျန်ခေါင်းဆောင်များသည် တစ်ဦးမျက်နှာတစ်ဦး ကြည့်လိုက်ကြပြီးနောက် ပြိုင်တူမတ်တတ်ရပ်လိုက်ကြပြီး ကျန်းချန်ရွှမ်ကို လက်သီးဆုပ်၍ ဂါရဝပြုလိုက်ကြသည်။
“ကျွန်တော်တို့လိုက်နာပါ့မယ် ဘိုးဘေး”
ရက်အနည်းငယ်အကြာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ ကျန်းမိသားစုဝင်ကျင့်ကြံသူများခြံရံလျက် လျန်နိုင်ငံတစ်နေရာရှိ ကောင်းကင်မူလရေကန်သို့ ဆိုက်ရောက်လာကြသည်။ သူတို့အားလုံး၏ ရည်ရွယ်ချက်မှာ တစ်ခုတည်းဖြစ်သည်။ ရေဓာတ်ဆီးပင်ကို မှော်တိုင်တောင်သို့ အပြီးရွှေ့ပြောင်းရန်ဖြစ်သည်။ ကျန်းမိသားစု၏ လက်ရှိအင်အားနှင့် အဆင့်အတန်းအရ ကောင်းကင်မူလရေကန်အတွင်းရှိ အဆင့် ၃ ရေဓာတ်သွေးကြော၏ တည်ရှိမှုကို ဖုံးကွယ်ရန် မလိုတော့သည့်အပြင် ထိုရေကန်ကိုပင် ကျန်းမိသားစု၏ ဒုတိယဌာနချုပ်အဖြစ် အခြေစိုက်ရန် စီစဉ်ပြီးဖြစ်သည်။ ဤနေရာတွင် မေးစရာရှိသည်က အဆင့် ၃ ရေဓာတ်ဆီးသီးကို လက်ရှိနေရာတွင် မထားဘဲ မှော်တို်ငတောင်သို့ ရွှေ့ပြောင်းယူရသနည်း ဟူသည့်မေးခွန်းပင်ဖြစ်သည်။
ထိုအမေးအတွက် အဖြေမှာ ရိုးရှင်းပါသည်။ ကျန်းမိသားစုအတွက် နှစ်ကာလများစွာ ဌာနချုပ်အဖြစ် အသုံးတော်ခံလာသည့် မှော်တို်ငတောင်သည် ကျန်းမိသားစုသမိုင်းအတွက် အရေးအပါဆုံးသော အဓိပ္ပာယ်ကို ဖော်ညွှန်းနေသည့် နေရာတစ်ခုဖြစ်သောကြောင့်ပင်။ ကျင့်ကြံခြင်းမိသားစု များ၊ ဂိုဏ်းများ အခြေစိုက်ကြသည့် သာမန်ဝိညာဉ်တောင်တစ်လုံး သက်သက် မဟုတ်ဘဲ ကျန်းမိသားစုတစ်ခုလုံး၏ အမွေအနှစ်၊ သင်္ကေတတစ်ခုလည်း ဖြစ်နေပြန်သည်။ ထိုတောင်ကို ဆုံးရှုံးရခြင်းသည် ကျန်းမျိုးနွယ်စုဝင်များ၏ နှလုံးဝိညာဉ်ကို ဆုံးရှုံးရသည်နှင့် အလားတူပြီး ပြန်လည်အစားထိုးရန် မလွယ်ကူသည့် အထွတ်အမြတ်နေရာတစ်ခုဖြစ်သည်။
ထို့ပြင် ကောင်းကင်မူလရေကန်သည် မျိုးနွယ်စုတစ်ခု၊ ဂိုဏ်းတစ်ခုအတွက် ရပ်တည်နေထိုင်ရန် ပြီးပြည့်စုံသည့် အနေအထားမျိုးတွင် ရှိမနေပါ။ ထိုအချက်များကြောင့် ကျန်းချန်ရွှမ်တို့အနေနှင့် ရေဓာတ်ဆီးပင်ကို ဤရေကန်တွင်ပင် နေမြဲအတိုင်းထားရှိပြီး ကောင်းကင်မူလရေကန်ကို ဌာနချုပ်အဖြစ် ပြောင်းလဲအခြေစိုက်မည့် အကြံအစည်ကို ငြင်းပယ်လိုက်ခြင်းဖြစ်သည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့်တကွ ကျန်းမိသားစုဝင်များသည် အဆင့် ၃ ရေဓာတ်သွေးကြောကို ဖုံးကွယ်ထားသည့်နေရာအထက်သို့ ရောက်ရှိလာကြပြီဖြစ်သည်။ ရှန်းရူယန်သည် ချိတ်ပိတ်အစီအရင်ကို ဖယ်ရှားလိုက်ရာ ရေဓာတ်အဆီအနှစ် ချီစွမ်းအင်များ လျှံတက်လာကြသည်။
