← Chapters

အကျိုးဆောင်ရမှတ်လဲလှယ်ခြင်း

Vol. 16 Ch. 305

အကျိုးဆောင်ရမှတ်လဲလှယ်ခြင်း

Vol. 16 Ch. 305

“ယောက်ျား ဒီဟာက….”

ရှန်းရူယန်၏ အမေးကို ကျန်းချန်ရွှမ်က ခေါင်းညိတ်ပြရင်း

“ဟုတ်တယ်၊ ရေဓာတ်ဆီးသီးက အချိန်နဲ့အမျှ ဖြည်းဖြည်းချင်း တိုးတက်နေတယ်။ ကိုယ်မှန်းထားတာကတော့ အဆင့် ၄ ကိုရောက်ဖို့ အများကြီးမလိုတော့ဘူး”

“တကယ်လား”

ကျန်းချန်ရွှမ်၏ အားတက်ဖွယ်စကားကြောင့် လူအားလုံး ဝမ်းသာလုံးဆို့သွားကြတော့သည်။ သည်အတိုင်းဆိုလျှင် မှော်တိုင်တောင်ရှိ နဂိုမူလရှိရင်းစွဲ ဝိညာဉ်အမြစ်ကို အဆင့် ၄ သို့မြှင့်တင်ရန် ခဲယဉ်းမည်မဟုတ်တော့ပါ။ ထို့နောက် ကျန်းချန်ရွှမ်က ကောင်းကင်မူလရေကန်တွင် ကျန်ရစ်ခဲ့သည့် ရေဓာတ်သွေးကြော၏ အခြေအနေကို ရှန်းရူယန်နှင့် အခြားအကြီးအကဲများထံမှ စုံစမ်းပြီး အခြေအနေကောင်းကြောင်းသိရလျှင် ကျေနပ်ဟန်နှင့် ခေါင်းညိတ်လိုက်ရင်းနှင့်

“ဒါဆို ကျောက်စိမ်းရေဓားစင်မြင့်က ဖိတ်စာကို စောင့်ဖို့ပဲကျန်တော့တယ်”

ကျန်းချန်ရွှမ်၏ စကားဆုံးလျှင်ဆုံးချင်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံ ဟွားမန်ရုံထံမှ စာတစ်စောင်ရောက်လာသည်။ ဆက်သွယ်ရေးကျောက်စိမ်းပြားကို ထုတ်ယူဖတ်ရှုလိုက်ပြီးနောက် ကျန်းချန်ရွှမ်က ကျန်းမိသားစုဝင်အားလုံးကို ကြေညာလိုက်သည်။

“စင်မြင့်က နတ်ဆိုးသားရဲကပ်အတွင်းက စွမ်းဆောင်ခဲ့သူတွေကို ဝေစုခွဲပေးဖို့ စီစဉ်လိုက်ပြီ။ ရန်တောက်၊ ရန်ယီနဲ့ ကျန်တဲ့လူအားလုံး ကျုပ်တို့နဲ့အတူ စင်မြင့်ကို လိုက်ခဲ့ကြရမယ်”

“ဟုတ်ကဲ့ပါ”

အဆိုပါ သတင်းကောင်းကြောင့် ရှေးဟောင်းမူလမြို့တော်တွင် ကျန်းချန်ရွှမ်တို့နှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် ကျန်းမိသားစုဝင်အားလုံး ဝမ်းသာလုံးဆို့ကုန်ကြသည်။ နောက်ဆုံးတွင် သူတို့အသက်ပေးတိုက်ပွဲဝင်ခဲ့သည့်အတွက် ဆုလာဘ်များကို ထိုက်တန်စွာ ပြန်လည်ခံစားရပါတော့မည်။ ထို့ပြင် ကျန်းချန်ရွှမ်၏ ဦးဆောင်မှုအောက်တွင် ကျန်းမိသားစုဝင်အားလုံး၏ စွမ်းဆောင်ချက်မှာ ချီးကျူးဖွယ်ရာဖြစ်ခဲ့သောကြောင့် ပြန်လည်ရရှိမည့် ဝေစုမှာလည်း နည်းမည်မဟုတ်ဟု မျှော်မှန်းရ သည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်က

“ကျုပ်တို့မသွားခင်မှာ လုပ်စရာတစ်ခုရှိသေးတယ်”

