အဆင့် ၉ ရွှေအမြုတေ (၂)
Vol. 16 Ch. 309
ထို့နောက်တွင် ကျန်းချန်ရွှမ်တို့လည်း ဟောင်တုန်းပိုင်ကို နှုတ်ဆက်ပြီး ကျန်းရန်တောက်တို့ကို ခေါ်ဆောင်ကာ ကျန်းမိသားစုဌာနချုပ်ထံ ပြန်လာခဲ့ကြသည်။ မှော်တိုင်တောင်ကို ရောက်လျှင်ရောက်ချင်းပင် ကျန်းချန်ရွှမ်သည် မိသားစုဝင် အကြီးအကဲအားလုံးကို စုဝေးစေပြီး ဟောင်တုန်းပိုင်ထံမှ ကြားသိရသမျှကို ပြောပြလိုက်သည်။ ထိုအခါ ခန်းမအတွင်းရှိ အကြီးအကဲများအားလုံး စိတ်မသက်မသာ ဖြစ်ကုန်ကြသည်။ ဝံပုလွေဘုရင်နှင့် စပ်လျဉ်းသည့် အရေးကိစ္စတစ်ခုမှသည် စစ်ပွဲကြီးတစ်ခု ဖြစ်လာနိုင်သည့် အခြေအနေမျိုးထိ ဆိုက်ရောက်လာလိမ့်မည်ဟု သူတို့မတွေးမိ ခဲ့ကြချေ။ နောင်ဆယ်နှစ်အတွင်း စစ်ပွဲဖြစ်မလာနိုင်သည့်အပြင် ထိုစစ်ပွဲကို ရှောင်လွှဲနိုင်ချေ အနည်းငယ်ရှိကြောင်း သူတို့အားလုံးသိထားသော်လည်း ဝါရင့်ကျင့်ကြံသူများပီပီ အဆိုးဆုံးကို ကြိုတွေးပြီး စစ်ပွဲအတွက် အလုံးစုံပြင်ဆင်ထားရန် လိုအပ်ကြောင်း အကြီးအကဲအားလုံး သဘောတူလိုက်ကြသည်။
ထိုအချိန်တွင် ကျန်းရန်ယီက မေးခွန်းထုတ်သည်။
“စီနီယာဦးလေးခင်ဗျား၊ ကျွန်တော်တို့အတွက် ဆောင်ရွက်စရာများ ရှိပါသလား၊ ကျွန်တော်တို့ ဘာဆက်လုပ်သင့်ပါသလဲ”
ကျန်းချန်ရွှမ်က ဖြည်းဖြည်းချင်းရှင်းပြသည်။
“လောလောဆယ်မှာတော့ ခင်ဗျားတို့ကို တောင်းဆိုစရာတစ်ခုပဲရှိတယ်။ အချိန်ရသမျှ မိမိတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို တတ်နိုင်သမျှ မြှင့်တင်ထားဖို့ပါပဲ။ နောက်တစ်ချက်က ကျုပ်နဲ့ရူယန်က လာမဲ့ရက်အနည်းငယ်အတွင်းမှာ ရွှေအမြုတေဖွဲ့စည်းဖို့ ကိစ္စအတွက် ခရီးထွက်ရလိမ့်မယ်။ ဒီကြားထဲမှာ အကြောင်းထူးတစ်ခုခုရှိရင် ကျုပ်ကို အဝေးအသံပို့စနစ်နဲ့ အကြောင်းကြားနိုင်တယ်”
“စီနီယာဦးလေးနဲ့ အဒေါ်က ခရီးထွက်ဦးမှာလား၊ ဒီလိုအချိန်မျိုးကြီးမှာ”
ကျန်းရန်ယီတို့လူစုလည်း ကျန်းချန်ရွှမ်၏ ဆိုင်းမဆင့်ဗုံမဆင့် ကြေညာချက်ကို သိရလျှင် အံ့အားသင့်ကုန်ကြသည်။ အထူးသဖြင့် ယခုလို ထိရှလွယ်သည့် အချိန်ကာလမျိုးတွင် ကျန်းချန်ရွှမ်တို့နှစ် ဦး အဝေးသို့ခရီးထွက်သွားသည့် သတင်းသာ ပေါက်ကြားသွားခဲ့ပါက ကျန်းမိသားစုကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ အထူးသဖြင့် တင်းယွမ်မြို့စားနှင့် ဝံပုလွေဘုရင်အတွက် လက်စားချေလိုနေသည့် သားရဲများသာ ကြားသိသွားလျှင် ထိုအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပါ။ သို့သော် ကျန်းချန်ရွှမ်က သူတို့ခရီးထွက်ရခြင်းမှာ ရွှေအမြုတေအဆင့်ကို တက်လှမ်းရန် မဖြစ်မနေဆောင်ရွက်ရမည့် တာဝန်ဖြစ်ကြောင်း စိတ်ရှည်လက်ရှည် ရှင်းပြသည်။
ထိုအခါ ကျန်းရန်ယီတို့လူစုလည်း ကျန်းချန်ရွှမ်တို့ကို ဖြောင်းဖျရန် မလွယ်ကြောင်း ရိပ်စားမိ၍ လက်လျှော့လိုက်ကြသည်။ သူတို့အတွက် တတ်နိုင်သည်မှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ခရီးထွက်သွားသည့်သတင်းကို တတ်နိုင်သမျှ မပေါက်ကြားရန် ဖုံးဖိရုံသာရှိသည်။ တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ခရီးမှ ပြန်ရောက်လာမည့် နေ့ရက်အတွက်လည်း စိတ်လှုပ်ရှားနေမိကြသည်။ ခရီးစဉ်အဆုံးတွင် ကျန်းချန်ရွှမ်တို့သာ ရွှေအမြုတေကို သိပ်သည်းနိုင်မည့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့လျှင် ကျန်းမိသားစုသည် ရှေးအတိတ်က ရွှေထီးဆောင်းခဲ့သလို ရွှေအမြုတေအဆင့် မိသားစုတစ်ခုအဖြစ်ကို ပြန်လည်ရရှိတော့မည်ဖြစ်သည်။ ထို့ကြောင့် ပုံမှန်အားဖြင့် တည်ငြိမ်လေ့ရှိသူ ကျန်းရန်ယီသည်ပင် ထိုအကြောင်းတွေးမိပြီး စိတ်လှုပ်ရှားနေတော့သည်။
ဤသို့နှင့် ကျန်းချန်ရွှမ်တို့သည် မှော်တိုင်တောင်တွင် တစ်ပတ်ကြာ ဆက်လက်နေထိုင်ကာ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီးနောက် ကျင်းနိုင်ငံသို့ လျှို့ဝှက်ထွက်ခွာလာခဲ့တော့သည်။ သူတို့နှစ်ဦး၏ ခရီးစဉ်ကို လူအများသိရှိသွားမည်စိုး၍ နေရာရွှေ့ပြောင်းခြင်း အစီအရင်ဂိတ်များကို မသုံးဘဲ တိုက်ရိုက်ပျံသန်းလာခဲ့ကြသည်။ လတ်တလော လျန်နှင့်ကျင်း နှစ်နိုင်ငံအကြား တင်းမာမှုများကြောင့် ထိုအစီအရင်ဂိတ်များကိုလည်း နှစ်ဖက်စလုံးက ပိတ်ဆို့ထားမည် ဖြစ်ကြောင်းကို လည်း တွေးမိ၍ဖြစ်သည်။ ကျင်းနှင့် လျန်နိုင်ငံအကြား ခရီးအကွာအဝေးမှာ အတော်လေးများပြီး ရက်အတန်ကြာမှ ကျင်းနိုင်ငံအတွင်းရှိ ဝိညာဉ်ဖြူရွှံနွံအိုင် ဟုခေါ်သော ဒေသတစ်ခုကို ခြေချမိကြသည်။
ထိုနွံအိုင်တောအတွင်း ဝင်ရောက်မိပြီး မကြာခင်တွင် ရှန်းရူယန်၏ မျက်နှာအမူအရာမှာ တစ်မျိုးပြောင်းသွားသောကြောင့် ကျန်းချန်ရွှမ်က မနေနိုင်တော့ဘဲ
“တစ်ခုခုတွေ့လို့လား”
