ကောင်းကင်ဝိညာဉ်အမြစ် (၂)
Vol. 16 Ch. 311
ကောင်းကင်ဝိညာဉ်အမြစ်ပိုင်ရှင်များအတွက် ရွှေအမြုတေတစ်ခု ဖွဲ့စည်းရန်မှာ သာမန်ကျင့်ကြံ သူများထက် အဆများစွာ လွယ်ကူလှသည်ဟု ဆိုရပါလိမ့်မည်။ သို့သော် လက်ရှိအနေအထားအရ ဤကလေးငယ်သည် အလွန်ဆိုးရွားသည့် ကြမ္မာဆိုးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရဟန်ရှိနေသည်။ ရှန်းရူ ယန်သည် ကလေးငယ်ကို ချီမလိုက်ရာ ကလေးသည် နှစ်သက်သဘောကျဟန်ဖြင့် တခစ်ခစ်ရယ် မောလျက်ရှိသည်။ ထိုအခိုက်တွင် ကလေးငယ်၏ ကိုယ်ပေါ်တွင် စာတစ်စောင်ကို တွေ့လိုက်ရ သည်။ နှစ်ဦးသား ခေတ္တမျှစဉ်းစားနေပြီးနောက် ကျန်းချန်ရွှမ်က စာကိုဖွင့်ကာ ဖတ်ရှုလိုက်သည်။ စာထဲတွင် အရှေ့တောင်ဒေသရှိ ရှောင်းမိသားစုအား ဤကလေးငယ်ကို လက်ခံပေးပါရန်နှင့် က လေးငယ်ကို သွေးသားရင်းချာပမာ ပြုစုပျိုးထောင်ပေးပြီး အရွယ်ရောက်လာသည့်အခါ သူမ၏ ဇာစ်မြစ်ကို အသိပေးရန် မလိုအပ်ကြောင်း ရေးသားထားသည်။
ဤစာကိုရေးသားသူသည် ကလေးငယ်၏ အသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် သူတတ်စွမ်း သမျှ ကြိုးစားလိုက်သည့်သဘောဟု မှတ်ယူနိုင်သည်။ ထို့ပြင် ရှောင်းမိသားစုသည် ထိုကလေး၏ ပါရမီကြောင့် မိသားစုဝင်အဖြစ် ကျိန်းသေလက်ခံမည်ဟု ယူဆထားပုံလည်းရသည်။
“ယောက်ျား…..”
စာကိုဖတ်ရှုပြီးနောက် ရှန်းရူယန်သည် ခင်ပွန်းဖြစ်သူကို ခံစားချက်များ ရောပြွမ်းနေသည့် အ ကြည့်တစ်မျိုးဖြင့် ကြည့်ရှုလိုက်မိသည်။ ကျန်းချန်ရွှမ်ကိုယ်တိုင်လည်း ဇနီးဖြစ်သူ၏ ခံစားချက်ကို အနည်းနှင်အများ နားလည်မိလိုက်သည်။ ထိုအချိန်တွင် သူတို့နှစ်ဦး၏ နတ်ဘုရားအာရုံတွင် လူ အမြောက်အများ ရုတ်တရက်ပေါ်လာသည်ကို ခံစားမိလိုက်ကြသည်။ ထိုလူများ ဝတ်ဆင်ထား သည့် ဝတ်စုံများကို ထောက်လှမ်းသိရှိလိုက်သည့် အချိန်တွင်တော့ ကျန်းချန်ရွှမ်တို့နှစ်ဦးလုံး၏ မျက်နှာများတင်းမာသွားကြတော့သည်။ ထိုလူများသည် ရှန်းကွမ်မိသားစုမှဖြစ်ပြီး ဤကလေး ငယ်နှင့် ထိုမိသားစုများအကြားတွင် ပြဿနာတစ်ခုရှိနေပုံရသည်။
