စံသခင်ကြီး
Vol. 16 Ch. 307
ကျန်းချန်ရွှမ်သည် ဓာတ်ငါးပါးစစ်မှန်မှုနည်းစနစ်ကို ရွေးချယ်ပြီးနောက် လဲလှယ်စရာ အကျိုးဆောင်ရမှတ်များမှာ များများစားစား မကျန်တော့ပါ။ ကျန်ရှိနေသော ပစ္စည်းစာရင်းကို ကြည့်ပြီးနောက် သူတို့နှစ်ဦးအတွက် အသုံးဝင်လောက်မည် ရတနာပစ္စည်းများ မရှိတော့ကြောင်း သတိပြုမိလိုက်သည်။ သို့သော် ကျန်ရှိနေသော အကျိုးဆောင်ရမှတ်များကိုလည်း အလဟဿ လွှင့်ပစ်၍ မဖြစ်ပြန်ပါ။ ထို့ကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျီဖုကျောက်စိမ်းပြား နှစ်ခုအပါဝင် အဆင့် ၃ ဝိညာဉ်ရတနာအချို့ကို ဂရုတစိုက် ရွေးချယ်လိုက်သည်။ ဧည့်သည်အများစုမှာ အလိုရှိသည့် ရတနာများကို လဲလှယ်ရယူပြီးနောက်တွင် ဟောင်တုန်းပိုင်တို့ကို နှုတ်ဆက်ပြီး အလျှိုလျှို ပြန်ကုန်ကြသည်။
ကျန်းချန်ရွှမ်တို့နှစ်ဦးကတော့ အလောသုံးဆယ် မပြန်သေးဘဲ စင်မြင့်၌ ရက်အနည်းငယ် ဆက် လက်တည်းခိုလိုက်သည်။ နှစ်ရက်ကြာသောအခါ ဟောင်တုန်းပိုင် ရောက်ရှိလာပြီး ကျန်းချန်ရွှမ်ကို ကျောက်စိမ်းတိုကင်ပြားတစ်ခု လာပေးသည်။
“တာအိုမိတ်ဆွေကျန်း၊ ခင်ဗျားတောင်းဆိုထားတဲ့ နည်းစနစ်ပဲ”
ကျန်းချန်ရွှမ်သည် ကျောက်စိမ်းပြားကို လှမ်းယူပြီး နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်ရာ အမှန် တကယ်ပင် ဓာတ်ငါးပါးစစ်မှန်မှုနည်းစနစ် ဖြစ်နေကြောင်း တွေ့ရ၍ ဟောင်တုန်းပိုင်ကို ကျေးဇူး တင်စကားဆိုလိုက်သည်။ ဟောင်တုန်းပိုင်က အသာလက်ကာပြပြီး
“ဒါတွေမလိုပါဘူး၊ ကျုပ်တာဝန်အရ ဆောင်ရွက်ပေးတာပါ”
ထို့နောက်တွင် ဟောင်တုန်းပိုင်သည် ရုတ်တရက် မျက်နှာတည်သွားပြီး စကားတစ်ခွန်းဆိုသည်။
“တာအိုမိတ်ဆွေကျန်း ကျုပ်ဒီကိုလာတာ ခင်ဗျားကို ဒီနည်းစနစ်ပေးဖို့အပြင် အရေးကြီးတာတခု ပြောဖို့လည်းပါတယ်”
“ဟုတ်လား”
သူ့စကားကြောင့် ကျန်းချန်ရွှမ်တင်မက ရှန်းရူယန်ပါ စိတ်ဝင်စားသွားသည်။ ကျန်းချန်ရွှမ်က
“ဘာများလဲ စင်မြင့်သခင်ကြီး၊ ပြောစရာရှိတာကို အားမနာဘဲ ပြောနိုင်ပါတယ်”
ဟောင်တုန်းပိုင်က ခေါင်းညိတ်လိုက်ပြီး
“ခင်ဗျားတို့ ဖူတောင်က ဝံပုလွေဘုရင်ကို မှတ်မိဦးမယ်ထင်ပါတယ်”
ထိုနာမည်ကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားသည်။