ကောင်းကင်မူလရေကန်နှင့် မနီးမဝေးရှိ ကျင့်ကြံသူများသည် အဆိုပါ ချီစွမ်းအင်များကို အာရုံခံမိသည့်အတွက် ထိုနေရာသို့ ရောက်ရှိလာကြပြီး ကျန်းမိသားစုဝင်များကို စူးစမ်းသည့် အကြည့်များနှင့် အကဲခတ်နေကြသည်။ ထိုစဉ် သူတို့အားလုံး မျက်လုံးပြူးသွားကြသည်။
“အဆင့် ၃ ရေဓာတ်သွေးကြောကြီးဟ”
ထိုကျင့်ကြံသူများ၏ စိတ်ထဲတွင် လောဘရမ္မက်များ ဖြစ်ပေါ်လာပြီး သွေးကြောကို အငမ်းမရကြည့်ရှုနေကြချိန်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အော်ရာလှိုင်းတစ်ခုကြောင့် နှလုံးများ တုန်ခါသွားသည်အထိ လန့်ဖျတ်သွားမိကြသည်။ ကျန်းချန်ရွှမ်သည် စနစ်ထံမှ ရရှိထားသည့် ဝိညာဉ်အမြစ်လွှဲပြောင်းခြင်း နည်းစနစ်ကို အသုံးပြုလျက် အဆင့် ၃ ရေဓာတ်ဆီးပင်ကြီးကို ကြိုတင်ပြင်ဆင်ထားသည့် ဧရာမသေတ္တာကြီးအတွင်းသို့ ရွှေ့ပြောင်းလိုက်ခြင်းကြောင့် ဖြစ်သည်။ ထိုသေတ္တာကြီးကို ကျန်းမိသားစုဝင်များ တည်ဆောက်ထားခြင်းဖြစ်ပြီး အတွင်း၌ ကျန်းချန်ရွှမ်ကိုယ်တိုင်စီမံထားသည့် ဝိညာဉ်အရည်တစ်မျိုး ထည့်သွင်းထားသည်။ ထိုအရည်သည် အပင်ရွှေ့ ပြောင်းနေစဉ်အတွင်း သေဆုံးခြင်း၊ ပျက်စီးခြင်းမရှိစေရန်အတွက် ရည်ရွယ်ထည့်သွင်းထားခြင်း ဖြစ်သည်။
ဂျိန်း..
ရေဓာတ်ဆီးပင်ကြီး အမြစ်မှကျွတ်ထွက်၍ လေပေါ်သို့ မြောက်တက်လာသည့်အခါ ဘေးပတ်ဝန်းကျင်တွင် စပ်စုလျက်ရှိသည့် ပရိသတ်များထံမှ အုပ်အုပ်ကျက်ကျက်အသံများ ထွက်ပေါ်လာသည်၊ နာရီအနည်းငယ်ကြာပြီးနောက် ကျန်းချန်ရွှမ်သည် ဆီးပင်ကြီးကို သေတ္တာကြီးထဲ အောင်မြင်စွာ ထည့်သွင်းနိုင်လိုက်ပြီး အဖုံးပိတ်ကာ မှော်တိုင်တောင်ထံ သယ်ယူသွားတော့သည်။ မှော်တိုင်တောင်တစ်နေရာမှ ကောင်းကင်သို့ မျှော်ကြည့်လိုက်ပါက သာမန်နတ်ဘုရားအာရုံဖြင့် ထောက်လှမ်းခြင်းငှာ မစွမ်းသာသည့် ကျန်းချန်ရွှမ်၏ ပုံရိပ်သည် တောင်ကြောတစ်နေရာသို့ ချဉ်းကပ်ပျံသန်းလာသည်ကို တွေ့ရပါလိမ့်မည်။ ကျန်းချန်ရွှမ်သည် ဝိညာဉ်ချီစွမ်းအင် အများဆုံးနေရာကို ရှာဖွေလျက် ရေဓာတ်ဆီးပင်ကို ဂရုတစိုက် စိုက်ပျိုးလိုက်သည်။