“အင်း”
ရှန်းရူယန်သည် ကျေနပ်အားရဟန်နှင့်
“ဒီတစ်ခေါက်တော့ ကျွန်မတို့ကံကောင်းတယ်။ ကျင်းနိုင်ငံထဲ ဝင်ဝင်ချင်းမှာတင် ကျွန်မရှာနေတဲ့ နေရာကို တွေ့ပြီထင်တယ်”
“ကောင်းတာပေါ့”
ရှန်းရူယန်၏ ဝမ်းသာအားရစကားကြောင့် ကျန်းချန်ရွှမ်လည်း စိတ်လှုပ်ရှားသွားမိသည်။ သည်တစ်ကြိမ်ခရီးသည် သူတို့စီစဉ်ထားသည့်အတိုင်း ရှောရှောရှုရှု ဖြစ်လာခဲ့ပါက အချိန်ကုန်သက်သာမည်ဖြစ်သလို ကျန်းမိသားစုထံ အမြန်ပြန်နိုင်တော့မည်ဖြစ်သည်။ ထို့နောက် ရှန်းရူယန်မှ ရှေ့ကဦးဆောင်ပြီး နှစ်ယောက်သား ဝိညာဉ်ဖြူရွှံနွံတောအိုင်အတွင်း နက်နက်ရှိုင်းရှိုင်း တိုးဝင်လိုက်ကြ ပြီး လူသားများနှင့် နတ်ဆိုးသားရဲတို့၏ ပြုပြင်စီရင်ထားခြင်း မရှိသည့် သဘာဝတောတွင်းနေရာ တစ်ခုကို ရောက်ရှိလာကြသည်။ ထိုနေရာတွင် သက်ရှိသတ္တဝါကင်းမဲ့ပြီး လွင့်မျောနေသည့် ဝိညာဉ်များကို ဖမ်းဆီးဝါးမြိုတတ်သူ ဝိညာဉ်မြိုဖား ဟုခေါ်သည့် နတ်ဆိုးသားရဲတစ်ကောင်ကိုသာ ရံဖန်ရံခါ တွေ့ရတတ်သည်။
အဆိုပါ ဝိညာဉ်များသည် အဖြူရောင်အဆင်း ရှိကြသောကြောင့် ဤရွှံနွံတောကို ဝိညာဉ်ဖြူနွံတော ဟုခေါ်ဆိုကြခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထိုထက်ပိုနက်ရှိုင်းသည့် နွံတောတစ်နေရာကို ဆက်လက်ချီတက်လိုက်ကြပြန်သည်။ ခြောက်နာရီကြာ ခရီးနှင်ပြီးနောက် လွင့်မျောဝိညာဉ် ရာပေါင်းများစွာ စုဝေးနေသည့် နေရာတစ်ခုကို ရောက်ရှိလာကြသည်။ အရေအ တွက်အားဖြင့် မနည်းလှသော ဝိညာဉ်ပုံရိပ်များကို ကြည့်ရှုနေရင်း ကျန်းချန်ရွှမ်က
“ရူယန်ရှာနေတာ ဒီနေရာဆိုတာ သေချာပါတယ်နော်”
“ဟုတ်တယ် ဒီနေရာပဲ”
ရှန်းရူယန်က ပြောပြောဆိုဆိုနှင့် မြေတွင် ခြေချိတ်ထိုင်ချလိုက်ပြီး ဂါထာတစ်ပုဒ်ကို ဖြည်းညင်း စွာ ရွတ်ဖတ်လိုက်သည်။ ခဏချင်းတွင် သူမ၏ ခန္ဓာကိုယ်ပတ်လည်မှ ရွှေရောင်အလင်းလွှာတစ်ခု ဖြာထွက်လာပြီး ဝိညာဉ်ဖြူများကို လွှမ်းအုပ်သွားသည်။ မူလက မျက်လုံးအိမ်အတွင်း ဗလာဟင်းလင်းနေကာ ရှေ့နောက်လွန်းထိုး မျောလွင့်နေသည့် မျက်ဝန်းများအတွင်း၌ ကြည်လင်ပြတ်သား သည့် အစွန်းအစများ ထင်ဟပ်လာတော့သည်။ ထို့နောက် ဝိညာဉ်အားလုံးသည် ရှန်းရူယန်ကို စိုက်ကြည့်လိုက်ပြီး ကိုယ်စီ ဒူးထောက်လိုက်ကြသည်။
ကျွီ…
