ကောင်းကင်ဝိညာဉ်အမြစ်
Vol. 16 Ch. 310
ကျန်းချန်ရွှမ် နားလည်မိသလောက် အထွတ်အထိပ်အဆင့် ရွှေအမြုတေသည် ပါရမီရှင် ကျင့်ကြံသူများ၏ အလားအလာဖြင့်ပင် လက်လှမ်းမမီနိုင်ဘဲ ထိုအမြုတေ၏ အဆင့်အတန်းကိုပင် နားလည်ရန် ခက်ခဲလှသည်။ အဆိုပါ အမြုတေကို သိပ်သည်းနိုင်မည့် နည်းလမ်းသည် ယခုအခါ ရှန်းရူယန်၏ လက်ထဲတွင် ရှိနေပြီဖြစ်သည်။ ထိုနည်းလမ်းကို မှန်ကန်စွာ အသုံးချနိုင်ပါက အထွတ်အထိပ်အဆင့် ရွှေအမြုတေကို သိပ်သည်းခြင်းမပြုနိုင်ခဲ့လျှင်တောင် အဆင့်မြင့်ရွှေအမြုတေတစ်ခုကို ရရှိနိုင်ချေအလားအလာမှာ အလွန်မြင့်တက်သွားမည်ဟု ယူဆရသည်။ အဆိုပါစာလွှာထဲရှိ နည်းလမ်းများသာ ပြင်ပသို့ပေါက်ကြားသွားလျှင် ကန်းနန်ဒေသတစ်ခုလုံးသာမက အဆီအနှစ်ကိုးပါး မသေမျိုးကျင့်ကြံခြင်းလောကတစ်ခုလုံးပါ ပွက်လောရိုက်သွားမှာ သေချာသည်။
ကျန်းချန်ရွှမ်တစ်ယောက် အတွေးထဲနစ်မြုပ်နေစဉ် ရှန်းရူယန်က ဒုတိယမြောက် ပစ္စည်းတစ်ခုကို ညွှန်ပြလိုက်သည်။
“ဒီတစ်ခုက စစ်မှန်မှုလျှပ်စီးနတ်ဘုရား တံဆိပ်တော်လို့ခေါ်တယ်။ အနာဂတ်မှာ ကျွန်မအတွက် အထွတ်အထိပ်အဆင့် အမြုတေကို သိပ်သည်းဖို့ အရမ်းအသုံးဝင်လာလိမ့်မယ်။ နောက်ပြီး ဒီတံဆိပ်က လျှပ်စီးနတ်ဘုရားစွမ်းအား အမျိုးမျိုးကို နားလည်စေမှာဖြစ်သလို အဲဒီစွမ်းအားတွေရဲ့ အဆင့်အတန်းကိုလည်း မြှင့်တင်ပေးနိုင်တယ်။ နောက်ဆုံးတစ်ခုက…”
ရှန်းရူယန်က လျှပ်ရောင်ထနေသည့် အပြာရောင်အရည်များ ရှိနေသည့်ပုလင်းကို ကောက်ယူပြီး
“ဒီတစ်ခုက သစ်ခွမိုးကြိုးအရည် လို့ခေါ်တယ်။ အဆင့် ၄ လျှပ်စီးဓာတ် ဓမ္မရတနာတွေကို သွန်းလုပ်တဲ့နေရာမှာ အသုံးဝင်တဲ့ ကုန်ကြမ်းတစ်မျိုးပဲ”
ထိုအချိန်တွင် ကျန်းချန်ရွှမ်နားလည်လိုက်သည်က အဆိုပါရတနာသုံးမျိုးသည် လျှပ်စီးဓာတ် အခြေခံကျင့်ကြံသူတစ်ဦးအတွက် ရွှေအမြုတေသိပ်သည်းခြင်းဖြစ်စဉ်တွင် အရန်သင့် အသုံးပြုနိုင်ရန် ပြင်ဆင်ထားခြင်းဖြစ်သည် ဟူသောအတွေးဖြစ်သည်။ ထိုရတနာများသာမက သူတို့နှစ်ဦးတည်ရှိနေသော ပတ်ဝန်းကျင်သည်ပင် လျှပ်စီးဓာတ်ချီစွမ်းအင်များ ကိန်းအောင်းလျက်ရှိနေ၍ ရှန်းရူယန်အတွက် စစ်မှန်မှုလျှပ်စီးနတ်ဘုရားတံဆိပ်ကို သွန်းလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည့် အလားပင်ဖြစ်သည်။ ရှန်းရူယန်၏ အတိတ်ဘဝမှ ကျင့်ကြံသူသည် ရှန်းရူယန်အတွက် အရန်သင့် ပြင်ဆင်ပေးထားခြင်းဖြစ်သည်မှာ ထင်ရှားသည်။