ထိုအခိုက်မှာပင် အဆိုပါလူစုသည် ကျန်းချန်ရွှမ်တို့၏ ရှေ့မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာကြတော့သည်။ ဦးဆောင်လာသူမှာ သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကျီဖု သတ္တမအဆင့်ရှိသည်။ ထိုသူသည် ကျန်းချန်ရွှမ်တို့ကို မြင်သောအခါ အံ့အားသင့်လျက် ပါး စပ်အဟောင်းသားဖြစ်သွားသည်။ သို့သော် ရှန်းရူယန်လက်ထဲရှိ ကလေးငယ်ကို မြင်သောအခါ ဝမ်းမြောက်သွားဟန်ရှိပြီး
“ဟားဟား နောက်ဆုံးတော့ ဒင်းကိုတွေ့ပြီပေါ့။ မင်းတို့စုန့်မိသားစုက ဒီကလေးကို မကာကွယ် နိုင်ပါဘူးလို့ ပြောသားပဲ”
ထိုသူသည် ကျန်းချန်ရွှမ်တို့နှစ်ဦးကို စုန့်မိသားစုဝင်များအဖြစ် အမှတ်မှားနေပုံရသည်။ ထို့နောက် ထိုလူကပင် ပိုင်နိုင်သည့်လေသံမျိုးဖြင့်
“ငါအမှန်အတိုင်းပြောလိုက်မယ်။ မင်းတို့အရမ်းအားကိုးနေတဲ့ ရှောင်းမိသားစုက လွန်ခဲ့တဲ့ရက်အ နည်းငယ်ကတင် ငါတို့ရှန်းကွမ်မိသားစုလက်ချက်နဲ့ တစ်စစီဖြစ်သွားပြီ။ မင်းတို့စုန့်မိသားစုနဲ့ အ ပေါင်းအပါတွေဖြစ်တဲ့ ချန်းမိသားစု၊ ကျိအန်းမိသားစုနဲ့ ကျောင်းမိသားစု အကုန်လုံး ငါတို့လက် ချက်နဲ့ ကြေမွသွားပြီ။ ဘယ်လိုလဲ မင်းတို့နှစ်ကောင် ငါတို့ကိုခုခံချင်သေးလား”
ထိုအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တစ်ဦးမျက်နှာတစ်ဦး ကြည့်မိလိုက်ကြသည်။ အရှေ့ တောင်အရပ်ရှိ ရှောင်းမိသားစုသည် ရှန်းကွမ်မိသားစု၏ လက်ချက်ဖြင့် သုတ်သင်ခံလိုက်ရပြီ ဟူ သောသတင်းကို သူတို့မမျှော်လင့်ထားသည်ကတော့ အမှန်ပင်ဖြစ်သည်။ ထိုမိသားစုကို ကလေး ငယ်ကိုယ်ပေါ်မှ စာကိုဖတ်ရှုပြီးမှသာ ပထမဆုံးအကြိမ် ကြားဖူးသည်မှန်သော်လည်း ထိုသူပြော ပုံဆိုပေါက်အရ ထိုသတင်းမှန်ကန်လောက်သည်ဟု သူတို့တွေးမိသည်။ လက်ရှိအခြေအနေအရ ရှန်းကွမ်မိသားစုသည် သူတို့လက်ထဲရှိ မိန်းကလေးငယ်ကို အသည်းအသန်ရှာဖွေနေပုံရသည်။
ဖြစ်နိုင်ချေရှိသည်မှာ မိန်းကလေးငယ်၏ ကိုယ်တွင်းရှိ ကောင်းကင်ဘုံဝိညာဉ်အမြစ်ကြောင့်သာ ဖြစ်လိမ့်မည်။ ပါရမီရှင် တပည့်တစ်ဦးကို ပျိုးထောင်ခွင့်ရရေးအတွက် ကျင့်ကြံသူများအချင်းချင်း ဆင်နွှဲကြသည့် သွေးထွက်သံယို တိုက်ပွဲများမှာ ကျင့်ကြံခြင်းလောကတွင် မရှားပါးလှချေ။ သို့ သော် ဤမိန်းကလေးငယ်ကို ရရှိရန်အတွက်နှင့် မိသားစုပေါင်းများစွာကို နင်းချေပစ်ရန် မလိုဟု ကျန်းချန်ရွှမ်တွေးမိသည်။ ထို့ပြင် ကျင့်ကြံသူတစ်ဦးသည် အဆင့်အတန်းတစ်ခုသို့ ရောက်ရှိသည် နှင့် သူ၏ မျိုးရိုး၊ မိသားစုအစစ်အမှန်တို့ကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာတတ်သည့် သဘောရှိ ရာ ရှန်းကွမ်မိသားစုက ဤမိန်းကလေးကို သူတို့မိသားစုဝင်အဖြစ် ပျိုးထောင်လေ့ကျင်ပေးနိုင်ခဲ့ သည်ပဲထား၊ ထိုမိန်းကလေးအရွယ်ရောက်၍ မိမိ၏ မိသားစုသွေးရင်း အစစ်အမှန်ကို တွေ့ရှိသွား လျှင် သူတို့ကို လက်စားချေနိုင်မည့် အလားအလာလည်းရှိသေးသည်။
သို့မဟုတ် ရှန်းကွမ်မိသားစုသည် ဤကလေးငယ်ကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် အ ခြားတစ်ပါးသော မသမာသည့် ရည်ရွယ်ချက် တစ်ခုခုကြောင့်ပေလား။ ထိုအတွေးကြောင့် ကျန်း ချန်ရွှမ်နှင့် ရှန်းရူယန်တို့တွင် စိတ်အစဉ်တွင် သတ်ဖြတ်လိုသော အော်ရာ၊ အငွေ့အသက်များ ကိန်းအောင်းလာတော့သည်။ သူတို့စုံတွဲကို မျက်ခြေမပြတ် အကဲခတ်နေသော ရှန်းကွမ်မိသားစု မှ သက်လတ်ပိုင်းကျင့်ကြံသူ၏ မျက်လုံးအစုံမှာ အေးစက်သွားသည်။
“မင်းတို့ကသေချင်လို့လား”
ရှန်းကွမ်မိသားစု၏ ရည်ရွယ်ချက်အစစ်အမှန်မှာ မည်သို့မည်ပုံဖြစ်နေပါစေ၊ ကျန်းချန်ရွှမ်တို့အနေ နှင့် ထိုမိန်းကလေးငယ်ကို ရှန်းကွမ်မိသားစုလက်ထဲ ဝကွက်အပ်နှံခြင်းမပြုနိုင်ပါ။ သက်လတ်ပိုင်း ကျင့်ကြံသူသည် ကျန်းချန်ရွှမ်တို့ နောက်ဆုတ်မည့်ပုံမပေါ်သောအခါ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။
“မင်းတို့ကသေချင်နေမှတော့ သတ်ပေးရတာပေါ့”
စကားဆုံးသည်နှင့် သက်လတ်ပိုင်းကျင့်ကြံသူသည် လက်ကိုမြှောက်လျက် ဧရာမပုဆိန်ကြီးကို ဆင့်ခေါ်လိုက်သည်။ ထိုပုဆိန်ကြီး၏ မျက်နှာပြင်တွင် ထူးဆန်းသည့် မှော်သင်္ကေတများ ထွင်းထု ထားပြီး ကျန်းချန်ရွှမ်တို့နှစ်ဦးပေါ်ကို ကျရောက်လာသည့် အခိုက်တွင် သူတို့နှစ်ဦး၏ ပတ်လည်ရှိ မြေဆွဲအားမှာ အဆမတန် ထိုးတက်သွားသည်။ ပုံမှန်ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦးဆိုပါက ထို မြေဆွဲအားကြောင့် ခြေထောက်တွင် ခဲဆွဲထားသလို ခြေတစ်လှမ်းပင် ကြွနိုင်တော့မည် မဟုတ် သော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက်တော့ ထိုမြေဆွဲအားမှာ ပြောပြလောက်ဖွယ် သက်ရောက်မှုမျိုးမရှိပါ။
ကျန်းချန်ရွှမ်က ရွှေဗလာနယ်ဓားကို အသာအယာ ထုတ်ယူလိုက်သည်နှင့် ထိုမြေဆွဲအားမှာ ရုတ် ချည်းပျောက်ကွယ်သွားတော့သည်။
ချွင်..