ကျန်းချန်ရွှမ်သည် သိုလှောင်လက်စွပ်အတွင်းမှ ကြယ်သံကြိုးအစီအရင်ပြားကို ထုတ်ယူပြသလိုက်သည်။ ဤအစီအရင်ပြားသည် သားရဲကပ်ဘေးအတွင်းက ရှေးဟောင်းမူလမြို့တော်ကို ကာကွယ်ရာတွင် အဓိကကျသည့်နေရာမှ ပါဝင်ခဲ့သည် ဟုဆိုနိုင်ပါမည်။ ကြယ်သံကြိုးအစီအရင်သာ မရှိပါက ဝံပုလွေဘုရင်၏ လက်ချက်ဖြင့် တစ်မြို့လုံးပျက်စီးသွားမည်မှာ သေချာသလောက်ရှိ သည်။ ကုယွဲ့ဖန်းစစ်ကူလာသည်ကိုလည်း အချိန်မီ စောင့်ဆိုင်းနိုင်မည်မဟုတ်ပါ။ ထိုအစီအရင်ကို ကျန်းချန်ရွှမ် ထုတ်ယူလိုက်ခြင်းမှာ တောင်ကာအစီအရင်အဖြစ် အသုံးပြုလိုခြင်းကြောင့်ပင် ဖြစ် သည်။

မှော်တိုင်တောင်သည် ပုံမှန်အားဖြင့် အဆင့် ၄ တောင်တစ်လုံးအဖြစ် မရောက်ရှိသေးသော်လည်း အဆင့် ၃ ဝိညာဉ်သွေးကြောနှင့် ဌာနချုပ်ရှိ ဝိညာဉ်ကျောက်တုံးများ၏ အကူအညီဖြင့် အဆင့် ၄ နှင့်ညီမျှသည့် အကာအကွယ်ကို ထုတ်ဖော်နိုင်လိမ့်မည်ဖြစ်သည်။ ကျန်းချန်ရွှမ်သည် အစီအရင်ကို မှော်တိုင်တောင်တွင် နေရာချလိုက်ရာ ကောင်းကင်ထက်မှ ကြယ်အလင်းများ ပြိုးပြက်ကာ ကျဆင်းလာတော့သည်။ ထို့နောက် အစီအရင်ကို ထိန်းချုပ်သည့် တိုကင်ပြားကို လျူလင်းလုံထံ အပ် နှံပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျန်းမိသားစုဝင်များကို ခေါ်ဆောင်ကာ စင်မြင့်ထံသို့ ခရီးနှင်လိုက်ကြသည်။

ကျောက်စိမ်းရေဓားစင်မြင့်၏ ဂိတ်တံခါးဝကို ရောက်သောအခါ အသင့်စောင့်ကြိုနေသည့် ဝန်ထမ်းတစ်ဦးက ခန်းမဆောင်တစ်ခုအတွင်းသို့ လမ်းပြခေါ်ဆောင်သွားသည်။ ခန်းမအတွင်း ဝင်မိသည့်အခါ ကျန်းချန်ရွှမ်တို့ ဇနီးမောင်နှံသည် သူတို့နှင့် ကျွမ်းဝင်ပြီးဖြစ်သည့် မျက်နှာရင်းများကို တွေ့လိုက်ရသည်။ ထိုသူများမှာ ဟွားမန်ရုံ၊ လီဖေး၊ ပိုင်မင်ရှန်းတို့အပြင် ယို့မိသားစုဝင်များ၊ ဟွမ်းယောင်နှင့် မြူခိုးတိမ်စင်မြင့်မှ အကြီးအကဲတချို့ဖြစ်သည်။ သူတို့အားလုံးသည် ကျန်းချန်ရွှမ်တို့ ကို မြင်သောအခါ ဖော်ရွေစွာ နှုတ်ဆက်လိုက်ပြီးနောက် စကားစမြည်ပြောဆိုကြသည်။

ထိုစကားဝိုင်းမှတဆင့် သည်တစ်ခေါက် ကပ်ဘေးတွင် လျန်နိုင်ငံမှ ကျင့်ကြံသူအများအပြား သေဆုံးကြကြောင်း သိရသည်။ သေဆုံးသူများတွင် သူတို့ဇနီးမောင်နှံနှင့် ရင်းနှီးသူများဖြစ်သည့် ကောင်းကင်နွေဦးဂိုဏ်းမှ ချန်းယွမ်နှင့် ယန်မိသားစုမှ ယန်ဟွေ့ဖေးတို့လည်း ပါဝင်ကြောင်း သိလိုက်ရသည့်အတွက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း စိတ်မကောင်းစွာ သက်ပြင်းချမိသည်။ ဤသည်မှာ ကျင့်ကြံခြင်းလောက၏ ရက်စက်မှု သရုပ်သကန်ပင်ဖြစ်သည်။ သေခြင်းတရားသည် မည်သည့်အချိန်တွင် တံခါးခေါက်၍ ဝင်ရောက်လာမည်ကို မည်သူမျှ ကြိုတင်မှန်းဆနိုင်ခြင်း မရှိပါချေ။