ထိုနေရာကို မရှေးမနှောင်း ရောက်ရှိလာကြသည့် ကျန်းမိသားစုဝင်များလည်း တောင်မှထုတ်လွှင့်လိုက်သည့် ဝိညာဉ်ချီပမာဏသည် နဂိုမူလကထက် များစွာတိုးတက်လာကြောင်း သတိပြုမိကြ သည်။ မိသားစုဝင်အများစုမှာ ဟန်ပင်မဆောင်နိုင်တော့ဘဲ ဝမ်းသာအားရပင် ရယ်မောကြတော့သည်။ အနာဂတ်တွင် သူတို့အားလုံး၏ ကျင့်ကြံခြင်းခရီးစဉ်သည် ရှေးကထက် များစွာလွယ်ကူ၊ ချောမွေ့လာတော့မည်ဖြစ်သည်။ ကျန်းချန်ရွှမ်သည် ရေဓာတ်ဆီးပင်ကို အောင်မြင်စွာ နေရာချထားလိုက်ပြီးနောက် စနစ်ထံမှပင် ရရှိထားသည့် ဝိညာဉ်တိမ်လွှာ ခရမ်းရောင်ချီမျှင်ကို ထုတ်ယူလိုက်ပြန်သည်။
ကျွီ…
နေရာအသစ်ထံသို့ အတင်းအဓမ္မရွှေ့ပြောင်းခံရသဖြင့် ညှိုးနွမ်းသလိုဖြစ်နေသည့် ရေဓာတ်ဆီးပင်သည် ထိုခရမ်းချီမျှင်ကို အနံ့ရသည့်အခါ အဖိုးတန်ရတနာတစ်ပါးကို စားသုံးရတော့မည်ကို သိရှိနေသည့်အလား အပွင့်၊ အကိုင်းအခက်များကို အစွမ်းကုန်ဖွင့်ဟလျက် စောင့်စားနေတော့သည်။ ကျန်းချန်ရွှမ်ပင် ထိုဖြစ်အင်ကို မြင်သောအခါ မနေနိုင်တော့ဘဲ ရယ်မိလိုက်သည်။ ထို့နောက်တွင် အချိန်မဆွဲတော့ဘဲ ခရမ်းရောင်ချီမျှင်ကို ရေဓာတ်ဆီးပင်အား ပစ်ကျွေးလိုက်သည်။
ဂျိန်…
တစ်ခဏချင်းတွင် ရေဓာတ်ဆီးပင်သည် သွက်သွက်ခါ လှုပ်ယမ်းလာပြီး ပင်စည်တစ်လျှောက်၌ ခ ရမ်းရောင်အလင်းကွက်များ ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်မိသွားသည်။ မကြာမီ သစ်ပင်တစ်ခုလုံးကို ခရမ်းရောင်ချီများ ဖုံးလွှမ်းသွားပြီး ပြင်းထန်လှုပ်ရှားသည့် အော်ရာလှိုင်းများသည် မှော်တိုင်တောင်တစ်ခုလုံးအထိ ပျံ့နှံ့သွားသည်။ ထိုမျှမကသေး၊ ဝိညာဉ်ချီသိပ်သည်းမှုသည် မူလက တစ်ဆမျှသာရှိလျှင် ယခုအခါ လေးဆအထိ ထိုးတက်သွားသည်ကို ကျန်းမိသားစုဝင်အားလုံး ခံစားမိလိုက်ကြသည်။ ထို့ပြင် ဝိညာဉ်ချီသိပ်သည်းမှုသည် ရပ်သွားခြင်းမရှိဘဲ ဆက်လက်တိုးပွား နေသည့်အတွက် အနာဂတ်တွင် မှော်တိုင်တောင်ရှိ ဝိညာဉ်ချီပမာဏသည် မကြုံစဖူး အခြေအနေအထိ မြင့်တက်သွားရန် သေချာနေသည်။
ထိုအချိန်တွင် ရှန်းရူယန်၊ လျူလင်းလုံနှင့်တကွ ကောင်းကင်မူလရေကန်တွင် ကျန်းချန်ရွှမ်ကို ကူညီပေးခဲ့ကြသည့် ကျန်းမိသားစုဝင်များ ပြန်လည်ရောက်ရှိလာကြသည်။ ခရမ်းရောင်အလင်းများ လွှမ်းခြုံထားပြီး ဇီဝဓာတ်များ မပြတ်ထုတ်လွှတ်နေသည့် ရေဓာတ်ဆီးပင်ကို မြင်သောအခါတွင် မယုံနိုင် အံ့အားသင့်သွားကြတော့သည်။
***