ယခုလိုပြင်ဆင်ထားမှုမျိုးသည် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးပင် စွမ်းဆောင်နိုင်သည့်အရာမျိုး မဟုတ်ပါ။ ထိုအခါ ကျန်းချန်ရွှမ်အနေနှင့် ရှန်းရူယန်၏ အတိတ်ဘဝအကြောင်းကို ရှေးကထက်ပင် သိလိုစိတ်ပြင်းပြလာတော့သည်။ သို့သော် ရှန်းရူယန်က ထိုအကြောင်းနှင့် ပတ်သက်ပြီး စကားစပ်၍ပင် မပြောသောကြောင့် ကျန်းချန်ရွှမ်လည်း မေးမြန်းခြင်းမရှိခဲ့ပါ။ ရှန်းရူယန်ကိုယ်တိုင်ကလည်း အချိန်တစ်ခု ရောက်လာလျှင် အလုံးစုံဖွင့်ပြောမည်ဟု အာမခံထားသော ကြောင့်လည်းပါသည်။
ကျန်းချန်ရွှမ်တစ်ယောက် ဟိုဟိုဒီဒီ တွေးနေမိစဉ် ရှန်းရူယန်က ဤနေရာတွင်ပင် လျှပ်စီးနတ်ဘုရားတံဆိပ်ကို သွန်းလုပ်ရန် ပြင်ဆင်နေသည်ကို တွေ့ရသည်။ ကျန်းချန်ရွှမ်မှာ ရှန်းရူယန်၏အစီအစဉ်ကို တားမြစ်ခြင်းမရှိပါ။ သူကိုယ်တိုင်လည်း စာလွှာအတွင်းမှ နည်းစနစ်များကို ဖတ်ရှုရန် ကြိုးစားရဦးမည်ဖြစ်သည်လေ။
ထိုစဉ် ရှန်းရူယန်၏ ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စီးများကွန့်မြူးလာပြီး အချိန်ကြာလာသည်နှင့် အမျှ သူမ၏မျက်ခုံးနှစ်ခုအကြားရှိ အမှတ်သင်္ကေတသည် ထင်ရှားသထက် ထင်ရှားလာတော့ သည်။ တစ်ချိန်တည်းတွင် ရှန်းရူယန်၏ အော်ရာသည် သိပ်သည်းသထက် သိပ်သည်းလာကာ ရှေးကထက် များစွာကျယ်ပြောလာသည်။ နောက်ထပ်ခြေတစ်လှမ်း တက်လိုက်တိုင်းတွင် ရွှေအ မြုတေတစ်လုံးကို သိပ်သည်းရန် ပိုမိုနီးစပ်လာသည့်ပမာဖြစ်သည်။ ကျန်းချန်ရွှမ်က ဇနီးဖြစ်သူကို စိုးရိမ်စွာဖြင့် ကြည့်သောအခါ ရှန်းရူယန်က ခေါင်းခါပြသည်။ ဆိုလိုသည်က သူမအဆင်ပြေနေ၍ စိုးရိမ်စရာမလိုကြောင်းဖြစ်သည်။ ဤသို့နှင့် ရက်အနည်းငယ်ကုန်လွန်သွားသည်။
နောက်ဆုံးတွင် ရှန်းရူယန်၏ နဖူးတည့်တည့်ရှိ ရောင်စဉ်ငါးပါး လျှပ်စီးသင်္ကေတသည် တဖြည်း ဖြည်း ပျောက်ကွယ်သွားတော့သည်။ ထိုအခါ ရှန်းရူယန်က ကျန်းချန်ရွှမ်အား
“ကျွန်မ စစ်မှန်မှုလျှပ်စီးနတ်ဘုရားတံဆိပ်ကို မွမ်းမံလို့ပြီးသွားပြီ”
ထိုအခါ ကျန်းချန်ရွှမ်ကလည်း ဝမ်းသာအားရ တုံ့ပြန်လိုက်မိသည်။
“ဟုတ်လား ဂုဏ်ပြုပါတယ်”
ထိုအခိုက်တွင် သူတို့နှစ်ဦးရှိနေသည့် လျှို့ဝှက်နေရာသည် တစ်စုံတစ်ဦးက ဆွဲကိုင်လှုပ်ယမ်းလိုက် သည့်ပမာ ယိမ်းထိုးစပြုလာသည်။ ထိုအခါ နှစ်ဦးစလုံး ရှေးကရင်ဆိုင်ဖူးသော အဖြစ်အပျက်များ အရ ပြိုင်တူတွေးမိလိုက်သည်က ဤနေရာသည် မကြာခင်အချိန်တိုအတွင်း ပြိုလဲတော့မည်ဟူ၍ ဖြစ်သည်။
“ယောက်ျား ဒီနေရာက ကျွန်မတို့အတွက် အသုံးမလိုတော့ဘူး။ မြန်မြန်ထွက်ကြရအောင်”
