ကျန်းအန်းရန်
Vol. 16 Ch. 312
နာရီအနည်းငယ်ကြာပြီးနောက် ကျန်းချန်ရွှမ်တို့ ရှိနေခဲ့သည့်နေရာကို အလင်းတန်း ခုနစ်ခု တစ် ပြိုင်နက်တည်း ဆင်းသက်လာကြသည်။ ထိုလူများသည် ရှန်းကွမ်မိသားစု ဝတ်စုံများ ကိုယ်စီဆင် မြန်းထားကြပြီး ဦးဆောင်လာသူမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ထိုသူသည် လက်သင်္ကေတအချို့ကို ပြုလုပ်လိုက်ရာ သူ၏ မျက်လုံးအစုံတွင် အစိမ်းရောင်အလင်းငွေ့များ ယှက်သန်းလာသည်။ အချိန်အတန်ကြာပြီးနောက်တွင် အဆိုပါအစိမ်းရောင်အလင်းများ တဖြည်း ဖြည်း ကွယ်ပျောက်သွားသည်။ ထိုအခါတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူသည် နောက်လိုက် နောက်ပါများကို လှည့်ကြည့်ပြီး
“ငါတို့နောက်ကျသွားပြီ။ စုန့်မိသားစုက ကလေးမကို တစ်ယောက်ယောက်က လုယူသွားပြီ”
ထိုအခါတွင် ကျန်လူအားလုံး မျက်စိမျက်နှာများ ပျက်ကုန်ကြသည်။ ထိုမိန်းကလေးသည် ရှန်း ကွမ်မိသားစုအတွက် မည်မျှအထိ အရေးကြီးကြောင်း သူတို့အားလုံး သိရှိပြီးဖြစ်သည်။ ထိုမိန်းက လေးကို ရရှိနိုင်ရေးအတွက် ရှန်းကွမ်မိသားစုသည် စုန့်မိသားစုအပါအဝင် ကျီဖုအဆင့် မိသားစု လေးခုကို အမြစ်ဖြုတ်သုတ်သင်ခဲ့သည်လေ။ ယခုတော့ သူတို့၏ ကြိုးပမ်းအားထုတ်မှုများသည် သဲထဲရေသွန် ဖြစ်ရတော့မည့် ကိန်းဆိုက်နေသည်။ ထိုအချိန်တွင် ကျီဖုနဝမအဆင့်ရှိ လူငယ်တစ် ဦးက စကားစလိုက်သည်။
“သတ္တမဦးလေး ကလေးကိုလုသွားတဲ့ လူတွေနောက်ကို ခြေရာခံလိုက်ဖို့ ဖြစ်နိုင်သေးလား”
သူ့စကားကြောင့် ကျန်လူတစ်စုလည်း စိတ်အားထက်သန်စွာဖြင့် သတ္တမဦးလေးဆိုသူ ရွှေအမြု တေအဆင့် ကျင့်ကြံသူကို ကြည့်မိလိုက်ကြသည်။ သတ္တမဦးလေးဆိုသူက ခေတ္တမျှ စဉ်းစားနေပြီး မှ အညိုရောင်အဆောင်ပစ္စည်းတစ်ခုကို ထုတ်ယူပြီး အသက်သွင်းလိုက်သည်။ ထိုအဆောင်မှ မီး ခိုးများ ထွက်လာပြီး အရပ်မျက်နှာတစ်ခုသို့ ဦးတည်ညွှန်ပြလျက်ရှိသည်။
“ဒီအဆောင်က စုန့်မိသားစုရဲ့ သွေးရင်းခြေရာခံအဆောင်ပဲ။ စုန့်မိသားစုရဲ့ ရတနာတိုက်ထဲက တွေ့ခဲ့တာ၊ လက်ရှိမှာ ဒီတစ်ခုပဲကျန်တော့တယ်။ ဒီအဆောင်ရဲ့ အာနိသင် မပျက်ခင် ငါတို့အမြန် ဆုံး ခြေရာခံလိုက်သွားမှဖြစ်မယ်။ ဒီကလေးကို ဝှက်လိုက်ပြီဆိုတာနဲ့ ငါတို့အတွက် ခြေရာခံလိုက် ဖို့ အရမ်းခက်ခဲသွားမယ်”
သတ္တမဦးလေးဆိုသူသည် စကားဆုံးသည်နှင့် အဆောင်ညွှန်ပြသည့် အရပ်မျက်နှာကို ဦးတည်ပြီး တစ်ဟုန်ထိုး ပျံသန်းသွားရာ ကျန်လူများလည်း ကမန်းကတန်း လိုက်ကြရသည်။ ထိုအချိန်တွင် လျန်နိုင်ငံသို့ ဦးတည်ပျံသန်းနေသော ကျန်းချန်ရွှမ်သည် မသင်္ကာဖွယ် တစ်စုံတစ်ခုကို အာရုံခံမိ လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။ ကျန်းချန်ရွှမ် အရှိန်လျော့သွားသည်ကို သတိထားမိလိုက် သော ရှန်းရူယန်က ခင်ပွန်းဖြစ်သူကိုကြည့်ပြီး
“ယောကျ်ားဘာဖြစ်လို့လဲဟင်”
ကျန်းချန်ရွှမ်က အဖြေမပေးသေးဘဲ ကောင်းကင်ဘုံတွက်ချက်ခြင်း နည်းစနစ်ကို ထုတ်ဖော်တွက် ချက်လိုက်သည်။ ခေတ္တမျှကြာပြီးနောက် ရှန်းရူယန်အား
“ဒီကလေးနောက်ကို လူတစ်စုလိုက်လာတယ်။ သွေးရင်းခြေရာခံနည်းစနစ်ကို အသုံးပြုပြီး လိုက် လာတာ။ ကိုယ်တို့ကိုလိုက်မိဖို့ သိပ်မလိုတော့ဘူး”
