ဝေစုခွဲခြင်း
Vol. 16 Ch. 306
သို့တိုင် ထိုဆေးပြားနှစ်ပြားကို ဈေးကွက်တင်ရောင်းချလိုက်ပါက ကျင့်ကြံသူများအဖို့ အလုအယက် ဝယ်ယူကြမှာ သေချာသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူများပင် ထိုဆေးပြားများကို လိုချင်စိတ် အာသီသပြင်းပြကြသည်။ ထိုဆေးနှစ်ပြားတန်ဖိုးကပင် တော်ရုံကျင့်ကြံသူများ အနားကပ်နိုင်သည့် ပမာဏမျိုးမဟုတ်ပါ။ ကျန်းချန်ရွှမ်တို့ ရရှိထားသည့် ရမှတ်များနှင့်ဆိုလျှင် ထိုဆေးပြားများကို နှစ်ပြားမက ဝယ်ယူနိုင်သလို ကျန်ရှိသည့်ရမှတ်များဖြင့်လည်း နောက်ထပ်ရတနာများကို ဝယ်ယူနိုင်ပါဦးမည်။ သို့သော် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရွှေအမြုတေအဆင့်ကို တက်လှမ်းရာတွင် ပြင်ပအကူအညီဖြစ်သည့် အဆိုပါ တန်ဖိုးကြီးဆေးပြားများကို သုံးစွဲခြင်းမပြုရန် ဆုံးဖြတ်ထားသည်။
ကျန်းရန်တောက်နှင့် လျူလင်းလုံတို့အနေနှင့်လည်းကျီဖုနဝမအဆင့်ကို ရောက်ရှိပြီး ရွှေအမြုတေသိပ်သည်းရန် ပြင်ဆင်ရတော့မည့် အချိန်ကာလမျိုး ရောက်ရှိရန် အတော်လေး ကွာဝေးနေသေးသည့်အတွက် လတ်တလောတွင် ထိုဆေးပြားများကို လိုအပ်ဦးမည်မဟုတ်ပါ။ ထို့ကြောင့် ကျန်းချန်ရွှမ်တို့သည် လဲလှယ်မည့်ရတနာစာရင်းမှ ထိုဆေးပြားများကို ဦးဆုံးပယ်ထားလိုက်ကြ သည်။ ထိုအစား အဆင့် ၄ ဝိညာဉ်ရတနာများနှင့် အဖိုးတန်ကုန်ကြမ်းများကိုသာ လဲလှယ်ရယူ ရန် အာရုံကျမိသည်။ အထူးသဖြင့် သူတို့နှစ်ဦး၏ မူလဓမ္မရတနာများကို အသွင်ပြောင်းလဲရန် သို့မဟုတ် အဆင့်မြှင့်တင်ရာတွင် အသုံးဝင်မည့် ရတနာပစ္စည်းများကို လက်လွှတ်မခံရန် ဆုံးဖြတ်ထားသည်။
ထိုရတနာများအနက် ဓာတ်နှစ်ပါးနတ်ဘုရားကျောက်စိမ်းသည် ကျန်းချန်ရွှမ်၏ ဒွိအစွန်းနတ်ဘုရားတောင်ကို အဆင့် ၄ အထိ မြှင့်တင်ပေးနိုင်စွမ်းရှိသည်။ ထို့အတူ စစ်မှန်သော ဝိညာဉ်မိုးကြိုး သလင်းကျောက်သည် ရှန်းရူယန်၏ မိုးကြိုးဆင်းတံဆိပ်တော်ကို အဆင့် ၄ အထိ မြှင့်တင်ပေးနိုင် ပြန်သည်။ ထို့အတူ ယင်ယန်ကောင်းကင်ဘုံကြာပန်းကိုလည်း ယင်ယန်ကျောက်စိမ်းကို ဖန်တီးရာတွင် အသုံးချနိုင်ပြန်သည်။ ထို့အပြင် ကျန်းချန်ရွှမ် လိုအပ်နေသော နောက်ထပ်ရတနာတစ်ခု ရှိနေပါသေးသည်။ ထိုအရာမှာ စစ်မှန်မှု ဓာတ်ငါးပါး ကျင့်ကြံခြင်းနည်းစနစ်၏ နောက်ဆက်တွဲ နည်းစနစ်ဖြစ်သည်။
သို့သော် ကျောက်စိမ်းရေဓားစင်မြင့်တွင် အဆိုပါနည်းစနစ်ရှိမနေ၍ ကောင်းကင်ယွဲ့ဂိုဏ်းတွင် ထပ်မံစုံစမ်းရဦးမည်ဖြစ်သည်။ ပြဿနာရှိသည်က ကျန်းချန်ရွှမ်သည် ထိုဂိုဏ်းမှ တစ်စုံတစ်ဦးနှင့် မှ သိကျွမ်းခြင်းမရှိခြင်းဖြစ်သည်။ အမှန်ဆိုရလျှင် ထိုဂိုဏ်းမှ လူအချို့နှင့် ပြဿနာအချို့ တက်ဖူးသေးသည့်အတွက် ထင်သလောက် လွယ်ကူမည်မဟုတ်ဟု မှတ်ချက်ချမိသည်။ သို့သော် ဟောင်တုန်းပိုင်၊ ဟွားမန်ရုံစသည့် စင်မြင့်အကြီးအကဲများနှင့် ဆက်ဆံရေးကောင်းတစ်ခု ပိုင်ဆိုင်ထားသည်က တာသွားသည်ဟုဆိုရမည်။ ကျန်းချန်ရွှမ်က အကြောင်းစုံကို ရှင်းပြသောအခါ ဟောင်တုန်းပိုင်က ရဲရဲဝံ့ဝံ့ အာမခံလိုက်သည်။