“ဟုတ်တယ် ခင်ဗျားသတ်လိုက်တဲ့ နတ်ဆိုးဘုရင်ပဲ။ ကျုပ်သိရသလောက်က အဲဒီနတ်ဆိုးဘုရင်နဲ့ သွေးချင်းဆက်တဲ့ အဆင့် ၅ နတ်ဆိုးဧကရာဇ်တစ်ဦးက နတ်ဆိုးဘုရင် အသတ်ခံရကြောင်း သိသိချင်းနေ့မှာပဲ လျန်နိုင်ငံထဲ ဝင်ဖို့ကြိုးစားတယ်တဲ့။ ဒါပေမဲ့ လျှို့ဝှက်ဓားနန်းတော်က စံသခင်ကြီး ရွှမ်းယန်က တားလိုက်လို့ နောက်ပြန်ဆုတ်သွားတယ်လို့ကြားတယ်”
“ဒီလိုလား”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦးစလုံး တုန်လှုပ်သွားကြသည်။ အဆင့် ၅ နတ်ဆိုးဧကရာဇ်သာ လျန်နိုင်ငံထဲသို့ ခြေချနိုင်ခဲ့လျှင် တစ်နိုင်ငံလုံးအတွက် ကြမ္မာဆိုးသင့်မည်ဖြစ်ကြောင်း နားလည် လိုက်မိသည်။ ကံကောင်းစွာနှင့် စံသခင်ကြီးရွှမ်းယန်၏ကောင်းမှုကြောင့် ထိုကြမ္မာဆိုးကို အချိန် မီတားဆီးနိုင်ခဲ့သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦးစလုံး စံသခင်ကြီးဆိုသူအကြောင်းကို ကြားဖူးနားဝရှိထားကြသည်။ ထိုပုဂ္ဂိုလ်သည် သူ၏လက်အောက်ငယ်သားများနှင့် ဂျူနီယာများကို လွှမ်းမိုးမှုကြီးမားသလို ကူညီစောင့်ရှောက်တတ်သည်ဟု သူတို့ကြားဖူးသည်။ တစ်ခါက နတ်ဆိုးဧကရာဇ်တစ်ဦးသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကို တိုက်ခိုက်ပြီး သေလုမျောပါးဖြစ်သည်အထိ ကျူးလွန်ဖူးသည်။
ကျူးလွန်ခံရသူ ရွှေအမြုတေအဆင့် ကျင့်ကြံသူသည် စံသခင်ရွှမ်းယန်၏ ငယ်သားတပည့် မဟုတ်သလို မျိုးရိုးတော်စပ်ခြင်းမရှိသော်လည်း စံသခင်ကြီးသည် နောက်နှစ်ရက်အကြာတွင် ကျူးလွန်သူနတ်ဆိုးဧကရာဇ်၏ အသိုက်ထဲကို တစ်ဦးတည်းဝင်သွားပြီး နတ်ဆိုးဧကရာဇ်၏ သွေးကြောအားလုံးကို ဖျက်ဆီးပြီး အရေခွံကိုနွှာယူခဲ့သည်ဟု ကျန်းချန်ရွှမ်ကြားဖူးသည်။ နယ်ပယ်တူနှင့် အဆင့်တူများအကြား ဖြစ်ပွားသည့် ပဋိပက္ခများတွင်တော့ ရွှမ်းယန်သည် ဝင်ရောက်စွက်ဖက်လေ့မရှိပါ။ သို့သော် အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သည် အရေးမျိုး၊ သို့မဟုတ် ရွှမ်းယန်က သူ့လူ ဟုသတ်မှတ်ထားသည့် ငယ်သားများကို ထိပါးလျှင်တော့ ရွှမ်းယန်သည် ထိုကဲ့သို့အဖြစ်မျိုး နောက်တစ်ကြိမ်မဖြစ်ရန် ပြတ်ပြတ်သားသား ကိုင်တွယ်လေ့ရှိသည်။ နတ်ဆိုးဧကရာဇ်ဖြစ်စေ၊ လူသားကျင့်ကြံသူဖြစ်စေ၊ ထိုစည်းမျဉ်းများကို ချိုးဖျက်ရဲသူသည် ရွှမ်းယန်၏ အညှာအတာကင်းမဲ့သည့် ဆုံးမခြင်းကို ခံရမည်ဖြစ်သည်။
ထို့နောက် ဟောင်တုန်းပိုင်သည် ပြောစရာမကုန်သေးဟန်ဖြင့်
“ကျုပ်ပြောဖို့လာတာ ဒီကိစ္စတစ်ခုတည်းအတွက်လည်း မဟုတ်ပြန်ဘူး”
***