“သွေးရင်းခြေရာခံနည်းစနစ် ဟုတ်လား”
ရှန်းရူယန်မှာ မျက်ခုံးနှစ်ခု ထိစပ်သွားသည်အထိ မျက်မှောင်ကြုတ်သွားမိသည်။ လက်ရှိအချိန်၌ သူတို့နှစ်ဦးသည် ကျင်းနိုင်ငံအတွင်းသာ ရှိနေဆဲဖြစ်၍ ထိုလူစု လိုက်မီလာသောအခါတွင် တိုက်ပွဲ တစ်ခု မလွဲမသွေ ဖြစ်ပေါ်လာပါလိမ့်မည်။ ထိုလူစုကို ဦးဆောင်လာသူမှာ ရွှေအမြုတေအဆင့် ဝါရင့်ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်ချေရှိပြီး သူတို့နှစ်ဦး၏ လက်ရှိကျင့်ကြံမှုအဆင့်အရ ရွှေအမြုတေ အဆင့်တစ်ဦးကို ရင်ဆိုင်ရန် ဝန်မလေးသော်လည်း ကျင်းနိုင်ငံ၏ နယ်နိမိတ်အတွင်း၌ ဖြစ်နေ၍ ကိုင်တွယ်ရ ခက်ခဲနေသည်ဟု ဆိုရမည်။ ရှန်းကွမ်မိသားစုသည် ဤမိန်းကလေးကို မရအရ အလို ရှိနေခြင်းကြောင့် နောက်ထပ်ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို စေလွှတ်ရန် ဝန်လေးမည်မ ဟုတ်ပါ။
ထို့ကြောင့် လက်ရှိပြဿနာကို ကိုင်တွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ထိုလူစုနှင့် ထိပ်တိုက် တွေ့ခြင်းမပြုဘဲ ရှောင်လွှဲရန်ဖြစ်သည်။
“ယောက်ျား အဲဒီသွေးရင်းခြေရာခံ နည်းစနစ်ကို ပိတ်ဆို့နိုင်မဲ့ နည်းလမ်းမရှိဘူးလား”
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။
“အရင်ကဆိုရင်တော့ ဒါမျိုးတတ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ လက်ရှိမှာ ကိုယ့်အနေနဲ့ ကောင်းကင် ဘုံတွက်ချက်ခြင်း ဒုတိယအဆင့်ကို ရောက်နေပြီဆိုတော့ တစ်ခုခုလုပ်နိုင်မယ်ထင်တယ်”
ကျန်းချန်ရွှမ်သည် စကားဆုံးသည်နှင့် ရှန်းရူယန်၏ ရင်ခွင်ထဲရှိ ကလေးငယ်ကို လက်ဖြင့်တို့ထိ လိုက်ရာ ကလေးငယ်၏ အရေပြားမှ သွေးတစ်စက် လွင့်ထွက်သွားသည်။ တစ်ဆက်တည်းတွင် ကျန်းချန်ရွှမ်သည် ကုန်ကြမ်းပစ္စည်းအချို့ကို ထုတ်ယူလိုက်ပြီး အနီရင့်ရောင် ရောယှက်နေသည့် အဖြူရောင်မီးလျှံများကို ထုတ်ဖော်လိုက်သည်။ ကျန်းချန်ရွှမ်၏ ကျင်လည်စွာ ထိန်းချုပ်မှုအောက် တွင် ကုန်ကြမ်းများသည် ကလေးငယ်တစ်ဦး၏ ရုပ်သွင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုရုပ် သွင်၏ ပတ်ပတ်လည်တွင် ဝန်းရံနေသည့် မီးလျှံဖြူများကို ဖယ်ရှားလိုက်ပြီး မိန်းကလေးငယ်၏ သွေးစက်ကို အဆိုပါကလေးရုပ်သွင်အတွင်း ထည့်သွင်းမြှုပ်နှံလိုက်သည်။
ထို့နောက် ကျန်းချန်ရွှမ်သည် လက်သင်္ကေတအချို့ကို ပြုလုပ်လိုက်ရာ မိန်းကလေးငယ်၏ ကိုယ် တွင်းမြှုပ်နှံထားသည့် ခြေရာခံအဆောင်သည် ဖန်တီးထားသည့် ရုပ်သွင်၏ ကိုယ်ထည်အတွင်း ရွှေ့ပြောင်းသွားသည်။ တစ်ဆက်တည်းတွင် ကျန်းချန်ရွှမ်တွင် မြေပြင်ထက်ဆင်းသက်ပြီး အဆင့် ၂ ကျားရဲအသွင် နတ်ဆိုးသားရဲတစ်ကောင်ကို ရှာဖွေဖမ်းဆီးပြီး ဖန်တီးထားသည့် ကလေးငယ် ရုပ်သွင်အတုကို ကျားရဲနတ်ဆိုး၏ ဝမ်းဗိုက်ထဲပစ်သွင်းလိုက်သည်။ ထို့နောက် လက်ကိုမြှောက် ပြီး လေထဲသို့ တစ်စုံတစ်ခုကို ပစ်လွှတ်လိုက်သည်။ ထိုအခါ ကျားရဲနတ်ဆိုးသည် ကျန်းချန်ရွှမ် တို့ဦးတည်နေသည့် အရပ်မျက်နှာနှင့် ဆန့်ကျင်ဘက်အရပ်ကို တစ်ဟုန်ထိုးပြေးလွှားသွားတော့ သည်။
“သွားကြစို့ ရူယန်၊ ဒီကျားက ကိုယ်တို့အတွက် အချိန်ဆွဲပေးထားလိမ့်မယ်”
***