ထိုအခိုက်တွင် သာမန်မျက်စိဖြင့် မမြင်နိုင်အောင် ဖုံးကွယ်ထားသည့် အစီအရင်တစ်ခု ပေါ်လာပြီး ဖြည်းဖြည်းချင်း အသက်ဝင်လာသည်။ ရွှေရောင်အလင်းများက ဒူးထောက်လျက်ရှိသည့် ဝိညာဉ်ဖြူများကို ဖြည်းညင်းစွာ အစွဲချွတ်နေသည့်အတွက် ဝိညာဉ်များသည် ကိုယ်စီကျွတ်လွတ်ကာ နေရာမှ ပျောက်ကွယ်ကုန်ကြသည်။ သူတို့ရှိနေခဲ့သည့် မြေပြင်ထက်တစ်နေရာတွင် အလင်းတံခါးတစ်ခု ပေါ်လာတော့သည်။ ထိုတံခါးကို စိုက်ကြည့်လိုက်လျှင် အချိန်၏ အဆုံးအဆမဲ့ပတ်လမ်းတစ်ခု ကို မြင်လိုက်ရသလို ခံစားမိလိမ့်မည်ဖြစ်သည်။ ထို့နောက် ရှန်းရူယန်သည် ထိုင်ရာမှ ဖြည်းဖြည်း ချင်းထပြီး အလင်းတံခါးကို ငုံ့ကြည့်ကာ ကျန်းချန်ရွှမ်အား
“ယောက်ျား သွားစို့လေ”
ထို့နောက် ရှန်းရူယန်က တံခါးပေါက်အတွင်းသို့ ခြေချလိုက်ပြီး ပျောက်ကွယ်သွားသည်။ ကျန်းချန်ရွှမ်လည်း ဇနီးဖြစ်သူနောက်ကို ထက်ကြပ်မကွာ လိုက်သွားတော့သည်။ ကျန်းချန်ရွှမ်၏ ပုံရိပ်ပျောက်ကွယ်သွားသည့်အခါ အလင်းတံခါးလည်း မြေပြင်ထက်မှ ဖြည်းဖြည်းချင်း ပျောက်ကွယ် သွားသည်။ ဝန်းကျင်တစ်ခွင်လုံးသည် မူလအတိုင်း ပြန်လည်တိတ်ဆိတ်သွားပြီး အော်ရာ၊ စွမ်းအင်တို့၏ အရိပ်အယောင်များ အစွန်းအစမကျန် ပျောက်ကွယ်သွားသည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အထက်နှင့်အောက် ဟင်းလင်းဖြစ်နေသည့် နေရာတစ်ခုကို ရောက် ရှိသွားသည်။
ထိုနေရာတွင် သိပ်သည်းပြင်းထန်သည့် လျှပ်စီးဓာတ်များနှင့် လျှပ်စီးအလုံးသုံးခုမှလွဲ၍ ဗလာနတ္တိ ပြီးလျက်ရှိသည်။ အဆိုပါ လျှပ်စီးသုံးလုံး၏ မျက်နှာပြင်မှာ ကြည်လင်ပါးလွှာလှ၍ အထဲတွင်ရှိနေသည့် ပစ္စည်းများကိုပင် အတိုင်းသား တွေ့မြင်ရသည်။ ထိုပစ္စည်းသုံးခုမှာ စာလွှာတစ်ချပ်၊ ရောင်စဉ်ငါးပါး လင်းလက်နေသည့် လျှပ်စီးတံဆိပ်တစ်ခု၊ လျှပ်စီးများကွန့်မြူးနေသည့် အပြာရောင်အရည်တစ်မျိုး ထည့်သွင်းထားသည့် ပုလင်းတစ်လုံးတို့ဖြစ်သည်။ ထိုပစ္စည်းများကဲသို့ အရာမျိုးကို ကျန်းချန်ရွှမ်၏ တစ်သက်တွင် တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ ထိုအချိန်တွင် ရှန်းရူယန်သည် လက်ကိုဝှေ့ ယမ်းလိုက်ရာ လျှပ်စီးသုံးလုံးသည် သူမ၏ လက်ဝါးပြင်ထက်သို့ ရောက်ရှိလာကြသည်။
“ဒီစာလွှာထဲမှာ အထွတ်အထိပ်အဆင့် ရွှေအမြုတေကို သိပ်သည်းဖို့ နည်းလမ်းနဲ့ လိုအပ်ချက်တွေကို ရေးမှတ်ထားတယ်”
“ဘယ်လို..”