သို့သော် သတင်းကောင်းတစ်ခုက ရှန်းမိသားစုအခြေစိုက်ရာ ပင်းချွမ်စီရင်စုတွင် နတ်ဆိုးသားရဲများနှင့် ထိတွေ့မှုကြီးကြီးမားမားမရှိ ဟုကြားသိရခြင်းဖြစ်သည်။ ရှန်းမိသားစုမှ ကျီဖုအဆင့်ကျင့်ကြံသူ တစ်ဦးတလေမှ ကျဆုံးခြင်းမရှိဟုဆိုသည့်အတွက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ စိတ်သက်သာရာရလိုက်ကြသည်။ သူတို့အားလုံး စကားစမြည်ပြောဆိုချိန်တွင် ရွှေအမြုတေအဆင့်ရှိသည့် ဝိညာဉ်ဖိအားတစ်ရပ် ခန်းမအတွင်းသို့ ချဉ်းနင်းဝင်ရောက်လာသည်ကို သတိထားမိလိုက်ကြ၍ လူအားလုံး စကားစဖြတ်လိုက်ကြကာ တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ ဝင်ရောက်လာသူမှာ စင်မြင့်သခင်ဖြစ်သူ ဟောင်တုန်းပိုင်ဖြစ်သည်။

“နှုတ်ဆက်ပါတယ် စင်မြင့်သခင်ဟောင်”

ခန်းမအတွင်းရှိ ပရိသတ်အားလုံးက ဦးညွတ်၍ ဂါရဝပြုလိုက်ကြသည်။ ဟောင်တုန်းပိုင်က ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။ ထိုအခါတွင် ရာပေါင်းများစွာသော စာရင်းတိုကင်ပြားများသည် အခန်းထဲရှိ ကျင့်ကြံသူအားလုံး၏လက်ထဲသို့ အသီးသီး ရောက်ရှိလာကြ တော့သည်။

“ကြည့်ကြပါဦး။ ခင်ဗျားတို့လက်ထဲထည့်လိုက်တဲ့ စာရင်းစာရွက်ထဲမှာ ခင်ဗျားတို့ကိုယ်စားပြုတဲ့ မိသားစု ဒါမှမဟုတ် ဂိုဏ်းရဲ့ အကျိုးဆောင်ရမှတ်တွေကို တစ်ဦးချင်းစီအလိုက် မှတ်တမ်းတင်ထားတယ်၊ ဒီရမှတ်တွေကို အသုံးပြုပြီး အလိုရှိတဲ့ ရတနာပစ္စည်းတွေနဲ့ လဲလှယ်နိုင်တယ်”

ထိုအခါ လူအားလုံးလည်း မိမိတို့လက်ထဲရှိ စာရင်းစာရွက်ကို ကမန်းကတန်း ငုံ့ကြည့်မိကြသည်။ ကျီဖုအဆင့် မိသားစုများနှင့် ဂိုဏ်းအားလုံးအနက် ကျန်းမိသားစု၏ အကျိုးဆောင်ရမှတ်မှာ အ များဆုံးဖြစ်သလို တစ်ဦးချင်းစီအလိုက် အကျိုးဆောင်မှုတွင် ကျန်းချန်ရွှမ်က ပထမနေရာတွင်ရှိနေပြီး ရှန်းရူယန်က ဒုတိယနေရာတွင် ရပ်တည်နေသည်။ အဆိုပါ အကျိုးဆောင်ရမှတ်များဖြင့် ကျန်းချန်ရွှမ်တို့သည် အမြုတေဖွဲ့စည်းခြင်းဆေးပြား အမြောက်အများကို လဲလှယ်နိုင်မည်ဖြစ်ပါ သည်။ ထိုဆေးပြားများသည် ပြင်ပလောကတွင် ဝယ်ယူရန် ခက်ခဲသည့် ပစ္စည်းများဖြစ်သည်။

အထူးသဖြင့် အမြုတေဖွဲ့စည်းခြင်းနှင့် သိပ်သည်းခြင်းဆေးပြားများဖြစ်သည်။ ပထမတစ်ခုဖြစ်သည့် အမြုတေဖွဲ့စည်းခြင်းဆေးပြားသည် ကျင့်ကြံသူတစ်ဦးအား ရွှေအမြုတေဖွဲ့စည်းရာတွင် အောင်မြင်နိုင်ချေကို ၃၅ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်ပြီး ဒုတိယဆေးပြားသည် ၂၅ ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်စွမ်းရှိသည်။ ဆေးပြားနှစ်ခုလုံးကို တွဲဖက်အသုံးပြုပါက အောင်မြင်နိုင်ချေသည် ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားပါလိမ့်မည်။ နှစ်ခုပေါင်း ၆၀ ရာခိုင်နှုန်းအပြည့် မရရှိသည့် အကြောင်းအရင်းမှာ ဆေးနှစ်ပြားတွင် ဆင်တူသည့် အာနိသင်စွမ်းရည်များ ပါဝင်နေပြီး ထိုအာနိသင်များသည် တစ်ခုနှင့်တစ်ခု ထပ်လျက်ရှိနေခြင်းကြောင့်ဖြစ်သည်။

***

All Chapters