ကျန်းချန်ရွှမ်၏ ဓားနှင့် သက်လတ်ပိုင်းလူ၏ ပုဆိန်တို့ ထပ်တိုက်တွေ့မိကြပြီး ပုဆိန်အသွားတစ် လျှောက်တွင် အလင်းစက်များ ပြိုးပြက်ပေါက်ကွဲကုန်ကြသည်။ ထို့နောက်တွင် ပုဆိန်သည် နှစ် ခြမ်းကွဲသွားပြီး မြေပေါ်သို့ ကျဆင်းသွားတော့သည်။ ထိုမြင်ကွင်းကြောင့် သက်လတ်ပိုင်းလူနှင့် နောက်လိုက်နောက်ပါများမှာ အထူးပင်တုန်လှုပ်သွားကြသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
သတ်လတ်ပိုင်းလူ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မှာပင် ကျန်းချန်ရွှမ်၏ ဓားက ထိုလူ၏ ဦးခေါင်းကို တိတိရိရိ ပိုင်းဖြတ်သွားတော့သည်။
“အား…”
ထိုလူသည် ကျန်းချန်ရွှမ်ကို ပြူးကျယ်သည့် မျက်လုံးများနှင့် စိုက်ကြည့်နေမိသော်လည်း နှုတ်မှ တစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်း မရှိတော့ဘဲ မြေပေါ်သို့လဲပြိုကာ သေဆုံးသွားတော့သည်။ ကျန်လူ များအားလုံး ထိုအဖြစ်အပျက်ကြောင့် သွေးပျက်သွားကြသည်။ သက်လတ်ပိုင်းလူလို ကျီဖုနှောင်း ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးကို တစ်ချက်တည်း သုတ်သင်နိုင်သည့် ထိုသူသည် ကျီဖုအဆင့်ကို ကျော်လွန်နေသည့် ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်ရမည်ဟု တွေးမိလိုက်ကြသည်။ တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်တို့စုံတွဲသည် စုန့်မိသားစုဝင်များ မဖြစ်နိုင်ဟု တွေးမိချိန်တွင် သူတို့အားလုံး မျက်လုံး ပြူးသွားတော့သည်။ မူလအစက ကလေးငယ်ကိုသာ အာရုံစိုက်နေမိ၍ ထိုစုံတွဲ၏ သရုပ်သကန် ကို ဂရုမစိုက်မိခဲ့၊ ယခုအခါ သူတို့အားလုံးအတွက် နောက်ကျသွားပြီဖြစ်သည်။
ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားကို သူတို့လူစု၏ ခေါင်းဆောင်ကိုယ်တိုင်ပင် ခံနိုင်စွမ်းမရှိရာ လက်အောက်ငယ်သားများမှာ တစ်ယောက်ပြီးတစ်ယောက် အတုံးအရုံး သေဆုံးကုန်ကြသည်။ သို့သော် ကျန်းချန်ရွှမ်က ထိုလူစုကို တစ်ဦးမကျန် မသတ်ဖြတ်မီ အနည်းငယ် စုံစမ်းတီးခေါက် ကြည့်လိုက်သေးသည်။ ရှန်းကွမ်မိသားစုနှင့် စုန့်မိသားစုအကြား ပြဿနာများနှင့် မိန်းကလေး ငယ်ကို ရှာဖွေနေရသည့် အကြောင်းရင်းကို မေးမြန်းကြည့်ခြင်းဖြစ်သည်။ ထိုလူများအားလုံးကို အကုန်အစင် သတ်ဖြတ်ပြီးချိန်တွင် သူသိလိုသည့် အချက်အလက်များကို အပြည့်အစုံရရှိလိုက် သည်။ ရှန်းကွမ်မိသားစုမှ ဤမိန်းကလေးငယ်အား လိုချင်နေရသည့် အကြောင်းရင်းမှာ မိန်းက လေး၏ ခန္ဓာကိုယ်ကို ရှန်းကွမ်မိသားစု၏ ဘိုးဘေးဖြစ်သူအတွက် အစားထိုးလို၍ ဖြစ်ကြောင်း၊ ဘိုးဘေးဖြစ်သူသည် အသက် ၇၉၀ ကျော်ရှိပြီး တစ်နှစ်၊ နှစ်နှစ်သာ အသက်ရှင်နိုင်တော့မည်ဖြစ် ကြောင်း၊ ထိုအချိန်တွင် စုန့်မိသားစုအတွင်း စေလွှတ်ထားသော သူလျှိုတစ်ဦးမှတဆင့် ကောင်း ကင်ဘုံဝိညာဉ်အမြစ် ပိုင်ရှင် မိန်းကလေးတစ်ဦး မွေးဖွားကြောင်း သိရှိလိုက်ရသည့်အပြင် ထိုမိန်း ကလေး၏ ခန္ဓာကိုယ်ဖွဲ့စည်းမှုသည် ဘိုးဘေးဖြစ်သူနှင့် လိုက်ဖက်ညီသည့်အတွက် ဘိုးဘေးဖြစ် သူအတွက် သင့်လျော်သည့် အစားထိုးခန္ဓာကိုယ်အတွက် ထိုမိန်းကလေးငယ်ကို အလိုရှိနေခြင်း ဖြစ်ကြောင်း စသဖြင့် အကြောင်းစုံကို သိရှိလိုက်ရသည်။
ကျန်းချန်ရွှမ်တို့နှစ်ဦးသာ အကြောင်းတိုက်ဆိုင်စွာနှင့် ထိုမိန်းကလေးငယ်ကို တွေ့ရှိခဲ့ခြင်းမရှိလျှင် ရှန်းကွမ်မိသားစု၏ လက်ချက်ဖြင့် ဤမိန်းကလေးငယ် ဘဝတစ်ပါးသို့ ကူးပြောင်းသွားမည်မှာ သေချာသလို ရှန်းကွမ်မိသားစု၏ လုပ်ရပ်ကိုလည်း မည်သူမျှ သိရှိလိုက်မည်မဟုတ်ပါ။ ယခုအခါ တွင်တော့ ရှန်းကွမ်မိသားစု၏ အိပ်မက် ပျက်ပြယ်သွားသည့်အပြင် သူတို့၏ ဘိုးဘေးဖြစ်သူသည် လက်ကျန်သက်တမ်း မကုန်ဆုံးမီ နောက်ထပ် အစားထိုးခန္ဓာကိုယ်တစ်ခုကို ရှာတွေ့ရန်မှာ မဖြစ် နိုင်သလောက်နီးပါးရှိသည်။ သို့သော် ကျန်းချန်ရွှမ်တို့သည် ထိုအကြောင်းများကို ဆက်လက်တွေး တောခြင်းမပြုတော့ဘဲ မိန်းကလေးငယ်ကို သယ်ဆောင်လာသည့် လူကြီးကို မြေတွင်မြှုပ်နှံပေး ပြီးနောက် ရှန်းရူယန်က မိန်းကလေးကို ရင်ဝယ်ပိုက်လျက် လျန်နိုင်ငံသို့ တက်သုတ်နှင် ပျံသန်း လိုက်ကြသည်။
***