ရှန်းရူယန်၏ စကားကြောင့် ကျန်းချန်ရွှမ်တစ်ယောက် မှင်သက်သွားမိသည်။ ရှန်းရူယန် ရည်ညွှန်းလိုက်သည့် အထွတ်အထိပ်အဆင့် ရွှေအမြုတေအကြောင်းကို သူကောင်းစွာကြားဖူးပါသည်၊ ကျင့်ကြံခြင်းလောကတွင် သိပ်သည်းပြီးရရှိသည့် ရွှေအမြုတေများကို အဆင့်ကိုးဆင့် ခွဲခြားသတ်မှတ်လေ့ရှိသည်။ ပထမဆုံးအဆင့်မှ တတိယအဆင့်အတွင်း ရွှေအမြုတေများကို အဆင့်နိမ့်အမျိုးအစားဟု သတ်မှတ်ကြပြီး စတုတ္ထမှ ဆဌမအဆင့်အထိ အမြုတေများကို အလယ်အဆင့်အဖြစ် သတ်မှတ်သည်။ အဆင့်မြင့်ရွှေအမြုတေများမှာ သတ္တမမှ နဝမအဆင့်အတွင်း အမြုတေများဖြစ် သည်။ ပုံမှန်အားဖြင့် အဆင့်နိမ့်ရွှေအမြုတေပိုင်ရှင်များသည် အခြေတည်ဝိညာဉ်နယ်ပယ်ကို ဘယ်တော့မှ တက်လှမ်းနိုင်စွမ်းရှိမည်မဟုတ်ပါ။ သူတို့အမြင့်ဆုံး မျှော်မှန်းနိုင်သည်မှာ ရွှေအမြုတေအလယ်အဆင့်နှင့် ရံဖန်ရံခါတွင် နှောင်းပိုင်းအဆင့်ထိ မျှော်လင့်ခွင့်အနည်းငယ်ရှိသည်။
စတုတ္ထအဆင့် ရွှေအမြုတေပိုင်ရှင် ကျင့်ကြံသူအနေနှင့် အမြင့်ဆုံး အခြေတည်ဝိညာဉ် ပဏာမနယ်ပယ်အထိ မျှော်မှန်းခွင့် အနည်းငယ်ရှိပြီး ပဉ္စမအဆင့် ရွှေအမြုတေပိုင်ရှင်များအဖို့ ပဏာမ နယ်ပယ်သို့ တက်လှမ်းရန် အလားအလာကောင်းပြီး ထိုမှတစ်ဆင့် အခြေတည်ဝိညာဉ်နယ်ပယ်အစစ်ကို ထပ်မံတက်လှမ်းရန် မျှော်လင့်ချက်အနည်းငယ်ရှိသည်။ ဆဌမအဆင့် ရွှေအမြုတေပိုင်ရှင်များမှာ အခြေတည်ဝိညာဉ်နယ်ပယ်အစစ်သို့ တိုက်ရိုက်တက်လှမ်းရန် အခွင့်အရေး အနည်းငယ်ရှိသည်။ စစ်မှန်သည့် အဆင့်မြင့် ရွှေအမြုတေများဖြစ်သော သတ္တမ၊ အဌမနှင့် နဝမအဆင့် အမြုတေပိုင်ရှင်များသာ အခြေတည်ဝိညာဉ်အဆင့်သို့ တက်လှမ်းရန် လုံးလုံးလျားလျား အရည်အ ချင်းပြည့်မီသည်ဟု သတ်မှတ်ကြသည်။ အခြေတည်ဝိညာဉ်အဆင့် မိသားစုများနှင့် ဂိုဏ်းများတွင် အဆင့်မြင့်အမြုတေကို သိပ်သည်းနိုင်သည့် ကျင့်ကြံသူများကိုသာ အခြေတည်ဝိညာဉ်သန္ဓေလောင်းအဖြစ် သတ်မှတ်ပြီး ပျိုးထောင်ပေးကြသည့် ဓလေ့ရှိသည်။
သို့သော် ကျန်းချန်ရွှမ် ကြားသိသလောက် နိုင်ငံငါးနိုင်ငံတည်ရှိသည့် ကန်းနန်ဒေသရှိ ကျင့်ကြံသူအများစု၏ အမြုတေများသည် အဆင့်နိမ့် အမျိုးအစားများသာဖြစ်ပြီး အလွန်နည်းပါးသည့် လူတစ်စုသာ အလယ်အဆင့် အမြုတေများကို ပိုင်ဆို်ငကြသည်။ အဆင့်မြင့်အမြုတေပိုင်ရှင်များမှာ မရှိသလောက် ရှားပါးလှသည်။ ရှန်းရူယန်ရည်ညွှန်းသည့် အထွတ်အထိပ်အဆင့် ရွှေအမြုတေမှာမူ ကြားပင်မကြားဖူးကြချေ။
***