“မပူပါနဲ့ တာအိုမိတ်ဆွေကျန်း၊ နေ့တစ်ဝက် သို့မဟုတ် အများဆုံးသုံးရက်ပဲစောင့်ပါ။ ခင်ဗျားလို ချင်တဲ့နည်းစနစ်ကို ကောင်းကင်ယွဲ့ဂိုဏ်းကနေ တောင်းယူပေးပါ့မယ်”
“ဟုတ်လားဗျ”
ကျန်းချန်ရွှမ်မှာ အံ့အားသင့်သွားရသည်။ ဟောင်တုန်းပိုင်က ကျန်းချန်ရွှမ်၏ သံသယကို ရိပ်စားမိဟန်နှင့် ရှင်းပြလိုက်သည်။
“တာအိုမိတ်ဆွေကျန်း ဒီတစ်ခေါက် သားရဲကပ်မှာ ခင်ဗျားစွမ်းဆောင်ခဲ့တာတွေကို ခင်ဗျားကိုယ် တိုင်မေ့နေပြီထင်တယ်။ ခင်ဗျားကျေးဇူးက ကျုပ်တို့စင်မြင့်နဲ့ ကောင်းကင်ယွဲ့ဂိုဏ်းနှစ်ခုလုံးမှာ ရှိ နေပါတယ်။ ခင်ဗျားရဲ့တောင်းဆိုမှုက ကျုပ်တို့အတွက် ဖြည့်ဆည်းပေးဖို့ မခဲယဉ်းပါဘူး”
ထို့နောက် ဟောင်တုန်းပိုင်က အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ
“ခင်ဗျားလိုချင်တာက သူတို့ဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုဆိုရင်တော့ ခင်ဗျားတောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုနည်းစနစ်က သူတို့အတွက် သမားရိုးကျနည်းစနစ်တစ်ခုဖြစ်နေတဲ့အတွက် သူတို့လည်း တွန့်တိုနေမှာမဟုတ်ဘူး။ နောက်ပြီး ကောင်းကင်ယွဲ့ ဂိုဏ်းကိုယ်တိုင်ကလည်း ခင်ဗျားနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ချင်နေတယ်။ ဒါပေမဲ့ အခွင့်အရေးမရသေးလို့ ငြိမ်နေတဲ့သဘောပဲ။ ဒီတစ်ခေါက်က သူတို့အတွက် အခွင့်အရေးကောင်းတစ်ခုပဲလေ။ ဒါကြောင့် ကျုပ်အာမခံနိုင်တာပေါ့”
ထိုအခါမှ ကျန်းချန်ရွှမ်ကိုယ်တိုင်လည်း လျန်နိုင်ငံနှင့် ရှေးဟောင်းမူလမြို့တော်အတွက် သူ၏စွမ်းဆောင်ချက်များသည် စင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းများအတွက် အလွန်တာသွားကြောင်း သတိပြုမိတော့သည်။ ရှေးဟောင်းမူလမြို့တော်ကို ကာကွယ်ခြင်းသည် လျန်ုနိုင်ငံကို ကာကွယ်ခြင်းနှင့်တူသည်ဟုဆိုလျှင် မှားမည်မဟုတ်ပါ။ ထို့ပြင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကပ်ဘေးအတွင်း၌ ရွှေအမြုတေအဆင့်နှင့် တန်းတူသည့် စွမ်းအားကို ပြသနိုင်ခဲ့သည့်အတွက် ကောင်းကင်ယွဲ့ဂိုဏ်းသည် သူတို့ဇနီးမောင်နှံကို သူတို့နှင့်တန်းတူ ရွှေအမြုတေအဆင့် ပုဂ္ဂိုလ်များအဖြစ် ယူဆထားပုံရသည်။ မဟုတ်လျှင် ကပ်ဘေးအတွင်း မည်မျှအထိ စွမ်းဆောင်ထားပါစေ၊ ယခုလိုဆက် ဆံခြင်းခံရမည်မဟုတ်ပါ။
ကျန်းချန်ရွှမ်သည် အခြေအနေအားလုံးကို သုံးသပ်မိပြီးနောက် ဟောင်တုန်းပိုင်ကို လက်သီးဆုပ် ၍ ဂါရဝပြုလိုက်သည်။
“ဒါဖြင့် စင်မြင့်သခင်ကြီးကိုပဲ ဒုက္ခပေးရတော့မှာပဲ”
“ရပါတယ် တာအိုမိတ်ဆွေကျန်း”
***