ရှန်းရူယန်က လက်သင်္ကေတအချို့ကို ပြုလုပ်လိုက်ရာ ပြင်ပလောကသို့ ဆက်သွယ်ထားသည့် လမ်းကြောင်းတစ်ခု ဘွားကနဲပေါ်လာတော့သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း အချိန်မ ဆိုင်းဘဲ လမ်းကြောင်းထဲ ခုန်ဝင်လိုက်သည်။ ခေတ္တမျှအကြာတွင် စိမ်းစိုနေသည့် တောအုပ်တစ်ခု အတွင်း တစ်နေရာ၌ နှစ်ဦးသားပြန်ပေါ်လာကြသည်။ ထိုနေရာတွင် ဝိညာဉ်ချီများ အဆမတန် သိပ်သည်းလျက်ရှိကြောင်း သတိထားမိလိုက်သည်။ ကျန်းချန်ရွှမ်သည် ဘေးဘီဝဲယာကို စနည်း နာလိုက်ရာ သူတို့ရောက်ရှိနေသော နေရာသည် ကျင်းနိုင်ငံအတွင်း၌သာ ရှိသေးကြောင်း သိလိုက် ရသည်။
ဤနိုင်ငံတွင် ကြာကြာအချိန်ဖြုန်း၍ မဖြစ်သောကြောင့် ကျန်းချန်ရွှမ်တို့နှစ်ဦးလည်း အလိုရှိရာကို ရပြီးသည်နှင့် လျန်နိုင်ငံသို့ ဦးတည်ပျံသန်းလိုက်ကြသည်။ သို့သော် ကျင်းနှင့်လျန်နိုင်ငံ နယ်နမိတ် အကြားရှိ တစ်နေရာအရောက် အောက်သို့ငုံ့ကြည့်မိလိုက်ကြသည်။ အတိအကျဆိုရလျှင် သစ်ပင် ကြီးတစ်ပင်အောက်ရှိ လူပုံရိပ်တစ်ခုကို အမှတ်မထင်တွေ့လိုက်၍ ကြည့်မိလိုက်ကြခြင်းဖြစ်သည်၊ ထိုလူပုံရိပ်မှာ သွေးများရွှဲရွှဲစိုနေသည့် ယောက်ျားကြီးတစ်ဦးဖြစ်ပြီး အသက်ရှုခြင်းမရှိတော့ပေ။ ထိုလူ၏ လက်ထဲတွင် တစ်လသားမျှသာရှိသည့် မိန်းကလေးငယ်တစ်ဦးကို တွေ့ရသည်။ ထိုက လေးငယ်သည် မျက်ဝန်းနက်နက်လေးများဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေသည်။
သူမကိုပွေ့ဖက်ထားသော လူကြီး၏ အသက်ကုန်နေသည့် ဖြစ်အင်ကို စိုးစဉ်းမျှ သိရှိဟန်မတူပေ။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း မြေပြင်သို့ဆင်းသက်၍ ကလေးငယ်ကို ဂရုတစိုက်ကြည့်ရှုမိ ကြပြီးနောက် တစ်ဦးမျက်နှာတစ်ဦး ကြည့်မိလိုက်ကြသည်။
“ကောင်းကင်ဘုံဝိညာဉ်အမြစ်ပဲ”
ရှန်းရူယန်က ခေါင်းညိတ်လိုက်ပြီး
“ဟုတ်တယ်၊ ဒီကလေးမှာ ကောင်းကင်ဘုံဝိညာဉ်အမြစ်ရှိနေတယ်”
ကျန်းချန်ရွှမ်တို့နှစ်ဦးလုံး အံ့အားသင့်၍ မဆုံးနိုင်ဖြစ်နေသည်။ သူတို့နှစ်ဦး၏ ကျင်းနိုင်ငံမှ အပြန် ခရီးတွင် ကောင်းကင်ဘုံဝိညာဉ်အမြစ် ပိုင်ရှင်ကလေးငယ်တစ်ဦးနှင့် မမျှော်လင့်ဘဲ တွေ့လိုက်ရ သည်လေ။ ကောင်းကင်ဘုံဝိညာဉ်အမြစ် အကြောင်းကို ကျင့်ကြံသူအားလုံး ကြားဖူး၊ သိဖူးကြပြီး ဖြစ်သည်။ ထိုအမြစ်ပိုင်ရှင်မှာ ပြိုင်ဘက်ကင်းသည့် ကျင့်ကြံခြင်းပါရမီရှင်ဖြစ်ပြီး အနည်းဆုံး ရွှေ အမြုတေနယ်ပယ် မတိုင်ခင်အထိ အတားအဆီး တစ်စုံတစ်ရာကို ရင်ဆိုင်ရမည် မဟုတ်ပါ။
***